← Chapters

ပြန်လည် မွေးဖွားခြင်းတောင်

Vol. 10 Ch. 936

ပြန်လည် မွေးဖွားခြင်းတောင်

Vol. 10 Ch. 936

ဗြဟ္မာ့ နန်းတော် ငါးဆယ့် ခုနစ်‌ထပ်မြောက် အလွှာ…

များစွာသော ရွှေအမြုတေ အဆင့် ကျင့်ကြံသူများသည် အုပ်စုငယ်များ ဖွဲ့ကာ တိတ်တဆိတ် အ‌ရက်သောက် နေကြသည်။ သူတို့သည် နတ်ဘုရား စိတ်အာရုံကိုသာ သုံးကာ ဆက်သွယ်ကြ၏။

သူတို့ထဲမှ အချို့မှာမူ အသစ် ရောက်ရှိ လာသော ချန်းဖန်တို့ အဖွဲ့ကို လှမ်း၍ အကဲခတ် နေကြသည်။ သို့သော်လည်း အသွင်အပြင် နိမ့်ပါးသော အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း သတိထားမိသည်နှင့် ချက်ချင်းပင် လျစ်လျူ လိုက်ကြသည်။

ထို့အတူပင် ချန်းဖန်မှာလည်း ထိုလူများအား ဂရုစိုက်ခြင်း မရှိချေ။ သူသည် စောစောပိုင်းက ကြားခဲ့ရသော အကြောင်းအရာကို ပြန်၍ တွေးနေမိသည်။

"ရှန်းရှီက တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတော့မှာလား…"

သူသည် ရှန်းရှီနှင့် ပထမဆုံး စတင်တွေ့သည့် နေ့ကို မှတ်မိနေသေးသည်။ ထိုစဉ်က ငွေရောင် အတောင်ပံများနှင့် မာနကြီးဟန် ရသော ထိုမိန်းကလေးကား နောက်ဆုံး၌ ကောင်းကင် အဆင့် ရွှေအမြုတေ တစ်ခုကို ရရှိကာ အစစ်အမှန် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာပေတော့မည်။

"ခုနက ငါကြားရတဲ့ အချက်အလက်တွေ အရဆို ပြန်လည် မွေးဖွားခြင်းတောင်က ရှန်းရှီ  ကောင်းကင် အဆင့် ရွှေအမြုတေကို ရလာဖို့ ဘာကိုမှ လက်မတွန့်ခဲ့ဘူးတဲ့… သူတို့ရဲ့ အခြေတည် ဝိညာဉ် အဆင့်တွေတောင် ဆေးအင်ပါယာဆီကို ကိုယ်တိုင်သွားပြီး ဆေးတွေ ဖော်စပ်ခိုင်းခဲ့တယ် ဆိုပဲ… နောက်ပြီး လိုအပ်တဲ့ ဝိညာဉ်ချီ အတွက် ကောင်းကင် အစီအရင် တစ်ခုကို ဆောက်ပေးခဲ့တဲ့ အပြင် ကောင်းကင်အဆင့် ကျင့်စဉ် တစ်ခုတောင် ပေးခဲ့တယ် တဲ့"

ချန်းဖန်က ပြန်လည် တွေးနေမိသည်။

အခြေတည် ဝိညာဉ် အဆင့်များ၏ အလေးထားမှု၊ ဆေးအင်ပါယာ၊ ကောင်းကင် အစီအရင်၊ ကောင်းကင် ကျင့်စဉ်… ထိုတစ်ခုချင်းစီကား ရှန်းရှီ၏ ကံကြမ္မာကို လုံးဝ ပြောင်းလဲပစ်နိုင်မည့် အရာများပင် ဖြစ်သည်။

အချို့က ဆိုလျှင် ရှန်းရှီမှာ လီဟိုင်ရှင်း၊ ကျွင်းအိုချန်းတို့ကို ကျော်လွန်ကာ တောင်တန်း အင်ပါယာ၏ ကောင်းကင်မင်းသား နှင့်ပင် ယှဉ်နိုင်လိမ့်မည် ဟုပင် ခန့်မှန်းနေကြသည်။ သို့သော်လည်း အချို့ကမူ ထိုအရာကို သဘော မတူကြချေ။

