တပည့်များ၏စွမ်းအား
Vol. 14 Ch. 200
“ခရက်..”
“ခလွမ်း..”
ကျန်းလောင်ဟုန်ကို ဖုံးအုပ်ထားသည့် ရေခဲအလွှာသည် အက်ကြောင်းများ ပေါ်ထွက်လာပြီးနောက် ကွဲကြေသွားသည်။ သူသည် ထိုရေခဲအလွှာများကို ဖျတ်စီးဖြိုခွဲလိုက်သော်လည်း တုန်လှုပ်မှုကို ခံစားနေရသည်။ ယွဲ့ဝူယောင်၏ တိုက်ခိုက်မှုသည် သူ့အား ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်းကြောင့်မဟုတ်ပေ။
သို့သော်လည်း အဆင့်သုံးကျင့်ကြံသူသည် သူ့အား စက္ကန့်ပိုင်းမျှ ထိန်းချုပ်ထားနိုင်သည်ကိုပင် မယုံကြည်နိုင်ဖြစ်နေ၏။
ထိုခရမ်ရောင်ရေခဲများ ဖျတ်စီးရန် သူ၏ ဝိညာဉ်စွမ်းအင် အများအပြားသုံးစွဲ၍ ဖျက်စီးလိုက်ရသည်။
“မင်းတို့ကို အထင်မသေးတော့ဘူး..”
ကျန်းလောင်ဟုန်သည် ဒေါသထွက်လာသည့် အမူအယာနှင့် တိုက်ခိုက်၏။ သူ၏မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်ဟန် ပေါ်ထွက်လာသည်။
“ဘုန်း..”
သူ၏ လက်သီးအား လေထုတွင် ဝှေ့ယမ်းလိုက်ချိန်တွင် ပြင်းထန်သည့် စွမ်းအင်လှိုင်းသည် ယွဲ့ဝူယောင်ထံ ဦးတည်သွား၏။ သူ၏ စွမ်းအင်လှိုင်းသည် ယွဲ့ဝူယောင်အား အသေသတ်ရန်အထိမကြမ်းတမ်းသော်လည်း ထိမှန်သွားပါက အပြင်းအထန် ဒဏ်ရာရရှိသွားနိုင်သည်။ အဆင့်ငါးတစ်ဦး၏ အလေးအနက်တိုက်ခိုက်မှုသည် ပေါ့သေးသေးမဟုတ်ချေ။
ယွဲ့ဝူယောင်သည် သူ၏ လစွမ်းအင်များကို အရှိန်ဟုန်မြင့်တင်ကာ တားဆီးရန်ကြိုးစားလိုက်၏။
ထိုအချိန်တွင် လုရှင်းယန်လည်း သူ၏ စွမ်းအင်များကို အဆုံးထိ မြင့်တင်လိုက်ကာ ယွဲ့ဝူယောင်နှင့်အတူ တားဆီးလိုက်ကြသည်။
“ဝုန်း..”
သူတို့နှစ်ဦး၏ စွမ်းအင်အသီးသီးနှင့် တားဆီးလိုက်နိုင်သော်လည်း သွေးအန်လိုက်ရ၏။ ထို့အပြင် သူတို့၏ ခန္ဓာကိုယ်များသည် တုန်ယင်နေသည်။ လုရှင်းယန်သည် သူ၏လက်နှစ်ဖက်တွင် သွေးများယိုစီးကျနေ၏။ ခန္ဓာကိုယ်သည်လည်း နှုံးချိသွားသည်ဟု ခံစားလိုက်ရသည်။
ယွဲ့ဝူယောင်သည် လုရှင်းယန်လောက် အခြေအနေ မဆိုးသော်လည်း သူမ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင်ဆုံးရှုံးမှုများပြားနေသည်။ ထို့နောက် သူတို့နှစ်ဦးသည် ဆေးလုံးများ ထုတ်ကာ သောက်သုံးလိုက်ကြ၏။
“မင်းတို့ ဒူးထောက် အညံ့ခံလိုက်တာနဲ့ ဖြစ်ပျက်ခဲ့သမျှကို ဒီနေရာမှာ အဆုံးသတ်ပေးမယ်..”
