အကူအညီတောင်းခံမှု
Vol. 14 Ch. 196
“ဒီနေရာမှာ ထူးဆန်းမှုတွေရှိနေတာပဲ..”
ပိုင်ကျန့်ယွီသည် သားရဲများကို အဆုံးသတ်လိုက်ပြီးနောက်တွင် မှတ်ချက်ချလိုက်သည်။
“ဒီသားရဲတွေကို စေလွှတ်နေတဲ့သူရှိမယ်ထင်တယ်..”
လျှိုမင်ယွမ်သည် ထိုသားရဲများတွင် ပါရှိနေသည့် အစိမ်းရောင်အမှတ်အသားကို ပြန်လည်မြင်ယောင်လာ၏။ သူသည် ထိုပုံရိပ်ယောင်သားရဲများအား ထိန်းချုပ်နိုင်သူ ရှိနေမည်ဟု သံသယဝင်လာခဲ့သည်။
“ဘယ်သူပဲ ဖြစ်ဖြစ်ကိစ္စမရှိဘူး၊ အဆင့်တစ်သားရဲတွေကို လိုက်ရှာပြီး သတ်ကြမယ်..”
ပိုင်ကျန့်ယွီသည် ထိုစေလွှတ်သူကို စိတ်မဝင်စားချေ။ သူတို့နှင့် သက်ဆိုင်သည့်အရာသည် သားရဲများကို သတ်ဖြတ်ကာ အမှတ်အများဆုံးရရှိရန်ဖြစ်သည်။ ထို့ကြောင့် သားရဲများကို သတ်ရန်သာ စဉ်းစားနေသည်။ သို့မှ လျှိုမင်ယွမ်လည်း ထိုကိစ္စကို စိတ်ထဲမထားတော့ပဲ ဆိုလိုက်၏။
“ဒီနေရာမှာ အဆင့်တစ်သားရဲတွေက ရှားပါးတယ်ထင်တယ်..”
“ဝေါင်း..”
“ဒုန်း..ဒုန်း..”
လျှိုမင်ယွမ်၏ စကားပင်မဆုံးလိုက်ချေ။ ဟိန်းဟောက်သံပြုကာ ကဆုန်ပေါက်၍ လာနေသည့် သားရဲအုပ်ကြီးကို တွေ့မြင်လိုက်ရသည်။ သားရဲများသည် အဆင့်တစ်များသာ ဖြစ်သော်လည်း အရေအတွက်သည် ထောင်ချီနေ၏။
ပိုင်ကျန့်ယွီ “...”
‘ဒီကောင့်ပါးစပ်ကို ပိတ်စနဲ့ ဆို့ထားရင်ကောင်းမလား..’
လျှိုမင်ယွမ်၏ ရင်ထဲတင်းကြပ်သွားသည်။ သူသည် စကားမပြောရဲအောင်ပင် တိတ်ဆိတ်သွားသည်။ လင်းယိုဟန်လည်း ပြောစရာစကားပျောက်ဆုံးနေသည်။
သူတို့သည် သားရဲများကို သတ်ဖြတ်ရမည်ဖြစ်သော်လည်း ထိုမျှ များပြားသည့် သားရဲအုပ်ကြီးအား တိုက်ခိုက်လိုသည်တော့မဟုတ်ပေ။ ထိုသားရဲများ၏အင်အားသည် အဆင့်တစ်တွင်သာရှိသော်လည်း အရေအတွက်နှင့်ဆိုလျှင် တစ်ကောင်တစ်ချက်နင်းသွားတောင် အသက်ထွက်သွားနိုင်သည်။
ပိုင်ကျန့်ယွီနှင့် လင်းယိုဟန်တို့သည် သက်ပြင်းချကာ ထိုသားရဲများထံ တိုက်ခိုက်လိုက်ကြ၏။ လျှိုမင်ယွမ်သည် အမှားလုပ်ထားမိသည့် အမူအယာနှင့် ဖြစ်နေပြီးနောက် သူ၏ စိတ်စွမ်းအင်များသုံးကာ သားရဲများအကြား ပြေးဝင်သွားတော့၏။
လျှို့ဝှက်နယ်မြေ၏ အခြားတစ်နေရာတွင် ကျင့်ကြံသူ သုံးဦးသည် များပြားလှသည့် ပုံရိပ်ယောင်သားရဲများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံနေရသည်။
“အစ်ကိုဟူကျိ သားရဲတွေက များလွန်းတယ်၊ ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် ကျုပ်တို့ ဝိညာဉ်စွမ်းအင်တွေ ကုန်ဆုံးသွားနိုင်တယ်..”
