← Chapters

ပင်လယ်တိမ်တိုက်လေလံပွဲ ၂

Vol. 47 Ch. 470

ပင်လယ်တိမ်တိုက်လေလံပွဲ ၂

Vol. 47 Ch. 470

စန်းကျန်တောက်၏ ကြေငြာသံဆုံးသည်နှင့် တစုံတဦးက ထအော်လိုက်သည်။

"ကျုပ် ၈၀၀၀၀၀ ပေးမယ်"

"၉၀၀၀၀၀"

"၁သန်း"

"၁.၁သန်း"

စျေးနှုန်းသည် ချက်ချင်းဆိုသလိုပင် တသန်းကျော်သွားလေရာ အဆင့် ၅ မူလကိရိယာ၏ စျေးနှုန်းကို လိုက်မီသွားပြီ ဖြစ်သည်။

ဤသည်မှာ ထိပ်တန်းရတနာများ၏ ဆွဲဆောင်မှုပင်တည်း။ သာမာန် ချီစွမ်းအားပညာရှင်တဦးအဖို့ တစ္ဆေလက်ကောက်ကဲ့သို့ မူလကိရိယာတမျိုးကို ပိုင်ဆိုင်ထားသည်နှင့် သာမာန်ထက်ပိုသော တိုက်ခိုက်မှုမျိုးကို ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။ ထိုအတွက် ငွေပေးရလျင်ပင် ထိုက်တန်သည်ဟု သူတို့အားလုံး ခံယူထားကြသည် မဟုတ်ပါလား။

ထိုစဥ် စုချန်းက ကုချိန်းလွှာကို ပြုံးပြရင်း ပြောလိုက်သည်။

"ဒီလက်ကောက်က ကြည့်ရတာ မဆိုးဘူး ပုံစံကလဲ လှတယ် မင်းကို ကျုပ် ဒါလေး လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား"

ကုချိန်းလွှာ ရယ်မောလိုက်၏။

"ဒါ တကယ်ပဲ ကောင်းပါ့မလားရှင်"

"ကောင်းလိမ့်မယ်လို့ ကျုပ်ကတော့ ထင်တာပဲ"

ထို့နောက် သူက ချက်ချင်းလိုလိုပင် လက်ထောင်ကာ အော်လိုက်သည်။

"၁.၅သန်း"

စုချန်း၏ အော်သံ ထွက်ပေါ်လာသည်နှင့် မည်သူမှ နောက်ထပ် စျေးတိုးပေးခြင်း မရှိတော့။

အမှန်တော့ ထိုပမာဏကို သူတို့ မတတ်နိုင်၍ မဟုတ်။ ပစ္စည်း၏ တန်ကြေးကို တွက်ဆနေကြ၍သာ ဖြစ်သည်။

တစ္ဆေလက်ကောက်ကား အဆင့်၆ မူလကိရိယာမျှသာ ဖြစ်သည်။ လေလံစျေးက တန်ကြေးထက် ပိုနေခဲ့လေပြီ။ ထို့ကြောင့် ကျန်လူများက လက်လျော့လိုက်ကြခြင်းပင်။

မျက်စေ့တမှိတ်အတွင်း တစ္ဆေလက်ကောက်သည် စုချန်း၏ လက်ထဲသို့ ရောက်ရှိလာ၏။ စုချန်းက လက်ကောက်အား ကုချိန်းလွှာ၏ လက်ကောက်ဝတ်တွင် ကိုယ်တိုင်ပင် ဝတ်ဆင်ပေးလိုက်လေသည်။ လက်ကောက်သည် သူမ၏ အသားအရေနှင့် အလွန်ပင် ပဏာရနေ၏။

"ရှင် နောက်နောင် ကျွန်မကို ကောင်းကောင်းမဆက်ဆံရင် ဒီလက်ကောက်ကို သုံးပြီး ရှင့်ကို ဆုံးမရမှာပဲ"