ကျန်းလီယွီ့သည် ယွဲ့ဝူယောင်တို့ကို ပြောလိုက်၏။ ထိုလူငယ်များသည်မောက်မာသော်လည်း စွမ်းရည်ကောင်းများရှိနေကြသည်။ ထို့ကြောင့် သိမ်းသွင်းရန်ကြိုးစားလိုက်၏။
“ကျွန်မတို့ကို ဒူးထောက်စေချင်တာလား..၊ ရှင့်ကိုရှင် အဆင့်မှီတယ်လို့ထင်နေလား..”
ယွဲ့တူယောင်သည် အားနည်းဟန်ရှိနေသော်လည်း သူမ၏ မျက်ဝန်းများတွင် အေးစက်စက်နှင့် မောက်မာမှုများရှိနေဆဲပင်။
ကျန်းလီယွီ့သည် ပျက်လုံးတစ်ကိုကြားလိုက်ရသည့်အလားဖြစ်သွား၏။ သို့သော် သူမ၏ စိတ်တွင် အောင့်သက်သက်ဖြစ်လာသည်။ ထိုအောက်စီးရောက်နေသည့် လူငယ်များသည် ထိုမျှပင် မောက်မာနိုင်စွမ်းရှိနေသေးသည်ကို မယုံကြည်နိုင်ချေ။ ထို့နောက် သူမ၏ စိတ်ရှည်မှု ကုန်ဆုံးသွားတော့၏။
“မင်းတို့ရဲ့ မာနတွေက မင်းတို့ကို ဒုက္ခရောက်စေတာပဲ..၊ လောင်ဟုန်..”
ကျန်းလောင်ဟုန်သည် ကျန်းလွီယွီ၏ အမိန့်ပေးသံအောက်တွင် အဆုံးသတ် တိုက်ခိုက်ရန် ပြင်လိုက်၏။ ယွဲ့ဝူယောင်တို့ နှစ်ဦးပေါင်းသည် ကျန်းလောင်ဟုန်၏ တိုက်ခိုက်မှုများကို အသည်းအသန်ပင် ခုခံနေရသည်။
ထိုအချိန်တွင် လျှို့ဝှက်နယ်မြေစ ကျောက်ပြားသည် စွမ်းအင် လှုပ်ခပ်မှုများဖြစ်ပေါ်လာ၏။ ထို့နောက်တွင် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားသည့် လူငယ်များ ပြန်လည်ထွက်ပေါ်လာကြသည်။
“အစ်ကိုပိုင်၊ အစ်ကိုလျှိုတို့ရဲ့ ကျေးဇူးကြောင့် အသက်ရှင်လျက်ပြန်ထွက်လာနိုင်တာ..”
လူငယ်များ၏ ကျေးဇူးတင်သံများနှင့်အတူ ကျောက်ပြား၏ ရှေ့တွင် ထွက်ပေါ်လာသည်။ သို့သော် သူတို့သည် ပိုင်ကျန့်ယွီသည် ရုတ်တရက် လှုပ်ရှားလိုက်မှုကြောင့် ထိတ်လန့်သွား၏။
“သေစမ်း..”
ပိုင်ကျန့်ယွီသည် သူ၏ တိမ်လွှာဓါးကို ကောင်းကင်ထက်သို့ ဦးတည်ကာ ပစ်လွှတ်လိုက်သည်။ ထို့နောက် သူကိုယ်တိုင်ပင် ကောင်းကင်ထက်သို့ပျံသန်းသွား၏။
“ယိုဟန်.. ဝမ်အာ အနားကာကွယ်ထား..”
