← Chapters

တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ် ၃

Vol. 47 Ch. 466

တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ် ၃

Vol. 47 Ch. 466

အခြေအနေကို သဘောပေါက်လာပြီဖြစ်၍ စုချန်း ပြုံးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"စိတ်ဝိညာဥ်စွမ်းအား ဘယ်လောက်သုံးရသလဲဆိုတာ ကျုပ် စမ်းသပ်ကြည့်ချင်တယ်"

"သဘောရှိစမ်းသပ်ပါရှင်"

စကားဆုံးသည်နှင့် ချွေ့မြှောက်လင်က လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ မိုးကြိုးရေနဂါးလွန်းပျံယာဥ်သည် မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိလာ၏။ စုချန်းက ချက်ချင်းဆိုသလိုပင် ယာဥ်ပေါ်သို့ ခုန်တက်ပြီး ယာဥ်ကို ထိန်းချုပ်ရန် စတင်ကြိုးစားလိုက်သည်။ ပြင်းထန်သော ဝဲဂယက်တခုက စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်များအား အဆက်မပြတ် စုပ်ယူနေ၏။

စုချန်းကဲ့သို့ အားကောင်းသည့် စိတ်ဝိညာဥ်စွမ်းအား ပိုင်ဆိုင်ထားသူပင်လျင် မူးခနဲ ဖြစ်သွား၏။ စုချန်း အံ့သြသွားလေသည်။ စိတ်ဝိညာဥ်စွမ်းအင် အားမကောင်းသူသာဆိုလျင် ယာဥ်ကို မောင်းနှင်ဖို့ မဆိုထားနှင့်၊ စတင်ထိန်းချုပ်ရန် ကြိုးစားသည့်အဆင့်မှာပင် သတိမေ့သွားနိုင်သည် မဟုတ်ပါလား။

နောက်ဆုံးတွင်တော့ စုချန်းသည် ယာဥ်ကို ထိန်းချုပ်နိုင်ခဲ့၏။ ယာဥ်ကိုယ်ထည်မှ အလွန်စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး စတုတ္တထပ် တထပ်လုံး လင်းထိန်သွားတော့သည်။

ဤအထပ်ဝယ် စုချန်းတို့လူစုချည်းသာလျင် ရှိသည်မဟုတ်။ တခြား ဧည့်သည်များလည်း ရှိနေကြလေသည်။

မိုးကြိုးရေနဂါးနတ်ဆိုးဧကရာဇ်ယာဥ်မှ အလင်းရောင်ထွက်ပေါ်လာသည်နှင့် ဧည့်သည်များအားလုံး စုချန်းတို့ရှိရာဘက်ကို ချာခနဲ လှည့်ကြည့်လိုက်ကြသည်။ အကြောင်းသိသူတချို့မှာကား အော်ဟစ်ရယ်မောရင်း ယာဥ်ဆီသို့ လျှောက်လာကြ၏။ စုချန်း သတိလစ်သွားမည့်မြင်ကွင်းကို ကြည့်လို၍ သူတို့ ဝိုင်းအုံလာကြခြင်းပင်။

သိို့သော် ကြည့်နေရင်းနှင့်ပင် မိုးကြိုးရေနဂါးယာဥ်သည် တဒီးဒီး တုန်ခါလာ၏။ ကြည့်ရှုသူအပေါင်း မျက်လုံးပြူးကုန်ကြလေပြီ။

ချီစွမ်းအားပညာရှင် အနည်းငယ်သာလျင် မိုးကြိုးရေနဂါးယာဥ်အား နှိုးဆွနိုင်၏။ သို့သော် စုချန်းကဲ့သို့ ကိုယ်ခန္ဓာစွမ်းအင်အဆင့် နိမ့်ပါးသူ ချီစွမ်းအားပညာရှင်တယောက်က ဤယာဥ်အား နှိုးဆွနိုင်ခြင်းမှာ ဤတကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် သူတ်ို့ အံ့သြကုန်သည်မှာ ဘာမှမထူးဆန်း။

ထိုအချိန်တွင် စုချန်းက သူ့လက်အစုံကို ပြန်လည်ရုတ်သိမ်းပြီး ပြောလိုက်၏။

"နှိုးဆွတဲ့အဆင့်မှာကို စိတ်ဝိညာဥ်စွမ်းအင် အများကြီး သုံးရတယ် ကျုပ်အနေနဲ့ ခုလက်ရှိမှာ ဒီယာဥ်ကို ထိန်းချုပ်နိင်တယ်ဆိုပေမဲ့ ခရီးဝေး မောင်းနှင်နိုင်ဖို့ကတော့ မလွယ်သေးဘူး ရေရှည် ထိန်းချုပ်ထားဖို့ ခက်နေသေးတယ်"

