← Chapters

တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ် ၂

Vol. 47 Ch. 465

တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ် ၂

Vol. 47 Ch. 465

ဒီကောင် စုချန်းကတော့ ပိုက်ဆံမရှိပဲနဲ့ ရှိတယ်လို့ ဟန်ဆောင်နေတာပဲ...သတ္တမမြောက်ညီမလေးက ဒါကို သိပုံမရဘူး ဒါကြောင့် ဒီကောင့် လှည့်စားတာကို ခံနေရတာပေါ့ ဒါပေမဲ့ ကုကျင်းတန်ရဲ့ စူးရှတဲ့ မျက်လုံးကိုတော့ ဒီကောင် မကျော်လွှားနိုင်ပါဘူးလေ...ကြည့်နေ ဒီနေ့ပဲ ဒီကောင်ရဲ့ ဟန်ဆောင်မှုကို ဖော်ထုတ်ပြီး သတ္တမမြောက်ညီမလေး အမြင်မှန်ရသွားအောင် လုပ်ပေးရမယ်...

ကုကျင်းတန်ကား အထက်ပါအတိုင်း တွေးတောနေ၏။

စုချန်း၏ စကားကြောင့် ချွေ့မြှောက်လင်က ပြန်မေးလိုက်သည်။

"ဒီတော့ မင်းသားလေးစုက စျေးနှုန်းကို ဘယ်လိုများ သတ်မှတ်ချင်သလဲ ရှင့်"

စုချန်းက ပြန်ဖြေလိုက်သည်။

"ရှစ်ဆယ်မီလျံလောက်ဆိုရင်တော့ အတော်ပဲဗျ"

စုချန်း၏ စကားကြောင့် ကုကျင်းတန် ရေနွေးသီးမတတ်ပင် ဖြစ်သွား၏။

ရှစ်ဆယ်မီလျံဆိုပါလာ...

ကုကျင်းတန် မျက်လုံးပြူးကာ စုချန်းကို စိုက်ကြည့်လိုက်သည်။

ဘာလဲဟာ ဒီကောင်...တကယ်ကြီးလား...

စုချန်း ပြောလိုက်သည့် စျေးနှုန်းမှာ တကယ်လည်း မျှတနေ၏။ ထို့ကြောင့် လမင်းစန္ဒာအလုပ်ရုံဘက်မှ ထိုစျေးနှုန်းကို လက်ခံသွားနိုင်သည် မဟုတ်ပါလား။

ဒီ...ဒီကောင်...တကယ်ကြီး ပိုက်ဆံရှိနေတာလား...

ကုကျင်းတန်၏ ဦးနှောက်ထဲတွင် ထိုအတွေးက လှစ်ခနဲ ပေါ်လာ၏။

သို့သော် ချွေးမြှောက်လင်က ခေါင်းခါလိုက်ပြန်ရာ ကုကျင်းတန် မဆီမဆိုင် စိတ်သက်သာရသွားပြန်သည်။

အင်း...ဒီကောင် သူပြောတဲ့စျေးနှုန်းကို တဖက်က လက်မခံလောက်ဘူးဆိုတာ ကြိုသိနေတာပဲ ဖြစ်ရမယ်...

"မင်းသားလေးစု ပေးတဲ့စျေးနှုန်းက နည်းလွန်းတယ် ကျွန်မတို့အနေနဲ့ စီးပွားရေးလုပ်နေတာဆိုတော့ အမြတ်ကလေး ရှိမှ အဆင်ပြေမှာရှင့်"

စုချန်းက ပြန်ပြောလိုက်သည်။

"ကျုပ်ပြောတဲ့ စျေးနှုန်းနဲ့တင် ခင်ဗျားတို့ မြတ်နေပြီမှန်း ကျုပ် သေသေချာချာကြီး သိပါတယ်ဗျာ"

ချွေါမြှောက်လင် သက်ပြင်းချလိုက်၏။

"မင်းသားလေးစုအနေနဲ့ ထိပ်တန်းအရည်အသွေးရှိတဲ့ ပစ္စည်းတွေကိုမှ လိုချင်တယ်ဆိုရင် မူလကျောက်တုံး နည်းနည်းပါးပါးလောက်ကိုတော့ တွန့်တိုမနေတော့နဲ့လေရှင်"

