← Chapters

ထူးဆန်းသောဥတစ်လုံး

Vol. 14 Ch. 205

ထူးဆန်းသောဥတစ်လုံး

Vol. 14 Ch. 205

ဟွမ်းသည် ကျန်းရွှမ်ထုံ၏ စကားကို ဂရုမစိုက်ပေ။ ထို့နောက် ရှီဖန်းကျစ်ကို ကြည့်၍ ဆက်ပြောလိုက်၏။

“ပြီးတော့ ခင်ဗျားရဲ့ မဟာမိတ်က ဒီကိစ္စအတွက် လက်စားချေချင်ရင် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်နိုင်တယ်..၊ နောက်ကွယ်က တိုက်ခိုက်မှုတွေရှိလာရင် ခင်ဗျားတို့ မဟာမိတ်ထဲ ရှိသမျှ အင်အားစုတွေကို ရှင်းလင်းပစ်မယ်..”

ဟွမ်း၏ ကြီးစိုးလှသည့် ကြေငြာချက်ကြောင့် ရင်ပြင်တစ်ခုလုံးရှိ ကျင့်ကြံသူများသည် မိုးကြိုးပစ်ခံရသည့်အလား တုန်ယင်သွားကြသည်။ သူတို့၏ စိတ်တွင် ထိုစကားများသည် ပဲ့တင်ထပ်နေ၏။

သူတို့၏ စိတ်တွင် ဟွမ်းရှန့်နန်းတော်နှင့် နန်းတော်သခင်ဟူသည် တည်ရှိမှုများ စွဲထင်လာခဲ့သည်။

လျှို့ဝှက်နယ်မြေအတွင်းမှ ထွက်လာသည့် လူငယ်များသည်လည်း ပိုင်ကျန့်ယွီပြောသည့် ဆရာတူအစ်မကြီးနှင့် ဒုတိယအစ်ကိုဆိုသူသည် အဆင့်ငါးကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်စွမ်းရှိနေသည်ကို တွေ့မြင်လိုက်ကြရသည်။ သူတို့၏ စိတ်တွင် ထိုပုံရိပ်များသည် နေရာယူလာခဲ့တော့၏။

ဟွမ်းသည် သူ၏တပည့်ကို အဆင့်တူကျင့်ကြံသူများ တိုက်ခိုက်၍ ရှုံးနှိမ့်လျှင်တောင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ သို့သော် ဤသို့အနိုင်ကျင့်မှုများကိုလည်း လက်မခံနိုင်ပေ။

“ကျုပ် ကျီယွမ်မဟာမိတ်ကို ကိုယ်စားပြုပြီးကတိပေးနိုင်ပါတယ်..”

ရှီဖန်းကျစ်သည် လေးလေးနက်နက်ဆိုလိုက်၏။ ဟွမ်း၏စွမ်းအားနှင့် ဟွမ်းရှန့်နန်းတော်သည် ကျီယွမ်ကုန်းမြေတစ်ခုလုံးတွင် လွှမ်းမိုးနိုင်မည်လားဟုပင်တွေးမိနေသည်။ ယခုမှ စတင်တည်ထောင်ထားသည့် အဖွဲ့အစည်း အနေနှင့် ထိုသို့လွှမ်းမိုးရန် အချိန်များစွာယူရမည်ဖြစ်၏။

သေချာသည်ကတော့ ကျန်းကျာ့နယ်မြေတစ်ခုလုံးတွင် ကျော်ကြားလာနိုင်သည်မှာတော့ကျိန်းသေပင်။ ဤနေရာတွင် ကျန်းကျာ့နယ်မြေ၏ အိမ်တော်ကြီး၊ အိမ်တော်ငယ်နှင့် အဖွဲ့အစည်းငယ်လေးများ၏ ခေါင်းဆောင်များစွာရှိနေ၏။

အဖြစ်အပျက်များကိုလည်း သူတို့ကိုယ်တိုင် တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ထို့အပြင် ဤနေရာတွင် ကျန်းကျာ့နယ်မြေ၏ လူငယ် သုံးပုံနှစ်ပုံခန့်ပင် ရှိနေပြီးဖြစ်သည်။

“တပည့်တို့သွားမယ်..”

ဟွမ်းသည် တပည့်များနှင့် ထွက်ခွာရန်ပြင်လိုက်ချိန်တွင် စိတ်လှုပ်ရှားစွာ ဟစ်အော်လိုက်သည့် စကားသံအချို့ ပေါ်ထွက်လာ၏။ ဟွမ်းနှင့် ပိုင်ကျန့်ယွီတို့သည် ထိုအသံလာရာသို့ ကြည့်လိုက်ကြသည်။

“နန်းတော်သခင်..၊ ဟွမ်းရှန့်နန်းတော်က တပည့်လက်ခံတော့မှာလား..”

