← Chapters

အဲ့ဒီလူ

Vol. 14 Ch. 204

အဲ့ဒီလူ

Vol. 14 Ch. 204

ကောင်းကင်ထက်တွင် ဟွမ်းနှင့် ကျို့ယင်၏ တိုက်ပွဲမှ စွမ်းအင် အငွေ့အသက်များ စွာပေါ်ထွက်နေသည်။ ထို‌တိုက်ပွဲကြောင့် ရင်ပြင်အတွင်းရှိ ဖိအားသည် ပြတ်ပျယ်သွားတော့၏။

ရှီဖန်းကျစ်နှင့် ကျန်းရွှမ်ထုံတို့သည် ထိုတိုက်ပွဲအား ကြည့်ကာ ရေရွတ်နေကြ၏။

“နန်းတော်သခင်က ဒီလို စွမ်းအားမျိုးရှိနေတာလား..”

“အဖြစ်အပျက်တွေက ရှုပ်ထွေးကုန်ပြီ..”

“ခေါင်းဆောင်ရှီ၊ မဟာမိတ်ခေါင်းဆောင်ကို အကြောင်းကြားသင့်လား..”

“ကျုပ်အကြောင်းကြားလိုက်မယ်..”

ရှီဖန်းကျစ်သည် ချက်ချင်းပင် ကျောက်ပြားတစ်ခုကို ချေမွလိုက်၏။ ကျန်းရွှမ်ထုံ၏ စိတ်တွင်း တင်းကြပ်နေသည်။ ကျန်းလီယွီ့လုပ်ရပ် အကျိုးဆက်သည် အလွန်ပင် ကြီးမားလာ၏။

ဟွမ်းနှင့် ကျို့ယင်၏ တိုက်ပွဲဟုဆိုသော်လည်း ကျို့ယင်သည် အတင်းအကြပ် တိုက်ခိုက်မှုပြုနေရသည်။

“ဘုန်း..”

“မင်းဘယ်သူလဲ..”

ဟွမ်း၏ ရိုက်ချက်ကြောင့် ကျို့ယင်သည် လွင့်စင်သွားပြီး အသက်ကိုပင် အပြင်းအထန်ရှုသွင်းနေရသည်။ သူသည် ဟွမ်းကို ဖိအားပေးရန် တိုက်ခိုက်နေသော်လည်း သူ၏ တိုက်ခိုက်မှုများကို ဟွမ်းသည် အသာယာပင် တုံပြန်တိုက်ခိုက်ခဲ့၏။ သူသည် ကျန်းလီယွီ့၏ အင်အားနည်းမှုကိုပင် အပြစ်တင်နေသည်။

“သေရတော့မဲ့လူတစ်ယောက်က သိစရာမလိုဘူး..”

ဟွမ်းသည် ထိုသို့ပြောပြီးနောက် သူ၏ ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည်။ ပြင်းထန်သည့် ဝိညာဉ်စွမ်းအင်များသည် သူ့အနီးတွင် လည်ပတ်နေပြီးနောက် ကျို့ယင်အား ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်၏။

ကျို့ယင်သည် သူ့တွင် ရှိသည့် စွမ်းအင်များကို စုစည်းကာ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ သို့သော် စွမ်းအင်များစုစည်းထားသည့် လက်သီး၏ အလျှင်ကြောင့် ခုခံရန်သာ ရွေးချယ်လိုက်ရ၏။

“နတ်မိစ္ဆာမီးလျှံဒိုင်း..”

ကျို့ယင်၏ ရှေ့တွင် မီးတောက်များ ဖုံးလွှမ်းနေသည့် ဒိုင်းကြီးသဖွယ်စွမ်းအင်လှိုင်းတစ်ခုသည် သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။

“ဘုန်း..”

“မဖြစ်နိုင်တာ..”

ဟွမ်း၏ လက်သီးသည် ထိုဒိုင်းကြီးအား တမဟုတ်ချင်း ထိုးခွဲသွားကာ မီးတောက်များလည်း ပြိုကွဲသွား၏။ ထို့နောက် ကျန်းလီယွီ့၏ ခန္ဓာကိုယ်ကို ထိမှန်သွားတော့သည်။ ကျို့ယင်သည် သွေးရူးသွေးတမ်းနှင့် အော်ဟစ်ပြောဆိုလိုက်၏။

“မင်း ငါ့ကို သတ်လို့မရဘူး၊ ငါ့ခန္ဓာကိုယ်အစစ်ကိုတောင် သတ်နိုင်ခဲ့တဲ့သူ မရှိသေးဘူးကွ..”