ကျွင်းအိုချန်းနှင့် လီဟိုင်ရှင်း တို့မှာ ကျိန်းသေ အခြေတည် ဝိညာဉ် အဆင့် ဖြစ်လာမည့်သူများ ဖြစ်သည်။

ထို့အတူ ကောင်းကင်မင်းသား မျိုးဆက်တိုင်းမှာလည်း ကမ္ဘာအား လွှမ်းမိုးနိုင်ခဲ့သူများ ဖြစ်ကြသည်။ ထိုအထဲမှ အချို့ ဆိုလျှင် ထျန်းဟောင်ဂြိုဟ် မှပင် ပျံသန်း ထွက်ခွာကာ အခြားဂြိုဟ်များကို သွား၍ သူတို့၏ အရည်အချင်းကို စမ်းသပ်ခဲ့ကြသည်။

လူများ၏ အမျိုးမျိုးသော အမြင်များကို နားထောင်ရင်း ချန်းဖန်မှာ ထိုမိန်းကလေး အတွက် ပို၍ စိုးရိမ် လာခဲ့၏။

ချန်းဖန်သည် ကောင်းကင်အဆင့် ရွှေအမြုတေ တစ်ခု ဖွဲ့စည်းရခြင်း၏ အခက်အခဲကို အခြားလူများထက် ပိုမို၍ နားလည်သည်။ သူမသည် သူမ တတ်နိုင်ခြင်းထက် ပိုသော ဝန်ကို ထမ်းပိုး ထားရခြင်း ဖြစ်သည်။ အခန့်မသင့်လျှင် ထိုအရာက သူမ၏ သေဆုံးခြင်းကိုပင် ယူဆောင် လာနိုင်သည်။

"ကောင်းပြီလေ… ရှောင်မန်ကို စောင့်ရှောက်ခဲ့တဲ့ မျက်နှာနဲ့ ငါ သူ့ကို ကူညီ ပေးပါ့မယ်"

ချန်းဖန်က ဆုံးဖြတ်လိုက်သည်။

ချန်းဖန် နားထောင်နေစဉ်မှာပင် လူများ ပြောနေသော ခေါင်းစဉ်မှာ သူနှင့် သူ၏ တိုက်ပွဲ အကြောင်းအား ပြောင်းလဲသွားသည်ကို သတိ ထားမိလိုက်သည်။ သူတို့သည် ကောင်းကင် ရတနာကို လက်ဖြင့် တားဆီးခဲ့သော ချန်းပေ့ရွှမ်း၏ စွမ်းရည် အကြောင်းကို အံ့ဩ နေကြကာ ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံး ပုဂ္ဂိုလ်များနှင့်ပင် နှိုင်းယှဉ် နေကြသည်။

သို့သော်လည်း အချို့ကမူ ထိုအကြောင်းအရာကို ယုံကြည်ပုံ မရချေ။ သူတို့သည် မြေရိုင်းနယ် တစ်ခုမှ ကျင့်ကြံသူမှာ မည်မျှပင် အစွမ်းထက် စေကာမူ ‌ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံးဝင် ပုဂ္ဂိုလ်များကို ယှဉ်နိုင်မည် မထင်ကြောင်း တန်ပြန် ငြင်းဆို နေကြသည်။

မည်သို့ပင် ဆိုစေ ချန်း‌ဖန် လူမြင်ကွင်းမှ ပျောက်ကွယ် နေသည်မှာ တစ်နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူ့အား လူများ သံသယ ဝင်လာကြသည်က မထူးဆန်းချေ။

သို့သော်လည်း ချန်းဖန်သည် ထိုလူများ၏ မှတ်ချက်များ အပေါ် မည်သို့မျှ သဘော မထားချေ။ သူက အခန်း၏ အလယ်သို့ လျှောက်သွားကာ ကြီးကြပ်သူနှင့် စကားပြော လိုက်သည်။ မန်နေဂျာသည် ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။

"ကြီးကြပ်သူ… ကျုပ် ရှောင်မန်လို့ ခေါ်တဲ့ ကျူးဝမ် မျိုးနွယ် မိန်း‌ကလေး အကြောင်း အချက်အလက် အချို့ လိုချင်လို့ပါ… လွန်ခဲ့တဲ့ လေးနှစ်လောက်မှာ ပြန်လည် မွေးဖွားခြင်း ဂိုဏ်းရဲ့ နတ်မိမယ် ရှန်းရှီက သူ့ကို ခေါ်သွားတာပါ… သူ အခု ပြန်လည် မွေးဖွားခြင်း ဂိုဏ်းမှာ ရှိနေလား… ဒါမှမဟုတ် ဘာလုပ်နေလဲ ဆိုတာ သိချင်ပါတယ်"