ကုချိန်းလွှာက ပြုံးရင်း ပြောလိုက်သည်။

စုချန်း ရယ်မောလိုက်သည်။

"မင်းကို လက်ဆောင်ပေးလို့ ကျုပ် ပြန်ရတဲ့ ဆုလာဘ်က ဒါပဲတဲ့လားကွာ"

စုချန်း၏ စကားကြောင့် ကုချိန်းလွှာက ပါးစပ်ပိတ်ကာ တခစ်ခစ်နှင့် ရယ်မောလိုက်သည်။ လူတိုင်းလိုလိုသည် အနှီမြင်ကွင်းကို ငေးကြောင်လျက် စိုက်ကြည့်နေကြ၏။

ကနဦးက စုချန်းတို့အား မကြည်လင်ဟန်ရှိသည့် အစေခံနှစ်ဦးမှာလည်း ပါးစပ်အဟောင်းသားနှင့် ဖြစ်သွား၏။ သူတို့၏ စိတ်ထဲတွင်လည်း တခုခု မချေမငံ မပြောမိသည်မှာ တော်သေးသည်ဟု အောက်မေ့နေကြလေသည်။

သိပ်မကြာမီ အခမ်းအနားမှုးက ဒုတိယမြောက် ရတနာကို ထုတ်ဖော်ကြေငြာလိုက်ပြန်၏။ ထိုရတနာမှာကား မူလကိရိယာအဆင့်အတန်း ခွဲခြားချက်အရ အဆင့်၈ သတ်မှတ်နိုင်သည့် ဓားတလက်ပင် ဖြစ်သည်။

ဤတကြိမ်တွင်တော့ ထိုဓားကို စုချန်းတို့လူစုအတွင်းမှ စိတ်ဝင်စားသူမရှိ။ ထို့ကြောင့် သူတို့သည် ထိုဓားအတွက် တခြားလူများ စျေးပြိုင်ပေးနေကြပုံကိုသာ ငေးကြည့်နေကြ၏။

အချိန်ကြာလာသည်နှင့်အမျှ အခမ်းအနားမှုးသည် တန်ဖိုးကြီးရတနာများအား တခုပြီးတခု ထုတ်ဖော်ကြေငြာသွားလေသည်။ စုချန်းကလည်း ထိုအထဲမှ တချို့ကို အလျင်းသင့်သလို ဝင်ရောက်ဝယ်ယူနေပြီး သူ့လူများကို ပြန်လည်ဝေငှပေးလျက်ရှိသည်။

ထိုအချိန်တွင် အခမ်းအနားမှုးက နောက်ထပ် ရတနာတမျိုးကို ထုတ်ဖော်ကြေငြာလိုက်ပြန်သည်။

"ဒီတခေါက်မှာတော့ ကျုပ်တို့အနေနဲ့ ၃၇ခုမြောက် ရတနာတမျိုးကို ကြော်ငြာပေးသွားပါမယ် ဒီရတနာကိုတော့ မရဏရေ ဝိညာဥ်အကျဥ်းချ လက်စွပ်လို့ ခေါ်တယ် ဒီလက်စွပ်ရဲ့ အကောင်းဆုံးအချက်ကတော့ ဝိညာဥ်ကြောက်လန့်ခြင်းပုလဲကို လက်စွပ်ပေါ်မှ တပ်ဆင်ထားတာပဲ ဖြစ်တယ် ဒါကြောင့် ဒီလက်စွပ်ဟာ တစုံတဦးရဲ့ စိတ်ဝိညာဥ်ကို ပြိုကွဲသွားအောင် တိုက်ခိုက်နိုင်တယ် ဒါတင်မကသေးဘူး အသုံးပြုသူရဲ့ စွမ်းရည်အပေါ် မူတည်ပြီး အမျိုးမျိုး အဖုံဖုံသော သက်ရောက်မှုတွေကိုလဲ ဖန်တီးနိုင်သေးတယ် ဒီလက်စွပ်ဟာ တန်ဖိုးကြီးမားလွန်းလို့ စျေးနှုန်းသတ်မှတ်ဖို့တောင် ကျုပ်တို့မှာ အခက်တွေ့ရတယ် ဘာပဲဖြစ်ဖြစ် ဒီကနေ့မှာတော့ ဒီလက်စွပ်ကို ကျုပ်တို့က မူလကျောက်တုံး ၂သန်းကနေပြီး စတင်ရောင်းချပေးသွားပါမယ်"

