စိတ်ဝင်စားမှုမြင့်တက်လာခြင်း
Vol. 14 Ch. 199
လုရှင်းယန်၏ ‘အဘွားကြီး’ ဟူသည့် စကားကြောင့် ရင်ပြင်အတွင်းရှိ ဆွေးနွေးသံများပင် ငြိမ်ကျသွားသည်။ အားလုံးသည် အသက်ရှုရန်ပင်မေ့လျော့နေကြသည့်အလားပင်။
‘အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီး အခေါ်အဝေါ်ကို ဂရုစိုက်ရမယ်ဆိုတာ ဒီကောင်လေးမသိဘူးလား..’
အားလုံး၏ အထင်အတိုင်းပင် ကျန်းလီယွီ့၏ ဒေါသများပေါက်ကွဲလာခဲ့သည်။ သူမသည် အသွင်အပြင်ကို ဂရုမစိုက်ခြင်းသည် ထိုသို့ ခေါ်ဝေါ်ခြင်းကို လက်ခံနိုင်သည်ဟု မဆိုလိုပေ။
“မင်း ဘာပြောလိုက်တယ်..”
“အသက်ကြီးတော့ အကြားအာရုံပါ ချို့ယွင်းလာပြီထင်တယ်..”
လုရှင်းယန်သည် စိတ်မကောင်းဖြစ်နေသည့် လေသံနှင့် ဆိုလိုက်သည်။
အားလုံး “...”
ဝမ်မုန့်ယွင်ပင် စွံ့အစွာ သူ့ကို ကြည့်လိုက်မိ၏။ လုရှင်းယန်မှ ဟုတ်ရဲ့လားဟုပင် တွေးမိနေသည်။
“မဆိုးဘူး..၊ ငါ့တပည့်က အမြင်ရှိတယ်..”
ဟွမ်းသည် လေဟာနယ်အတွင်းမှ ခေါင်းတညိတ်ညိတ်နှင့် တီးတိုးထောက်ခံနေ၏။
“မင်း..၊ ရဲတင်းလှချေလား..”
ကျန်ချုးပိုင်သည် ဒေါသတကြီး ပြောဆိုတော့မည်အချိန်တွင် လုရှင်းယန်သည် ဦးစွာပြောဆိုလိုက်၏။
“ခင်ဗျားတို့ ကျန်းမျိုးနွယ်က ကျုပ်တို့ ဟွမ်းရှန့်နန်းတော်ကို အဖွဲ့အစည်းအသစ်ဆိုပြီး အနိုင်ကျင့်ဖို့ကြိုးစားနေတာလေ၊ ကျုပ်တို့က ခေါင်းငုံ့ခံမယ်ထင်နေလား..”
လုရှင်းယန်သည် ထိုသို့ပြောပြီးသည်နှင့် ရင်ပြင်တွင်းရှိ စင်မြင့်ပေါ်သို့ ယွဲ့ဝူယောင်နှင့်အတူ တက်ရောက်လာခဲ့သည်။ ဝမ်မုန့်ယွင်ကို သူတို့၏ ဂျုနီယာညီမငယ်လေးအား စောင့်ရှောက်စေလိုက်၏။
“ကောင်းတယ်..၊ ကောင်လေး မင်းတို့ ဘယ်လိုဆန့်ကျင်နိုင်မလဲဆိုတာကြည့်ဦးမယ်..၊ လောင်ဟုန် မာနထောင်လွှားနေတဲ့ လူငယ်တွေကို ဆုံးမပေးလိုက်..”
ကျန်းလီယွီသည် ဒေါသတကြီး ရယ်မောကာ အမိန့်ပေးလိုက်၏။
“ဒါက..၊ ကျန်းမျိုးနွယ် သိက္ခာကျမှာ စိုးမိပါတယ်၊ မျိုးနွယ်ခေါင်းဆောင် ပြန်စဉ်းစားပါဦး”
ကျန်းရွှမ်ထုံသည် ဝင်ရောက်တားမြစ်ရန် ကြိုးစားလိုက်သည်။ ကျန်းလောင်ဟုန်သည် အဆင့်ငါး တစ်ယောက်ဖြစ်သောကြောင့် အနိုင်ကျင့်ခြင်းသက်သက် ဖြစ်နေ၏။
“တိတ်စမ်း..၊ ဒီနေ့ ဒီလူငယ်တွေကို မဆုံးမ နိုင်မှပဲ ကျန်းမျိုးနွယ်သိက္ခာကျမှာ..”
