ဟန်ကျပန်ကျ ဖြုန်းတီးခြင်း
Vol. 47 Ch. 467
ချွေ့မြှောက်လင်သည် စုချန်း၏ ကတ်ထဲမှာ မူလကျောက်တုံး ၁၅၅မီလျံကို နှုတ်ယူလိုက်၏။ ထို့နောက် မိုးကြိုးရေနဂါးလွန်းပျံယာဥ်အား စုချန်း လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက် သူမက ပြောလိုက်သည်။
"ဂုဏ်ယူပါတယ်ရှင် ဒီကနေ့မှာ မင်းသားလေးစုဟာ အလွန်ရှားပါးတဲ့ ရတနာတပါးကို ပိုင်ဆိုင်သွားပါပြီ ဒီရတနာဟာ မင်းသားလေးမျှော်လင့်ထားသလို အသုံးဝင်မယ်လို့ ထင်ပါတယ် မင်းသားလေးစု နောက်ထပ် တောင်းဆိုထားတဲ့ ကုန်ပစ္စည်းတွေကတော့ အလွန်ရှားပါးတဲ့အတွက် ကျွန်မတို့အနေနဲ့ စုဆောင်းဖို့ အချိန်ယူရပါအုံးမယ် နောက် သုံးရက်နေရင် ဒီကို ပြန်လာခဲ့ပါရှင်"
"ကောင်းပြီလေ"
စုချန်းက အလွယ်တကူပင် သဘောတူလိုက်သည်။ သူ တောင်းဆိုထားသော ပစ္စည်းများမှာ အလွန်ရှားပါး၍ ဤမျှတော့ အချိန်ပေးရမည်မှန်း သူ သဘောပေါက်ထားပြီးသားပင် မဟုတ်ပါလား။ ထို့ပြင် သူကိုယ်တိုင်လည်း မြို့တော်တွင် ရက်အနည်းငယ် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ထားပြီးသားဖြစ်၍ စောင့်ရသည်မှာ ပြသနာမရှိ။
"မင်းသားလေးစုအနေနဲ့ တခြား ဘာများလိုအပ်တာ ရှိသေးလဲရှင့်"
ချွေ့မြှောက်လင်က မေးလိုက်၏။
"အိုး ဒီတနေရာတည်းနဲ့ပင် အတော်လေး ပြည့်စုံသွားပါပြီ မူလကိရိယာတချို့လောက်ပဲ လိုတော့တယ်"
စုချန်း ပါးစပ်မှ မူလကိရိယာဟူသော စကားလုံးထွက်ပေါ်လာသည်နှင့် ချွေ့မြှောက်လင်၏ မျက်လုံးအစုံက ဝင်းလက်တောက်ပသွားသည်။
"မင်းသားလေးစု ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပါရှင်"
ထို့နောက် သူမက သူတို့အား ရှစ်ထပ်မြောက်အထပ်ဆီသို့ တည့်တည့်မတ်မတ်ပင် ဦးဆောင်ခေါ်ယူသွားလေသည်။
ထိုအထပ်မှာ မူလကိရိယာများ သီးသန့်ရောင်းချသော အထပ် ဖြစ်ပုံရသည်။ တထပ်လုံးတွင် အမျိုးမျိုး အဖုံဖုံသော မူလကိရိယာများနှင့် ပြည့်နှက်နေ၏။ ဤတကြိမ်တွင်တော့ ချွေ့မြှောက်လင်က စုချန်းတို့လူစုအား အကောင်းဆုံး မူလကိရိယာများ ခင်းကျင်းထားသည့် နေရာသို့ တန်းတန်းမတ်မတ်ပင် ခေါ်ဆောင်သွားသည်။
"ဒါက အဆင့်၆ မူလကိရိယာတမျိုးဖြစ်တဲ့ အလင်းခွဲဓားပဲ သူ့ကိုတော့ ငွေကွပ်ထားတဲ့ ရေရွှေသတ္တုနဲ့ ပြုလုပ်ထားပြီး ရေနဲ့မီးကိုသာမက ဝိညာဥ်တွေကိုပါ ထက်ခြမ်းကွဲသွားစေနိုင်တယ် အရေးအကြီးဆုံးကတော့ ဒီဓားဟာ ရေနဲ့မီးအမျိုးအစား အကာအကွယ်တွေကို လုံးဝ မမှုတာပဲ"