"အိုး အတော်လေး တန်ဖိုးကြီးတဲ့ ပစ္စည်းပဲဟ"

လက်စွပ်၏ တန်ဖိုးကို ကြားလိုက်သည်နှင့် စုချန်းက လွှတ်ခနဲ ရေရွတ်ပြီး ထိုင်ရာမှ မတ်တပ်ရပ်လိုက်မိသည်။

မူလကိရိယာများစွာအနက် စိတ်ဝိညာဥ်အမျိုးအစား မူလကိရိယာများသည် မြင်တွေ့ရန် အလွန်ခဲယဥ်း၏။ လူတဦး၏ စိတ်ဝိညာဥ်မှ ပေါ်ထွက်လာသော စွမ်းအင်ဟူသည် အမြဲတစေ လျှို့ဝှက်နက်နဲပြီး ဆန်းကြယ်သည် မဟုတ်ပါလား။ ၎င်းတွင် မည်သည့် ရုပ်ပိုင်းဆိုင်ရာ မူလပစ္စည်းမှ မပါရှိသဖြင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်နှင့် လှည့်ကွက်များကို ပြသနိုင်စွမ်း မရှိချေ။

တကယ်တော့ မူလကိရိယာများဟူသည် ကွဲပြားခြားနားသော အကျိုးသက်ရောက်မှုများ ဖန်တီးရန် ၎င်းတို့အား တည်ဆောက်ထားသည့် ပစ္စည်းများနှင့် မူလပုံစံများအပေါ်တွင် အဓိက မှီခိုအားထားရသော သဘောကို ဆောင်၏။

သို့သော် စိတ်ဝိညာဥ်အမျိုးအစား မူလကိရိယာများကျတော့ တမူကွဲပြားသွား၏။ ၎င်းတို့၏ အကျိုးသက်ရောက်မှုသည် မူလပုံစံများအပေါ်တွင် အဓိက မူမတည်တော့ပဲ ၎င်းတို့အား တည်ဆောက်ထားသော ပစ္စည်း၏ စိတ်ဝိညာဥ်စွမ်းအင်အပေါ်တွင် သွား၍ မူတည်နေ၏။ ဥပမာအားဖြင့် ယခု လေလံတင်လိုက်သည့် မရဏရေဝိညာဥ်အကျဥ်းချလက်စွပ်သည် ဝိညာဥ်ကြောက်လန့်ခြင်းပုလဲအပေါ်တွင် မူတည် ဖန်တီးထား၏။ ယုတ်စွအဆုံး လက်စွပ်ပျက်စီးသွားလျင်ပင် ပုလဲကျန်နေသေးပါက ၎င်း၏ စွမ်းရည်ကို ထုတ်သုံးနိုင်သေး၏။

စန်းကျန်တောက်၏ ကြော်ငြာသံကို ကြားသည်နှင့် စုချန်းသည် ဧည့်ခန်းအတွင်းရှိ စကားပြောခွက်ကို ဖွင့်ပြီး မေးလိုက်သည်။

"ဒီလက်စွပ်ဟာ ပိုင်ရှင်ရဲ့ ကိုယ်ပိုင်စိတ်ဝိညာဥ်စွမ်းအင်ကိုရော သန်မာအားကောင်းလာစေနိုင်ပါလား"