“ဟေးယန်..၊ အဆုံးသတ်လိုက်တော့..”

ဟွမ်းသည် ဂရုမစိုက်ချင်တော့ပေ။ ထိုလူသည် ကျန်းလီယွီ့ဖြစ်စေ၊ ကျို့ယင်ဖြစ်စေ ဂရမစိုက်ချေ။ သေချာသည်က ထိုနှစ်ဦးကို သူအလွတ်ပေးမည်မဟုတ်ပေ။

သူသည် ဟွမ်းရှန့်နန်းတော်ကို ကြေညာရန် တပည့်များကို စေလွတ်ခဲ့ခြင်းဖြစ်သည်။ ဖိနှိပ်တိုက်ခိုက်မှုများရှိလျှင်ပင် တစ်ဖက်သားကို သတ်ဖြတ်ရန်မလိုပေ။ ထိုသို့ ဖိနှိပ်မှုများကြောင့်သာ သူ၏ တပည့်များ ပို၍ တိုးတက်လာမည်ဖြစ်သည်။

သို့သော် ကျန်းလီယွီ့သည် ကျောက်ဝမ်အာ၏ နတ်ဝိညာဉ်ကို လုယူချင်ခဲ့သည်။ ထို့အတူ ကျို့ယင်ဟုခေါ်သည့် ဘာမှန်းမသိရသည့် အကောင်သည်လည်း သူ့တပည့်များကို သတ်ဖြတ်ချင်ပြန်၏။

ထိုအရာသည် သူသည်းခံနိုင်သည့် အရာမဟုတ်ပေ။ ထိုနှစ်ဦးသည် ခန္ဓာကိုယ်တစ်ခုတည်း ရှိနေသည်က သူအတွက်အဆင်ပြေသွားသည်။ မီးရှို့လိုက်ရုံသာ။

ဟေးယန် ပေါ်ထွက်လာပြီး အနက်ရောင်မီးတောက်များအသွင် ပြောင်းလဲသွား၏။ ထိုအချင်းအရာကို တွေ့မြင်သည်နှင့် ကျို့ယင်၏ စိတ်တွင် မုန်တိုင်းထန်လာခဲ့သည်။

“မင်း..မင်းက အဲ့ဒီလူလား..၊ မဟုတ်ဘူး အဲ့ဒီလူက သေသွားပြီ၊ မင်းကအဲ့ဒီလူမဟုတ်ဘူး..၊ မင်းကဘယ်သူလဲ..၊ အဲ့ဒီအနက်ရောင်စွမ်းအင်က မင်းဆီဘယ်လိုလုပ်ရှိနေတာလဲ..”

ကျို့ယင်၏ ကယောင်ကတမ်းစကားများကြောင့် ဟွမ်းသည် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်၏။

“အဲ့ဒီလူဆိုတာက ဘယ်သူလဲ..”

“ငါထုတ်ပြောလို့မရဘူး..၊ ဒါပေမဲ့ မင်းငါ့ကို လွှတ်ပေးမယ်ဆိုရင်..၊ တားမြစ်ချက်ကို ချိုးဖောက်ပြီး ပြောပြမယ်..”

ကျို့ယင်သည် အပေးအယူလုပ်ရန် ကြိုးစားလိုက်၏။ ဟေးယန် ထွက်ပေါ်လာပြီးနောက် မလွတ်မြောက်နိုင်သည်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် ညှိနှိုင်းရန်ကြိုးစားနေခြင်းပင်။ သို့သော် ဟွမ်းသည် စိတ်မဝင်စားသည့်အလား ပြောလိုက်၏။

“မလိုဘူး..၊ မင်းဝိညာဉ်ကို စစ်ဆေးကြည့်ရင် သိမှာပဲ..”

“မင်းလုပ်ရဲလား..”

ကျို့ယင်သည် ထိတ်လန့်တကြားအော်ဟစ်လိုက်ပြီး ထွက်ပြေးရန်ကြံစည်လိုက်သည်။ သို့သော် ဟွမ်း၏ အလျင်ကို အံမတုနိုင်ခဲ့ချေ။ ဟွမ်းသည် ကျန်းလီယွီ့၏ ခေါင်းကို ဆုပ်ကိုင်လိုက်၏။

“မဟုတ်ဘူး မင်း အဲ့ဒီလူကို ကြည့်လို့်မရဘူး..”

