← Chapters

အမှိုက်ပါပဲ

Vol. 14 Ch. 203

အမှိုက်ပါပဲ

Vol. 14 Ch. 203

“ကျုပ် သူမကို သတ်လိုက်ရင် ကျီယွမ်မဟာမိတ်က ဟွမ်းရှန့်နန်းတော်ရဲ့ ရန်သူလုပ်မှာလား သိချင်တယ်..”

ထိုသို့ပြောပြီးသည်နှင့် ဟွမ်းသည် ကျန်းလီယွီ့ကို ဦးတည်အား စွမ်းအင်လှိုင်းတစ်ခု ပစ်လွှတ်လိုက်၏။ ကျန်းလီယွီ့သည် ထိတ်လန့်သွားပြီး ချက်ချင်းတုန့်ပြန်ရန် သူမ၏ ဝိညာဉ်စွမ်းအင်များကို လည်ပတ်ကာ တားဆီးလိုက်သည်။

“ဘုန်း..”

စွမ်းအင်လှိုင်းသည် ညင်သာစွာထွက်ပေါ်လာသော်လည်း ကျန်းလီယွီ့နှင့် ထိတွေ့မိသွားချိန်တွင် ပြင်းထန်သည့် အင်အားများပါဝင်နေသည့်အလားပင်။

သူမ အစွမ်းကုန် ကာကွယ်မှု ပြုလုပ်လိုက်သော်လည်း အချည်းအနှီးဖြစ်သွားခဲ့သည်။

“နန်းတော်သခင် ဒီထက်ပိုပြီး ရဲတင်းမလာနဲ့တော့..၊ ကျီယွမ် မဟာမိတ်က ဟွမ်းရှန့်နန်းတော်ကို ခက်ခဲအောင် မလုပ်ချင်ဘူး..”

ရှီဖန်းကျစ်သည် အလျှင်အမြန် ထပ်မံတားမြစ်လိုက်သည်။ ဟွမ်း၏ တိုက်ခိုက်မှုအရှိန်သည် သူလက်လှမ်းမှီသည့် အနေအထားမဟုတ်ခဲ့ပေ။ သို့သော် ထိုအချိန်တွင် ကျန်းလီယွီ့ထံမှ ဒေါသတကြီးအော်ဟစ်သံထွက်ပေါ်လာ၏။

“ကျန်းမျိုးနွယ်ကို စော်ကားတဲ့အတွက် ရှင့်ကို ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး၊ ဒါ့ကြောင့် ဆိုးရွားတဲ့ အဆုံးသတ်ကို ခံစားလိုက်ကြစမ်း..”

ကျန်းလီယွီ့သည် သူ၏ အသက်စွမ်းအင်သွေးစက်ကို ထုတ်ယူလိုက်ပြီးနောက် လျှို့ဝှက်နယ်မြေကျောက်ပြားကြီးထံ ပစ်လွှတ်လိုက်၏။

“မလုပ်နဲ့..”

ရှီဖန်းကျစ်သည် ထိတ်လန့်သွားပြီး ဟစ်အော်လိုက်ရ၏။ သို့သော် သူ၏ သတိပေးမှုသည် နောက်ကျသွားခဲ့သည်။ ရှီဖန်းကျစ်၏ ရင်ထဲ စိုးထိတ်လာ၏။

ထိုအချိန်တွင် ကျောက်ပြားတွင် အစိမ်းရောင်စွမ်းအင်များ လင်းလက်လာပြီး လေတိုးသံများ ‘တဝှီးဝှီး’ နှင့်ပေါ်ထွက်လာသည်။

ဟွမ်းသည် ထိုအရာကြောင့် မျက်မှောက်ကြုတ်သွားသည်။ ထိုကျောက်ပြားထံမှ မိစ္ဆာဆန်သည့် အငွေ့အသက်များ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာ၏။

“ခေါင်းဆောင်ကျန်း ခင်ဗျား ဘာလုပ်လိုက်တာလဲရော သိရဲ့လား..”

ရှီဖန်းကျစ်သည် ထိုသို့ပြောလိုက်သော်လည်း ကျန်းလီယွီ့သည် ကြားနိုင်စွမ်းမရှိတော့သည့် အသွင်ဖြစ်လာသည်။ သူမ၏ ခန္ဓာကိုယ်တွင် မိစ္ဆာဆန်သည့် အငွေ့အသက်များပေါ်ထွက်လာပြီး သူမ၏ စိတ်ဝိညာဉ်သည် ရုန်းကန်နေသည့်အလားပင်။

“ဒါက လျှိုဝှက်နယ်မြေအတွင်းမှာ ရခဲ့တဲ့ အငွေ့အသက်တွေ..”

