ရန်သူအဖြစ်ကြေညာခြင်း
Vol. 14 Ch. 201
“ဘာတွေဖြစ်နေတာလဲ..”
ထိုရင်ပြင်အတွင်းသို့ ပုံရိပ်တစ်ခုသည် ဝင်ရောက်လာခဲ့၏။ ထိုပုံရိပ်သည် ကျန်းမျိုးနွယ်၏ သခင်လေးဖြစ်သူ ကျန်းလီချွမ်ပင်။ ထို့နောက် ရင်ပြင်အတွင်းရှိ အဖြစ်အပျက်များကို ကြည့်ကာ မှင်သက်နေတော့သည်။
“သူမက..”
ထို့အပြင် ရွှယ်ဝူယကိုပင် ဖိအားပေးတိုက်ခိုက်နိုင်ခဲ့သည့် ယွဲ့ဝူယောင်ကို တွေ့ရှိလိုက်ရသည်။
“မျိုးနွယ်ခေါင်းဆောင် ဒီလောက်နဲ့ ရပ်သင့်ပြီထင်တယ်..”
ကျန်းရွှမ်ထုံသည် ကျန်းလီယွီ့ကို ကြည့်ကာဆိုလိုက်၏။ ဟွမ်းရှန့်နန်းတော်၏ တပည့်များသည် သာမန်မဟုတ်ပေ။ လျှို့ဝှက်နယ်မြေမှ ထွက်လာသည့် လူငယ်နှစ်ဦးသည် သူတို့၏ စီနီယာများ တိုက်ခိုက်ခံနေရသည်ကို တွေ့တွေ့ချင်းပင် တိုက်ခိုက်ကြသည်။ သူတို့၏ ရန်သူနှင့် အဆင့်ကွာခြားလွန်းသည်ကို သိသော်လည်း တုန့်ဆိုင်းမှု မရှိခဲ့ပေ။ ထိုအရာသည် သာမန် စည်းလုံးမှုနှင့်ပင်ဖြစ်နိုင်သည့် အရာမဟုတ်ချေ။
ကျန်းလောင်ဟုန်သည် လူငယ်လေးဦးအား လျော့တွက်မိခဲ့သောကြောင့် ဤမျှဆိုးဆိုးဝါးဝါးဖြစ်ခဲ့ရသည်။ သို့သော်လည်း သာမန် အဆင့်သုံး ကျင့်ကြံသူ လေးယောက်ပေါင်းလျှင်ပင် ကျန်းလောက်ဟုန်ကို အနိုင်ယူနိုင်ရန်မသေချာပေ။
“နင်က ငါ့ကို သင်ပြဖို့ကြိုးစားနေတာလား..”
ကျန်းလီယွီ့သည် မာန်မဲလိုက်ပြန်၏။
“သေစမ်း..”
သူတို့နှစ်ဦးစကားများနေချိန်တွင် ကျန်းချုးပိုင်သည် ယွဲ့ဝူယောင်တို့ကို တိုက်ခိုက်မှုပြုလိုက်သည်။ သို့သော် ဝမ်မုန့်ယွင်သည် ဝင်ရောက်တားဆီးလိုက်၏။ သူမသည် ကျန်းမျိုးနွယ်အား မည်သို့မျှ လေးစားမှု မရှိတော့ချေ။
“ကျန်းမျိုးနွယ်က ဒီလောက်အရှက်မဲ့မယ်လို့ မထင်ထားခဲ့ဘူး..”
ဝမ်မုန့်ယွင်၏ စကားကြောင့် ရင်ပြင်တွင်းရှိ ကျင့်ကြံသူများသည် တီးတိုးပြောဆိုမှုများ စတင်လာခဲ့သည်။
“အပြစ်သားက ဒီစကားပြောရဲတယ်..”
ကျန်းချုးပိုင်သည် ဒေါသတကြီး တိုက်ခိုက်လိုက်၏။ ဝမ်မုန့်ယွင်သည် သူမ၏ ပုံရိပ်ယောင် နည်းစနစ်များသုံးကာ ပြန်လည်တုန့်ပြန်လိုက်သည်။
ကောင်းကင်ထက်တွင် တိုက်ပွဲတစ်ခုသည် နောက်တစ်ဖန်စတင်လာပြန်၏။
“အဲ့ဒီကလေးမလေးကို ခေါ်ခဲ့..”