ကျို့ယင်သည် အသည်းအသန်ရုန်းကန်လိုက်၏။ သို့သော် သူ၏ စွမ်းအားများ မပြည့်ဝသေးသည့်အပြင် ကျန်းလီယွီ့၏ အားနည်းသည့် ခန္ဓာကိုယ်တွင် ရောက်ရှိနေသည်အတွက်ကြောင့် ဟွမ်း၏ ခွန်အားကို မလွန်ဆန်နိုင်ချေ။

ဟွမ်းသည် ကျို့ယင်၏ ဝိညာဉ်ကို ရှာဖွေလိုက်သည်။

“ဝုန်း..”

သူ၏ စွမ်းအင်များဝင်ရောက်သွားသည်နှင့် တပြိုင်နက် ကျန်းလီယွီ့ အသားအရည်သည် မီးမြိုက်ထားသည့်အလားနီရဲလာ၏။ ထို့နောက်တွင် သူမ၏ ဝိညာဉ်ပင်လယ်သည် တုန်ခါလာပြီး နတ်အမြူတေသည်လည်း အက်ကြောင်းများပေါ်ထွက်လာသည်။ စက္ကန့်ပိုင်းတွင်း သူမ၏ ရဲရဲနီနေသည် ခန္ဓာကိုယ်သည် အင်အားပြင်းပြင်းနှင့် ပေါက်ကွဲသွားတော့၏။

ထိုစွမ်းအင်ပေါက်ကွဲမှုများသည် ကျန်းအိမ်တော်တစ်ခုလုံးသက်ရောက်သွားနိုင်သောကြောင့် ဟွမ်းသည် ဝိညာဉ်စွမ်းအင်များနှင့် ပိတ်ဆို့တားဆီးလိုက်ရသည်။

ထိုအချိန်တွင် ကျို့ယွင်၏ သေးငယ်သည့် မြွေတစ်ကောင်သဏ္ဌာန်ဝိညာဉ်နှင့် ကျန်းလီယွီ့တို့၏ စိတ်ဝိညာဉ်များသည် ထွက်ပေါ်လာတော့သည်။

“မဟုတ်ဘူး..”

ကျန်းရွှမ်ထုံသည် ကျန်းလီယွီ့၏ ခန္ဓာကိုယ်ပျက်စီးသွားခြင်းကြောင့် ထိတ်လန့်သွားတော့သည်။ သူမသည် မည်သို့အရာများလုပ်ခဲ့သည်ဖြစ်စေ ကျန်းမျိုးနွယ်၏ခေါင်းဆောင်ဖြစ်နေဆဲပင်။ သူ၏ ခန္ဓာကိုယ်ပင် တုန်ယင်နေ၏။

ရှီဖန်းကျစ်သည် ဖြစ်ပျက်သည့်အရာများကို နားလည်ခြင်း မရှိလိုက်သော်လည်း ဟွမ်း၏ ကြောက်မက်ဖွယ်အင်အားကို တွေ့မြင်လိုက်ရ၏။ ချိတ်ပိတ်ခံထားရသည် မိစ္ဆာကိုပင် အသာအယာဖိနှိပ်နိုင်ခဲ့သည်။

ကျီယွမ်မဟာမိတ်တွင် အစွမ်းထက်ဆုံးဖြစ်သည့် ကျီမျိုးနွယ်ခေါင်းဆောင်ပင် ထိုသို့ လုပ်နိုင်မည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့်ပင် ချိတ်ပိတ်မှုကို မည်သူမျှ မဖြေလျော့ရဲခြင်းဖြစ်၏။ ကျန်းလီယွီ့သည် မည်သို့ထိုနည်းလမ်းကို သိရှိခဲ့သည်ကိုတော့ မတွေးတက်တော့ပေ။

‘အဲ့ဒီလူဆိုတာ ဘယ်လိုတည်ရှိမှုမျိုးလဲ..’

ဟွမ်းသည် စဉ်းစားတွေးတောနေသော်လည်း အဖြေထွက်မလာခဲ့ချေ။ ထိုလူအား စုံစမ်း၍ မရအောင် တားမြစ်ထားသည့်ပုံပေါက်နေသည်။

ကျန်းလီယွီ့၏ ဝိညာဉ်သည် မှိန်လျနေပြီး ပျောက်ကွယ်လုဆဲဆဲဖြစ်နေသည်။ ထိုအချိန်တွင် သူမ၏ဝိညာဉ်အား အနက်ရောင်မီးတောက်များသည် ဖုံးအုပ်သွား၏။