ချန်းဖန် မေးခွန်း မေးပြီးသည်နှင့် ကြီးကြပ်သူ အဖြေ မပေးရသေးခင်မှာပင် မိန်းကလေး တစ်ယောက်၏ အသံက ထွက်ပေါ် လာသည်။

"ရှင်က ဘယ်သူလဲ… ဘာလို့ ကျွန်မတို့ရဲ့ ဂိုဏ်းတူ ညီမလေးကို ရှာနေရတာလဲ"

ချန်းဖန်က အသံလာရာသို့ ကြည့်လိုက်ရာ သူတို့ ဘေးနားရှိ ကျောက်စားပွဲဝိုင်းတွင် ထိုင်နေသော လူသုံးယောက်ကို တွေ့ရသည်။ ထိုအထဲမှ တစ်ယောက်မှာ ယောက်ျားလေး ဖြစ်ကာ အခြား နှစ်ယောက်မှာ မိန်းကလေး ဖြစ်သည်။

မိန်းကလေး နှစ်ယောက်မှာ ချောမော လှပကာ ဆင်တူသော ရုပ်ရည် အရ ညီအမများ ဖြစ်ဟန်ရသည်။ သူတို့ နှစ်ယောက် စလုံးမှာ အလယ်ဆင့် မူလ အဆင့်များ ဖြစ်ကြသည်။

မိန်းကလေး နှစ်ယောက် ဘေးရှိ လူငယ်မှာမူ အဖြူရောင် ဝတ်စုံနှင့် ဖြစ်ကာ သေးငယ်သော လက်ဘက်ရည်အိုးကို တဖြည်းဖြည်းချင်း ငှဲ့နေခဲ့သည်။ ချန်းဖန်သည် သူ၏ ခန္ဓာကိုယ်၌ အနည်းဆုံး ဝိညာဉ် ရတနာ ရှစ်ခု ရှိကြောင်း ချက်ချင်းပင် သတိ ထားမိလိုက်သည်။ သူသည် ရွှေအမြုတေ နောက်ဆုံး အဆင့် ဖြစ်ရာ လျှော့၍ မတွက်သင့်သူ တစ်ယောက် ဖြစ်သည်။

"မင်းတို့က ရှောင်မန်ကို သိကြတာလား…"

ချန်းဖန်က မေးလိုက်သည်။

"ဟမ့်… ရှင်က ဘယ်ကျောက်တုံး အောက်မှာ နေတာမလို့လဲ… ပြန်လည် မွေးဖွားခြင်း နယ်တစ်ခုလုံးမှာ ကျွန်မရဲ့ ဂိုဏ်းတူ ညီမလေးကို မသိတဲ့သူ တစ်ယောက်မှ မရှိဘူးရှင့်…"

မိန်းကလေး နှစ်ယောက် အနက် ပို၍ ငယ်သော မိန်းကလေးက နှာခေါင်းရှုံ့ကာ ချန်းဖန်အား ရှင်းပြလိုက်သည်။

'ဂိုဏ်းတူ ညီမလေးက ခရမ်းရောင် လတောင်ထိပ် အကြီးအကဲ ယွီလုံရဲ့ တပည့် ဖြစ်ပြီးတော့ သုံးနှစ်တည်းနဲ့ မူလ အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တာ… ဘိုးဘေး ကတောင် ညီမလေး ရှောင်မန်က ဂိုဏ်းတူ အမ ရှန်းရှီထက် ပိုပြီး ပါရမီ ပါတယ်လို့ ခံယူထားတာ… သူ ကျင့်ကြံတဲ့ အခါတိုင်း အမြဲ နဂါးတစ်ကောင်က သူ့ကို စောင့်ရှောက်ဖို့ ပေါ်လာတယ်… အဲဒါကြောင့်ပဲ လူတွေက သူ့ကို နဂါး နတ်မိမယ် လို့ ခေါ်ကြတာရှင့်… နောက်ပြီး…"