ကျန်းလီယွီ့သည် ကျောက်ဝမ်အာကို ညွှန်ပြကာ အမိန့်ပေးလိုက်၏။ သူမ၏ ရည်ရွှယ်ချက်သည် ကျောက်ဝမ်အာကို ရရှိရန်ဖြစ်သည်။ သို့သော် မထင်မှတ်ထားပဲ ဟွမ်းရှန်းနန်းတော်၏ တပည့်များ၏ စွမ်းရည်ကိုတွေ့လိုက်ရ၏။
သူမသည် စည်းရုံးသိမ်းသွင်းချင်သော်လည်း ခေါင်းမာသည့် ထိုလူငယ်များသည် ငြင်းဆန်ခဲ့သည်။ သို့သော် သူမသည် ကျောက်ဝမ်အာကိုသာ ရရှိပါက ထိုလူငယ်များ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးတော့ပေ။
“ကျုပ်တို့ ဟွမ်းရှန့်နန်းတော်သခင်ကို စောင့်သင့်တယ်..”
ကျန်းရွှမ်ထုံသည် တွေဝေစွာ ပြောလိုက်၏။ ကျောက်ဝမ်အာ၏ နတ်ဝိညာဉ်ခန္ဓာကိုယ်အတွက် ဟွမ်းရှန့်နန်းတော်အား ရန်သူအဖြစ်သတ်မှတ်နေသည့် မျိုးနွယ်ခေါင်းဆောင်ဖြစ်သူကို နားမလည်နိုင်တော့ချေ။
“မျိုးနွယ်ခေါင်းဆောင် သူမကို လေဟာနယ်စစ်တလင်းမှာတွေ့ခဲ့ဖူးတယ်..”
ကျန်းလီချွမ်သည် ယွဲ့ဝူယောင်တို့၏ အကြောင်းကို ပြောပြလိုက်သည်။ သူသည် လက်ရှိအခြေအနေကို နားလည်သွား၏။ ထို့အပြင် ထိုမိန်းကလေးသည် နှစ်နှစ်ကျော်အတွင်း ကျန်းလောင်ဟုန်ကို ဤသို့ ဖိအားပေးနိုင်ခဲ့သည်အထိ များစွာတိုးတက်လာပုံရသည်။
“ရှောင်ချွမ်း..၊ ကျန်းအိမ်တော်ကို စော်ကားမှုပြုတဲ့ဘယ်သူမဆို ခွင့်လွှတ်လို့မရဘူးဆိုတာမှတ်ထား..”
ကျန်းလီယွီ့သည် ခေါင်းမာစွာဆိုလိုက်၏။ ထို့ကြောင့် ကျန်းလီချွမ်သည် သူ၏ဖခင်ဖြစ်သူ ကျန်းရွှမ်ထုံးအား ကြည့်လိုက်မိသည်။ ကျန်းရွှမ်ထုံသည် ခေါင်းအသာယမ်းပြလိုက်၏။ ကျန်းလီယွီ့သည် သူတို့ပြောရုံနှင့် လက်လျော့သွားမည်မဟုတ်ပေ။
“အစောင့်တွေ..လာစမ်း..”
ကျန်းလီယွီ့သည် ကျန်းရွှမ်ထုံ၏ အမူအယာကြောင့် ဒေါသထွက်၏။ ထို့နောက် သူမသည် အစောင့်များအား ကျောက်ဝမ်အာကို ခေါ်ခိုင်းစေလိုက်သည်။ အစောင့်လေးဦးသည် ကျောက်ဝမ်အာရှိရာသို့ တိုက်ရိုက်ပျံသန်းသွားကြ၏။
လင်းယိုဟန်သည် ကျောက်ဝမ်အာကို ကာကွယ်ပေးထားလိုက်၏။ သို့သော် စောင့်များသည် အဆင့်သုံးကျင့်ကြံသူများဖြစ်နေကြပြီး သူမ ရင်ဆိုင်နိုင်သည့် အနေအထားတွင် ရှိမနေပေ။
“ဝုန်း..”
အစောင့်များသည် ကျောက်ဝမ်အာနားသို့ ရောက်ရှိချိန်တွင် အရှိန်အဝါတစ်ခုကြောင့် လွင့်စင်သွားကြရ၏။
“ချင်ကန်းဂိုဏ်းချုပ် ဒါဘာသဘောလဲ..”