စကားဆုံးသည်နှင့် ချွေ့မြှောက်လင်က မျက်ခုံးတဖက်ကို ပင့်ကာ လှပစွာ ပြုံးလိုက်သည်။ ထိုအပြုံးသည် မြင်တွေ့လိုက်ရသူတိုင်း၏ နှလုံးသားကို ထိုးဖောက်ဝင်ရောက်သွားပုံရ၏။ တိမ်တိုက်ကျားသစ်နှင့် သံမဏိတို့မှာ တွေခနဲ ဖြစ်ကုန်ကြလေသည်။

လက်ရှိတွင် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားမှာ လွန်စွာ မြင့်မားနေပြီ ဖြစ်သည်။ ထို့ကြောင့် ချွေ့မြှောက်လင်၏ နည်းစနစ်က သူ့အဖို့ ပန်းနှင့်ပေါက်သလောက်သာ ရှိလေသည်။ ထိုအခါ သူက ပြောလိုက်သည်။

"ဆိုင်တာဝန်ခံချွေ့အနေနဲ့ ဒီလိုနည်းလမ်းမျိုး သုံးပြီး ကျုပ်နဲ့ ညှိနှိုင်းမယ်ဆိုရင်လဲ ကြိုပြောတာ မဟုတ်ဘူးဗျာ"

စကားဆုံးသည်နှင့် သူက ချွေ့မြှောက်လင်အား စူးရှသော မျက်လုံးအစုံနှင့် စိုက်ကြည့်လိုက်သည်။ စုချန်းနှင့် အကြည့်ချင်းဆုံသွားသည့် ခနမှာပင် ချွေ့မြှောက်လင်သည် ကျောက်ရုပ်ကြီးပမာ ဖြစ်သွား၏။ သူမကား အိပ်မက်နယ်ပယ်သို့ ရောက်ရှိသွားခြင်းပင်တည်း။

ထိုအနေအထားကို ချွေ့မြှောက်လင်၏ ဘေးနားရှိ အမျိုးသမီးက လုံးဝ သတိမထားမိချေ။ ထိုစဥ် ချွေ့မြှောက်လင်က ထအော်လိုက်သည်။

"ကောင်းပြီလေ မူလကျောက်တုံး ဆယ်မီလျံနဲ့ပဲ ရှင်တို့ ယူလိုက်တော့"

ချွေ့မြှောက်လင်၏ စကားကြောင့် ထိုအမျိုးသမီး ထခုန်မိမတတ် ထိတ်လန့်သွား၏။

ထိုအချိန်မှာပင် စုချန်းက ချွေ့မြှောက်လင်၏ မျက်နှာကို ငြင်သာစွာ ပွတ်သပ်ပေးလိုက်၏။ ချွေ့မြှောက်လင် အိပ်မက်နယ်ပယ်မှ ပြန်လည် လွတ်မြောက်လာ၏။ သို့သော် သူမ နဝေတိမ်တောင် ဖြစ်နေလေသည်။

"ကျွန်မ ဘာဖြစ်သွားတာလဲ"

"ဘာမှမဖြစ်ပါဘူးလေ ဒါပေမဲ့ ကျုပ်အနေနဲ့သာ ခင်ဗျားကို မနှိုးလိုက်ဘူးဆိုရင် ခင်ဗျားက ကျုပ်ကို မူလကျောက်တုံး ဆယ်မီလျံတည်းနဲ့ သဘောတူတော့မှာဗျ ဒါပေမဲ့ ဒီလိုလုပ်လို့ အရောင်းအဝယ်က ပြီးပြတ်သွားမှာ မဟုတ်ဘူးလေ ကျုပ်အနေနဲ့လဲ ဒီလိုနည်းလမ်းတွေကို မသုံးချင်ဘူး ဒီတော့ တာဝန်ခံချွေ့အနေနဲ့လဲ ဒီလိုနည်းလမ်းတွေ မသုံးဖို့ ကျုပ် မျှော်လင့်တယ်"

စုချန်းက ပြုံးရင်း ပြောလိုက်သည်။

ချွေ့မြှောက်လင် အသက်ကို တဝကြီး ရှုသွင်းလိုက်၏။ စုချန်းက သူမအား သင်ခန်းစာ ပေးလိုက်ပြီ မဟုတ်ပါလား။

ထိုအချိန်တွင် ကုကျင်းတန်၏ အတွေးကတော့ တမျိုး ဖြစ်သည်။

ဒီကောင် ပိုက်ဆံမရှိတာတော့ သေချာနေပြီ...မူလကျောက်တုံးဆယ်သန်းတောင် ဒီကောင် တတ်နိုင်ပုံမရဘူး...