ကျန်းလီယွီ့ကို ကျန်းရွှမ်ထုံသည် တုံပြန်ရန်ကြိုးစားလိုက်သော်လည်း သူမ၏အကြည့်ကြောင့် ထပ်မံ မလွန်ဆန်နိုင်တော့ချေ။
ထိုအချိန်တွင် ကျန်းလောင်ဟုန်သည် လုရှင်းယန်တို့ ရှိရာသို့ ခုန်ဆင်းလာ၏။
“ကောင်လေးနဲ့ ကောင်မလေး.. မင်းတို့ အဆင့်..”
“ဝှစ်..”
ကျန်းလောက်ဟုန်သည် စကားပြောရန်ကြိုးစားလိုက်သော်လည်း လှံတစ်စင်းသည် သူထံ မြန်ဆန်သည့် အရှိန် နှင့် ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။ ထိုကြောင့်သူ၏ စကားကို ရပ်တန့်လိုက်ရကာ ထိုလှံအား ပုတ်ထုတ်ကာ တားဆီးလိုက်၏။
“စိတ်မရှည်ကြဘူးပဲ..”
ကျန်းလောင်ဟုန်သည် ပြုံးလိုက်၏။ အဆင့်ငါးတစ်ဦးကို အဆင့်သုံးကျင့်ကြံသူ များစွာရှိလျှင်တောင် ရင်ဆိုင်နိုင်စွမ်းမရှိချေ။ အဆင့်သုံးနှင့် အဆင့်လေးကြားတွင်ပင် ကွာခြားချက်ကြီးမားလွန်းသည်။ အဆင့်ငါးကျင့်ကြံသူဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
လုရှင်းယန်သည် မျက်မှောင်ကြုတ်သွား၏။ သူ၏ စွမ်းအားကုန် တိုက်ခိုက်လိုက်ခြင်းမဟုတ်သော်လည်း အတော်သင့် စွမ်းအင်များ ပါဝင်နေသည်။ သို့သော် ထိုအရာကို ကျန်းလောင်ဟုန်သည် အသာယာပင် တားဆီးလိုက်နိုင်၏။
ယွဲ့ဝူယောင်သည်လည်း လစွမ်းအင်များကို လျှင်မြန်စွာ ထုတ်ဖော်လိုက်ပြီး လက်သင်္ကေတ တစ်ခု လှုပ်ရှားလိုက်ကာ ကျန်းလောင်ဟုန်ထံ ခရမ်းရောင်ရေခဲဆူးချွန်များ ပစ်လွှတ်လိုက်သည်။
“ရေခဲစွမ်းအင်လား..”
ကျန်းလီယွီ့ပင် ယွဲ့ဝူယောင်၏ စွမ်းအင်ကို သူမ ထုတ်ဖော်လိုက်မှသာ သိရှိရခြင်းဖြစ်သည်။ အားလုံးသည် ခရမ်းရောင်များဖြစ်နေသည့် ရေခဲများကို ကြည့်ကာ အံ့ဩမဆုံးဖြစ်နေတော့၏။
“ဒီနေ့ မင်းတို့ရဲ့ မောက်မာမှုက မှားယွင်းနေတယ်ဆိုတာကို သင်ပြပေးမယ်..”
