ရှောင်မန်
Vol. 10 Ch. 937
ကျူးနင်းရွှယ်၊ ကျူးနင်းမို ညီအမနှင့် အဖြူရောင်ဝတ် လူငယ်တို့သည် တလက်လက် တောက်ပနေသည့် လေသင်္ဘော တစ်စင်း ပေါ်တွင်ရပ်ကာ ချန်းတို့ အဖွဲ့ကို ကြည့်နေကြသည်။
"ရှင်တို့… ဘာကိစ္စ ပြန်လည် မွေးဖွားခြင်း ဂိုဏ်းကို ရောက်လာကြတာလဲ"
ညီမဖြစ်သူ ကျူးနင်းမိုက မေးလိုက်၏။
"နင်တို့ပါလား…"
ချန်းဖန်က ပြုံးပြရင်း ပြန်လည် နှုတ်ဆက် လိုက်သည်။
"ငါ့ညီမ ရှောင်မန်ကို လာတွေ့တာလေ…"
"ဟမ်…"
ချန်းဖန်၏ စကားကြောင့် သူတို့ သုံးယောက် စလုံးမှာ အံ့အားသင့် သွား၏။
ကျူးနင်းရွှယ်က မျက်မှောင်ကြုတ် လိုက်သည်။ သူမသည် ချန်းဖန် အပေါ် ခံစားချက်ကောင်း ရှိ၏။ ထိုလူငယ်သည် အားနည်းကာ မိသားစု နောက်ခံကောင်း မရှိသည့်တိုင် ယဉ်ကျေးသော အမူအရာ ရှိပေသည်။ သို့သော်လည်း ကျူးနင်းရွှယ်သည် ထိုမူလ အဆင့် လူငယ်နှင့် နဂါး နတ်မိမယ်လေးမှာ ဆွေမျိုး တော်စပ် လိမ့်မည် ဟု မယုံကြည်ချေ။
လင်းရှောင်မှာမူ ပြုံး၍ ခေါင်းကိုသာ ခါယမ်း နေ၏။
"ရှင်က ရှောင်မန်ရဲ့ အကို ဟုတ်လား… လမင်းကို မျှော်ကြည့်ပြီး စိတ်ကူးယဉ် နေတာလား"
ကျူးနင်းမိုက ချန်းဖန်အား ခပ်တည်တည် ကြည့်ရင်း ပြောလိုက်သည်။ သူမသည် မနေ့က ပြောကြားခဲ့သော လင်းရှောင်၏ စကားကို နားယောင်ကာ ချန်းဖန်အား အထင်သေး နေခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ…"
တစ်ယောက်က မေးလိုက်၏။
ဤနေရာကား ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ ဂိတ်ပေါက်ဖြစ်ရာ ခဏအတွင်းမှာပင် လူများက အာရုံစိုက် လာကြသည်။ သူတို့သည် ကျူးနင်းမို၏ စကားကို ကြားမိကြ၏။
"မဖြစ်နိုင်တာ… နဂါး နတ်မိမယ်လေးမှာ ဘယ်လိုလုပ်ပြီး ဒီလို နုံခြာတဲ့ အကို ရှိမှာလဲ…"
"ငါကြားသလောက်ဆို ရှောင်မန်မှာ မိသားစု မရှိဘူးတဲ့… သူ့မှာ မွေးစားအကို တစ်ယောက်ပဲ ရှိတာ… ဒါပေမဲ့ အဲဒီ အကိုကလည်း လွန်ခဲ့တဲ့ လေးနှစ်လောက်တည်းက နတ်ဆိုးတွေနဲ့ တိုက်ပွဲမှာ ပျောက်သွားတာ တဲ့… ဒီလို မူလ အဆင့်ကတော့ နတ်ဆိုးတွေကို ယှဉ်တိုက်ခိုက်ပြီး လွတ်လာတဲ့သူ မဖြစ်နိုင်ဘူး"
"ဟုတ်တယ်… နတ်မိမယ် ရှန်းရှီ ကိုယ်တိုင် ပြောတာ ငါကြားဖူးတယ်"
ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ တပည့်များမှာ ပြောဆိုဝေဖန် နေကြသည်။ သို့သော်လည်း သူတို့သည် ချန်းဖန်အား အဖက်လုပ်၍ပင် မကြည့်ကြချေ။
ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ တပည့်များကား ကောင်းကင်အရှင် မိသားစု များမှ ဆင်းသက် လာကြသူများ ဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီကား အနည်းဆုံး ရွှေအမြုတေ အဆင့်လေးကို ပိုင်ဆိုင် ထားသူများ ဖြစ်သည်။ သူတို့သည် လင်းဝူဟွာမှ လွဲ၍ ချန်းဖန်တို့ အဖွဲ့ထဲမှ မည်သူကိုမျှ ဂရုမစိုက်ချေ။
"ရှင်ကြားတယ် မလား… ရှောင်မန်ရဲ့ အကိုက သေသွားပြီ… လာပြီး ဇာတ်လမ်းဆင် မနေနဲ့"
ကျူးနင်းမိုက မေးစေ့အား မော့ကာ ပြောလိုက်၏။
"ဟုတ်တယ်… မြန်မြန် ထွက်သွားကြ… မဟုတ်ရင် ခရမ်းလ တောင်ထိပ် အကြီးအကဲ သိတာနဲ့ နင်တို့ကို လာသတ်လိမ့်မယ်"
လူတိုင်းက ရယ်မော လိုက်ကြသည်။
"ရှင်တို့ ထွက်သွားလိုက်ပါ…"
ကျူးနင်းရွှယ်က ပင်လျှင် သက်ပြင်း ချကာ ပြောသည်။
"မဖြစ်ဘူး…"
ချန်းဖန်က အပြုံးဖြင့် ခေါင်းခါ လိုက်၏။
သူကား မြောက်ပိုင်း ကောင်းကင်အရှင် ဖြစ်ကာ မကြာခင် နတ်ဘုရား အဆင့် ရွှေအမြုတေကို ပိုင်ဆိုင်တော့မည့်သူ ဖြစ်သည်။ ရွှေအမြုတေ အဆင့် မဆိုထားနှင့် အခြေတည် ဝိညာဉ် အဆင့်များကိုပင် သူ မကြောက်ချေ။
တစ်ချိန်တည်း၌ ယွင်ရီအာနှင့် လင်းဝူဟွာ တို့မှာမူ အနည်းငယ် ဒေါသထွက် နေကြပြီ ဖြစ်သည်။
ချန်းဖန်ကား ဆေးဧကရာဇ် ဖြစ်ကာ မိသားစု တစ်ခုလုံးကို တစ်ယောက်တည်း ရှင်းပစ်ခဲ့သူ ဖြစ်သည်။ ဝမ်မိသားစု ပင်လျှင် သူ့အား ရန်မစ ဝံ့ချေ။
သို့ရာတွင် ယခု၌ မူလ အဆင့်၊ ရွှေအမြုတေ အဆင့်များလောက်က ချန်းဖန်အား လှောင်ပြောင် နေကြသည်။ အကယ်၍ အခြား နေရာ တစ်ခု၌ ဆိုလျှင် လင်းဝူဟွာသည် ထိုလူများကို သတ်ပစ်လိုက်ပြီ ဖြစ်သည်။
လင်းရှောင်က ခေါင်းအား ခါယမ်းကာ ညင်သာစွာ ပြောလိုက်၏။
"နင်းမို… အထဲကို ဝင်ကြမယ်"
သူ၏ မျက်လုံးထဲ၌ ချန်းဖန်မှာ ဟာသ သာ ဖြစ်သည်။
"ဟုတ်တယ် အမ… သွားကြရအောင်… ဘာလို့ ဒီအရူးနဲ့ စကားပြောရမှာလဲ…အကို လင်းရှောင်ရဲ့ စံအိမ်ကို လိုက်လည်ကြမယ်… အဲဒါက မဟာ အကြီးအကဲ ကိုယ်တိုင် ဆောက်ထားတာ"
ကျူးနင်းမိုက လင်းရှောင်၏ လက်ကို ဆွဲရင်း ပြောသည်။
"သွားကြတာပေါ့…"
ကျူးနင်းရွှယ်က ခေါင်းအား ခါယမ်းရင်း ဆိုလိုက်၏။
မည်သို့ပင် ဆိုစေကာမူ ပြန်လည် မွေးဖွားခြင်း ဂိုဏ်းကား ထျန်းဟောင်ဂြိုဟ်တွင် ပင်လျှင် ထိပ်တန်းဂိုဏ်း တစ်ခု ဖြစ်သည်။ သူတို့ မာနကြီးကြသည်က မထူးဆန်းချေ။