စုချန်းက ချက်ချင်းဆိုသလိုပင် ဓားကို ကောက်ကိုင်ကြည့်လိုက်သည်။ ထိုဓားသည် တိုပြီး ငွေရောင်ထနေ၏။ အဖျားတွင် ကွေးကောက်နေ၏။ ဓားရိုးတွင် မြွေတကောင်၏ ဦးခေါင်းကို တပ်ဆင်ထား၏။ ထိုမြွေခေါင်းမှာ မီးလျံပြောင်းလဲခြင်းမြွေဟု အမည်ရသော နတ်ဆိုးသတ္တဝါ၏ ဦးခေါင်းအစစ်ဖြစ်သည်။ ထိုမြွေမှာ မီးလျံအမျိုးအစား အကာအကွယ်များကို ချိုးဖဲ့ပစ်နိုင်သော မြွေ ဖြစ်သည်။ တဖန် ဓား၏ သတ္တုမှာ ရေအမျိုးအစားအကာအကွယ်များကို ဖိနှိပ်ထားနိုင်သော ရေရွှေသတ္တုနှင့် ဖန်တီးထားပြန်သည်။ ထို့ကြောင့် ရေနှင့် မီးလျံအမျိုးအစား အကာအကွယ်များကို ဖောက်ထွင်းဝင်ရောက်နိုင်သော ဤဓားသည် အမှန်တကယ် အသုံးဝင်သည့် လူသတ်ကိရိယာတမျိုး ဖြစ်လာတော့သည်။
"မဆိုးဘူး ဒီဓားကို မင်း ယူလိုက်ကွာ"
ပြောပြောဆိုဆို စုချန်းက အလင်းခွဲဓားကို တိမ်တိုက်ကျားသစ်ထံသို့ ပစ်ပေးလိုက်၏။
တိမ်တိုက်ကျားသစ် အလွန် စိတ်လှုပ်ရှားသွား၏။ သူ့ဘဝတလျှောက်လုံးတွင် မည်သည့် မူလကိရိယာမျိုးကိုမှ မပိုင်ဆိုင်ဖူး။ ယခုတော့ စုချန်း၏ ကောင်းမှုဖြင့် တန်ဖိုးကြီးမူလကိရိယာတမျိုး သူ့လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့လေပြီ။
သို့သော် ၎င်းမှာ အစသာ ရှိသေးပုံရ၏။
စုချန်းသည် နောက်ထပ် မူလကိရိယာသုံးမျိုးအား တိမ်တိုက်ကျားသစ်အတွက် ဝယ်ယူပေးလိုက်ပြန်သည်။ ထိုမူလကိရိယာများမှာ ဖိနပ်တရံ၊ ခါးပတ်တခုနှင့် သံချပ်ကာအပိုင်းအစတခု ဖြစ်သည်။ ထိုမူလကိရိယာများကို ဝတ်ဆင်ပြီးသည်နှင့် တိမ်တိုက်ကျားသစ်သည် သာမန်လူငယ်လေးတဦးအဖြစ်မှနေ၍ အလွန်ဝင့်ကြွားထည်ဝါသော လူတဦးအဖြစ် ပုံစံပြောင်းလဲသွားတော့သည်။
တပည့်ကျော်သံမဏ်ိအတွက်ကိုလည်း စုချန်းက မေ့မထားချေ။ သူက အနက်ရောင်မျဥ်းကြောင်းဓားအား လမင်းစန္ဒာအလုပ်ရုံထံ ပြန်လည်ရောင်းချလိုက်၏။ တဖန် သံမဏိ၏ ရွှေရောင်သံချပ်ကာဝတ်စုံအဟောင်းအား အဆင့်၆ ရွှေရောင်သံချပ်ကာဝတ်စုံသစ်နှင့် အစားထ်ိုးလှဲလှယ်ပေးလိုက်သည်။ အဆင့်၆ရွှေရောင်သံချပ်ကာဝတ်စုံမှာ ယခင်ဝတ်စုံအဟောင်းထက် ပို၍ ပေါ့ပါး၏။ ခံနိင်ရည်မှာလည်း များစွာ ပိုလာ၏။ ဤဝတ်စုံသစ်သည် ဝက်ဝံအကောင်တရာ၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသော ဝတ်စုံ ဖြစ်သည်။
သံမဏိ၏လက်နက်မှာကား သံချပ်ကာဖောက်ထွင်းတောင်ဖြိုခွဲတူကြီး ဖြစ်လာ၏။ လေးလံသော လက်နက်များသည် နဂိုတည်းက တောင်ရိုးကမ်းပါးမျိုးနွယ်စုများနှင့် လိုက်ဖက်သည် ဖြစ်၍ အထူးပြုပြင်ဖန်တီးထားသော သံချပ်ကာဖောက်ထွင်း တောင်ပြိုကွဲတူကြီးသည်လည်း သံမဏိအတွက် အထူးပင် သင့်လျော်နေတော့သည်။
အနှီ တူကြီးသည်လည်း အဆင့်၆ မူလကိရိယာတမျိုးပင် ဖြစ်ပြီး ၎င်း၏ အစွမ်းမှာ မည်သည့် သံချပ်ကာဝတ်စုံမျိုးကိုမဆို ဂရုစိုက်စရာမလိုခြင်းပင်။
မူလချီစွမ်းအားပညာရှင်တိုင်းလိုလိုသည် ယေဘုယျအားဖြင့် အကာအကွယ်နှစ်မျိုးကိုသာ အသုံးပြုလေ့ရှိကြ၏။ ပထမအကာအကွယ်မှာ မှော်အကာအကွယ်ဖြစ်ပြီး ဒုတိယအကာအကွယ်မှာကား ရုပ်ပိုင်းဆိုင်ရာအကာအကွယ်များပင် ဖြစ်သည်။