"တော်လောက်ပြီ…"

အမဖြစ်သူ၏ တားဆီးမှုကြောင့် မိန်းကလေး၏ စကားက တစ်ဝက်တစ်ပျက် ရပ်တန့်သွားသည်။

"ညီမလေး… ရှောင်မန် အကြောင်းကို လျှောက် မပြောဖို့ ဆရာ မှာထားတယ်လေ… ဘာလို့ သူစိမ်း တစ်ယောက်ကို သွားပြီး ရှင်းပြ နေတာလဲ"

အမဖြစ်သူ၏ မာန်မဲမှုကြောင့် မိန်းကလေးမှာ ခေါင်းငုံ့ကာ ငြိမ်သက် သွား၏။ သူမအား မာန်မဲ ပြီးနောက် အမဖြစ်သူက ချန်းဖန်ဘက်သို့ လှည့်ကြည့်၍ အေးစက်စွာ ဆိုလိုက်သည်။

"ကျင့်ကြံသူလေး… ရှင် ဘာလို့ ရှောင်မန်ကို ရှာနေလဲ ဆိုတာ ကျွန်မ မသိဘူး… ဒါပေမဲ့ ရှင့်ကို ကြို သတိပေးလိုက်မယ်… ရှန်းရှီကို တစ်ခုခု လုပ်ဖို့ ကြံစည်ရင် ပြန်လည် မွေးဖွားခြင်း ဂိုဏ်းက ရှင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး"

"သတိပေးတဲ့ အတွက် ကျေးဇူးပါပဲ… ငါက ရှောင်မန်ရဲ့ အကိုပါ"

ချန်းဖန်က ထိုမိန်းကလေးအား ကျေးဇူးတင် စကား ပြောကာ အခြားလူများအား ခေါ်ဆောင်၍ ပြန်လည် ထွက်လာခဲ့သည်။ သူသည် ရှောင်မန် အသက်ရှင် နေသေးကြောင်းနှင့် မည်သည့် နေရာတွင် ရှိနေကြောင်း သိရှိရပြီ ဖြစ်ရာ ထိုနေရာတွင် ဆက်နေရန် အကြောင်း မရှိတော့ချေ။

ချန်ဖန်တို့ ပျောက်ကွယ် သွားပြီးနောက် ညီမ ဖြစ်သူက သူမ၏ အမအား ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်၏။

"အမ… သူက တကယ်ကြီး ရှောင်မန်ရဲ့ အကို ဖြစ်နေရင် ဘယ်လိုလုပ်မလဲ… ကျွန်မတို့ သူ့ကို ပိုပြီး ‌ယဉ်ယဉ်ကျေးကျေး ဆက်ဆံ သင့်တယ်… ရှောင်မန်သာ သူ့ရဲ့ အကိုကို ကျွန်မတို့ ဒီလို ဆက်ဆံတာ သိရင် စိတ်ကောင်းမှာ မဟုတ်ဘူး"

ညီမ၏ စကားကြောင့် အမဖြစ်သူ၏ လှပသော မျက်နှာတွင် စိုးရိမ်ခြင်းများ ဖြစ်ပေါ် လာသည်။

သူမတို့ကား အစွမ်းထက် ကလန် တစ်ခု ဖြစ်သည့် ဝေ့မြစ် ကျူးမိသားစု၏ မျိုးဆက်များ ဖြစ်သည်။ သို့သော်လည်း ထိုသို့သော မိသားစု နောက်ခံဖြင့်ပင် ပြန်လည် မွေးဖွားခြင်း ဂိုဏ်းထဲ၌ သူမတို့၏ အဆင့်အတန်းမှာ ရှောင်မန်ကို မမှီခဲ့ချေ။

မိန်းကလေး၏ စိုးရိမ်သွားဟန် ရသော မျက်နှာကို ကြည့်ကာ အဖြူရောင်ဝတ် လူငယ်က ပြုံးလိုက်သည်။

"နင်းရွှယ်… နဂါး နတ်မိမယ်လေးက လွန်ခဲ့တဲ့ သုံးနှစ်တည်းက အစစ်အမှန် နဂါး သွေးမျိုးဆက်ကို နှိုးထနိုင်ခဲ့တာ မလား… သူက မျိုးရိုးကြီး တစ်ခုက ဆင်းသက်လာတာ သေချာပါတယ်"