ပိုင်ကျန့်ယွီသည် တီးတိုးရွေတ်လိုက်၏။ လျှိုမင်ယွမ်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

“လျှို့ဝှက်နယ်မြေက ဘယ်လိုအရာမျိုးလဲ..”

ပိုင်ရှင်ဖြစ်သည့် ကျန်းရွှမ်ထုံပင် ထိုအရာအကြောင်းကို မသိရှိပေ။

“ဒါက ကျီယွမ်ကုန်းမြေရဲ့ မိသားစုခေါင်းဆောင်တွေပဲ လက်ဆင့်ကမ်း သိရှိထားတဲ့ အရာတစ်ခုပဲ..”

ရှီဖန်းကျစ်သည် ဤသို့အခြေအနေပင်ရောက်နေသည်မို့ ရှင်းပြပြောဆိုလိုက်၏။

“ဒီကျောက်ပြားတွေက ကျန်း၊ ရှီ၊ ကျီ မျိုးနွယ်သုံးခုမှာ တစ်ချပ်စီရှိတယ်..၊ ဒါဟာ ဘိုးဘေးအဆက်ဆက်ကတည်းက လက်ဆင့်ကမ်းလာရတဲ့အရာပဲ..၊ ပြီးတော့ အဲ့ဒီကျောက်ပြားသုံးချပ်က မိစ္ဆာသားတစ်ကောင်ကို ချုပ်နှောင်ထားတာ..”

“ဘယ်လိုသားရဲမျိုးလဲ..”

ကျန်းရွှမ်ထုံသည် နှစ်ပေါင်းထောင်ချီရှင်သန်လာသော်လည်း ထိုအကြောင်းအရာကို မသိရှိခဲ့ပေ။ ထိုအရာသည် ထူးဆန်းလွန်းနေ၏။

“ခေါင်းသုံးလုံးမြွေသားရဲပဲ..”

ရှီဖန်းကျစ်သည် ထပ်မံပြောဆိုရန်ပြင်လိုက်ချိန်တွင် ကျန်းလီယွီ့၏ မျက်လုံးများပွင့်လာခဲ့သည်။ ထို့ကြောင့် ရှီဖန်းကျစ်သည် အသံကုန်ခြစ်အော်ကာ သတိပေးလိုက်၏။

“ကျင့်ကြံသူအားလုံး ဒီရင်ပြင်ထဲက ထွက်ခွာတော့..”

ကျင့်ကြံသူများသည် ထိုအရာက မည်သည့်အရာဖြစ်သည်မှန်းမသိသော်လည်း ရှီဖန်းကျစ်၏ သတိပေးချက်ကြောင့် ချက်ချင်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

“နောက်ကျသွားပြီ..”

ကျန်းလီယွီ့၏ အသံသည် အက်ရှရှနှင့် ထွက်ပေါ်လာသည်။ ထို့နောက်တွင် သူမ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး အားလုံးကို ဖိနှိပ်လိုက်၏။

ကျင့်ကြံသူများသည် ထွက်ပြေးနေခြင်းမှရပ်တန့်ကုန်၏။ ရှီဖန်းကျစ်ပင် ထိုဖိအားကြောင့် စိတ်တွင်း တင်းကြပ်လာရသည်။

“မျိုးနွယ်ခေါင်းဆောင် ဒါဘာလုပ်တာလဲ..”

ကျန်းရွှမ်ထုံသည် ထိုဖိအားက သူ့အား သက်ရောက်နေသောကြောင့် ထိတ်လန့်သွားရတော့သည်။

“သူက ခေါင်းဆောင်ကျန်းမဟုတ်တော့ဘူး..”

ရှီဖန်းကျစ်သည် ကျန်းလီယွီ့ကို စူးစိုက်ကြည့်နေရင်း ဆိုလိုက်၏။

“ဟားဟား..၊ လူသားတွေကို လက်စားချေသတ်ဖြတ်မဲ့ ကိစ္စမှာ ဒီနေရာကနေစမယ်..”