ထို့နောက် မြွေသဏ္ဌာန်ဖြစ်နေသည့် ကျို့ယင်၏ စိတ်ဝိညာဉ်လည်း မေ့မြောသွားဟန်ရသည်။ ထို့ကြောင့် ဟေးယန်သည် ဝါးမြိုခြင်း မပြုသေးပဲ ဟွမ်းထံသို့ ယူဆောင်လာ၏။

ဟွမ်းသည် ထိုထူးဆန်းဟန်ရှိသည့် ကျို့ယင်၏ မြွေဝိညာဉ်ကို စွမ်းအင် အတားအဆီးတစ်ခုနှင့် ချိတ်ပိတ်လိုက်သည်။ ထို့နောက် သူ၏ လက်ကိုဝှေ့ယမ်းလိုက်ချိန်တွင် ပျောက်ကွယ်သွား၏။

“သခင် ဒီကောင်က ကျုပ်တို့ရဲ့ ဇာစ်မြစ်ကို သိနေနိုင်လောက်တယ်..”

ဟေးယန်သည် တွေးဆကာ ပြောလိုက်၏။

“ဒါပေမဲ့ ဘာမှန်းမသိတဲ့ အရာက တားဆီးထားတဲ့ပုံပဲ၊ သူ့ကိုမေးရင်တောင် ဖြေလို့ရမယ်မထင်ဘူး..”

ဟွမ်းသည် ခေါင်းခါယမ်းကာ ဖြေလိုက်၏။ ကျို့ယင်၏ စကားအရ ထိုအကြောင်းကို ပြော၍ မရသည်မှာ အမှန်ပင်ဖြစ်ပေလောက်မည်။ သူ၏ စုံစမ်းမှုကိုပင် ဖျတ်ဆီးသွားခဲ့သည်။ သို့သော် ထိုအရာကို ချိုးဖြတ်နိုင်မည့်နည်းလမ်းလည်း ရှိပေလောက်မည်။

ကျန်းရွှမ်ထုံသည် စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်မိသည်။ ဤနေ့တွင် ကျန်းမျိုးနွယ်၏ အကြီးအကဲနှစ်ဦးအပြင် ခေါင်းဆောင်ပင် ဆုံးရှုံးခဲ့ရပြီဖြစ်၏။

ထိုအရာအတွက် ဟွမ်းကို အပြစ်ဆို၍ မဖြစ်နိုင်ပေ။ ကျန်းလီယွီ့၏ အမှားမှ ပေါ်ပေါက်လာသည့် အကျိုးဆက်ပင်။

ကျန်းကျာ့နယ်မြေအပြင် ကျီယွမ်မဟာမိတ်အထိပင် သူ၏ ကျန်းမျိုးနွယ်သည် ဆုတ်ယုတ်လာတော့မည်ဖြစ်၏။ ကျန်းရွှမ်ထုံ တွေဝေနေစဉ် ဟွမ်း၏ အေးစက်သည့် အသံထွက်ပေါ်လာသည်။

“ဒီဖြစ်ရပ်အတွက် မင်းတို့ ကျန်းအိမ်တော်က လက်စားချေမယ်ဆိုရင် ခုကတည်းကလုပ်လို့ရတယ်၊ ဒါပေမဲ့ နောက်ကွယ်က ကျုပ်တပည့်တွေအပေါ်ဖြစ်စေ၊ ဟွမ်းရှန့်နန်းတော်ကိုဖြစ်စေ အကောက်ကြံဖို့ကြိုးစားရင် ကျန်းမျိုးနွယ်တစ်ခုလုံးကို ဖျတ်ဆီးပစ်မယ်..”

“ကျုပ်..၊ ဒီကိစ္စကို ပုံကြီးမချဲ့တော့ပါဘူး..၊ ဟွမ်းရှန့်နန်းတော်နဲ့ ပတ်သတ်ပြီး ကျုပ်တို့ ဘာတစ်ခုမှ အငြိုးအတေးမထားတော့မှာကြောင့် စိတ်ချလို့ရပါတယ်..”

ကျန်းရွှမ်ထုံသည် အားပျက်နေသည့် အသံနှင့် ဆိုလိုက်၏။ သူ၏ လက်ရှိတွင် ထိုသို့ ပြုလုပ်လိုလျှင်တောင် လုပ်နိုင်စွမ်းမရှိပေ။ ဤနေ့တွင် ကျန်းမျိုးနွယ်သည် မကြုံဖူးသည့် ဆိုးဆိုးဝါးဝါး အဖြစ်အပျက်ကို ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။

All Chapters