သံမဏိ၏ တူကြီးကား ဒုတိယအမျိုးအစားဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်တိုင်းကို ဖျက်ဆီးနိုင်သည်ဖြစ်၍ ၎င်း၏ အစွမ်းမှာ မသေးလှဟု ဆိုနိုင်သည်။
သံမဏိအား လိုအပ်သည်များ ဝယ်ပေးပြီးသည်နှင့် စုချန်းက ကုကျင်းတန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"အစ်ကိုကု ခင်ဗျား သဘောကျတာတခုတလေများ မတွေ့ဘူးလား ကြိုက်တာတွေ့ရင် ယူလေဗျာ"
"ကျုပ်က ယူရမယ် ဟုတ်လား"
ကုကျင်းတန် ကြောင်အန်းအန်း ဖြစ်သွား၏။
တကယ်တော့ ကုမျိုးနွယ်စု၏ သခင်လေးတယောက် ဖြစ်သည်နှင့်အညီ ကုကျင်းတန်ကား အခွင့်ထူးခံလူတန်းစား ဖြစ်သည်။
ထို အခွင့်ထူးခံဟူသော အခြေအနေသည်လည်း ၎င်းတို့၏ သွေးဗီဇမှ လာ၏။
လက်ရှိတွင် ကုမျိုးနွယ်စုများသည် ထိန်းချုပ်ခံထားရပြီး အလုံးစုံ မလွတ်လပ်သည့်တိုင်အောင် မူလကမ္ဘာကြီးအတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေဆဲပင်။
ထို့ကြောင့် ကုကျင်းတန်၏ စိတ်ထဲတွင် သူ့ကိုယ်သူ အလွန်အရေးပါသော အခွင့်ထူးခံတဦးဟု ယူဆထားလေသည်။
ထိုအချိန်တွင် ကုချိန်းလွှာက သွေးဗီဇမရှိသည့် သာမာန်လူငယ်တဦးအကြောင်း ပြောပြလာသောအခါ သူ့စိတ်ထဲတွင် ရယ်စရာဟုသာ ထင်မှတ်မိ၏။ ပုံမှန်အဆင့် တော်ဝင်မျိုးနွယ်စုဝင်များပင်လျင် ကုမျိုးနွယ်စုဝင်တဦးနှင့် လက်ဆက်ရန် လွယ်ကူသည်မဟုတ်။ သာမာန်လူငယ်တဦးဆိုလျင် ပို၍ပင် မဖြစ်နိုင်ချေ။
ထို့ကြောင့် စုချန်းကို စတွေ့တွေ့ချင်းကပင် ကုကျင်းတန် အလိုအလျောက် မျက်မုန်းကျိုးနေ၏။
သို့သော် စုချန်း၏ ချမ်းသာကြွယ်ဝမှုကို မြင်တွေ့ရသောအချိန်တွင်တော့ သူ တကယ်ပင် အံ့သြမိ၏။ မည်သို့ဆိုစေ သူ့ရင်ထဲမှ မနှစ်မြို့မှုကတော့ ပျောက်မသွား။ သူ့စိတ်ထဲတွင် စုချန်းကို "ပိုက်ဆံရှိ၍ ဖင်ခေါင်းကျယ်နေသူ"အဖြစ်သာ သတ်မှတ်ထားလေသည်။
ဤအနေအထားတွင် စုချန်း၏ လောကဝတ်စကားကြောင့် ကုကျင်းတန် အံ့သြသွား၏။
မည်သို့ဆိုစေ စုချန်း၏ ငွေကို သူ မသုံးလိုကြောင်း ကုကျင်းတန်က ငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် စုချန်း၏ လက်ထဲတွင် ကိုင်ထားသော ပစ္စည်းကို မြင်သောအခါ ကုကျင်းတန် ဆွံ့အသွား၏။
စုချန်း၏ လက်ထဲတွင် အေးစ်ိမ့်သော အငွေ့အသက်များ တိုးထွက်နေသည့် ဓားရှည်တလက်ကို ကိုင်ထား၏။ ဓားမှ ထွက်ပေါ်လာသော အအေးဓာတ်ကြောင့် တခန်းလုံး အေးစ်ိမ့်သွားသည်ဟု ထင်ရသည်။ ဓားမှာ အလွန်ပါးလွှာပြီး ဓားသွားပေါ်တွင် နှင်းမှုန်လေးများ ကခုန်နေသည်ကိုပင် မြင်တွေ့နေရ၏။ တကယ်တော့ ၎င်းမှာ နှင်းဝိညာဥ်များအား ဓားကိုယ်ထည်ထဲတွင် မူလပုံစံအသုံးပြု၍ ထည့်ပိတ်ထားသည့် သဘောပင်။ ၎င်းကို ဖွင့်ထုတ်လိုက်ပါက မရေမတွက်နိုင်သော နှင်းမှုန်နှင်းခဲများ ထွက်ပေါ်လာပေလိမ့်မည်။
နှင်းဝိညာဥ်အေးခဲဓါး...