ကျန်းလီယွီ့သည် ဒေါသထွက်လာခဲ့သည်။ သွမ့်မုယီသည် ထိုကလေးမအား ကာကွယ်လိုသည့် ပုံစံဖြစ်နေ၏။
“ဒီနေ့မှာ..၊ ခင်ဗျားတို့ ကျန်းမျိုးနွယ်က လွန်လွန်းနေပြီ..”
သွမ့်မုယီသည် ဤဖြစ်စဉ်များအား တိတ်တဆိတ်ကြည့်ရှု့နေခဲ့ပြီး ဝင်ပါသင့်၊ မပါသင့်ကို တုန့်ဆိုင်းနေခဲ့သည်။ သို့သော် ကျန်းလီယွီ့သည် ဝမ်မုန့်ယွင်၏ ပြသနာကိုအစပြုကာ အသက်ရှစ်နှစ်သာ ရှိသေးသည့် ကလေးမလေးကိုပင် ပြစ်မှတ်ထားလာခဲ့သည်။ နယ်မြေတစ်ခု၏ ခေါင်းဆောင်အနေနှင့် ထိုသို့ တရားမဲ့ ပြုမှုနေခြင်းကို လက်မခံနိုင်တော့ချေ။ ထို့ကြောင့် ဆန့်ကျင်ရန်ဆုံးဖြတ်လိုက်သည်။
“ခင်ဗျားက ကျန်းမျိုးနွယ်ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်လိုက်ပြီလား..”
ကျန်းလီယွီ့သည် ကျောက်ဝမ်အာကို ရရှိရန် ထိုမျှပင် အနှောက်အယှက် များပြားမည်ဟု မထင်ထားခဲ့ချေ။
“ရွှစ်..”
ကျန်းလီယွီ့နှင့် သွမ့်မုယီအခြေအတင်ဖြစ်နေစဉ် စင်မြင့်ထက်တွင် အအေးစွမ်းအင်လှိုင်းဖြတ်သန်းသွားသည့်အသံတစ်ခု ထွက်ပေါ်လာသည်။
“ဘုန်း..”
အားလုံးအကြည့်သည် ထိုအသံထွက်ပေါ်လာရာသို့ ကျရောက်သွား၏။ စွမ်းအင်သုံးခုကို ခြေဖျတ်နေသည့် ကျန်းလောင်ဟုန်၏ ခန္ဓာကိုယ်သည် လဲကျသွားသည်ကိုပင် တွေ့မြင်လိုက်ကြရသည်။ သူ၏ အသက်ရှုသံများပင် ပျောက်ကွယ်သွားပြီဖြစ်၏။
ရင်ပြင်တွင်းရှိ ကျင့်ကြံသူများသည် အမြင်အာရုံလွဲမှားမှုဟုပင် ထင်မှတ်နေကြသည်။
သွမ့်မုယီပင် ထိုသို့ဖြစ်ရပ်ကို မယုံနိုင်ဖြစ်နေသည်။ အဆင့်ငါးတစ်ဦး အသတ်ခံလိုက်ရခြင်း။ ထိုအရာသည် မည်သည့်အဓိပ္ပါယ်နည်း။ အားလုံးမကြုံဖူးကြသည့် အရာပင်ဖြစ်၏။
ယွဲ့ဝူယောင်၏ ပြင်းထန်သည့် ရေခဲစွမ်းအင်များသည် ကျန်းလောင်ဟုန်၏ လည်တိုင်အား ဖောက်ထွက်သွားခဲ့ခြင်းဖြစ်သည်။ ကျန်းလီယွီ့ပင် မှင်သက်နေပြီး တုံ့ပြန်ရန်ပင် မေ့လျော့နေ၏။
“ဆရာကပြောဖူးတယ်..၊ ရန်သူဖြစ်သွားပြီဆိုရင် သက်ညှာမှု မပေးတော့နဲ့တဲ့..”
အေးစက်နေသည့် ယွဲ့ဝူယောင်၏ အသံသည် ကျန်းလောင်ဟုန်၏ အနီးမှ ထွက်ပေါ်လာခဲ့သည်။
“ကျန်းမျိုးနွယ်က ကျုပ်တို့ ဟွမ်းရှန့်နန်းတော်ကို အဓိပ္ပါယ်မရှိတဲ့ အကြောင်းအရာနဲ့ စတင်ပြီးပြသနာရှာခဲ့တယ်..”