စုချန်းက ချွေ့မြှောက်လင်အား တန်ပြန်ထိန်းချုပ်လိုက်သည့် အနေအထားကိုတော့ သူ အလိုအလျောက် လစ်လျူရှုထားလိုက်၏။

ချွေ့မြှောက်လင်ကား စုချန်း၏ သင်ခန်းစာပေးမှုကို ခံလိုက်ရသော်လည်း စိတ်ဆိုးဟန်မရှိ။ ပါးစပ်ကို လက်ဝါးနှင့်အုပ်ပြီး လှပစွာ ရယ်မောလိုက်သည်။

"မင်းသားလေးစု ရှင်ဟာ တကယ် အရည်အချင်းရှိပါပေတယ် ရှင့်ရဲ့ စိတ်ဝိညာဥ်စွမ်းအင်ကလဲ တကယ်ကို ကြီးမားပေတာပဲ ရှင့်အနေနဲ့ ငွေအများကြီး မဖြုန်းချင်ဘူး ပစ္စည်းကောင်းကောင်းလဲ လိုချင်တယ်ဆိုရင် ကျွန်မမှာ ရှင် စိတ်ဝင်စားလောက်စရာ တခုတော့ရှိတယ်"

ထိုအခါ စုချန်းက ပြန်ပြောလိုက်သည်။

"ခင်ဗျား ပထမသုံးလိုက်တဲ့ နည်းလမ်းကတော့ သိပ်မကောင်းဘူးပေါ့ဗျာ ဒါပေမဲ့ ခုလို ပြေပြေလည်လည် ပြောလာရင်တော့လဲ ကျုပ် လက်ခံနိုင်ပါတယ် ခင်ဗျား ပစ္စည်းကို ပြပါအုံး"

"ပစ္စည်းကို ကြည့်ကြတာပေါ့"

စကားဆုံးသည်နှင့် ချွေ့မြှောက်လင်က လက်တဖက်ကို လှပစွာ ဝေ့ယမ်းလိုက်ရာ အနီးအနားရှိ ကျောက်တုံးပလက်ဖောင်းတခုပေါ်တွင် ရပ်နားထားသော ပုံသဏ္ဍာန် ခပ်ဆန်းဆန်း တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်တစင်း ဘွားခနဲ ပေါ်ပေါက်လာ၏။

အခြား လွန်းပျံယာဥ်များနှင့် မတူသည်မှာ ထိုယာဥ်တစင်းလုံးအား နတ်ဆိုးသတ္တဝါတကောင်၏ ကိုယ်ထည်နှင့် တည်ဆောက်ထားခြင်းပင်ဖြစ်သည်။

အနှီလွန်းပျံယာဥ်သည် ရေနဂါးကြီးတကောင်၏ ကိုယ်ထည်နှင့် တည်ဆောက်ထား၏။ သို့သော် ၎င်း၏ ကျောပေါ်တွင် အပေါက်ကြီးဖောက်ထားပြီး ကိုယ်တွင်းအင်္ဂါများအား ဖယ်ထုတ်ထားလေရာ အထဲတွင် လှိုဏ်ခေါင်းကဲ့သို့ ဖြစ်နေ၏။ ထိုလှိုဏ်ခေါင်းအား သတ္တုများနှင့် ပေါင်းစပ်တည်ဆောက်ပေးထားပြီး လူငါးယောက်မှ ခုနှစ်ယောက်ထိ လိုက်ပါစီးနင်းနိုင်ကြောင်း တွေ့ရသည်။ ယာဥ်၏ ဦးပိုင်းမှာကား ရေနဂါးကြီး၏ ခေါင်းပင် ဖြစ်ပြီး ထိုးထိုးထောင်ထောင်ထွက်နေသော ဦးချိုနှစ်ချောင်းနှင့် ကြောက်စရာအကြည့်ကြောင့် မြင်ရသူတိုင်းကို အတိုင်းအတာတခုအထိ ထိတ်လန့်သွားစေနိုင်၏။