"ဒါပေမဲ့ မင်းသားလေးစုဟာ ဒီထက်ပိုပြီး သန်မာလာအုံးမှာပဲဟေ ဟုတ်တယ်မလား မင်းသားလေးစုရဲ့ တိုးတက်မှုနှုန်းအရဆိုလျင် နှစ်အနည်းငယ်အတွင်းမှာပဲ မိုးကြိုးရေနဂါးယာဥ်ကို ကောင်းကောင်းကြီး ထိန်းချုပ်လာနိုင်လိမ့်မယ်"

ချွေ့မြှောက်လင်ကား စျေးသည် ပီသလာ၏။ စုချန်း၏ အတွေးကို တိတိကျကျပင် ထောက်ပြကာ မိုးကြိုးရေနဂါးယာဥ်ကို အစွံထုတ်ရန် ကြိုးစားနေ၏။

တကယ်တော့ ချွေ့မြှောက်လင်၏ စကားက အမှန်ပင်။ စုချန်းသာ ဆန္ဒရှိမည်ဆိုပါက စိတ်ဝိညာဥ်စွမ်းအင်များ မြန်မြန်ဆန်ဆန် တိုးပွားလာအောင် အချိန်မရွေး ကြိုးစားနိုင်စွမ်း ရှိနေ၏။

သို့သော် အပြင်ပန်းတွင်တော့ စုချန်းက ချွေ့မြှောက်လင်၏ စကားကို အလုံးစုံ သဘောမတူဟန်ဖြင့် ဟန်ဆောင်ထားလိုက်လေသည်။

"ဒီလောက်တော့ ဘယ်လွယ်ပါ့မလဲဗျာ ဆယ်နှစ်လောက်မှ ပြင်းပြင်းထန်ထန် မလေ့ကျင့်ဘူးဆိုရင် ဒီယာဥ်ကို ထိန်းချုပ်နိုင်တဲ့အဆင့်ထိ ကျုပ် ဘယ်လိုမှ ရောက်လာစရာအကြောင်းမရှိဘူးဗျ"

စုချန်း၏ စကားက ချွေ့မြှောက်လင်၏ စကားကို အလုံးစုံ ကန့်ကွက်လိုက်သည်လည်း မဟုတ်ချေ။ တနည်းအားဖြင့် သူက လေ့ကျင့်ရမည့်အချိန်ကိုသာ ပို၍ ပြောလိုက်ခြင်း ဖြစ်သည်။

ချွေ့မြှောက်လင်ကလည်း အလွန်လည်၏။ တဖက်လူသည် ယာဥ်ကို လိုချင်သော်လည်း စျေးနှုန်းအပြည့်အဝကိုတော့ မပေးလိုကြောင်း ချက်ချင်းပင် သဘောပေါက်လိုက်၏။

တကယ်တော့ မိုးကြိုးရေနဂါးယာဥ်သည် ကောင်းမွန်သော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ရောင်းမစွံသော ပစ္စည်း ဖြစ်နေ၏။ ဤသည်မှာ လမင်းစန္ဒာအလုပ်ရုံအတွက် အကျိုးမရှိချေ။

ထိုအခါ ချွေ့မြှောက်လင်က ပြောလိုက်သည်။

"ဆိုရိုးစကားတခွန်း ရှိတယ် ရတနာတွေဟာ သူတို့ရဲ့သခင်ကို ကိုယ်တိုင် ရွေးချယ်တတ်သတဲ့ ကြည့်ရသလောက် ဒီ မိုးကြိုးရေနဂါးယာဥ်ဟာ မင်းသားလေးစုရဲ့ လိုလားချက်နဲ့ ကိုက်ညီနေတယ်ဆိုတော့ မင်းသားလေးကပဲ သူ နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့တဲ့ သူ့ရဲ့ သခင် ဖြစ်ပါလိမ့်မယ် ဒီတော့ ဒီလိုလုပ်ပါ မင်းသားလေးစုကသာ ဒီယာဥ်ကို တကယ်ကြိုက်တယ်ဆိုရင် ကျွန်မအနေနဲ့ စျေးနှုန်းကို နည်းနည်းပါးပါး လျှော့ပေးလိုက်ပါမယ်"

"ဘယ်လောက်လျှော့မှာလဲ"