လျှိုမင်ယွမ်လည်း အလားတူ ပိုင်ကျန့်ယွီနှင့် တူညီနေသည့် ဦးတည်ရာသို့ တိုက်ခိုက်မှုပြုလုပ်လိုက်သည်။ လင်းယိုဟန်သည် ချင်ချင်း စင်မြင့်ပေါ်သို့ ပျံသန်းသွားကာ ကျောက်ဝမ်အာအနီးသို့ သွားရောက်လိုက်၏။
ဝမ်မုန့်ယွင်သည် ဝင်ရောက် တိုက်ခိုက်ခြင်း မပြုသေးသည်မှာ ယွဲ့ဝူယောင်တို့ တားမြစ်ထားသောကြောင့်ပင်။ ထို့အပြင် သူမသာ ဝင်ရောက်တိုက်ခိုက်လိုက်လျှင် ကျန်းမျိုးနွယ်၏ အဆင့်ငါး များစွာရှိနေသေးသည်။ သူမသည် ထိုသူများ၏ လူရှားမှုများကိုလည်း စောင့်ကြည့်နေရ၏။
ပိုင်ကျန့်ယွီနှင့် လျှိမင်ယွမ်သည် ဤနေရာသို့ ပြန်ရောက်ရောက်ချင်းပင် ယွဲ့ဝူယောင်နှင့် လုရှင်းယန်တို့၏ တိုက်ခိုက်မှုများကို ခံစားမိသွားသည်။
ထို့ကြောင့်ပင် မတုန့်နှေးပဲ ကျန်းလောင်ဟုန်ကို တိုက်ခိုက်မှုများ စေလွတ်လိုက်ခြင်းဖြစ်၏။
“ဘုန်း..”
“ဟမ့်..နောက်ထပ် အဆင့်နှစ်နှစ်ယောက်က အံတုဖို့ကြိုးစားနေတာလား..”
ကျန်းလောင်ဟုန်သည် ပိုင်ကျန့်ယွီ၏ ဓားကို ရိုက်ထုတ်လိုက်သည်။ သို့သော် ပိုင်ကျန့်ယွီသည် လွင့်စင်လာသည့် သူ၏ ဓားကို ပြန်လည်ဖမ်းယူလိုက်၏။ ထို့နောက် ချက်ချင်းပင် ဓားချက်များစွာကို ခုတ်လွှဲလိုက်သည်။
ကျန်းလောင်ဟုန်သည် ပိုင်ကျန့်ယွီ၏ ဓားချက်များကို အသာယာပင်တုန့်ပြန်လိုက်၏။
“ဒီလောက်စွမ်းအားလေးနဲ့လား..”
ကျန်းလောင်ဟုန်သည် ပျက်ရယ်ပြုရန် ကြိုးစားလိုက်ချိန်တွင် သူ၏ နောက်ကျောတွင် လှံတစ်စင်းဝင်ရောက်လာသည်ကို ခံစားမိလိုက်၏။
“ဘုန်း..”
လုရှင်းယန်၏ လှံကို သူလက်တစ်ဖက်တွင် စွမ်းအင်များစုစည်းကာ တားဆီးလိုက်၏။ လုရှင်းယန်သည် အလျော့မပေးပဲ အံကြိတ်ကာ ဆက်လက်ထိုးစိုက်နေသည်။
ကျန်းလောင်ဟုန်သည် သူ၏ ကျန်ရှိသည့် လက်တစ်ဖက်နှင့် တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် ပါးလွှာသည့် ဓားတစ်စင်းသည် ဝင်ရောက်လာ၏။
ထို့ကြောင့် လုရှင်းယန်ကို တိုက်ခိုက်ရန် သူ၏ လက်သည် ပိုင်ကျန့်ယွီ၏ဓားကို တားဆီးလိုက်ရသည်။
“စိတ်ဝိညာဉ် ပိုက်ကွန်..”
ကျန်းလောင်ဟုန်ကို တိုက်ခိုက်ရန် အချိန်မပေးတော့ချေ။ လျှိုမင်ယွမ်သည် စိတ်ဝိညာဉ်တိုက်ခိုက်မှု ပြုလုပ်လိုက်၏။
“အော့..”