ထို့အပြင် ရှောင်မန်မှာ သူတို့ ဂိုဏ်း၏ ရတနာ ဖြစ်သည်။ တောင်တန်း အင်ပါယာ၏ ကောင်းကင် မင်းသားများနှင့် အခြား ကောင်းကင်ဂိုဏ်းများမှ ဆက်ခံသူများ သာလျှင် သူမနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုသို့ မြင့်မြတ်သော နဂါး နတ်မိမယ်လေးအား ချန်းဖန် ကဲ့သို့ စုတ်စုတ်ပြတ်ပြတ် လူတစ်ဦးနှင့် နီးစပ်သည်ကို သူတို့ မတွေ့မြင် လိုကြချေ။
"သူတို့ ပြန်ထွက်သွားတာနဲ့ သတ်ပစ်ဖို့ အခွင့်အလမ်း ရှာရမယ်"
လူအချို့က စိတ်ထဲမှ ကြိတ်ကာ ကြုံးဝါး လိုက်သည်။
"ငါကြားရသလောက်ဆို စီနီယာ လင်းရှောင်က ရှောင်မန်ကို ကြိုက်နေတာတဲ့… သူက ထုတ် မပြောပေမဲ့ ရှောင်မန် အနားကပ်တဲ့ လူတွေဆို အကုန် သမ ပစ်တာ"
"စီနီယာ လင်းရှောင်က မဟာ အကြီးအကဲရဲ့ မျိုးဆက် ဆိုတော့ နောက်ထပ် မဟာ အကြီးအကဲ ဖြစ်ဖို့ အခွင့်အရေး ရှိတယ်… ငါတို့ သူ့အတွက် ဒီကျင့်ကြံသူ အုပ်စုကို သတ်သင့်တယ်… အဲဒါမှ အနာဂတ်မှာ သူ့ နောက်လိုက်ဖြစ်ဖို့ အခွင့်အရေး ရှိမှာ"
"ဒါပေမဲ့ ဟို အနက်ရောင်ဝတ် ကောင်မလေး ကိုတော့ ချန်ထားရမယ်… သူက အဆင့် ငါး ရွှေအမြုတေ ပိုင်ရှင် ဆိုတော့ ဗြဟ္မာ့ နန်းတော်မှာ ရောင်းရင် ဈေးကောင်းရမှာ သေချာတယ်"
လင်းရှောင်နှင့် ကျူးညီအမ နှစ်ယောက် ဂိတ်တံခါး အတွင်း ဝင်ရောက်ရန် ဟန်ပြင် လိုက်စဉ်မှာပင် ရုတ်တရက်…
"ဝှစ်…"
ခရမ်းရောင် အလင်းတန်း တစ်ခုသည် ပြန်လည် မွေးဖွားခြင်း ဂိုဏ်းအတွင်းမှ ပျံထွက် လာ၏။
ထိုမိန်းကလေးကား ခရမ်းရောင် အလင်းဖြင့် တောက်ပနေကာ အသက် ဆယ့်ရှစ်နှစ်ခန့် ရှိသည်။ သူမသည် ရှည်လျားသော အညိုရောင် ဆံပင်များကို ပိုင်ဆိုင်ထား၏။ သူမ၏ ခန္ဓာကိုယ်ကမူ ရွှေရောင် မြူနှင်းဖြင့် ဝန်းရံနေပြီး ရွှေရောင် နဂါး တစ်ကောင်ကလည်း သူမ၏ အနား၌ ပျံသန်းနေသည်။
"နဂါး နတ်မိမယ်လေး…"
လူတိုင်းမှာ အံ့အားသင့် သွားကြ၏။
"ရှောင်မန်…"
လင်းရှောင်က ပြုံးကာ ရှောင်မန်အား နှုတ်ဆက်ရန် ပြင်လိုက်သည်။
သို့သော်လည်း သူမက သူ့အား မြင်ပုံပင် မပေါ်ကာ ချန်းဖန် ထံသို့ ပြေးလွှားသွား၍ ရင်ခွင် အတွင်း တိုးဝင်လိုက်တော့၏။
"အကို…"
"မင်း ရောက်လာပြီပဲ…"
ချန်းဖန်က သူမအား အလိုက်သင့် ပြန်လည် ပွေ့ဖက်လိုက်သည်။
"ဟမ်…"
များစွာသော ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ တပည့်များသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။
***