"မူလကျောက်တုံး ကိုးဆယ်မီလျံပဲ ပေးပါတော့ရှင်"

စုချန်း ရယ်မောလိုက်၏။

"စျေးကြီးလွန်းနေသေးတယ်ဗျ"

"ဒီမယ် မင်းသားလေစု မိုးကြိုးရေနဂါးယာဥ်ဟာ ဘာပြစ်ချက်မှ မရှိဘူးဆိုရင် ဒီထက် နှစ်ဆမက တန်တယ်ရှင့် ခုဟာက ပြစ်ချက်နည်းနည်းရှိနေလို့ ကျွန်မတို့က စျေးကို ဒီလောက်ထိ လျှော့ပေးထားတာ"

"ဒီယာဥ်ကို အသုံးပြုနိင်ဖို့ စိတ်ဝိညာဥ်စွမ်းအင် အများကြီး လိုအပ်တယ်ဆိုတာက ပြစ်ချက်သေးသေးမှ မဟုတ်တာ ဒါ တကယ့် ပြသနာကြီးဗျ ဒါကြောင့် ခင်ဗျားတို့ယာဥ်ကို ဝယ်မဲ့သူ မရှိဘူးဖြစ်နေတာပေါ့ ကျုပ်အနေနဲ့ကလည်း ဒီယာဥ်ကို ထိန်းချုပ်နိုင်တယ်ဆိုပေမဲ့ ကန့်သက်ချက်နဲ့သာ ဖြစ်တယ် ဒီလိုအနေအထားမှာ မူလကျောက်တုံး ကိုးဆယ်မီလျံဆိုတာက စျေးကြီးသေးတာပေါ့ဗျာ"

"ဒီလိုဆိုရင် မင်းသားလေးစုပဲ ပြောကြည့်ပါအုံး ဘယ်လောက်ဆိုရင် သင့်တော်မလဲ"

"လေးဆယ်မီလျံ"

ချွေ့မြှောက်လင် မျက်လုံးပြူးသွား၏။

"အံမလေး ဒီစျေးနဲ့သာဆိုရင် ဒီယာဥ် ဒီနေရာမှာတောင် ရှိမနေတော့ပါဘူးရှင် ရောင်းထွက်သွားတာ ကြာရောပေါ့"

ထို့နောက် သူမက ထပ်ပြောလိုက်သည်။

"မင်းသားလေးစုအနေနဲ့ ဒီယာဥ်ကို အမှန်တကယ် စိတ်ဝင်စားရင် ကျွန်မတို့ ရှစ်ဆယ်မီလျံနဲ့ ရောင်းပေးလိုက်မယ်"

စုချန်း ခေါင်းခါပြလိုက်သည်။

"ခင်ဗျားဘက်က ငါးဆယ်မီလျံထိ စျေးချပေးရင်တော့ ကျုပ် စဥ်းစားမယ်"

ချွေ့မြှောက်လင် အံကြိတ်လိုက်၏။

"ခုနှစ်ဆယ်မီလျံရှင် ဒါ အနိမ့်ဆုံးစျေးပဲ ဒီထက်ပိုပြီး ကျွန်မတို့ စျေးမလျှော့နိုင်တော့ဘူး"

ချွေ့မြှောက်လင် ပြောသာပြောလိုက်ရသည်။ သူမ၏ စိတ်ထဲတွင်တော့ စုချန်း ထပ်မံ စျေးဆစ်အုံးမည်ဟု တွေးတောနေ၏။ သို့သော် စုချန်းက စျေးဆစ်ရမည့်အစား စာရွက်တရွက်ကို ဆွဲထုတ်ကာ သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။

"မိုးကြိုးရေနဂါးလွန်းပျံယာဥ်အပြင် ကျုပ်အနေနဲ့ ခင်ဗျားတို့အလုပ်ရုံက ဒီပစ္စည်းလေးတွေ လိုချင်သေးတယ်"

စာရွက်ထဲတွင် ရေးသားထားသည့်ပစ္စည်းစာရင်းကိုကြည့်ပြီး ချွေ့မြှောက်လင် ရင်တုန်ပန်းတုန် ဖြစ်သွား၏။ ပစ္စည်းတိုင်းလိုလိုမှာ တန်ဖိုးကြီးမားပြီး အလွန်ရှားပါးသော ပါဝင်ပစ္စည်းများ ဖြစ်နေသောကြောင့်ပင်။ ဤပစ္စည်းများ၏ တန်ဖိုးကိုပါ ထည့်ပေါင်းလိုက်ပါက ကုန်ကျငွေမှာ နောက်ထပ် မူလကျောက်တုံး မီလျံနှင့် ချီသွားပေလိမ့်မည်။

