← Chapters

အောင်မြင်စွာ ချည်နှောင်ခြင်း

Vol. 47 Ch. 468

အောင်မြင်စွာ ချည်နှောင်ခြင်း

Vol. 47 Ch. 468

ချက်ချင်းဆိုသလို စုချန်းက နောက်ထပ် ဓားတချောင်းကို ဆွဲယူရင်း ပြောလိုက်ပြန်သည်။

"တံခါးရှစ်ပေါက်လေခွဲဓားတဲ့ ဒီဓားက သိပ်မြန်တယ် ဓားချက်တွေက လေတိုက်သလိုပဲ ရှောင်တိမ်းဖို့မလွယ်ဘူး ဒါပေမဲ့ ဒီဓားက သွက်လက်မြန်ဆန်တဲ့လူစားမျိုးနဲ့ပဲ သင့်တော်မယ်...ခင်ဗျားနဲ့ ကိုက်ညီမယ်မထင်ဘူး"

ထို့နောက် သူက ဓားကို ပြန်သိမ်းလိုက်ပြန်၏။

ကုကျင်းတန်ကား "မကိုက်ညီလဲ နေပါစေကွာ ငါယူလိုက်မယ်"ဟု ပြောရန်ဟန်ပြင်လိုက်သည်။ သို့သော် သူ နောက်ကျသွားလေပြီ။

ထိုစဥ် စုချန်းက မြားတိုလေးများထည့်ထားသည် အိတ်တအိတ်ကို ကိုင်ရင်း ပြောလိုက်ပြန်၏။

"သစ်ရွက်ကြွေမြားတဲ့ဗျ အင်မတန် ထက်မြက်ပြီး မျက်စေ့နဲ့ မြင်ဖို့မလွယ်တဲ့ လက်နက်တမျိုးပဲ ဒီမြားလေးတွေဟာ လေထဲမှာ တမုဟုတ်ချင်း ပျံသန်းသွားပြီး ရန်သူကို တိုက်ခိုက်ပြီးတာနဲ့ ပိုင်ရှင်ဆီကို အလိုအလျောက် ပြန်လာနိုင်တယ် မြားလေးတွေရဲ့ ကိုယ်ထည်မှာလဲ အဆိပ်တွေအပြည့်နဲ့ဗျို့ သံချပ်ကာဝတ်စုံတချို့ကို ဖောက်ထွင်းနိုင်တဲ့ စွမ်းရည်လဲ အရှိသားဗျ ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများနဲ့သာ တွဲသုံးလိုက်လို့ကတော့ သိပ်ကြောက်စရာကောင်းမယ် ကံဆိုးတာက ဒီလက်နက်ဟာ အဆင့်၇ မူလကိရိယာ ဖြစ်နေတာပဲ"

ဤတကြိမ်တွင်တော့ စုချန်း စကားမဆုံးခင်မှာပင် မြားအိတ်ကို ဖမ်းဆွဲပြီး ပြောလိုက်သည်။

"ဒါလေးကတော့ ကျုပ်နဲ့ သင့်တော်မယ် ထင်တယ်"

"ခင်ဗျား ဒါကို သဘောကျသလားး"

စုချန်းက မေးလိုက်သည်။

ကုကျင်းတန် ခေါင်းကို အထပ်ထပ်အခါခါ ညိတ်လိုက်၏။ သူသာ သဘောမတူပါက ဤတကြိမ်တွင်လည်း နောက်ထပ် မူလကိရိယာတမျိုးကို လက်လွှတ်လိုက်ရဖွယ်ရှိသည် မဟုတ်ပါလား။

"ကောင်းပြီလေ ဒါဆိုလဲ ဒီမြားအိတ်က ခင်ဗျား အပိုင် ဖြစ်သွားပြီလို့ ယူဆလိုက်ပေတော့"

ပြင်းထန်သော စိတ်ခံစားမှုကြောင့် ကုကျင်းတန် သွေးအန်လုမတတ် ဖြစ်သွားသည်။ သူက စုချန်းကို မျက်လုံးကြီးပြူးရင်း စိုက်ကြည့်လိုက်၏။

