နားကို ချိုမြိန်စေခြင်း
Vol. 020 Ch. 1906
ဖီးနစ်က ခေါင်းမော့ကာ ကောင်းကင်မှ တိုက်ပွဲကို ကြည့်သည်။ သူမက ထိုတိုက်ပွဲအား တစ်နည်းနည်းဖြင့် စိတ်ဝင်စားနေသည်၊ အထူးသဖြင့် ရီဖူရှင်းကိုဖြစ်သည်။ ရီဖူရှင်း၏စီးတော်သားရဲက သူမအား မလေးမစားပြောဆိုသော်လည်း ရီဖူရှင်းသည် ယဉ်ကျေးလိမ္မာစွာဖြင့် ပြောဆိုကာ တောင်းပန်ခဲ့၏။ တဖန် သူ့စီးတော်သားရဲအား သတ်ဖြတ်ရန် ကြိုးစားသူများကိုလည်း ပြန်လည်သတ်ဖြတ်ခဲ့သည်။
ရီဖူရှင်းကားထိုနေရာတွင်ရပ်ကာ သူ၏လက်ကို လှုပ်ရှားခြင်းမပြုပေ။ သို့သော်လည်း သူလှုပ်ရှားလျှင် လျှပ်စီးကဲ့သို့မြန်ကာ တစ်ဘက်လူအား သတ်ဖြတ်ခဲ့သည်။
အနည်းဆုံး ထိုဆံပင်ဖြူလူငယ်သည်ကား သူမမြင်ဖူးသမျှ လူများထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်မှာ မမြင့်မားသော်လည်း သူ၏ပါရမီက ထူးခြားကောင်းမွန်ရပေမည်။
လူငယ်သေဆုံးသွားပြီးနောက်တွင် ထန်ဟိုင်ကုန်းမြေမှ လူများက ရီဖူရှင်းထံသို့ တိုးဝင်လာကြသည်။ သို့သော်လည်း ဓားအရှိန်အဝါသည် ကောင်းကင်တစ်ခုလုံးကို ပြည့်နှက်လာခဲ့၏။ ဓားအသိသည် ကောင်းကင်နှင့် ပေါင်းစပ်သွားကာ မြစ်ရေပြင်အလား အောက်ကို စီးဆင်းလာသည်။ ဓားမြစ်ရေပြင်ထဲတွင် ဓားအလင်းသုံးခုသည် စတင်ဖြစ်ပေါ်လာ၏။ ၄င်းတို့ကား ရီဖူရှင်း၏ဓားသုံးလက်ဖြစ်သည်။
ဓားအလင်းများ လေထုကို ခွင်းသွားသည်။
ဝှစ်... ဝှစ်... ဝှစ်...
တစ်ဘက်လူများမှာ တခဏအတွင်း ဓားအလင်းများ၏ဖြတ်တောက်မှုက်ု ခံရကာ အသတ်ခံရ၏။
မြန်ဆန်စွာပင် ထန်ဟိုင်ကုန်းမြေမှ အုပ်စုတွင် သုံးယောက်သည်သာ အသက်ရှင်ကျန်ရစ်သည်။ သူတို့ကား ပေ့ကုန်းအော့၊ အင်ပါယာဟယ်လျန်နှင့် ရန်တုံ့ချင်းတို့ဖြင့် တိုက်ခိုက်နေသူများဖြစ်သည်။ တစ်ယောက်မှာ အဆင့်ရှစ်ရန်ဟောင်ဖြစ်ပြီး နှစ်ယောက်မှာ အဆင့်ခုနစ်ရန်ဟောင်ဖြစ်သည်။
ထန်ဟိုင်ကုန်းမြေမှ တန်ခိုးရှင်များ မည်သူမှ အသက်မရှင်လောက်ကြောင်း လူအများက ယူဆထားကြသည်။ သူတို့ကား အလွန်ဆိုးဝါးသော အခြေအနေသို့ ရောက်နေသည်။
