← Chapters

ပင်လယ်တိမ်တိုက်လေလံပွဲ ၁

Vol. 47 Ch. 469

ပင်လယ်တိမ်တိုက်လေလံပွဲ ၁

Vol. 47 Ch. 469

"တကယ်တော့ ဒီဆေးကို လိုအပ်နေတာ ကျွန်မမဟုတ်ဘူး ကျွန်မတို့ရဲ့ မျိုးနွယ်စုအကြီးအကဲတွေထဲက တယောက်ရှင့် သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တိုက်ပွဲတပွဲမှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ် သူ ဒီဒဏ်ရာနဲ့ ဘယ်လောက်ထိ အသက်ရှင်မယ် မပြောနိုင်ဘူး သူ့အတွက် နောက်ဆုံးမျှော်လင့်ချက်က နိုးထခြင်းဆေးတမျိုးမျိုးကို သောက်သုံးပြီး သူ့ကိုယ်တွင်းက တောက်ပခြင်းနဂါးသွေးဗီဇကို နှိုးဆွဖို့ပဲ ကျန်တော့တယ်"

တောက်ပခြင်းနဂါးသွေးဗီဇကား အလွန်စွမ်းအားကြီးမားပြီး မယုံနိုင်စရာ အသက်ဓာတ်စွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားလေရာ ထိုသွေးဗီဇသာ နိုးထလာပါက ထိုပုဂ္ဂိုလ်၏ ဒဏ်ရာပျောက်ကင်းသွားမည်မှာ သေချာနေ၏။

"ဒါပေမဲ့ အဲဒီလိုသာ ဖြစ်လာရာ မင်းတို့ရဲ့ အကြီးအကဲဟာ လောင်ချိကုမျိုးနွယ်ကနေ ထွက်ခွာပြီး ဟာလာဟင်းလင်းတောင်ထိပ်မှာ သွားနေရလိမ့်မယ် ကျုပ်ပြောတာ ဟုတ်သလား"

စုချန်းက မေးလိုက်သည်။

"ဟုတ်တယ်လေ ဒါပေမဲ့ ဘာဖြစ်သလဲ"

ကုချိန်းလွှာက ရယ်မောရင်း ပြောလိုက်၏။

"ဟာလာဟင်းလင်းတောင်ထိပ်ဆိုတာ ကုမျိုးနွယ်စုအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားတဲ့ ထောင်ဆိုပေမဲ့ ဒီလောက်ကြီး ကန့်သတ်ထားတာတော့လဲ မဟုတ်ပါဘူး သူ အဲဒီက ထွက်မသွားသ၍ အတိုင်းအတာတခုအထိတော့ လွတ်လွတ်လပ်လပ် နေလို့ရပါတယ် သေသွားတထက်စာရင်တော့ ဒါက အများကြီး တော်သေးတာပေါ့လေ"

လက်စသတ်တော့ ဒီလိုကိုး...

တနည်းအားဖြင့်ပြောရလျင် တလောကလုံးရှိ ကုမျိုးနွယ်များဟူသည် လျှို့ဝှက်စွမ်းရည်များနှင့် မွေးဖွားလာသူများ ဖြစ်သည်။ ၎င်းတို့အနေနှင့် ရန်သူကို မနိုင်ပါက ထိပ်တန်း သွေးဗီဇနိုးထဆေးတမျိုးမျိုး သောက်သုံးလိုက်ရုံနှင့် အခြေအနေက ပြောင်းပြန် ဖြစ်သွားပေလိမ့်မည်။

လူအများစုက ဤအနေအထားကို နှစ်လိုခြင်းမရှိသည်မှာ သဘာဝကျနေပေသည်။

ကုမျိုးနွယ်တဦးချင်းစီ၏ လက်ထဲတွင် နိုးထခြင်းဆေးတပုလင်းကျစီ ရှိနေပါက မူလကမ္ဘာကြီးတခုလုံး ဗြောင်းဆန်သွားနိုင်သည် မဟုတ်ပါလား။

"ဆဌမမြောက်အကြီးအကဲထန်ဟာ ပင်လယ်တိမ်တိုက်လေလံပွဲကို စီစဥ်သူပဲ ကျွန်မ အစတုန်းက မျှော်လင့်ထားတာကတော့ သူ့အနေနဲ့ လေလံပွဲက ဖျက်သိမ်းပြီး ဒီဆေးကို ကျွန်မဆီ တိုက်ရိုက်ရောင်းချပေးနိုင်မလားလို့ပေါ့လေ ဒါပေမဲ့ သူက ငြင်းလိုက်တယ်ရှင့် ဒါပေမဲ့ နိုးထခြင်းဆေးရည်ကို လေလံပွဲ ပြီးဆုံးခါနီးမှ ရောင်းပေးမယ်လို့တော့ သူက သဘောတူလိုက်တယ် ဒါမှသာ လူတွေ ပိုက်ဆံကုန်နေတဲ့ အချိန်ဆိုတော့ အပြိုင်အဆိုင် ဝယ်သူ နည်းသွားမှာပေါ့လေ"