ကုကျင်းတန်ကို ကြည့်ရင်း စုချန်း ကြိတ်၍ ရယ်မောလိုက်သည်။ ထို့နောက် သူက ကုကျင်းတန်၏ ပုခုံးကို ခင်မင်ရင်းနှီးဟန်ဖြင့် ပုတ်ရင်း ပြောလိုက်၏။

"နောက်ထပ် ကြိုက်တာလေးများ တွေ့အုံးမလား လျှောက်ကြည့်အုံးလေဗျာ"

ဟင်...နောက်ထပ်ဆိုပါကလား...နောက်ထပ် ပေးအုံးမှာလား...

ကုကျင်းတန် စိတ်လှုပ်ရှားလာပြန်၏။

ထိုစဥ် စုချန်းက ထပ်ပြောလိုက်သည်။

"ဘာလဲ ခင်ဗျား နောက်ထပ် ဘာမှ မလိုချင်တော့ဘူးပေါ့ ဟုတ်လား ဒါဆိုလဲ ကျုပ်တို့ တခုခု သွားစားကြတာပေါ့"

ကုကျင်းတန် ဘာမှပင် မပြောလိုက်ရချေ။

မည်သို့ဆိုစေ လမင်းစန္ဒာအလုပ်ရုံမှ ထွက်ခွာခဲ့ပြီး နောက်တွင်တော့ သူတို့လေးယောက်မှာ ယခင်ထက် ပို၍ ရင်းနှီးလာသည်ကတော့ အမှန်ပင်။ ဝိုင်အရက်ဆိုင်သို့ ရောက်ရှိပြီး ဝိုင်ခွက်တချို့ ဗိုက်ထဲဝင်သွားချိန်တွင်တော့ သူတို့၏ ဆက်ဆံရေးမှာ ပို၍ ပွင့်လင်းလာ၏။

ဝိုင်ခွက်ကို အားရပါးရ မော့သောက်ရင်း ကုကျင်းတန်က ပြောလိုက်သည်။

"မင်းကို ကျုပ်ကတော့ အသိအမှတ်ပြုလိုက်ပြီ သတ္တမမြောက်ညီမလေး မင်းကို သဘောကျတာ ဒီအတိုင်းဆိုရင် ဘာမှအံ့သြစရာမရှိဘူးပဲ ကုမျိုးနွယ်စုဘက်က မင်းတို့ကိစ္စကို ဘယ်လိုပဲ သဘောထားထား ကျုပ်တယောက်တော့ မင်းတို့ဘက်မှာ ရှိနေတယ်လို့ မှတ်ထားလိုက်ကွာ"

"ဒီလိုဆိုတော့ ကျုပ်ကလဲ အစ်ကိုကြီးကုကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ"

စုချန်းက ဝိုင်အရက်များကို ကုကျင်းတန်၏ ခွက်ထဲသို့ လောင်းထည့်ပေးရင်း အောက်ပါအတိုင်း တွေးလိုက်သည်။

အင်း...တယောက်ကတော့ ငါ့အိပ်ကပ်ထဲ ရောက်လာပြီ...

တကယ်တော့ ကုမျိုးနွယ်စုဘက်မှ စုချန်းအား လက်ခံလာရန်မှာ အလွန်ပင် ခက်ခဲလှ၏။ ဤအနေအထားတွင် စုချန်းသည် ကုမျိုးနွယ်စုဝင်များအား တခုတည်းသော နည်းလမ်းဖြင့် ဆွဲဆောင်သိမ်းသွင်းရန်ကြိုးစားပါက မည်သို့မှ ဖြစ်လာနိုင်ဖွယ်ရာ မရှိပေ။ နည်းလမ်းပေါင်းစုံ ဘက်ပေါင်းစုံမှ ကြိုးစားခြင်းကသာ ဖြစ်နိုင်ဖွယ်ရာအရှိဆုံး နည်းလမ်း ဖြစ်သည်။