ဓားသုံးလက်သည် ကောင်းကင်သို့ ဆက်လက်ပျံတက်သွားကာ တိုက်ပွဲမှ အင်ပါယာဟယ်လျန်ကို ကူညီသည်။ ဓားသုံးလက်ကား အဆင့်ခုနစ်ရန်ဟောင်အတွက် ကြီးမားသော အန္တရာယ်ဖြစ်သည်။ အင်ပါယာဟယ်လျန်၏တိုက်ခိုက်မှုများဖြင့် ပေါင်းစပ်ပါက ပြိုင်ဘက်မှာ ကြာရှည် မတောင့်ခံနိုင်ဘဲ သေဆုံးသွားရသည်။ ထို့နောက်တွင် ဓားအလင်းသည် ရန်တုံ့ချင်း၏တိုက်ပွဲထံသို့ ပျံသန်းသွား၏။
မျက်စိတမှိတ်အတွင်း အဆင့်ရှစ်ရန်ဟောင်မှအပ တခြာလူများအားလုံး သေဆုံးသွားရသည်။
အဆင့်ရှစ်ရန်ဟောင်မှာလည်း ပေ့ကုန်းအော့၏ဖိနှိပ်ခြင်းကို ခံနေရသည်။
“သူ့ခန္ဓာကိုယ်မှာ နတ်ဝိညဉ်လက်နက်ရှိနေတယ်” တစ်ယောက်က ပြောသည်။
“အဲဒါက လျှပ်စီးအခြေပြုနတ်လက်နက်ပဲ။ ကျုပ်သိသလောက် အဲဒါက အရှေ့နတ်ဘုရားကျွန်းစုတည်ထောင်သူထဲက တစ်ယောက်ပိုင်ဆိုင်တာ” နောက်တစ်ယောက်က ပြောသည်။ လူအများအပြားမှာ ကျွန်းပေါ်သို့ ပထမဆုံးရောက်ဖူးခြင်းမဟုတ်ရာ အနည်းနှင့်အများ ဗဟုသုတရှိကြသည်။
“တိမ်မြူသစ်သား...” တစ်ယောက်က ပြောသည်။
“မှန်တယ်... တိမ်မြူသစ်သားပဲ” နောက်တစ်ယောက်က ပြန်ပြောသည် “တိမ်မြူသစ်သားက သန့်စင်တဲ့လျှပ်စီးဓာတ်ကို ပိုင်ဆိုင်တယ်။ အဲဒါကို သန့်စင်နိုင်သူက မဟာလမ်းစဉ်ရဲ့ရင်းမြစ်နဲ့ ပိုမိုနီးကပ်နေပြီလို့ ဆိုလိုတာပဲ။ သူက သာမန်အဆင့်ရှစ်ရန်ဟောင်ထက် သန်မာတယ်”
တိုက်ပွဲအခြေအနေကား သိသာနေပြီဖြစ်သည်။ ပေ့ကုန်းအော့သည် တစ်ဘက်လူအား ဖိနှိပ်ထားနိုင်သည်။ မကြာခင် တိုက်ပွဲမှာ အဆုံးသတ်သွားကာ အဆင့်ရှစ်ရန်ဟောင်မှာလည်း သတ်ဖြတ်ခံလိုက်ရ၏။
ရီဖူရှင်းကား တည်ငြိမ်နေသည်။ ဖြစ်ပျက်သမျှက သူ့အတွက် အရေးမပါသည့်အာလား...။ အနည်းဆုံး သူ၏အကြည့်သည် ရေပြင်ကဲ့သို့ တည်ကြည်သည်။ သို့သော်လည်း တိုက်ပွဲတွင် ရီဖူရှင်းသည် ကြောက်စရာအကောင်းဆုံးဖြစ်ကြောင်း လူတိုင်းက သတိထားမိကြ၏။
ထို့အပြင် ရီဖူရှင်းသည် အဆင့်၃ ရန်ဟောင်တစ်ဦးသာဖြစ်သည်။ သူက အဆင့်မြင့်ရန်ဟောင်သို့ တက်လှမ်းသောအခါ မည်သူက သူ့အား ယှဉ်နိုင်တော့မည်နည်း။
ရီဖူရှင်းသည် နတ်ဘုရားတစ်ပါး၏မျိုးဆက်ပေလော။