ကမ္ဘာဦးသားရဲသွေးဗီဇကို ပိုင်ဆိုင်ထားသူများမှာ မူလကမ္ဘာကြီးတွင် ကုမျိုးနွယ်စုသာ ရှိသည်မဟုတ်။ ကမ္ဘာဦးမတိုင်မီသတ္တဝါကြီးများ၏ သွေးဗီဇကို ပိုင်ဆိုင်ဖူးသူ တခြားမျိုးနွယ်စုများလည်း ရှိနေကြ၏။ ၎င်းတို့အနေနှင့်လည်း တိမ်မြုပ်နေသော ကမ္ဘာဦးမတိုင်မီသတ္တဝါကြီးများ သွေးဗီဇတမျိုးမျိုးကို ပြန်လည်ဖော်ထုတ်လိုလျင် ဤလေလံပွဲတွင် ရောင်းချမည့် ထိပ်တန်း နိုးထခြင်း ဆေးရည်မျိုး လိုအပ်မည် ဖြစ်သည်။

ထို့ကြောင့် လေလံပွဲတွင် နိုးထခြင်းဆေးရည်အတွက် ပြိုင်ဆိုင်လာမည့်သူများ ရှိနေနိုင်သည်မှာ အမှန်ပင်။ ထို့ကြောင့် ပြိုင်ပွဲ၏ အရှိန်အဟုန်ကို လျော့ချရန် ကုချိန်းလွှာက ဤကဲ့သို့သော နည်းဗျူဟာမျိုးကို အသုံးပြုလိုက်ခြင်းပင်။

ထိုစကားကို ကြားရသောအခါ စုချန်းက ရယ်မောလိုက်၏။

"စိတ်မပူပါနဲ့ကွာ ကျုပ်ဒီမှာရှိနေပြီဆိုတော့ မင်း သေချာပေါက် နိုင်မှာပါ"

သို့သော် ကုချိန်းလွှာက ခေါင်းခါလိုက်၏။

"မလိုပါဘူးရှင် ဒါက မျိုးနွယ်စုက ထွက်ခွာသွားတော့မဲ့ အကြီးအကဲတယောက်အတွက်ပဲဆိုတော့ ရှင် ဒီဆေးကို ဝယ်ပေးလို့လဲ ဘာမှ ထူးလာမယ်မထင်ပါဘူး"

ကုချိန်းလွှာ၏ စကားကို ကြားလိုက်သည်နှင့် သူမ၏ အတွေးကို စုချန်း ချက်ချင်းပင် သဘောပေါက်သွားသည်။

အဆိုပါ ဒဏ်ရာရနေသည့် အကြီးအကဲသည် တောက်ပခြင်းနဂါး သွေးဗီဇ နိုးထလာသည်နှင့် ဟာလာဟင်းလင်းတောင်ထိပ်တွင် သွားနေရတော့မည် ဖြစ်သည်။ သူ့အနေနှင့် မျိုးနွယ်စုတွင် သြဇာအာဏာ မရှိနိုင်တော့။ ထိုသို့သော လူစားမျိုးအတွက် စုချန်း၏ ငွေကြေးများကို မကုန်ခန်းစေလိုသည်မှာ ကုချိန်းလွှာ၏ စေတနာပင် ဖြစ်သည်။

တဖက်တွင်လည်း သူမ၏ စကားကို ထောက်လျင် ကုချိန်းလွှာသည် ယခင်ကဲ့သို့ မနူးမနပ် ကောင်မလေးမဟုတ်တော့ပဲ အတွေးအခေါ် ရင့်ကျက်လာခဲ့ပြီမှန်း သိသာနေ၏။

ကုချိန်းလွှာ၏ အတွေးကို သဘောပေါက်လိုက်ပြီဖြစ်၍ စုချန်းက ထပ်မံ တိုက်တွန်းခြင်းမပြုတော့ပဲ ခပ်မဆိတ်သာ နေလိုက်တော့၏။

ထို့နောက် ပင်လယ်တိမ်တိုက်လေလံပွဲ မစမီ နှစ်ရက်တွင် သူတို့နှစ်ယောက်သည် လက်ချင်းချိတ်ကာ မြို့အနှံ့ လျှောက်လည်ကြ၏။ ကြည်နူးစရာကောင်းလှပါဘိတောင်း။