စန်းကျန်တောက် ခေါင်းခါလိုက်သည်။

"ဒါတော့ မတတ်နိုင်ပါဘူးခင်ဗျာ"

စုချန်းက ထပ်မေးလိုက်ပြန်သည်။

"လူတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကိုရော ဘယ်လောက်ထိ ပြောင်းလဲသွားစေနိုင်သလဲ နောက်ပြီး အသုံးပြုတဲ့နေရာမှာရော ဘာကန့်သတ်ချက်တွေများ ရှိသေးလဲဗျ"

"မင်းအနေနဲ့ ဒါကို တိုက်ရိုက်အသုံးပြုမယ်ဆိုရင် ရန်သူဟာ မူးဝေမိန်းမောသွားလိမ့်မယ် ဒါက လူနှစ်ယောက်အကြား စိတ်ဝိညာဥ်စွမ်းအား ဘယ်လောက်ကွာခြားသလဲဆိုတဲ့အပေါ်မှာလဲ မူတည်တယ် မင်းမှာ စိတ်ဝိညာဥ်စွမ်းရည် တမျိုးမျိုး ရှိနေခဲ့ရင် ဒီလက်စွပ်က အဲဒီစွမ်းရည်ကို တိုးမြင့်ပေးလိမ့်မယ် ဒီလက်စွပ်ကို အသုံးပြုတဲ့နေရာမှာ ကန့်သတ်ချက်တော့ ရှိတယ် ဒီကန့်သတ်ချက်ကလည်း မင်းမှာ စိတ်ဝိညာဥ်စွမ်းအား ဘယ်လောက် ပြည့်ဝသလဲဆိုတဲ့အပေါ်မှာပဲ အဓိကမူတည်တယ်"

ထူးချွန်ထက်မြက်သော အခမ်းအနားမှုးတယောက် လေလံပွဲတွင် အဘယ်မျှ အရေးပါကြောင်း ဤတကွက်နှင့်ပင် မြင်သာနေခဲ့လေပြီ။ စန်းကျန်တောက် ဘယ်လောက်ထိ ပြင်ဆင်လာခဲ့မှန်း ၎င်း၏ အဖြေကို ကြည့်ရုံနှင့် သိသာ၏။ သူ့အဖြေသည် စုချန်း၏ မေးခွန်းနှင့် လိုက်လျောညီထွေ ရှိသည့်အပြင် ရှင်းလင်းပြတ်သားနေသည် မဟုတ်ပါလား။

စန်းကျန်တောက်၏ ရှင်းပြမှုကြောင့် မရဏရေ ဝိညာဥ်အကျဥ်းချလက်စွပ်သည် ရန်သူ့စိတ်ဝိညာဥ်ခံနိုင်ရည်စွမ်းရည်များကို အားလျော့သွားအောင် ပြုလုပ်ပေးသည့် အစွမ်းရှိမှန်း စုချန်း သိရှိသွားလေပြီ။

အမှန်တော့ စန်းကျန်တောက်၏ အဖြေ မည်သို့ပင်ရှိစေ ဤလက်စွပ်ကို အရယူမည်ဟု စုချန်းက စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။

ထိုအခါ စုချန်းက စကားစရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် အသံတသံကို သူ ကြားလိုက်ရသည်။

"ဒီလက်စွပ်ကို ၂သန်းခွဲနဲ့ ကျုပ် ယူလိုက်မယ်"

ထိုအသံမှာ အနီးအနားရှိ ဧည့်ခန်းတခန်းအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အသံကြားရုံနှင့် အသံရှင် မည်သူမည်ဝါမှန်း မှန်းဆရန် ခက်ခဲသော်လည်း ၎င်း၏ ကြည်လင်ပြတ်သားသော အသံကိုတော့ လူတိုင်း ရှင်းလင်းပီသစွာ ကြားလိုက်ရ၏။ မိမိကိုယ်ကို အပြည့်အဝ ယုံကြည်မှုရှိဟန်တူသော အသံပိုင်ရှင်ပေတည်း။