သူမ သက်ပြင်းချရင်း ပြောလိုက်သည်။

"မင်းသားလေးစုဟာ ငွေအတော်ဖြုန်းနိုင်ဟန်တူတယ်"

စုချန်းက မေးလိုက်၏။

"ဒီပစ္စည်းတွေအားလုံးရဲ့ တန်ဖိုးပါ ထည့်ပေါင်းပြီး စုစုပေါင်း မူလကျောက်တုံး ၁၅၀မီလျံဆိုရင် ခင်ဗျား ဘယ်လိုသဘောရသလဲ"

နောက်ထပ် အချိန်အနည်းငယ်ခန့် ဆွေးနွေးညှိုနှိုင်းပြီး သူတို့၏ အရောင်းအဝယ်မှာ မူလကျောက်တုံး ၁၅၅မီလျံနှင့် အတည်ဖြစ်သွားလေသည်။

မြင်ကွင်းကိုကြည့်ရင်း ကုကျင်းတန်မှာ ကြောင်အမ်းအမ်း ဖြစ်နေ၏။

မူလကျောက်တုံး ၁၅၅မီလျံဆိုပါကလား...

တကယ်တော့ စုချန်းသည် သွေးဗီဇပင်မရှိသည့် သာမာန်လူ ဖြစ်သည်။ ထိုလူစားမျိုးက ဤမျှ များပြားသော ငွေကြေးကို မည်သည့်နည်းလမ်းဖြင့် ပိုင်ဆိုင်ထားလေသနည်း။

ကုကျင်းတန်မှာ ကုမျိုးနွယ်စု၏ စတုတ္တသခင်လေးဖြစ်သလို ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တဦးလည်း ဖြစ်သည်။ သူမျိုးနွယ်စုမှ သူ့အတွက် တလစာ ထောက်ပံ့ငွေမှာ မူလကျောက်တုံး ရှစ်ထောင်အထိ ရှိ၏။ တခြားငွေရပေါက်များမှ ရရှိနိုင်သည့် မူလကျောက်တုံးများကို ထည့်ပေါင်းလိုက်လျင်ပင် ကုကျင်းတန်၏ တနှစ်စာ အသုံးစရိတ်မှာ မူလကျောက်တုံး တစ်မီလျံထက် မပိုချေ။

ဤအနေအထားတွင် စုချန်းကဲ့သို့ သာမာန်လူက တထိုင်တည်းနှင့် မူလကျောက်တုံး ၁၅၅မီလျံထိ သုံးပြလိုက်၏။

မည်သို့ ဖြစ်နိုင်အံ့နည်း။

သို့သော် လက်ရှိအချိန်ထိ ကုကျင်းတန်သည် သူ၏ မျှော်လင့်ချက်ကို မစွန့်လွှတ်သေး။ စုချန်းထံမှ လှည့်ကွက်တခုခု ပေါ်ထွက်လာနိုးနှင့် မျှော်လင့်နေသေး၏။

သို့သော် စုချန်းက ဟွီတောင်းလုပ်ငန်းစုမှ ရွှေရောင်မူလကတ်ပြားအား ဆွဲထုတ်လိုက်ချိန်တွင်တော့ ကုကျင်းတန်တယောက် အတော်ပင် စိတ်ဓာတ်ကျသွားရှာ၏။

ဟွီတောင်းလုပ်ငန်းစုဟူသည်ကား တခြားမဟုတ်။ လောင်စန်းတနိုင်ငံလုံးတွင် အကြီးမားဆုံးသော ငွေတိုက်ကြီး ဖြစ်ပြီး နိုင်ငံတနံတလျားတွင် လုပ်ငန်းအများအပြားကို လုပ်ကိုင်လျက်ရှိ၏။ ၎င်းလုပ်ငန်းစုသည် ဖောက်သည်မျာအား အဆင့်သတ်မှတ်ချက်အပေါ်မူတည်၍ မူလကတ်ပြားများ ထုတ်ပေးထား၏။ ထိုအတွင်မှ ရွှေရောင်ကတ်ပြားများမှာ တန်ဖိုးအမြင့်ဆုံး ဖြစ်သည်။ သင်၏ ငွေစုစာရင်းတွင် အနည်းဆုံး မူလကျောက်တုံး တစ်ရာမီလျံမျှ မရှိလျင် ရွှေရောင်ကတ်ပြားတခု ပိုင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။

All Chapters