ရီဖူရှင်းက ဖီးနစ်ကို ကြည့်ကာ ပြောသည် “ကျုပ်နာမည်က ရီလျို့နျန်ပါ။ ဒီနေရာက သန့်စင်မီးတောက်ရှိနေတယ်ကြားလို့ အတွေ့အကြုံရအောင် လာလေ့လာတဲ့သဘောပါပဲ။ ဒီလို ရိုင်းစိုင်းတဲ့အပြုအမူမျိုး ပြုလုပ်မိတဲ့အတွက် မိန်းကလေးဖီးနစ်ကို တောင်းပန်ပါတယ်”
“မြန်မြန်လာပြီး တောင်းပန်စမ်း...” ရီဖူရှင်းက နောက်နားမှ သိမ်းငှက်နက်ကို ပြောသည်။
သိမ်းငှက်နက် ဆတ်ခနဲတုန်သွားကာ ရိုကျိုးစွာဖြင့်ပင် ရှေ့ကို တက်လာပြီး ပြောသည် “ဆရာသိမ်းငှက်က မသိနားမလည်မှုအတွက် တောင်းပန်ပါတယ်”
လူအုပ်ကား အံ့အားသင့်သွားသည်။
“ဆရာသိမ်းငှက်တဲ့လား...” သည်အကောင်၏ဉာဏ်ရည်က မဖွံ့ဖြိုးသေးသည်များလား။
ထိုသို့ မဖြစ်နိုင်ပေ။ သူသည်ကား မိစ္ဆာအင်ပါယာအဆင့်ရောက်နေလေပြီ။
ဖပ်...
ရီဖူရှင်းက သိမ်းငှက်နက်၏ခေါင်းကို တစ်ချက်ရိုက်လိုက်သည်။ သိမ်းငှက်နက်က မည်သို့တွေးနေသည်ကို သူသိသည်။ သည်ခွေးကောင်က ဖီးနစ်အား တောင်းပန်ရန် တွန့်ဆုတ်နေ၏။
မလိုလားစွာပင် သိမ်းငှက်နက်က ရီဖူရှင်းကို တစ်ချက်ကြည့်သည်။ သို့သော်လည်း ဖီးနစ်မိန်းမကား အလွန်ရုန့်ရမ်းသည်။ သူ့အနေဖြင့် သူမအား ယှဉ်နိုင်မည်မဟုတ်ပေ။
“ကျုပ် သူ့ကို ကောင်းကောင်းမဆုံးမထားမိဘူး။ နောက်ပိုင်း သူ့ကို သေချာဆုံးမထားပါ့မယ်” ရီဖူရှင်းက ဖီးနစ်အား ထပ်ပြောသည်။
“ထပ်ပြီး ဟန်ဆောင်နေစရာမလိုဘူး” ဖီးနစ်က ရီဖူရှင်းအား ထူးမခြားနားစွာ ကြည့်လျှက်ပြောသည်။ သူမက အထင်သေးစွာ ကြည့်သည်။ သူတို့ကား ဟန်ဆောင်ကောင်းလွန်းလှသည်။
“ရှင်တို့ ဘာရည်ရွယ်ချက်နဲ့ရောက်လာတာလဲ။ ဝူထုံမီးတောက်ကို လိုချင်လို့ပဲမလား” ဖီးနစ်က ပြောသည်။ သူမက ဖြစ်ခဲ့သည်များအား ထပ်မပြောတော့။ ကြည့်ရသည်မှာ သိမ်းငှက်နက်အား ခွင့်လွှတ်လိုက်ဟန်ရသည်။
တန်ခိုးရှင်များမှာ ဆွံ့အရသည်။ သူတို့ရောက်လာကတည်းက ဖီးနစ်သည် သူတို့အား အထင်အမြင်သေးကာ လှမ်း၍ပင် မကြည့်ပေ။ ယခု သူမက ရီဖူရှင်းနှင့်ပင် စကားမမြည် ပြောနေလိုက်သေးသည်။