ကျန်းလောင်ဟုန်သည် ရေခဲဆူးချွန်များအား အသာအယာပင် တားဆီးကာ ပြောလိုက်၏။
လုရှင်းယန်သည် သူ၏ လှံကို ဆွဲယူလိုက်ပြီးနောက် ငရဲကိုးဘုံမီးတောက်ကိုပင် ထုတ်ဖော်လိုက်သည်။ ယနေ့တွင် သူတို့၏ စွမ်းအားများကို စတင်ချိန်ကတည်းက ပြင်းပြင်းထန်ထန် ထုတ်ဖော်နိုင်မှ ရမည်ဖြစ်၏။ သူတို့ရင်ဆိုင်နေရသူသည် အဆင့်ငါးတစ်ဦးပင်။
လုရှင်းယန်၏ ငရဲကိုးဘုံမီးတောက်သည် သားရဲမီးတောက်နှင့် အချိန်ယူကာ ပေါင်းစပ်ခဲ့ရသည်။ အောင်မြင်သွားချိန်တွင် ငရဲကိုးဘုံမီးတောက်၏ လောက်ကျွမ်းအားသည် ပို၍ မြင့်မားလာခဲ့၏။
ထို့နောက်လုရှင်းယန်သည် သူ၏ လှံကို အားကုန် လွှဲယမ်းလိုက်တော့၏။
မီးစွမ်းအင်များ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းသည် ကျန်းလောင်ဟုန်ထံ အလျှင်အမြန် ရောက်ရှိသွားသည်။ ထိုစွမ်းအင်လှိုင်းသည် အနီရောင်များနှင့် တောက်ပနေပြီး အပူရှိန် ပြင်းထန်စွာထွက်ပေါ်နေ၏။
ကျန်းလောင်ဟုန်သည် ထိုလှံချက်၏ မှထွက်ပေါ်နေသည့် အရှိန်အဟုန်ကို အံ့ဩသွားသည်။ အဆင့်သုံး တစ်ဦးအနေနှင့် ထိုမျှ အင်အားကောင်းသည့် တိုက်ခိုက်မှုကိုပြုလုပ်နိုင်မည်ဟု မထင်ထားခဲ့ချေ။
သို့သော် သူသည် အဆင့်ငါးတစ်ဦးဖြစ်နေသည့် အလျောက် လုရှင်းယန်၏ စွမ်းအင်သည် မည်မျှပင် မြင့်မားနေပါစေ သူ၏ထိန်းချုပ်မှုအောက်တွင်သာ ရှိနေ၏။
“ဝုန်း..”
သူ၏ လက်နက်ပင် မထုတ်ခဲ့ချေ။ သို့သော် ဝိညာဉ်စွမ်းအင်များ ထုတ်သုံးကာ တားဆီးလိုက်ရသည်။ ထိုအရာက သူ့ကို မှင်သက်သွားစေ၏။
“အဆင့်သုံးတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းက ဒီလောက်အထိ ရှိမယ် မထင်ထားဘူး..၊ ဒါပေမဲ့ ငါ့ကို ထိခိုက်အောင်လုပ်ဖို့ မလုံလောက်သေးဘူး..”
လုရှင်းယန်သည် ထိုအရာအား တွေးထားပြီး ဖြစ်သည့်အလား ပြောဆိုလိုက်၏။
“ကျုပ်က ခင်ဗျားကို ထိခိုက်အောင် မလုပ်နိုင်တာတော့မှန်တယ်..၊ ဒါပေမဲ့ သူမ ကတော့ မသေချာဘူး..”
ကျန်းလောင်ဟုန်သည် လုရှင်းယန်၏ စကားကြောင့် မျက်မှောင်ကြုတ်သွားကာ ယွဲ့ဝူယောင် ရှိရာသို့ကြည့်လိုက်သည်။
“အေးခဲသောလ၏ရိုက်ချက်..”
အေးစက်စက်အသံနှင့်အတူ ကြီးမားသည့် လက်ဖဝါးတစ်ခုသည် ကျန်းလောင်ဟုန်ထံ အလျှင်အမြန် ချည်းကပ်လာသည်ကို တွေ့လိုက်ရ၏။
ယွဲ့ဝူယောင် ပစ်လွှတ်လိုက်သည့် လက်ဝါးချက်ကြောင့် ရင်ပြင်အတွင်း အေးခဲလာမှုကို ခံစားရလာသည်။ ထို့အပြင် ထိုလက်ဝါးသည် ကြီးမားကျယ်ပြန့်လာပြီး ကျန်းလောင်ဟုန်အား ဖိချေပစ်မည့်အသွင်နှင့် တန်းတန်းမတ်မတ် ဦးတည်နေသည်။
ကျန်းလောင်ဟုန်သည် အေးဓာတ်စွမ်းအင်ကိုအသုံးပြုသည့် ကျင့်ကြံသူများစွာနှင့် ကြုံတွေ့ဖူးသော်လည်း ထိုကဲ့သို့ ထူးခြားသည့် အအေးဓာတ်ကို ယခုမှပင် ကြုံတွေ့ဖူး၏။
သူ၏ မျက်ခုံးနှစ်ခုသည် ထိစပ်လုမတက်ပင် တွန့်ကွေးသွားသည်။ သူသည် အဆင့်သုံးကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ဂရုမစိုက်သော်လည်း ထိုလက်ဝါးထံမှ ထူးခြားဆန်းကျယ်မှုကို ခံစားမိနေ၏။
ထို့ကြောင့် သူ၏ ဝိညာဉ်စွမ်းအင်များကို လည်ပတ်စေလိုက်ကာ ထိုလက်ဝါးကို တားဆီးလိုက်သည်။
“ဝုန်း..”