"ဟာ နတ်ဆိုးဧကရာဇ်ပါလား"

စုချန်းနှင့် ကျန်လူများ လွှတ်ခနဲ ရေရွတ်လိုက်မိကြသည်။

ချွေ့မြှောက်လင် တခစ်ခစ်နှင့် ရယ်မောလိုက်၏။

"မင်းသားလေးစု ကြည့်တတ်ပါပေတယ် ဒီယာဥ်ဟာ နတ်ဆိုးဧကရာဇ်ရဲ့ ကိုယ်ခန္ဓာအကြွင်းအကျန်တွေနဲ့ တည်ဆောက်ထားတာ အမှန်ပါပဲရှင် ဒီ မိုးကြိုးရေနဂါးနတ်ဆိုးဧကရာဇ်ကြီးဟာ မိုးကြိုးတောင်တွေပေါ်က နတ်ဆိုးသတ္တဝါတွေရဲ့ ခေါင်းဆောင်ပဲရှင့် လွန်ခဲ့တဲ့ နှစ်ပေါင်းခုနှစ်ရာလောက်က ဒီအလုပ်ရုံရဲ့ သူဌေးဟာ မိုးကြိုးတောင်တွေပေါ်မှာ ဒီရေနဂါးကြီးနဲ့ ရင်ဆိုင်တိုးခဲ့တယ် သုံးရက်နဲ့သုံးညတိုင်တိုင် တိုက်ပွဲဖြစ်ပြီး နောက်ဆုံးမှာ နဂါးကြီး သေဆုံးသွားခဲ့တယ် ကျွန်မတို့ သူဌေးလဲ နဂါးကြီးအလောင်းကို ရလိုက်တာပေါ့ မိုးကြိုးရေနဂါးကြီးရဲ့ ကိုယ်ထည်နဲ့ တည်ဆောက်ထားတဲ့ ဒီလွန်းပျံယာဥ်ဟာ ခြေလှမ်းပေါင်း ၂၈လှမ်း အမြန်နှုန်းရှိပြီး ခံနိုင်ရည်ကလဲ ၁၄၀ထိ ရှိတယ် ဒါတင်မကသေးဘူး မိုးကြိုးအမြောက်တွေကိုပါ ထည့်သွင်းတည်ဆောက်ထားသေးတယ် သူ့မှာ လေဟာနယ်ပုံစံကွက် ပါတဲ့အတွက် ရှင့်အနေနဲ့ သူ့အရွယ်အစားကို ကြိုက်သလို ခြုံ့ချဲ့လို့ ရတယ် တချက်လေး ကြည့်ပါအုံး မင်းသားလေးစု"

စကားဆုံးသည်နှင့် သူမက မူလပုံစံကို နှိုးဆွပြီး ယာဥ်ရှိရာသို့ လက်ညှိုးဖြင့် ညွှန်လိုက်ရာ မိုးကြိုးရေနဂါးယာဥ်ကြီးသည် ကြည့်နေရင်းနှင့်ပင် တဖြည်းဖြည်း သေးငယ်လာ၏။ နောက်ဆုံးတွင် ယာဥ်၏ အရွယ်အစားမှာ လက်ဖဝါးပေါ်တွင် တင်ထား၍ ရလောက်သည့် အရွယ်အစားသာ ကျန်တော့သည်။

"သိပ်ကောင်းတာပဲ"

တိမ်တိုက်ကျားသစ်က မနေနိင်တော့ပဲ လွှတ်ခနဲ ရေရွတ်လိုက်၏။

ချွေ့မြှောက်လင်ကား တိမ်တိုက်ကျားသစ်ကို အရေးမထား။ မည်သူက ဆရာကြီးမှန်း သူမ မှန်းဆနိုင်သည် မဟုတ်ပါလား။ ထိုအခါ သူမက စုချန်းကိုသာ လှမ်းကြည့်ရင်း မေးလိုက်၏။