ကျီးဟူကျိသည့် စိတ်အားထက်သန်စွာ မေးမြန်းလိုက်၏။

လျှို့ဝှက်နယ်မြေအတွင်းတွင် ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်တို့၏ စွမ်းအားသည် အဆင့်တူများထက်ပင် များစွာသာလွန်ခဲ့သည်။

ထို့အပြင် သူတို့သည် လူငယ်အားလုံးကို ရှာဖွေခဲ့ကာ ပုံရိပ်ယောင်သားရဲများကို အတူတကွ တိုက်ခိုက်ခဲ့ကြသည်။

အဆင့်နှစ်သားရဲများ ထွက်ပေါ်လာခဲ့သော်လည်း အရေအတွက်သည် အရမ်းမများပေ။

လျှို့ဝှက်နယ်မြေအတွင်းဝင်ရောက်သည့် လူငယ်တစ်ထောင်ခန့်တွင် ပိုင်ကျန့်ယွီတို့နှင့် မတွေ့လိုက်ရသည့် လူငယ် နှစ်ရာခန့်သာ သေဆုံးခဲ့ကြရသည်။ သို့သော် လျှို့ဝှက်နယ်မြေအတွင်းမှ ဤအရေအတွက် ပြန်လည်ထွက်ခွာနိုင်ခဲ့ခြင်းကပင် အံ့အားသင့်စရာကောင်းနေ၏။

ပုံမှန်ဆိုလျှင် ပြန်လည်ထွက်ခွာနိုင်သည့် လူငယ်များသည် တစ်ဝက်ပင်မပြည့်ခဲ့ချေ။

“ဆရာ..၊ အဲ့ဒီတစ်ယောက်က အဆင့်သုံးသားရဲနဲ့ တိုက်ပွဲမှာ အတော်လေးအကူအညီရခဲ့တယ်..”

ပိုင်ကျန့်ယွီသည် တီးတိုးပြောဆိုလိုက်၏။

လျှို့ဝှက်နယ်မြေအတွင်းတွင် ပိုင်ကျန့်ယွီတို့သည် ကျီးဟူကျိတို့နှင့် တွေ့ဆုံပြီးနောက် အတူတကွ ပုံရိပ်ယောင်သားရဲများကို တိုက်ခိုက်ခဲ့ကြသည်။ ဤသို့ဖြင့် လျှို့ဝှက်နယ်မြေအတွင်းရှိ လူငယ်များသည် အတူတကွ ပူးပေါင်းလာကြပြီး တဖြေးဖြေးနှင့် များပြားလာ၏။ အဆင့်နှစ်ကျင့်ကြံသူများ ပါရှိသော်လည်း အရေအတွက် နည်းပါးလွန်းသည်။

သူတို့သည် အဆင့်သုံးသားရဲကြီးအား ခက်ခက်ခဲခဲနှင့် တိုက်ခိုက်ခဲ့ရသော်လည်း အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် အနိုင်ရရှိခဲ့ကြသည်။ ထိုတိုက်ပွဲတွင် ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်၏ စွမ်းဆောင်ရည်ကြောင့် လူငယ်များသည် သူတို့အား ပို၍ပင် လေးစားလာကြတော့၏။

“ဟွမ်းရှန့်နန်းတော်က တပည့်လက်ခံရင် ကြေညာချက်ထုတ်ပေးမယ်..”

ဟွမ်းသည် ကျီးဟူကျိနှင့် လူငယ်များကိုကြည့်ကာ ဆိုလိုက်သည်။ လူငယ်များသည် ပို၍ပင် စိတ်လှုပ်ရှားလာတော့၏။

ထို့နောက် ဟွမ်းသည် ဝမ်မုန့်ယွင်နှင့် တပည့်များကို ခေါ်ကာ ထွက်ခွာသွားတော့သည်။

“အားလုံးပဲ..၊ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ကိစ္စများအတွက် အရှက်ရမိပါတယ်..”

ကျန်းရွှမ်ထုံသည် ရင်ပြင် အတွင်းရှိ ကျင့်ကြံသူများကို ဦးညွှတ်လိုက်၏။ သို့သော် ထိုကျင့်ကြံသူများသည် အဆင်ပြေကြောင်း ပြောဆိုလိုက်ကြသည်။ ထို့နောက် ကျင့်ကြံသူများအားလုံးသည် ကျန်းအိမ်တော်မှ ထွက်ခွာသွားကြ၏။

“ခေါင်းဆောင်ရှီ.. ကျုပ်..”

ကျန်းရွှမ်ထုံသည် တိုးလျသည့် အသံနှင့်ဆိုလိုက်ချိန်တွင် ရှီဖန်းကျစ်သည် ခေါင်းခါယမ်းကာဆိုလိုက်၏။

“ကျီမျိုးနွယ်က မကြာခင်ရောက်လာလိမ့်မယ်..၊ အဲ့ဒီအချိန်မှ ဆွေးနွေးကြတာပေါ့..”