ကျန်းလီယွီ့သည် အက်ရှရှအသံနှင့် ရယ်မောလိုက်သည်။

“မင်းဘယ်သူလဲ..”

ကျန်းရွှမ်ထုံသည် ရင်ထဲစိုးထိတ်နေကာ မေးခွန်းထုတ်လိုက်၏။ သို့သော် ကျန်းလီယွီ့သည် စွမ်းအင်အလင်းတန်းတစ်ခုနှင့် သူအား ပစ်လွှတ်လိုက်သည်။

“ဘုန်း..”

ကျန်းရွှမ်ထုံသည် ထိုအလင်းတန်းထိမှန်ပြီး သွေးတစ်လုပ်ပင် အန်ထုတ်လိုက်ရပြီး သူ၏ခန္ဓာကိုယ်သည်လည်း နာကျင်မှုများနှင့် ပြည့်နှက်သွား၏။

“အဖေ..”

“အစ်ကို..”

ကျန်းလီချွမ်သည် ကျန်းရွှမ်ထုံထံသွားချင်သော်လည်း မိစ္ဆာဆန်သည့် ဖိအားများကြောင့် မလှုပ်နိုင်ချေ။ သို့သော် ကျန်းရော့လင်သည် အဆင့်ငါး တစ်ဦးဖြစ်နေသည်မို့ ထိုဖိအားကို အံတုကာ ကျန်းရွှမ်ထုံ ထံသွားလိုက်သည်။

“ဟမ့်..ဒီအရှင်ကို ကျို့ယင်အရှင်လို့ခေါ်ကြစမ်း..”

“ခင်ဗျား ဘယ်လိုထွက်လာနိုင်တာလဲ..”

ရှီဖန်းကျစ်သည် ကျန်းလီယွီ့အား စိုက်ကြည့်နေရင်း မေးမြန်းလိုက်သည်။ သူ၏ရင်တွင်း စိုးထိတ်မှုများပြည့်နှက်နေသည်။ ထိုတည်ရှိမှုသည် ဤနေရာတွင် ရောက်ရှိမနေသင့်ပေ။ သူသည် မြွေသားရဲ၏ ဝိညာဉ် တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။ သို့သော်လည်း သူတို့ ခုခံတိုက်ခိုက်နိုင်သည့် အရာမဟုတ်ကြောင်း ကျီယွမ်ကုန်းမြေ၏ ဘိုးဘေးများသည် မှာတမ်းခြွေခဲ့ကြသည်။

“နုံအတဲ့ ဒီအမျိုးသမီးကို ကျေးဇူးတင်ရမယ်..၊ ဒီအရှင်နဲ့ ညှိနှိုင်းမှုပြုခဲ့တာလေ”

ကျန်းလီယွီ့၏ ခန္ဓာကိုယ်နှင့် ကျို့ယွင်သည် ပြောဆိုလိုက်သည်။ သူအား လွှတ်မြောက် ကူညီပေးနိုင်လျှင် ကျန်းလီယွီကို သူမစိတ်ကူးမယဉ်ဖူးသည့် စွမ်းအင်မျိုး ပေးအပ်မည်ဟု ကမ်းလှမ်းခဲ့၏။

ထိုသို့လုပ်ရန်မခက်ခဲပေ။ အသက်စွမ်းအင်‌သွေးတစ်စက်အား ထိုကျောက်ပြားအတွင်း စီးဆင်းစေကာ အကာအကွယ်ကို ဖျတ်ဆီးပေးရုံသာ။ သို့သော် ထိုစဉ်က ကျန်းလီယွီ့သည် ဘိုးဘေးခေါင်းဆောင်များ၏ အမှာစကားကြောင့် ထိုကမ်းလှမ်းမှုကို လက်မခံခဲ့ချေ။

ထိုသားရဲသည် အစွမ်းထက်လွန်းပြီး လောကအား ဒုက္ခပေးမည့် သားရဲတစ်ကောင်ဖြစ်သည်ဟု မှာကြားခဲ့ဖူးသည်။ ထို့အပြင် ထိုသားရဲ၏ စွမ်းအားကြောင့် သူ၏ ခေါင်းများကို ဖြတ်တောက်ကာ ချိတ်ပိတ်မှုများ ပြုလုပ်ခဲ့ရ၏။