လေလံပွဲစတင်သည့်နေ့တွင်တော့ စုချန်း၊ ကုချိန်းလွှာ၊ ကုကျင်းတန်၊ တိမ်တိုက်ကျားသစ်နှင့် သံမဏိတို့သည် လေလံပွဲသို့ အတူတကွ သွားကြ၏။

ငွေဖြုန်းရမည့်အချိန် ရောက်လာခဲ့လေပြီတည်း။

________×××_________×××_________

ပင်လယ်တိမ်တိုက်နန်းဆောင်တခုလုံးမှာကား ဆူညံပွက်လောရိုက်နေ၏။

တနိုင်ငံလုံးမှလာသော ဧည့်သည်များသည် ဤနေရာတွင် လာရောက်စုဝေးနေကြလေသည်။ တဦးချင်းစီတိုင်းသည် ချမ်းသာကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသူများမှန်း မြင်ရုံနှင့် သိသာနေ၏။

ဧည့်သည်များအား ပင်လယ်တိမ်တိုက်နန်းဆောင်မှ အတွေ့အကြုံရင့် အစေခံများနှင့် ချောမောလှပသော အစေခံမလေးများက အသီးသီး ဧည့်ခံနေကြလေသည်။

ခန်းမအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် အရောင်စုံ အစိတ်အပိုင်းလေးများ ၄၈၀၀တိတိ မြုပ်နှံထားသော အဆန်းတကြယ်နိုင်လှသည့် မျက်နှာကျက်ကြီးက သူတို့အား ဆီးကြိုနေ၏။ သူတို့၏ ခြေဖဝါးအောက်တွင်တော့ အဆင့်မြင့်သားရဲသတ္တဝါ ၁၂ကောင်၏ အရေခွံများကို ခင်းကျင်းထားလေသည်။ မြင်ကွင်းကြောင့် သူတို့အားလုံး ခေတ္တတော့ မှင်သက်သွား၏။

ကုမျိုးနွယ်စုများအား ဧည့်ခန်းအမှတ် ၁၆ တွင် နေရာချထားကြောင်း သူတို့ တွေ့လိုက်ရသည်။

ဧည့်ခန်းအတွင်းတွင် အစေခံနှစ်ဦး အသင့်စောင့်ဆိုင်းနေ၏။ သလင်းဝိုင်ခွက်များအတွင်းတွင် ဝိုင်အရည်များနှင့် ပြည့်လျှမ်းနေသည်။ ကျောက်စိမ်းဝိုင်ခေါ် ထူးရှယ် ဝိုင်တမျိုးပင်တည်း။

ဤဝိုင်မျိုးသည် တကရားလျင် မူလကျောက်တုံး ၅ရာအထိ ကျသင့်၍ စျေးကြီးလှသော်လည်း တခြား ဘာသက်ရောက်မှုမှ ရှိသည်မဟုတ်။ အပျော်သောက် သက်သက်မျှသာ ဖြစ်သည်။ လူချမ်းသာများကား တစုံတခုကိုမျှ ကြွားဝါခြင်းမပြုရလျင် မနေတတ်ပါတကား။

စုချန်းတို့ရောက်ပြီး သိပ်မကြာမီ လေလံပွဲ စတင်ကျင်းပ၏။

သက်လတ်ပိုင်းအရွယ်ခန့် လူတဦး စင်မြင့်ပေါ်သို့ တက်လာ၏။ ထိုလူကား ဤယနေ့ လေလံပွဲအတွက် အခမ်းအနားမှုးလုပ်မည့်သူပင်တည်း။

၎င်းကို မြင်သည်နှင့် သံမဏိက စိတ်ပျက်လက်ပျက်နှင့် ငြီးတွားလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ အခမ်းအနားမှုးက မိန်းမလှလေးလဲ မဟုတ်ပါလား ထိပ်တန်းလေလံပွဲတွေမှာ အခမ်းအနားမှုးလုပ်လေ့ရှိတာ မိန်းမလှလေးတွေပဲလို့ ကျွန်တော် ကြားဖူးထားတာ မဟုတ်ဘူးပေါ့"

စုချန်းတို့အား ကုမျိုးနွယ်စုနှင့် ကပ်လိုက်လာသည့် ဧည့်မြှောင်များဟု ကြိုတင်သဘောပေါက်ထားဟန်တူသော အစေခံနှစ်ဦးက သံမဏိ၏ စကားကို မနှစ်မြို့ဟန်ဖြင့် လှမ်းကြည့်လာ၏။