“ရှပ်..ရှပ်..ချပ်..”
စင်မြင့်ထက်တွင် စွမ်းအင်ချင်း ထိခက်သံနှင့် ရေခဲများ အေးခဲလာသည့်အသံသည် ပြိုင်တူ ထွက်ပေါ်လာ၏။
ကျန်းလောင်ဟုန်သည် ယွဲ့ဝူယောင်၏ လက်ဝါးကို တားဆီးနိုင်လိုက်ပြီဟု တွေးထင်လိိုက်သည်။ သို့သော်လည်း သူ၏ လက်တွင် အေးခဲမှုကို ခံစားလာရပြီးနောက် သူ၏ခန္ဓာကိုယ်အား ခရမ်းရောင်ရေခဲအလွှာများက ဖုံးအုပ်သွားတော့သည်။
“မဖြစ်နိုင်တာ..”
ရင်ပြင်အတွင်းရှိ ကျင့်ကြံသူများနည်းတူ ကျန်းချုးပိုင်သည် လုံးဝတွေးထင်မထားသည့် ဖြစ်ရပ်မျိုးကို မြင်လိုက်ရသည့် အမူအယာများပင်။ ရင်ပြင်တစ်ခုလုံး အေးစက်သည့် ခရမ်းရောင်ရေခဲများနှင့်အတူ တိတ်ဆိတ်မှုသည် ကြီးစိုးသွား၏။
‘ဒီလိုနည်းစနည်မျိုး..၊ အဆင့်နှစ်နယ်မြေတွေက မျိုးနွယ်ကြီးတွေဆီမှာပဲ ရှိတယ်လို့ကြားဖူးထားတာ..’
ကျန်းလီယွီ့သည် အတွေးများစွာဝင်ရောက်လာ၏။ အဆင့်နှစ်နယ်မြေရှိ မျိုးနွယ်ကြီးများတွင်ရှိသည့် နည်းစနစ်များသည် သာမန်ထက်ထူးကဲသည် ဟုကြားဖူးထားခြင်းရှိသည်။ သို့သော် ကိုယ်တိုင်ကြုံတွေဖူးခြင်းမရှိပေ။ ထို့ကြောင့် ယုံကြည်ရန်ခက်ခဲ၏။
သို့သော် ယွဲ့ဝူယောင်အသုံးပြုလိုက်သည့် နည်းစနစ်သည် သူမထက်အဆင့်များစွာကွာခြားသည့် ကျင့်ကြံသူကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်ကို ကြုံတွေ့လိုက်ရပြီဖြစ်သည်။
‘အဲ့ဒီနန်းတော်သခင်ဆိုတဲ့သူက ဘယ်သူများလဲ..၊ လူငယ်တွေကို ဒီလောက်အထိ အစွမ်းထက်အောင် သင်ကြားပေးထားနိုင်တဲ့သူက သာမန်ထက်ထူးခြားနေမှာ ကျိန်းသေပဲ..’
ကျန်းရော့လင်လည်း ယွဲ့ဝူယောင်နှင့် လုရှင်းယန်တို့၏ စွမ်းအင်များကို ခံစားမိနေသည်။ ထို့အပြင် လျှို့ဝှက်နယ်မြေတွင်းဝင်ရောက်သွားသည့် တပည့်များအပြင် နတ်ဝိညာဉ်နှင့် တပည့်တစ်ဦးလည်း ရှိနေပြန်၏။
ရင်ပြင်အတွင်းရှိ ကျင့်ကြံသူများသည်လည်း ဟွမ်းရှန်းနန်းတော်ဆိုသည့်အဖွဲ့အစည်းအပေါ် စိတ်ဝင်စားမှုများ မြင့်တက်လာပြီဖြစ်သည်။