"အကို ပြောချင်တာက…"

ကျူးနင်းရွှယ်က လူငယ်အား မော့ကြည့် လိုက်၏။

"ဒါပေမဲ့ ခုနက အုပ်စုကို ညီမ တွေ့လိုက်တယ် မလား…"

လူငယ်က ‌ဆက်ပြောသည်။

"အနက်ရောင် ဝတ်စုံဝတ် မိန်းကလေးက လွဲလို့ အားလုံးက မူလ အဆင့်တွေ ချည်းပဲ… နောက်ပြီး အရှိန်အဝါတွေကို ကြည့်ရင် သူတို့ ကျင့်တဲ့ ကျင့်စဉ်တွေကလည်း သာမန်တွေပဲ ဖြစ်ပုံရတယ်"

"ဘယ်လိုလုပ်ပြီး အဲ့လိုလူတွေက နဂါး နတ်မိမယ်လေးနဲ့ ဆွေမျိုး တော်နိုင်မှာလဲ"

"ဟုတ်တယ်…"

ဘေးဝိုင်းရှိ နားထောင်နေသူများက ခေါင်းညိတ် လိုက်ကြ၏။

ရှောင်မန်ကား မူလ အလယ်ဆင့် တွင်သာ ရှိသေးသော်လည်း ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ ခေါင်းဆောင် ဖြစ်လာနိုင်သူ ဖြစ်သည်။ အနာဂတ်၌ သူမသည် အခြေတည် ဝိညာဉ် အဆင့်များနှင့် ရင်ဘောင်တန်းကာ ရပ်နိုင်ပေလိမ့်မည်။

ချန်းဖန်သည် ဗြဟ္မာ နန်းတော်ထဲ၌ လျှောက်ကြည့်ရာ ဝိညာဉ် လက်နက် အချို့နှင့် ဆေးမြစ်များစွာကို တွေ့ရသည်။ သို့သော်လည်း မည်သည့် အရာကမျှ သူ၏ ကျင့်ကြံခြင်း၌ ကူညီရန် အဆင့် မမှီခဲ့ချေ။

အဆုံးသတ်၌ ချန်းဖန်က သာမန် ကောင်းကင် ဆေးပင် အချို့ကိုသာ ဝယ်ယူ လိုက်သည်။ ကြီးကြပ်သူက ချန်းဖန်အား ကျေးဇူးတင်ကြောင်း ဆိုကာ ဗြဟ္မာ့ နန်းတော် အပြင်ဘက်သို့ လိုက်ပို့၏။

ချန်းဖန်တို့သည် ထိုညကို ထင်းယွမ် မြို့၌ ကုန်ဆုံး စေခဲ့သည်။

နောက်တစ်နေ့တွင်မူ… သူတို့သည် အနက်ရောင် ရထားလုံးကို စီးကာ ပြန်လည် မွေးဖွားခြင်း ဂိုဏ်းသို့ ဦးတည် လိုက်ကြသည်။

"ရပ်စမ်း… ဒါက ပြန်လည် မွေးဖွားခြင်း ဂိုဏ်းရဲ့ ပိုင်နက်ပဲ…"

ဂိတ်တံခါးနားသို့ ရောက်ရှိသည်နှင့် နှစ်မီတာခန့် အမြင့်ရှိသော ရွှေရောင် သံချပ်ကာဝတ် တန်ခိုးရှင် အစောင့် နှစ်ယောက်က သူတို့အား တားလိုက်၏။

ချန်းဖန်က သူတို့အား ရှန်းရှီ၏ အထိမ်းအမှတ် ပစ္စည်းအား ထုတ်ပြရန် ဟန်ပြင် လိုက်စဉ်မှာပင် အသံတစ်ခုကို ကြားလိုက်ရသည်။

"ရှင်တို့ ဒီကို ဘာလာ လုပ်တာလဲ"

ချန်းဖန်က လှည့်ကြည့်လိုက်ရာ ဗြဟ္မာ့ နန်းတော်၌ ဆုံခဲ့ရသော အဖြူရောင်ဝတ် လူငယ်နှင့် မိန်းကလေး နှစ်ယောက်ကို တွေ့လိုက်ရ၏။

***

All Chapters