တကယ်တော့ သံမဏိ၏စကားမှာ အတိအကျ မမှန်ချေ။

လှပသော မိန်းကလေးများကို အခမ်းအနားမှုးအဖြစ် အသုံးပြု၍ ဧည့်သည်များအား ဆွဲဆောင်လေ့ရှိသည်မှာ အဆင့်နိမ့်လေလံပွဲများတွင်သာ ဖြစ်သည်။ ထိပ်သီးလေလံပွဲများတွင်တော့ လှပသော မိန်းကလေးများအစား ရောင်းချလိုသည့် ပစ္စည်းများအကြောင်းကို ဂဃနဏနားလည်သည့် အခမ်းအနားမှုးမျိုးကိုသာ လိုအပ်၏။

ဤယနေ့ လေလံပွဲတွင် အခမ်းအနားမှုးအဖြစ် ဆောင်ရွက်မည့်သူမှာ ပင်လယ်တိမ်တိုက်နန်းဆောင်၏ အကောင်းဆုံး အခမ်းအနားမှုးတဦးဖြစ်သူ စန်းကျန်တောက်ပင် ဖြစ်သည်။ ၎င်းကား အတွေ့အကြုံရင့်ကျက်သည်နှင့်အမျှ ဗဟုသုတနှင့်လည်း ပြည့်စုံသူတဦးပင်တည်း။

စန်းကျန်တောက်သည် နှုတ်ခွန်းဆက်စကားပြောကြားပြီးသည်နှင့် ရောင်းချမည့်ပစ္စည်းကို မိတ်ဆက်ကာ လေလံပွဲကို စဖွင့်လိုက်သည်။

"ကျုပ်တို့ ဒီကနေ့ လေလံပွဲမှာ ပထမဆုံး ရောင်းချသွားမဲ့ ပစ္စည်းကတော့ စန်းချန်းတစ္ဆေကျောက်စိမ်းလက်ကောက်ပဲ ဖြစ်ပါတယ်ခင်ဗျာ"

စန်းကျန်တောက်၏ စကားဆုံးသည်နှင့် ခရမ်းရောင်ကျောက်စိမ်းလက်ကောက်တကွင်း စင်မြင့်ပေါ်တွင် ထွက်ပေါ်လာ၏။

"ဒီ စန်းချန်းတစ္ဆေကျောက်စိမ်းလက်ကောက်ဟာ မူလကိရိယာပညာရှင် ဆရာကြီးရှန်းကုန်းရဲ့ နောက်ဆုံးလက်ရာပဲ အဆင့်၆ မူလကိရိယာပဲ ဖြစ်ပေမဲ့ သူ့မှာ ကြောက်စရာမူလစွမ်းအင်တမျိုးဖြစ်တဲ့ တစ္ဆေလက်သည်း ပါဝင်တယ် သူ့ရဲ့ တိုက်စွမ်းရည်ကတော့ ၁၅၀ထိ ရှိတယ်လို့ စမ်းသပ်ချက်တွေက ဖော်ပြထားတယ်"

ပုံမှန်အားဖြင့် ချီစုဆောင်းခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်တယောက်၏ မူလစွမ်းရည်တွင် တိုက်စွမ်းအား ၃၀၊ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တွင် ၁၀၀နှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ဆိုလျင် ၃၀၀ထိ ရှိပေသည်။

ယခု စန်းချန်းတစ္ဆေလက်ကောက်၏ တိုက်စွမ်းရည်က ၁၅၀ထိ ရှိလေရာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်ထက်ပင် မြင့်မားနေသဖြင့် အတော်ပင် ကြောက်စရာကောင်းသည့် မူလကိရိယာတမျိုးဟု သတ်မှတ်နိုင်ပေသည်။

အကယ်၍ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တဦးသာ ဤလက်နက်မျိုးကို ပိုင်ဆိုင်ထားပါက အလွန်ကြောက်စရာကောင်းသွားပေလိမ့်မည်။

အခမ်းအနားမှုးက စကားဆက်လိုက်ပြန်သည်။

"ဒီလက်ကောက်လေးကိုတော့ ကျုပ်က မူလကျောက်တုံး ၈၀၀၀၀၀ကနေ စပြီး ရောင်းချပေးသွားပါမယ်"

ပုံမှန် အဆင့်၆ မူလကိရိယာများ၏ စျေးနှုန်းသည် မူလကျောက်တုံး သုံးသိန်းနှင့် ငါးသိန်းအကြားတွင် ရှိတတ်၏။ အဆင့်၅ မူလကိရိယာဆိုလျင်တော့ မူလကျောက်တုံး တစ်မီလျံမျှပင် စျေးပေါက်တတ်သည်။

မည်သို့ဆိုစေ စန်းကျန်တောက်ကတော့ တစ္ဆေလက်ကောက်ကို မူလကျောက်တုံး ၈၀၀၀၀၀ သတ်မှတ်ကာ လေလံပွဲအား စတင်ဖွင့်လှစ်လိုက်လေပြီ။

All Chapters