တဖက်လူ၏ စကားကြောင့် စုချန်း မျက်မှောင်ကုတ်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။

"ကျုပ် သုံးသန်းပေးမယ်"

မမျှော်လင့်ပဲ ပြင်းထန်လာဟန်တူသော ပြိုင်ဆိုင်မှုကြောင့် လူတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

"လေးသန်း"

တဖက်လူကား နောက်ဆုတ်မည့်ပုံမပေါ်။ တသန်းတိတ််ိ စျေးထပ်တိုးပေးလာ၏။

စုချန်းကလည်း နောက်မဆုတ်။

"ကျုပ် ငါးသန်းပေးမယ်"

"ဟင့်"

မကျေနပ်ဟန် ရေရွတ်သံနှင့်အတူ အေးစက်သောအားလှိုင်းတခု တဖက်အခန်းမှနေ၍ စုချန်း၏ စိတ်အာရုံအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာ၏။

တဖက်လူ မိမ်ိအား စမ်းသပ်လိုက်ပြီမှန်း စုချန်း ချက်ချင်းသဘောပေါက်လိုက်၏။

လက်ရှိ စုချန်း၏ အဆင့်အတန်းအရ စိတ်ဝိညာဥ်စွမ်းအင်များသည် သူ့ပတ်ပတ်လည်တွင် နံရံတခုကဲ့သို့ ဝန်းရံထားလျက်ရှိလေရာ တဖက်လူ၏ အားလှိုင်းကို အလွယ်တကူ တားဆီးထားလိုက်နိုင်၏။ ချက်ချင်းဆိုသလို စုချန်းကလည်း တဖက်လူဆီသို့ ရည်ရွယ်ကာ စိတ်ဝိညာဥ်စွမ်းအားလှိုင်းတခုကို ပြန်လည် ပစ်လွှတ်လိုက်သည်။ သူ၏ အာရုံခံနိုင်စွမ်းအရ တဖက်ခန်းတွင် စိတ်ဝိညာဥ်စွမ်းအင် အလွန်ကောင်းမွန်သော ပညာရှင်တဦးရှိနေကြောင်း စုချန်း သိရှိလိုက်ရ၏။

သို့သော် စုချန်း၏ တိုက်ခိုက်မှုက မည်သည့် သက်ရောက်မှုမှ ရှိဟန်မတူ။ သမုဒ္ဒရာအတွင်းသို့ ကျရောက်သွားသည့် ရေစက်ပမာ အလုံးစုံ ပျောက်ကွယ်သွား၏။

တဖက်လူသည်လည်း မမျှော်လင့်ပဲ စုချန်း၏ ပြန်လည်တုံ့ပြန်မှုနှင့် ကြုံတွေ့လိုက်ရသောအခါ ဒေါသထွက်လာဟန်တူ၏။ ယခင်ကထက် ပို၍ ပြင်းထန်သော စွမ်းအင်လှိုင်းတခု စုချန်းဆီသို့ ထပ်မံ တိုးဝင်လာပြန်သည်။

ဤတကြိမ်တွင်တော့ စုချန်းက ပြန်လည် တုံ့ပြန်ခြင်းမပြုပဲ အားလှိုင်းကို တောင့်ခံထားလိုက်၏။

ဤသို့နှင့် သူတို့နှစ်ဦးအကြားဝယ် မမျှော်လင့်ပဲ စိတ်ဝိညာဥ်တိုက်ပွဲကလေး ဖြစ်ပေါ်လျက်ရှိ၏။

တဖက်တွင်လည်း မရဏရေဝိညာဥ်အကျဥ်းချလက်စွပ်အား သူတို့နှစ်ယောက် အပြိုင်အဆိုင် လေလံဆွဲလျက်ရှိသည်။