“ဝူထုံမီးတောက်က နတ်မီးတောက်ပဲ။ ပုံမှန်အားဖြင့် တန်ခိုးရှင်တွေက တပ်မက်ကြတယ်။ လူတိုင်းက အဲဒါကို လိုချင်လို့လာကြတယ်။ ဒါပေမဲ့ ကျုပ်က ရိုးရိုးသားသားပြောရရင် အဲဒီမီးတောက်ကို မတပ်မက်ဘူး” ရီဖူရှင်းက ပြောသည်။
“ရှင်က အရှက်မရှိ ကြွားဝါတာပဲ” ဖီးနစ်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ ဝူထုံမီးတောက်က ထိုမျှ တန်ဖိုးမရှိဘူးလား။
နတ်မီးတောက်ကား သူမ၏အဖေက သည်ဝူထုံသစ်ပင်၌ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ၄င်းတွင် သေခြင်းရှင်ခြင်းသဘောတရားနှစ်ခုပါဝင်၏။ ၄င်းမီးတောက်သည် မီးတောက်များအားလုံးတွင် အားအကောင်းဆုံးမီးတောက်အဖြစ် သတ်မှတ်ခံရကာ နတ်ဘုရားအဆင့်မီးတောက်တစ်ခုဖြစ်လာသည်။ တတိယအဆင့်ရန်ဟောင်ကိုထား၊ နဝမအဆင့်ရန်ဟောင်သည်ပင် ထိုမီးတောက်ကို တပ်မက်ပေသည်။
သူမ၏ကျင့်ကြံခြင်းသည် ပြီးပြည့်စုံကာ အလယ်အလတ်အဆင့်ရန်ဟောင်ဖြစ်နေလေပြီ။ သို့သော်လည်း သူမသည် ဝူထုံမီးတောက်ကို အမှီပြုကာ ကျင့်ကြံနေရဆဲဖြစ်သည်။ အနာဂတ်တွင် သူမသည် အဆင့်မြင့်ရန်ဟောင်ဖြစ်လာလျှင်ပင် သည်နည်းဖြင့် သူမသည် ပြီးပြည့်စုံခြင်းကို ထိန်းသိမ်းနိုင်သည်။
“မိန်းကလေးဖီးနစ်က ကျုပ်ကို မယုံဘူးဆိုရင် စမ်းကြည့်ပါလား” ရီဖူရှင်းကို ရှေ့ကို တက်သွားကာ ဖီးနစ်၏ရှေ့ကို ဆင်းသက်လိုက်သည်။ သူက လက်ဆန့်တန်းလိုက်လျှင် သူ့လက်တွင် ထူးဆန်းသော အငွေ့အသက်များပေါ်လာသည်။ ဖီးနစ်က သူ့အား ကြည့်သည်။ သည်လူကား အလွန်ရဲတင်းလှ၏။ သူမ ဒေါသထွက်သွားမည်ကို သူ မကြောက်ပေဘူးလား။
ရီဖူရှင်း၏သဘောကို နားလည်ကာ ဖီးနစ်က လူသားပုံစံသို့ ပြောင်းလိုက်၏။ သူမကား ကြက်သွေးရောင်ဝတ်စုံကို ဝတ်ထားကာ အသက်ရှုမှားလောက်အောင် လှပချောမောသည်။
သူမကလည်း လက်ဆန့်တန်းသည်။ သူမ၏လက်က ရီဖူရှင်း၏လက်ကို ထိတွေ့မိလျှင် လမ်းစဉ်မီးတောက်သည် ရီဖူရှင်း၏လက်သို့ စီးဆင်းသွား၏။
ထိုအခိုက်တွင် သူတို့လက်များသည် အအေးငွေ့နှင့် အပူငွေ့တို့ လောင်ကျွမ်းနေဟန်ရသည်။
ဖီးနစ်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူမက ရီဖူရှင်း၏မျက်လုံးများကို ကြည့်၏။ ၄င်းကား အလွန်တရာ အေးစက်သော ယန်ဓာတ်စွမ်းအားဖြစ်သည်။