လူတယောက်အနေနှင့် တောင်ကြီးတတောင်ကို တကြိမ်တည်းနှင့် မယူရန်မှာ မဖြစ်နိုင်။ သို့သော် ပေါက်ပြားတလက်နှင့် နေ့တိုင်း တူးဆွနေပါက တချိန်ကျလျင် ထိုတောင်သည် ထိုလူ၏ လက်အောက်ဝယ် ပြားပြားမှောက်ရပေလိမ့်မည်။

စုချန်း၏ စကားကို ကြားရသောအခါ ကုကျင်းတန် အော်ဟစ်ရယ်မောလိုက်သည်။

"ဒီလောက်လဲ ယဥ်ကျေးနေစရာ မလိုပါဘူးကွာ မင်းဟာ ရိုးသားတယ် သစ္စာရှိတယ် ဒါမျိုး ကျုပ် သဘောကျတယ် ဒါနဲ့ စုချန်း မင်းဟာ လူတိုင်းအတွက် မူလကိရိယာတွေ ဝယ်ပေးခဲ့တယ် မင်းအတွက်ကျတော့ ဘာမှ ဝယ်မလာပါလား ဒါက ဘယ်လိုဖြစ်တာလဲ"

စုချန်း ရယ်မောလိုက်သည်။ ဘာမှတော့မပြော။ တိမ်တိုက်ကျားသစ်ကသာ ရယ်မောရင်း ဝင်ပြောလိုက်၏။

"သူ တခုမှ သဘောမကျလို့ပေါ့ကွာ ဒီကောင် စုချန်းဟာ သွေးဗီဇမရှိတဲ့ကောင်ရယ်လို့ ခင်ဗျား ပေါ့သေးသေး သွားမတွေးလိုက်နဲ့ ဒီကောင်ဟာ အင်မတန် ရည်မှန်းချက်ကြီးတဲ့ကောင် အကောင်းဆုံးဆိုတဲ့ ပစ္စည်းမျိုးကိုမှ သူက သုံးတာ"

"အိုး အဲဒီလိုလား ဒါဆိုရင်တော့ ကျုပ်တို့ရဲ့ သတ္တမမြောက်ညီမလေးကို စုချန်း သဘောကျတာ ဘာမှအံ့သြစရာမရှိတော့ဘူးပဲ သူက အကောင်းဆုံးတွေကိုပဲ လိုချင်တာကိုး ဒါနဲ့ ကျုပ် တခုပြောအုံးမယ်ကွ လမင်းစန္ဒာအလုပ်ရုံဟာ တမြို့လုံးမှာ နာမည်အကြီးဆုံးဆိုပေမဲ့ ထိပ်ဆုံးအဆင့်မူလကိရိယာတွေတော့ ရှားသေးတယ် မင်းအနေနဲ့ ဒီလို ကိရိယာမျိုးတွေ လိုချင်ရင် လေလံပွဲကိုသွားတာ အကောင်းဆုံးပဲ"

"လေလံပွဲ ဟုတ်လား"

"ဟုတ်တယ်ကွ အကောင်းဆုံးဆိုတဲ့ ပစ္စည်းမျိုးက လေလံပွဲတွေမှာပဲ တွေ့ရတတ်တယ် လာမဲ့ နှစ်ရက်မှာ လေလံပွဲတပွဲရှိတယ် မင်းအနေနှင့် အကောင်းဆုံးပစ္စည်းမျိုးကိုမှ လိုချင်တယ်ဆိုရင် အဲဒီကို သွားသင့်တယ်"

"ကျုပ် လေလံပွဲထဲ ဘယ်လိုဝင်ရမလဲ"

စုချန်းက အလျင်စလိုပင် မေးလိုက်သည်။ လေလံပွဲဟူသည် လူတိုင်း ဝင်ခွင့်ရရန် မလွယ်မှန်း သူ သိထားသည် မဟုတ်ပါလား။