သို့သော် ယနေ့တွင် ကျန်းလီယွီသည် လောဘကြီးသွားပြီး သူမစိတ်အား အမှောင်ဖုံးလွှမ်းသွားခဲ့သည်။ ထို့ကြောင့် ကျို့ယင်၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းဖြစ်၏။

သူမသည် ကျို့ယင်ကို လွှတ်ပေးပြီးနောက် သူမသည် ထိုသို့စွမ်းအားမျိုးရရှိနိုင်မည်ထင်ခဲ့သည်။ သို့သော် ကျို့ယင်သည် သူမ၏ ခန္ဓာကိုယ်အား အပိုင်သိမ်းပိုက်လိုက်ပြီး သူမ၏ ဝိညာဉ်အား ဖိနှိပ်ထား၏။

“သေစမ်း..”

ရှီဖန်းကျစ်သည် ကျို့ယင်ကို စတင်တိုက်ခိုက်လိုက်သည်။ သို့သော် ကျို့ယင်သည် မထီမဲ့မြင်ပုံစံနှင့်သာ ကြည့်နေ၏။

“ဘုန်း..”

ထို့နောက် ရှီဖန်းကျစ်အား အလင်းတန်းသုံးခုနှင့် ပစ်လွှတ်လိုက်၏။ သူသည် ချက်ချင်းပင် ခုခံလိုက်သော်လည်း ထိုအလင်းတန်းများသည် သူ၏ အကာကအကွယ်အား ဖောက်ထွက်ကာ ထိမှန်သွားရ၏။

ကျင့်ကြံသူများသည် ထိတ်လန့်သွားကြသည်။ အဆင့်ခြောက်ကျင့်ကြံသူ ရှီဖန်းကျစ်ကိုပင် ဖိနှိပ်ကာ တိုက်ခိုက်သွားသူကို သူတို့ဆန့်ကျင်ရန် မဖြစ်နိုင်တော့ချေ။ အားလုံး၏ မျှော်လင့်ချက်များ ကင်းမဲ့သွားကြ၏။

“ဒီနေရာမှာ စားလို့ကောင်းမဲ့ ခန္ဓာကိုယ်တွေ ရှိနေတာပဲ..”

ကျို့ယင်သည် ရင်ပြင်တစ်ခုလုံးဝေ့ကြည့်ရင်း ပိုင်ကျန့်ယွီနှင့် ကျောက်ဝမ်အာကို တွေ့ရှိသွား၏။ ကျို့ယင်သည် သူ၏ လျှာကို သပ်လိုက်ရင်း ထပ်မံပြောဆိုလိုက်သည်။

“ကောင်းတယ်..၊ ကောင်းတယ်၊ ဒီအရှင်အတွက် အားဖြည့်ပေးနိုင်တဲ့ အရာတွေပဲ..”

သူသည် ပိုင်ကျန့်ယွီထံ ဦးတည်လိုက်၏။ ဟွမ်းသည် သူ၏ မျက်ခုံးများ တွန့်ကွေးသွားသည်။

“မင်းက ငါ့အတွက်ပဲ..”

“ထွက်သွားစမ်း..”

ကျို့ယင်သည် ပိုင်ကျန့်ယွီအနား ရောက်လုဆဲဆဲတွင် အသံတစ်ခုကြားလိုက်ရ၏။

ထိုအသံကြောင့် ကျို့ယင်၏ လှုပ်ရှားမှုသည် နှေးကွေးသွားသည်။ သူသည် ရပ်တန့်လိုက်ပြီးနောက် ဟွမ်းကိုကြည့်လိုက်၏။

“မင်းမှာ အစွမ်းအစလေးတော့ရှိသားပဲ၊ ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်က အတော်လေးအားနည်းတာပဲ အသံလှိုင်းတစ်ခုကိုတောင် တောင့်မခံနိုင်ဘူး..”

ကျို့ယင်သည် ဟွမ်းကို ကြည့်ပြီးနောက် ဆိုလိုက်၏။ ဟွမ်းသည် ဂရုမစိုက်သည့်အလား ဆိုလိုက်သည်။

“မင်းကိုယ်တိုင်က အမှိုက်ဖြစ်နေလို့ပဲ..”

“မင်း ဘာပြောတယ်..”

ကျို့ယင်သည် ဒေါသထွက်လာပြီးနောက် ဟွမ်းကို ဆက်တိုက်ဆိုသလို တိုက်ခိုက်လိုက်တော့သည်။

All Chapters