ကုမျိုးနွယ်စု၏ ပင်မမူလစွမ်းရည်တမျိုးဖြစ်သည့် ရေကြယ်အေးခဲခြင်းနည်းစနစ်နှင့်သာ ဤဓားကို တွဲဖက်အသုံးပြုလိုက်ပါက ကြောက်စရာကောင်းလှသည့် စွမ်းအင်များ ထွက်ပေါ်လာပေလိမ့်မည်။
ထိုဓားကို မြင်တွေ့လိုက်သည်ခနမှာပင် ကုကျင်းတန်၏ ငြင်းပယ်စကားမှာ လည်ချောင်းထဲမှာပင် တစ်ဆို့ပျောက်ကွယ်သွား၏။
မူလကျောက်တုံး လေးသိန်းခန့် တန်ကြေးရှိ ထိပ်တန်းမူလကိရိယာ...
ကုကျင်းတန်ကား ဤလက်နက်မျိုး ပိုင်ဆိုင်ချင်သည်မှာ ကြာလှပြီ။ သို့သော် သူ ပိုင်ဆိုင်ခွင့်မကြုံခဲ့။
အကြောင်းပြချက်မှာ ရိုးရှင်းလှသည်။ သူ မတတ်နိုင်သောကြောင့်သာ ဖြစ်သည်။
ဤသို့ဆိုလျင် ကုမျိုးနွယ်စုတွင် ပိုက်ဆံမရှိ၍ပေလော။ မဟုတ်။ ကုမျိုးနွယ်စုကား ချမ်းသာကြွယ်ဝသော မျိုးနွယ်စု ဖြစ်သည်။
အကြောင်းမှာ ကုကျင်းတန်သည် ကုမျိုးနွယ်စု၏ တကယ့်သွေးချင်းမဟုတ်ပဲ မျိုးနွယ်စုဝင်တဦးသာ ဖြစ်နေသောကြောင့်ပင်။ ကုမျိုးနွယ်စုတွင် ကုကျင်းတန်ကဲ့သို့ လူစားမျိုး များစွာ ရှိနေ၏။ ကုမျိုးနွယ်စုအနေနှင့် ဤအနေအထားတွင် တဦးချင်းစီအတွက် တန်ဖိုးကြီး မူလကိရိယာများ မထောက်ပံ့ပေးနိုင်သည်မှာ ဘာမှမဆန်း။
ထို့ကြောင့် ကုကျင်းတန်ကဲ့သို့ လူစားမျိုးအတွက် ကုမျိုးနွယ်စုဝင်တယောက် ဖြစ်နေသည့်တိုင် မူလကျောက်တုံး လေးသိန်းဟူသော ပမာဏမှာ အတော်ပင် များနေ၏။ နှင်းဝိညာဥ်အေးခဲဓားဟူသည်လည်း အိပ်မက်တခုထက် ပိုမလာခဲ့ချေ။
ယခုတော့ ဤအခွင့်အရေးက ကုကျင်းတန် ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပေပြီ။
ကုကျင်းတန် တံတွေးများကို ကပျာကသီ မြိုချလိုက်၏။ ထို့နောက် ဓားကို လှမ်းယူရင်း ပြောလိုက်သည်။
"ကျေးဇူး....."
သို့သော် ကုကျင်းတန် စကားကို ဆုံးအောင် မပြောလိုက်ရရှာ။ ချက်ချင်းဆိုသလို စုချန်းက ဓားကို ပြန်သိမ်းလိုက်ပြီး ပြောလိုက်၏။
"ကျုပ် ဒီဓားကို ချိန်းလွှာအတွက် ရွေးလိုက်မယ် ခင်ဗျား ဘယ်လိုသဘောရသလဲ"
ခွေးမသား...
ဒါဆို ဒီဓားက ငါ့အတွက် မဟုတ်ဘူးပေါ့...
ကုကျင်းတန် ဒေါသထွက်လွန်း၍ စုချန်းကို ခုန်အုပ်မိတော့မည်ကဲ့သို့ ဖြစ်သွား၏။