"မင်းသားလေးစု ဘယ်လိုသဘောရသလဲရှင်"

"ဒီယာဥ်မျိုးကတော့ မူလကျောက်တုံး တစ်ရာမီလျံနဲ့ ထိုက်တန်ပါပေတယ်ဗျာ"

စုချန်းက ပြန်ဖြေလိုက်၏။

ချွေ့မြှောက်လင် သဘောကျဟန်ဖြင့် ရယ်မောလိုက်သည်။

"ဒီတခါတော့ စျေးနှုန်းနဲ့ပတ်သက်ပြီး ကျွန်မတို့ သဘောတူညီမှုရပြီနဲ့ တူတယ်နော် မင်းသားလေးစု"

စုချန်းက ထပ်ပြောလိုက်သည်။

"ဒီယာဥ်မှာ ဘာလိုအပ်ချက်မှ မရှိဘူးဆိုရင်ပေါ့ဗျာ"

ဟင်..

စုချန်း၏ စကားကြောင့် သံမဏိနှင့် တိမ်တိုက်ကျားသစ်တို့က ချွေ့မြှောက်လင်ကို ဒေါသတကြီးနှင့် လှမ်းကြည့်လိုက်ကြသည်။ ဤမိန်းမကား သူတို့ကို နှစ်ကြိမ်တိုင်တိုင် လှည့်ဖျားရန် ကြံစည်နေသည် မဟုတ်ပါလား။

ချွေ့မြှောက်လင် သည် သူမ၏ မရိုးသားမှုကို ရယ်မောရင်း ဖုံးကွယ်ရန် ကြိုးစားလိုက်၏။

"အာနည်းချက် နည်းနည်းပါးပါးရှိတာကလွဲလို့ ဒီစျေးနှုန်းက တကယ်ကို တန်နေပါပြီရှင်"

"အားနည်းချက် နည်းနည်းပဲဆိုတာ ခင်ဗျား တကယ်ပဲ သေချာလို့လား"

စုချန်းက အေးစက်သော လေသံနှင့် ရယ်မောရင်း ပြောလိုက်သည်။

တကယ်တော့ စုချန်းသည် လွန်းပျံယာဥ်နှင့် ပတ်သက်သော အားနည်းချက်ကို ရှာတွေ့လိုက်၍ မဟုတ်။ ချွေ့မြှောက်လင် သူတို့ကို တစုံတခု ဖုံးကွယ်ထားကြောင်း အာရုံခံမိလိုက်၍သာ ဖြစ်သည်။ လက်ရှိတွင် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်မှာ အလွန်ပြည့်ဝနေ၍ တစုံတယောက်က သူ့ကို လိမ်လည်ရန် ကြံစီပါက အလိုအလျောက် အာရုံခံနေမိပြီ ဖြစ်သည်။

သို့သော် ချွေ့မြှောက်လင် ဘာကိုဖုံးကွယ်ထားမှန်းတော့ စုချန်း တိတ်ိကျကျ မသိချေ။ ထို့ကြောင့် သူက စကားအစ်နေခြင်းပင်။