စုချန်းက ငါးသန်းထိ စျေးတိုးပေးပြီးသည်နှင့် တဖက်လူကလည်း အားကျမခံ ခြောက်သန်းထိ ချက်ချင်းတိုးပေးလိုက်၏။ ထိုလူသည်လည်း အတော်လေး ချမ်းသာကြွယ်ဝပုံရလေသည်။

ထိုအခါ စုချန်းက ချက်ချင်းပင် ခုနှစ်သန်းထိ တိုးပေးလိုက်၏။ ထိုလူကလည်း ရှစ်သန်းထိ တိုးပေးလာပြန်သည်။

လူတိုင်းလိုလိုသည် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြ၏။ စျေးနှုန်းမှာ ကြောက်ခမန်းလိလိ မြင့်တက်လာသည် မဟုတ်ပါလား။ ထို့နောက် ၎င်းတို့သည် စုချန်း ဘက်မှ ဘယ်ရွေ့ဘယ်မျှ စျေးထပ်တိုးပေးလာမည်ကို စောင့်ကြည့်နေကြ၏။ သို့သော် စုချန်းထံမှ စကားတခွန်းပင် ထွက်မလာတော့။

အခမ်းအနားမှုးသည် နောက်ထပ် စျေးပြိုင်ပေးမည့်သူ နောက်ထပ် ပေါ်မလာတော့လေရာ လက်စွပ်အား စုချန်း၏ ပြိုင်ဖက်ထံသို့ ရောင်းချလိုက်လေသည်။

တဖက်လူသည် စုချန်း၏ လုပ်ရပ်ကြောင့် အံ့သြသင့်သွားလေရာ စက္ကန့်ပိုင်းမျှ တွေဝေသွား၏။ စုချန်းကလည်း ထိုအခြေအနေကို အခွင့်ကောင်းယူကာ စိတ်ဝိညာဥ်စွမ်းအင်များကို အမြန်ဆုံး စုစည်းပြီး အားကုန် တုံ့ပြန်လိုက်၏။ တဖက်လူကား အငိုက်မိသွားလေပြီ။ စုချန်း၏ စိတ်ဝိညာဥ်အားလှိုင်းများက ၎င်း၏ စိတ်အာရုံအတွင်း ထိုးဖောက်ဝင်ရောက်သွား၏။

စိတ်ဝိညာဥ်တိုက်ပွဲဟူသည် ပေါ့သေးသေးမဟုတ်။ ရှုံးနိမ့်သွားသူသည် မှတ်ညဏ်များ ပျောက်ဆုံးသွားနိုင်သလို တဖက်လူ၏ ထိန်းချုပ်မှုကိုလည်း ခံသွားရနိုင်၏။

ထိုလူမှာ အခြေအနေ မကောင်းတော့မှန်း ချက်ချင်း သဘောပေါက်လိုက်၏။ ထိုအခါ ၎င်းသည် စုချန်း၏ တိုက်ခိုက်မှုကို မာန်တင်းခုခံရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မြန်မြန် လက်စွပ်ကို ဒီ ယူလာခဲ့စမ်း"

ထိုအခါ ထိုလူ၏ ဘေးနားရှိ နောက်ထပ် လူတယောက်က အခမ်းအနားမှုးထံမှ လက်စွပ်ကို ယူရန် ဟန်ပြင်လိုက်၏။

သို့သော် အဝေးတွင် ရှိနေသော ရေသည် လူ၏ လတ်တလော ရေငတ်မွတ်မှုကို ပြယ်ပျောက်စေနိုင်သည်မဟုတ်။

ဝိညာဥ်တည်ငြိမ်ခြင်းဆေးတပုလင်း ထပ်မံသောက်သုံးထား၍ အဆမတန် တိုးပွားလာသော စုချန်း၏ စိတ်ဝိညာဥ်အားလှိုင်းများက ထိုလူကို ရိုက်ခတ်သွားတော့သည်။

All Chapters