လျှိုမင်ယွမ်သည် မျှတမှုမရှိသည့် အဆင့်ကွာခြားချက်ကြောင့် သွေးအန်လိုက်ရ၏။ သူ၏ စိတ်ဝိညာဉ်သည် သန်မာသည်ဆိုသော်လည်း အဆင့်ငါး တစ်ဦးကို ဖိနှိပ်ရန် ပေးဆပ်မှုများစွာ ပြုလုပ်ရသည်။
သို့သော် သူ၏ တိုက်ခိုက်မှုသည် အလုပ်ဖြစ်သွားခဲ့၏။ ကျန်းလောင်ဟုန်၏ စိတ်ဝိညာဉ်ကို စက္ကန့်ပိုင်းမျှ ဖမ်းချုပ်နိုင်လိုက်သည်။
ထို့ကြောင့် ကျန်းလောင်ဟုန်သည် သူ၏ စိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်သည် စက္ကန့်ပိုင်းမျှ ထိန်းချုပ်မှု လွတ်ကင်းသွား၏။
သူသည် အဆင့်ငါးတစ်ဦးဖြစ်သည်မို့ လျှင်မြန်စွာပြန်လည်ထိန်းချုပ်နိုင်လိုက်သည်။
သို့သော် မထင်မှတ်ထားသည့် ဖြစ်ရပ် ဖြစ်ပေါ်သွား၏။ သူ၏ခန္ဓာကိုယ်အား ပူလောင်မှုပြင်းထန်သည့် လှံတစ်စင်း၊ ထိုးစိုက်ထားမှန်းတောင် မသိသာသည့် ဓားတစ်လက်နှင့် အေးစက်လွန်းသည့် စွမ်းအင်များ ဝင်ရောက်နေသည်ကို တွေ့လိုက်ရသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ..”
ကျန်းလောင်ဟုန်သည် စက္ကန့်ပိုင်းလောက်သာ သတိလွတ်သွားခဲ့ခြင်းဖြစ်၏။ သို့သော် ထို့အချိန်အတွင်း သူသည် ဒဏ်ရာများစွာရရှိသွားခဲ့သည်။ ထိုဒဏ်ရာများသည် သူ၏ အသက်နှင့် ဝေးသော်လည်း သာမန်ထိခိုက်မှုမျိုး မဟုတ်ခဲ့ပေ။
သူ၏ ခန္ဓာကိုယ်အတွင်းဝင်ရောက်နေသည့် စွမ်းအင်သုံးခုသည် သူ၏ သွေးကြောများအား အသည်းအသန်ဖျတ်စီးနေသည်။ ပိုင်ကျန့်ယွီသည် အဆင့်နှစ်သာ ဖြစ်သော်လည်း ဓားသန္ဓေပိုင်ဆိုင်ထားသည့်အတွက် သူ၏ ဓားစွမ်းအင်များသည် သာမန်မဟုတ်ချေ။ ထို့အပြင် လုရှင်းယန်၏ အဖျတ်စွမ်းအားကောင်းသည့် မီးစွမ်းအင်နှင့် ယွဲ့ဝူယောင်၏ ကြောက်မက်ဖွယ် လစွမ်းအင်တို့သည် ကျန်းလောင်ဟုန်အတွက် အကြီးအကျယ် ဒုက္ခရောက်စေသည်။
ယွဲ့ဝူယောင်တို့လေးဦးသည် ကျန်းလောင်ဟုန်နှင့် တိုက်ခိုက်ထားရမှုကြောင့် စွမ်းအင်များ ကုန်ခမ်းလုနီးပါးဖြစ်လာ၏။
ပရိတ်သတ်များသည် အံ့ဩမှင်သက်နေမိကြသည်။ အဆင့်နှစ်နှစ်ဦးနှင့် အဆင့်သုံး နှစ်ဦးသည် အဆင့်ငါး ကျင့်ကြံသူအား ဤမျှအထိ အကျိုးသက်ရောက်စေမည်ဟု မထင်ထားခဲ့ချေ။
လျှို့ဝှက်နယ်မြေ အတွင်းမှ ထွက်လာခဲ့ကြသည့် လူငယ်များသည်လည်း သူတို့၏ တိုက်ခိုက်မှုများကိုကြည့်ရင်း ယုံကြည်ရန်ပင် ခက်ခဲနေသည်။
“မင်းတို့ သေချင်နေတာပဲ..”
ကျန်းချုးပိုင်သည် ကျန်းလောင်ဟုန်၏ ရှုံးနှိမ့်သွားမှုကို ဒေါသထွက်သွားပြီး ယွဲ့ဝူယောင်တို့အား တိုက်ခိုက်ရန် ကြိုးစားလိုက်၏။
“ဝုန်း..”
“ကျန်းမျိုးနွယ်က အကြောင်းမဲ့ သက်သက် အနိုင်ကျင့်နေတက်တာကို ဒီနေ့မှာ သင်ခန်းစာရလိုက်ပြီ..”