ထိုသုံးဦးမှ အမျိုးသားတစ်ဦးသည် မောဟိုက်စွာ ဆိုလိုက်၏။ သူသည် ထူယဲ့ဖြစ်ပြီး အဆင့်တစ်တွင် ရောက်ရှိနေသူဖြစ်သည်။
“ငါလမ်းဖောက်ပေးမယ်၊ မင်းနဲ့ ရူယိက ချက်ချင်းဆုတ်ခွာဖို့ပြင်..”
အစ်ကိုဟူကျိဆိုသူသည် သားရဲများအား တိုက်ခိုက်နေရင်း ပြောလိုက်သည်။ သူသည် ကျီးဟူကျိဖြစ်ပြီး အဆင့်နှစ်တွင်ရှိနေသည့်သူပင် ဖြစ်လေ၏။
“အစ်ကိုကြီး ကရော..”
ကျီးရူယိ ဆိုသည့်မိန်းကလေးသည် စိတ်ပူစွာ မေးလိုက်သည်။ သူမ၏ အဆင့်သည် ထူယဲ့နှင့် အတူတူပင်ဖြစ်ပြီး ကျီးဟူကျိ၏ ညီမလည်းဖြစ်၏။ သူတို့သုံးဦးသည် ကျန်းကျာ့နယ်မြေ၏ မြို့ငယ်လေးတစ်ခုမှ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြသောကြောင့် တစ်ယောက်အကြောင်းတစ်ယောက်နားလည်နေကြ၏။
“မပူနဲ့..ငါ ချက်ချင်းလိုက်လာနိုင်တယ်..”
ကျီးဟူကျိသည် ချက်ချင်းဆိုသလို ဝိညာဉ်စွမ်းအင်များကို သူ၏ ဓားတွင် လောင်ကျွမ်းစေလိုက်သည်။ ထို့နောက် အားပြင်းပြင်းနှင့် လမ်းကြောင်းတစ်ခုကို ဦးတည်ကာ ခုတ်လွှဲလိုက်၏။ သူ၏ စွမ်းအင်အလင်းတန်းသည် ကြီးမားကျယ်ပြန့်သည် ဓားအသွင်သို့ပြောင်းလဲသွားသည်။
“ဝုန်း..”
ထိုစွမ်းအင်များကြောင့် မြေလွှာများ အက်ကွဲကုန်ကာ လမ်းကြောင်းတစ်လျှောက်ရှိသားရဲများသည် လွင့်စင်ကုန်ကြ၏။
“အခုသွား..”
ကျီးဟူကျိသည် ထိုနှစ်ဦးအား အော်ဟစ်လိုက်၏။
“အစ်ကိုကြီး..”
ကျီးရူယိသည် တွန့်ဆုတ်နေသော်လည်း ထူယဲ့၏ ဆွဲခေါ်သွားမှုကြောင့် လိုက်ပါသွားရသည်။ ကျီးဟူကျိသည် ထွက်ခွာမည့်လမ်းကြောင်းအား ဆက်တိုက်ဆိုသလို ရှင်းလင်းပေးနေ၏။
“လုံခြုံတဲ့ နေရာအရင်သွား..”