လုရှင်းယန်သည် ယွဲ့ဝူယောင်အနားသို့ လျှောက်လှမ်းလာရင်း ဆိုလိုက်၏။
“ကျုပ်တို့ရဲ့ ညီမငယ်လေးကိုပါ ပစ်မှတ်ထားခဲ့တဲ့အတွက်ကြောင့် ကျန်းမျိုးနွယ်ကို ခွင့်မလွတ်နိုင်ဘူး..”
ပိုင်ကျန့်ယွီ၏ အသံလည်းထွက်ပေါ်လာသည်။
“ဒီနေ့မှာပဲ..၊ ကျန်းမျိုးနွယ်ကို ကျုပ်တို့ရဲ့ ရန်သူအဖြစ် သတ်မှတ်လိုက်ပြီ..”
လျှိုမင်ယွမ်သည် သူ၏ သွေးများကို သုတ်ကာ ကျန်းလီယွီ့ကို သတ်ဖြတ်ချင်နေသည့်အလားကြည့်လိုက်၏။
အဆင့်သုံးကျင့်ကြံသူများနှင့် အဆင့်နှစ်ကျင့်ကြံသူတို့သည် အဆင့်ခြောက်တွင်ရှိနေသည့် ကျင့်ကြံသူအား ခြိမ်းချောက်နေသည်မှာ အများအမြင်တွင် ဟာသတစ်ခုသာ ဖြစ်နေပေမည်။ သို့သော် သူတို့အတွက်တော့ လေးနက်သည့်ဆုံးဖြတ်ချက်ပင်ဖြစ်၏။
သူတို့သည် စွမ်းအင်များနည်းပါကာ အားအင်ကုန်ခမ်းနေသော်လည်း မည်သည့်နေရာမှ ရရှိလာသည့် စွမ်းအင်များနှင့်ရပ်တည်နေသနည်း။ ထိုစွမ်းအင်များသည် ကာကွယ်လိုသည့် ဆန္ဒကြောင့် တောက်လောင်လာသည့် မီးစများပင်။
“သူတို့ကို သတ်စမ်း..”
ကျန်းလီယွီသည် ဒေါသများတောက်လောက်လာပြီး တဆက်ဆက်ပင်တုန်ယင်နေသည်။ ထိုလူငယ်များသည် ကျန်းမျိုးနွယ်အား မထီမဲ့မြင်ပြုမှုခဲ့သည့်အပြင် အကြီးအကဲတစ်ဦးကိုပါ သတ်ဖြတ်ခဲ့၏။
ကျန်းရွှမ်ထုံနှင့် ကျန်းလီချွမ်တို့သားအဖသည်လည်း တိတ်ဆိတ်သွားကြ၏။ သူတို့ မည်သို့ ဆက်လုပ်ရမည်ကိုပင် မသိတော့ချေ။
ထိုသို့အဖြစ်ပျက်မျိုးသည် ကျန်းမျိုးနွယ်၏ သမိုင်းတစ်လျှောက်တွင် မရှိခဲ့ချေ။ ကျန်းလီယွီ့သည် ဒေါသ မထိန်းနိုင်တော့ချေ။ သူမသည် ယွဲ့ဝူယောင်ကို သတ်ဖြတ်ရန် ချက်ချင်း ရောက်ရှိလာ၏
“နင်တို့အသက်တွေထားခဲ့စမ်း..”
ကျန်းလီယွီ့သည် ဒေါသတကြီးနှင့် ယွဲ့ဝူယောင်ကို တိုက်ခိုက်လိုက်၏။ သူမ၏ မြန်ဆန်သည့် အရှိန်ကြောင့် လူငယ်လေးဦးသည် အချိန်မှီမတုန့်ပြန်နိုင်တော့ချေ။
ဝမ်မုန့်ယွင်သည် တားဆီးရန်ကြိုးစားလိုက်သော်လည်း ကျန်းချုးပိုင်သည် တားဆီးထား၏။
သွမ့်မုယီသည် အလျှင်အမြန် ကာကွယ်လိုက်ချင်သော်လည်း အဆင့်ခြောက်တစ်ဦး၏ အလျှင်ကို မမှီနိုင်ချေ။
“ဝုန်း..”
“အား...”
နာကျင်မှုကြောင့် စူးစူးရှရှ ဟစ်အော်သံနှင့်အတူ ပုံတစ်ခုသည် လွင့်စင်သွားတေ့၏။