"မင်းအနေနဲ့ ဖိတ်ကြားခံရဖို့ လိုတယ်ကွ ဒါပေမဲ့ မပူပါနဲ့ ကျုပ်တို့မှာ လေလံပွဲဝင်ခွင့်လက်မှတ် ရှိပါတယ် ကုမျိုးနွယ်စုရဲ့ ဒီတခေါက် ရည်ရွယ်ချက်ကိုက အဲဒီ လေလံပွဲကနေ ပစ္စည်းကောင်းလေး တခုလောက် အရယူဖို့ပဲလေကွာ"

_________×××__________×××________

ကုချိန်းလွှာသည် လေလှိုင်းနန်းဆောင်တွင် ရှိနေလေရာ စုချန်းတို့ကလည်း ထိုနေရာတွင်ပင် နေထိုင်ရန် ရွေးချယ်လိုက်ကြ၏။

ကုချိန်းလွှာ ပြန်ရောက်လာချိန်တွင် စုချန်းတို့လေးယောက်သည် ရယ်ရယ်မောမောနှင့် စကားပြောဆိုလျက် ရှိသည်။ ၎င်းကို ကြည့်ရင်း ကုချိန်းလွှာ မျက်လုံးပြူးသွား၏။

ထိုအခါ ကုချိန်းလွှာသည် စုချန်းအား ဘေးဖက်ဆီသို့ အတင်းဆွဲခေါ်သွားပြီး အသံတိုးတိုးနှင့် မေးလိုက်သည်။

"ရှင် ဘယ်လိုလုပ်လိုက်တာလဲ ကျွန်မရဲ့ ဝမ်းကွဲအစ်ကိုဟာ အင်မတန် မာနကြီးပြီး မောက်မာတယ် သူက ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး ပြီးခဲ့တဲ့ တခေါက်တုန်းကဆိုရင် ချမ်းသာကြွယ်ဝတဲ့ မိသားစုတစုက သခင်လေးတယောက်ဟာ သူနဲ့ ခင်မင်ချင်လို့ ငွေကြေးအတော်လေး အကုန်အကျခံပြီး ကြိုးစားဖူးတယ် ဒါတောင် ဘာမှ ထူးမလာခဲ့ဘူး"

"အဲဒီ သခင်လေးကို မင်းက မူလကျောက်တုံး တစ်ရာမီလျံလောက်သုံးပြီး ကြိုးစားခိုင်းကြည့်လေ အကျိုးထူးလာလိမ့်မယ်"

"တစ်ရာမီလျံ ဟုတ်လား"

ဤတကြိမ်တွင် စုချန်း ငွေများများ ရလာကြောင်း ကုချိန်းလွှာ သိထားပြီးသားပင်။ ထို့ကြောင့် တရာမီလျံဟူသော စကားကို ကြားလိုက်ရသော်လည်း သူမအဖို့ အံ့သြသွားခြင်းတော့မရှိ။

စုချန်းက ထပ်ပြောလိုက်ပြန်သည်။

"အတိအကျ ပြောရရင် ၁၅၈မီလျံလို့ ပြောရမယ်"

အမှန်တော့ ငွေကို ရေလိုသုံးဖြုန်းပုံကို ကြည့်ပြီး ကုကျင်းတန်တယောက် စုချန်းအား အထင်ကြီးသွားခြင်းပင်။ ဤအနေအထားတွင် စုချန်းထံမှ မူလကိရိယာတမျိုးကို လက်ဆောင်အဖြစ် ထပ်မံ ရရှိလိုက်ပြန်သောအခါ ကုကျင်းတန်အနေနှင့် စုချန်းကို သဘောမကျပဲ မနေနိုင်တော့။

မည်သို့ဆိုစေ ကုကျင်းတန်ကား စုချန်းထံမှ လက်ဆောင်ပစ္စည်းကို လက်ခံယူလိုက်မိပြီ ဖြစ်သည်။ ၎င်းမှာ စုချန်း၏ချည်နှောင်မှုကို ကုကျင်းတန် ခံလိုက်ရသည်နှင့် အတူတူသာ။