ကျီးဟူကျိသည် ထိုသို့ ပြောရင်း သားရဲများကို ထိန်းထားလိုက်၏။ သူတို့သည် ထိုသားရဲများအား မည်သို့ပင် တိုက်ခိုက်သော်လည်း ၎င်းတို့သည် မကုန်ခမ်းနိုင်သည် အင်အားများရှိနေသည့်အလားပင်။ ကျီးဟူကျိသည် သူ၏ ဓားအလင်းများအား သားရဲအုပ်ထံသို့ ဆက်တိုက်ပစ်သွင်းလိုက်၏။
လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်ရှိလာသည့် လူငယ်များအားလုံးသည် နေရာအနှံ့တွင် ရှိနေကြ၏။ ထို့အပြင် သားရဲအုပ်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုများကို တွေ့ကြုံနေကြရသည်။
“ဟူး..”
ပိုင်ကျန့်ယွီသည် မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိ၏။ သူ၏ အသက်ရှုသံများသည်လည်း ပြင်းထန်နေတော့သည်။
သူ၏ ဘေးတွင် လျှိုမင်ယွမ်လည်း အသက်ကို အမောတကောရှုသွင်းနေရသည်။ လင်းယိုဟန်လည်းအလားတူပင်။ သူတို့သည် စကားပင် မပြောနိုင်ကြသေးချေ။
ထို့နောက် သူတို့သည် အသက်ရှုသံများ ထိန်းချုပ်လာနိုင်ပြီးနောက် ဆေးလုံးများထုတ်ကာ သောက်သုံးလိုက်ကြ၏။
“အဆင့်တစ် သားရဲတွေ ဒီလောက်များမယ်မထင်ထားဘူး..”
လျှိုမင်ယွမ်သည် အဆင့်တစ်သားရဲများနှင့် တိုက်ခိုက်ခြင်းသည် အိမ်မက်ဆိုးသဖွယ် ထင်မှတ်မိနေ၏။ သူတို့သည် အတောမသတ်နိုင်သည့် သားရဲများ၏ တိုက်ခိုက်မှုများကိုလည်း ရှောင်တိမ်းရသေးသည်။ ထို့အပြင် ၎င်းတို့၏ အမှတ်အသားအားလည်း မလွဲချော်အောင် ဦးတည်ရသေး၏။ အဆင့်တစ်သားရဲများသာဖြစ်သော်လည်း သူတို့အတွက် မလွယ်ကူခဲ့ချေ။
“ဒီနှုန်းအတိုင်းဆို အမှတ်ရဖို့ထက် မသေအောင်ပဲ ပြေးနေရမယ်ထင်တယ်..”
ပိုင်ကျန့်ယွီသည် ခေါင်းခါယမ်းကာဆိုလိုက်၏။ အမှတ်ရရန်အတွက် သားရဲများအား သတ်ဖြတ်ရန်လိုအပ်သော်လည်း သားရဲများ၏ လက်ရှိနှုန်းနှင့်ဆိုလျှင် အသက်ရှင်ကျန်ရန်သာ ပြေးလွှားနေရပေမည်။
“တတိယအစ်ကို ကျင့်ကြံသူနှစ်ဦးရဲ့ အရှိန်အဝါကို ခံစားမိတယ်..”
လျှိုမင်ယွမ်သည် မျက်မှောင်ကြုတ်သွားကာ ဆိုလိုက်၏။ သူသည် ပင်ပန်းနေသော်လည်း သူ၏ စိတ်ဝိညာဉ်သည် သာမာန်မဟုတ်ပေ။ အဝေးမှ ချဉ်းကပ်လာသည့် အရှိန်အဝါများကို ချက်ချင်း ခံစားမိလိုက်သည်။
ခဏအကြာတွင် အလောတကြီးပြေးလွှားနေသည့် ပုံရိပ်နှစ်ခုကို တွေ့မြင်လိုက်ရ၏။
“စီနီယာအစ်ကိုတို့..”
ထူယဲ့နှင့် ကျီးရူယိသည် ပိုင်ကျန့်ယွီတို့အနား သို့ရောက်ရှိလာကာ အလောတကြီးနှုတ်ဆက်လိုက်၏။
“ကျွန်မတို့ကို အကူအညီပေးဖို့ တောင်းဆိုချင်ပါတယ်..”