ရီဖူရှင်းက လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ဖီးနစ်ကလည်း လက်ကို ပြန်ရုပ်သိမ်းလိုက်၏။ သူမက ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်သည်။
အနီးတဝိုက်မှ တန်ခိုးရှင်များကလည်း ရီဖူရှင်းနှင့် ဖီးနစ်ကို ကြည့်ကြသည်။ သူတို့အားလုံးက အဆုံးစွန်သော ပူခြင်းအေးခြင်း အငွေ့အသက်များကို ခံစားမိကြ၏။
“မိန်းကလေး ဘယ်လိုထင်လဲ...” ရီဖူရှင်းက မေးသည်။
“အဲလိုဆိုရင်တောင် ရှင်က ဝူထုံမီးတောက်ကို မတပ်မက်ဘူးလို့ မဆိုလိုဘူး” ဖီးနစ်က အေးစက်စွာ ပြောသည်။
ရီဖူရှင်းက ပြုံးလျှက်ပြောသည် “ကျုပ်က ဒီအတိုင်း အတွေ့အကြုံရအောင် လာခဲ့တာပါပဲ။ ဒါပေမဲ့ ဒီနေရာရဲ့ ကောင်းမွန်လှပတဲ့ရှုခင်းကို မြင်ပြီးနောက် ကျုပ်က တေးသွားတစ်ခုကို သတိရမိတယ်။ မိန်းကလေးက တေးသွားကို နားဆင်ဖို့ စိတ်ဝင်စားပါသလား”
ဖီးနစ်က ရီဖူရှင်းကို ကြည့်သည်။ သည်လူက ဘာလုပ်ချင်သနည်း။
တေးသွားတစ်ခု...။
သူမ စိတ်မဝင်စားပေ။ သူမက ထိုသို့ အလွန်အကျူးယဉ်ကျေးသိမ်မွေ့သော ယောကျ်ားများအား အမြင်ကပ်ပေသည်။
“ကြိုက်သလိုလုပ်ပါ” ဖီးနစ်က မောက်မာစွာ ပြောသည်။ ရီဖူရှင်းက မည်သို့ ကြံစည်လိုသည်ကို သူမ ကြည့်လိုသည်။
ကု့ချင်းတစ်လက်ပေါ်လာသည်။ ရီဖူရှင်းက လက်ချောင်းများအား ကု့ချင်းပေါ်သို့ တင်လိုက်၏။ ချက်ချင်းပင် တီးလုံးသည် အသက်ဝင်လာကာ လှပသော တေးသွားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ရီဖူရှင်းကား ဖီးနစ်တို့ကခုန်ခြင်းအား တီးခတ်နေသည်။
ဝူထုံသစ်ပင်မှ သစ်ရွက်များ အလိုအလျောက် လှုပ်ယမ်းလာကာ ကု့ချင်းတေးသံကို တုန့်ပြန်ကြ၏။ သူတို့က ရီဖူရှင်းထံသို့ ယိမ်းခါကြသည်။
ဖီးနစ်ပုံရိပ်တစ်ခုသည် ရီဖူရှင်းအား လှည့်ပတ်နေဟန်ရသည်။ အံ့ဖွယ်ကောင်းသော တေးသွားကို ခံစားမိသည်တွင် ဖီးနစ်က မင်တက်စွာဖြင့် ထရပ်သည်။ သူမသည်လည်း ကု့ချင်း၏တေးသွားထဲတွင် နစ်မြောသွား၏။
တေးသွားကား နားထောင်ကောင်းလှသည်။
***