နောက်ရက်များကတော့ စုချန်းနှင့် ကုချိန်းလွှာတို့အတွက် ပျော်စရာအတိပြီးနေသည့် နေ့ရက်များပင် ဖြစ်သည်။ သူတို့နှစ်ယောက်သည် နေ့ရက်တိုင်းလိုလိုတွင် တပူးပူးတတွဲတွဲနှင့် ရှိနေကြ၏။ ပျော်ပျော်ရွှင်ရွှင်နှင့် ရှိနေကြ၏။ ကြည်နူးဖွယ်ရာ စကားများဆိုကာ ရယ်မောနေကြ၏။

သိပ်မကြာမီ ကုချိန်းလွှာ ကြည်လင်မြစ်မြို့တော်သို့ လာရောက်ရသည့် အကြောင်းရင်းကို စုချန်း သိလာရ၏။ ကုကျင်းတန် ပြောခဲ့သလိုပင် သူမတို့ ခရီးထွက်လာရသည့် အဓိက အကြောင်းရင်းမှာ ပင်လယ်တိမ်တိုက် လေလံပွဲကြောင့်ပင် ဖြစ်သည်။

အဆိုပါ ပင်လယ်တိမ်တိုက်လေလံပွဲတွင် န်ိုးထခြင်းဆေးရည်ဟု အမည်ရသည့် ဆေးတမျိုးကိုလည်း လေလံတင် ရောင်းချဖွယ်ရှိကြောင်း စုချန်း သိလာ၏။

နိုးထခြင်းဆေးရည်ဟူသည်ကား သူ့နာမည်အတိုင်း သွေးဗီဇ နိုးထလာစေရန် အသုံးပြုသော ဆေးတမျိုး ဖြစ်သည်။

တကယ်တော့ သွေးဗီဇန်ိုးထခြင်းဟူသည် အလိုအလျောက်ဖြစ်စဥ်ပင် ဖြစ်သည်။ သန့်စင်သော သွေးဗီဇပိုင်ရှင်အများစုသည် မည်သည့် ဆေးဝါးအကူအညီမှ မလိုအပ်ပဲ သွေးဗီဇအလိုအလျောက် နိုးထလာကြလေ့ရှိသည်။ လူတချို့သည်သာလျင် ဆေးဝါး အကူအညီကို လိုအပ်လေ့ရှိ၏။

သို့သော် ဤတကြိမ် ကုချိန်းလွှာ စိတ်ဝင်စားနေသည့် နိုးထခြင်းဆေးရည်ကတော့ သာမန် နိုးထခြင်းဆေးများနှင့် မတူချေ။ ၎င်းဆေးရည်သည် ထိပ်တန်းအရည်အသွေးရှိနေပြီး အငွေ့အသက်မျှသာ ကျန်တော့သည် သွေးဗီဇများကိုပင် နှိုးဆွပေးနိုင်၏။

ကုချိန်းလွှာ၏ စကားကို နားထောင်ရင်း စုချန်း သဘောပေါက်သွားသည်။

"ဒီတော့ မင်းက ကမ္ဘာဦးသားရဲကြီးရဲ့ သွေးဗီဇကို နိုးထလာစေချင်တဲ့ သဘောပေါ့"

၎င်းတို့၏ သွေးဗီဇတွင် အရောအယှက် အပေါင်းအစပ် များလှသောကြောင့် ကုမျိုးနွယ်စုတို့၏ ကမ္ဘာဦးသားရဲသွေးဗီဇမှာ အတော်ပင် ပါးလျားသွားခဲ့ပြီ ဖြစ်သည်။ ကုချိန်းလွှာကဲ့သို့ ကမ္ဘာဦးသားရဲသွေးဗီဇ အများစု ပါရှိနေသူပင်လျင် သူမ၏ ပျံသန်းနေသောမြွေ သွေးဗီဇကို ကျော်လွန်နိုင်ခြင်း မရှိချေ။

ထို့ကြောင့် သူမအနေနှင့် တိမ်မြုပ်နေသော ကမ္ဘာဦးသားရဲသွေးဗီဇကို နှိုးဆွလိုလျင် ထိပ်တန်းအရည်အသွေးရှိ နိုးထခြင်းဆေးတမျိုးမျိုးကို သောက်သုံးရန် လိုအပ်၏။

All Chapters