တဖက်မှ ချွေ့မြှောက်လင်ကတော့ အလိမ်ပေါ်သွားပြီဟု ထင်သွားရှာ၏။

ဤတကြိမ်တွင်လည်း စုချန်း၏ ပရိယာယ်က ထိရောက်သွားပြန်သည်။

ထိုအခါ ချွေ့မြှောက်လင်က ပြောလိုက်၏။

"အမှန်အတိုင်းပြောရရင် မိုးကြိုးရေနဂါးနတ်ဆိုးဧကရာဇ်လွန်းပျံယာဥ်ဟာ တိုက်ပွဲတခါ ဝင်ဖူးပြီးသားရှင့် တိုက်ပွဲကြောင့် နည်းနည်းပါးပါး ပျက်စီးသွားပြီး သူ့အရည်အသွေးကလဲ လျော့ကျသွားတယ် အတိအကျ ပြောရရင်တော့ ဒီယာဥ်ရဲ့ ကြံ့ခိုင်မှုတင် လျော့နည်းသွားတာ မဟုတ်ဘူး သူ့ကို သုံးရင် စိတ်ဝိညာဥ်စွမ်းအားပါ အတော်လေး ထုတ်ပြီး သုံးရတယ် ကျွန်မအနေနဲ့ အစတုန်းက ဒီယာဥ်ကို မင်းသားလေးစုဆီ ရောင်းချဖို့ အစီအစဥ် မရှိဘူး ဒါပေမဲ့ မင်းသားလေးစုက ကျွန်မရဲ့ လှည့်စားမှုကို ခုခံနိုင်ရုံတင်မကဘူး ကျွန်မကိုပါ ပြန်ပြီး ပညာပြသွားနိုင်ခဲ့တယ် ဒါကြောင့် ဒီယာဥ်ရဲ့ အားနည်းချက်ဟာ မင်းသားလေးစုအတွက် ပြောပလောက်စရာ မဟုတ်တော့ဘူးလေ"

လက်စသတ်တော့ ဒီလိုကိုး...

ဒီအတိုင်းဆိုရင် ဒီယာဥ်ဟာ တကြိမ် ပျက်စီးသွားဖူးတာပေါ့...ဒါနဲ့ ဒီယာဥ်ကို ထိန်းချုပ်ဖို့ စိတ်ဝိညာဥ်စွမ်းအားကို အသုံးပြုရတယ် ဆိုပါလား...

တကယ်တော့ လမင်းစန္ဒာအလုပ်ရုံသည် မိုးကြိုးရေနဂါးယာဥ်၏ ပျက်စီးမှုကို ပြင်ဆင်ရန် မတတ်နိုင်ခဲ့ချေ။ ထို့ကြောင့် ၎င်းတို့သည် ဤယာဥ်ကို ဤအတိုင်း ရပ်ထားပြီး ငွေကြေးတတ်န်ိုင်ကာ စိတ်ဝိညာဥ်စွမ်းအားပြည့်ဝသည့် ဝယ်ယူသူတယောက် ပေါ်လာနိုးနှင့် စောင့်ဆိုင်းနေကြခြင်းပင်။

ဤအတိုင်းဆိုလျင် မိုးကြိုးရေနဂါးနတ်ဆိုးဧကရာဇ်လွန်းပျံယာဥ်သည် ပိုင်ရှင်သစ်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်မှာ နှစ်ပေါင်း ရာနှင့်ချီ၍ ကြာမြင့်ခဲ့ချေပြီတကား။

ဤအတောအတွင်းတွင် ဝယ်လိုသူ တယောက်တလေမှပင် ပေါ်လာခဲ့ပုံမရ။

တကယ်တော့ ၎င်းမှာ ပုံမှန်သာ ဖြစ်သည်။

မူလကျောက်တုံး တစ်ရာမီလျံ ဖြုန်းတီးနိုင်ပြီး မိုးကြိုးရေနဂါးယာဥ်ကို ထိန်းချုပ်နိုင်လောက်သည်အထိ စိတ်ဝိညာဥ်စွမ်းအား ပြည့်ဝသူများမှာ သေချာပေါက် နာမည်ကြီးများသာ ဖြစ်ပေလိမ့်မည်။ သို့သော် နာမည်ကြီးများအတွက် မိုးကြိုးရေနဂါးယာဥ်၏ အမြန်နှုန်းနှင့် ကြံ့ခိုင်မှုက အဆင့်မမှီပဲ ဖြစ်နေပြန်၏။ ၎င်းတို့အနေနှင့် ပို၍ ကောင်းမွန်သော ယာဥ်များကိုသာ ရွေးချယ်ဝယ်ယူသွားပေလိမ့်မည်။

သာမာန်အဆင့်နိမ့်ချီစွမ်းအားပညာရှင်များအတွက်တော့ ဤယာဥ်သည် ရတနာတပါးပင်။ သို့သော် မူလကျောက်တုံး တစ်ရာမီလျံဟူသော ကန့်သတ်ချက်ကြီးက ရှိနေပြန်၏။

ဤအနေအထားတွင် မိုးကြိုးရေနဂါးယာဥ်အား ဝယ်ယူမည့်သူ မရှိသည်မှာ ဘာမှ မထူးဆန်းတော့ချေ။

All Chapters