ကျီးရူယိသည် ဦးညွှတ်ကာ ဆိုလိုက်၏။ သူမသည် ပိုင်ကျန့်ယွီတို့၏ အရှိန်အဝါကို ခံစားမိသောကြောင့်အလျှင်အမြန် လာရောက်အကူအညီတောင်းခံခြင်းဖြစ်သည်။ သူမသည် ရာချီရှိနေသည့် ပုံရိပ်ယောင်သားရဲများကို သူမ၏အစ်ကိုဖြစ်သူသည် ရင်ဆိုင်နေရကြောင်းရှင်းပြလိုက်၏။
ပိုင်ကျန့်ယွီသည် လေးလေးနက်နက်စဉ်းစားလိုက်ပြီးနောက် သဘောတူလိုက်သည်။
“လမ်းပြ..”
ပိုင်ကျန့်ယွီ၏စကားကြောင့် ကျီးရူယိသည် ပျော်ရွင်သွား၏။ ထို့နောက် ကျီးဟူကျိ ရှိရာသို့ လမ်းပြလိုက်တော့သည်။
“ဝေါင်း..”
“ဝုန်း..”
တစ်ဖက်ရှိ ကျီးဟူကျိသည် ပုံရိပ်ယောင်သားရဲများအား အသည်းအသန်ပင် တိုက်ခိုက်နေရ၏။ ထို့အပြင် သူထွက်ခွာမည့်လမ်းကြောင်းအား ပိတ်ဆို့ထားကြသည်။
‘ဒီအတိုင်းဆို ငါဝိညာဉ်စွမ်းအင်တွေ ပြန်ပြီး မဖြည့်နိုင်ခင်မှာပဲ ဒဏ်ရာအပြင်းအထန်ရလာနိုင်တယ်’
ကျီးဟူကျိသည် သားရဲများကြားတွင် ရုန်းကန်နေရ၏။ အဆင့်နှစ် အနေနှင့် ထိုသားရဲများအား ရှင်းထုတ်နိုင်သော်လည်း ထိုသားရဲများသည် သေဆုံးသွားခြင်းမရှိချေ။ ထို့အပြင် တိုက်ပွဲကြာလာသော်လည်း အားနည်းလာဟန်မရချေ။
ထိုအရာသည် သူ့ကိုပို၍ပင် ပင်ပန်းစေကာ ဝိညာဉ်စွမ်းအင်များ ခမ်းခြောက်သွားနိုင်၏။
“သေစမ်း..”
ကျီးဟူကျိသည် မာန်ဟုန်သွင်းအား ဓားချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သို့သော် ထိုဓားချက်သည် သားရဲများအား ရပ်တန့်နိုင်စွမ်းမရှိခဲ့ပေ။ သူသည် အားနည်းလာသောကြောင့်ပင်။
သားရဲများသည် သူ့ကို နင်းခြေတော့မည့်အလား တဟုန်ထိုးပြေးလာ၏။ ကျီးဟူကျိသည် တုန့်ပြန်ရန်ပင် အားမရှိတော့ချေ။
“ဘုန်း..”
သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် အဝေးသို့ လွင့်စင်သွားသည်။ ထိုအချိန်တွင် ခန္ဓာကိုယ်ကြီးမားသည့်သားရဲသည် သူ့အားနင်းချေလိုက်၏။
“ရွှစ်..”
ကျီးဟူကျိသည် မျက်လုံးမှိတ်ကာ သေဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေစဥ်တွင် လေတိုးသံ တစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် လေတိုးသံများသည် မိနစ်ဝက်အတွင်း ဆက်တိုက် ဆိုသလိုပေါ်ထွက်နေ၏။ ထို့နောက်တွင် ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားပြီး သားရဲဟိန်းဟောက်သံများလည်း မကြားရတော့ချေ။
‘ငါသေသွားပြီလား..’
ထိုတိတ်ဆိတ်မှုကြောင့် ကျီးဟူကျိသည် အံ့ဩသွားပြီး မျက်လုံးဖွင့်ကြည့်လိုက်မိ၏။
“အစ်ကိုကြီး..”
ကျီးရူယိနှင့် ထူယဲ့သည် အမောတကောရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။