ရှီဖန်းကျစ်သည် ကျန်းရွှမ်ထုံဖြစ်ပျက်နေသည့် ခံစားချက်များကို နားလည်နေသည်။ ကျန်းမျိုးနွယ်သည် ဆုံးရှုံးမှုများစွာကြုံတွေ့လိုက်ရသော်လည်း ကျန်းရွှမ်ထုံသည် အပြစ်မကင်းသည့်စိတ်နှင့် အားနာမှုများဖြစ်ပေါ်နေ၏။

တစ်ဖက်ရှိ မြူနှင်းတောင်ခြေတွင် ထိုက်ဟုန်ကျွင်းတို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ အဆင့်သုံးကုန်းမြေ၏ ထူးခြားချက်ကို ယခုမှပင် ရှင်းရှင်းလင်းလင်း သိရှိသွားခဲ့ကြရသည်။ သူတို့၏ ခန္ဓာကိုယ်တွင်း ကြွယ်ဝသည့် ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး စီးဆင်းလာသည်ကို ခံစားမိလိုက်ကြ၏။ နတ်ဘုရင်အောက်အဆင့်ကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအင်အပြောင်းအလဲကြောင့် နတ်ဘုရားမွေးဖွားခြင်းအဆင့်သို့ ပြောင်းလဲသွားကြသည်။

ချုးယွီဟွာနှင့် မော့ရွှယ်အာသည် ဤနေရာနှင့် ပတ်သတ်သည့် အရာများကို စီမံဆောင်ရွက်နေကြသည်။

“သခင်မ..၊ အဆောက်အဦးတွေကို ဘယ်လိုအနေအထားမျိုးအထိ တည်ဆောက်ချင်လဲ..”

ရွှမ်းလုံ၏ သေတူရှင်ဖက်မိတ်ရင်းဆွေရင်းဖြစ်သူ လောင်ကျန်းသည် ချုးယွီဟွာကို မေးမြန်းလိုက်၏။ ဤသုံးရက်တာတွင် ထျမ်းယွမ်ကုန်းမြေမှ ကျင့်ကြံသူများအပါအဝင် တက်ညီလက်ညီနှင့် မြူနှင်းတောင်ခြေကို ရှင်းလင်းခဲ့ကြသည်။

“အဆောက်အဦးကြီးတွေကို နောက်မှ တဖြည်းဖြည်းချင်း တည်ဆောက်မယ်၊ လောလောဆယ်မှာ ဒီကျင့်ကြံသူတွေအတွက် အနားယူဖို့နေရာကို အရင်တည်ဆောက်ဖို့လုပ်ပါ..”

ချုးယွီဟွာသည် လတ်တလောလိုအပ်သည့် ကိစ္စများကိုသာ အရင်လုပ်ဆောင်စေလိုက်သည်။

လောင်ကျန်းသည် နားလည်သည့်အမူအယာနှင့် လုပ်ဆောင်ရန်စတင်လိုက်၏။ ချုးယွီဟွာသည် မြို့တစ်မြို့ဖြစ်တည်လာတော့မည့် ကွင်းပြင်ကျယ်ကြီးကို ကြည့်လိုက်မိသည်။

“ရှောင်ဟွာ..အဖေက သမီးကို ပြောစရာရှိတယ်..”

ချုးယွီဟွာ အတွေးနက်နေစဉ် ချုးထန်သည် သူမအနားသို့ရောက်ရှိလာသည်။

“ဟုတ်ကဲ့အဖေ..ပြောပါ..”

သူမသည် ဤနေရာသို့ ချုးထန် လိုက်ပါလာခဲ့သည်ကို အလွန်ပင် ပျော်ရွှင်နေသည်။ သူမသည် အဆင့်ငါးကျင့်ကြံသူဖြစ်လာသော်လည်း ထျန်းယွမ်ကုန်းမြေသို့ အလျှင်အမြန် သွားလာခြင်း မပြုနိုင်သေးပေ။ ယခု သူမထံတွင် နောက်ဆံတင်းစရာမရှိတော့ချေ။ သူမ၏ ဖခင်အား စောင့်ရှောက်ထားနိုင်တော့မည်ဖြစ်သည်။

“ဒီအကြောင်းကို အဖေက ပြောဖို့တွန့်ဆုတ်နေပေမဲ့ ဖုံးကွယ်မထားတော့ဖို့ ဆုံးဖြတ်လိုက်တယ်..”

ချုးထန်သည် တိုးလျသည့်လေသံနှင့် ဆိုလိုက်၏။ ထိုစကားကြောင့် ချုးယွီဟွာ၏ စိတ်တွင် ထူးဆန်းသည့် ခံစားချက်များ ထွက်ပေါ်လာခဲ့သည်။ ချုးထန်သည် ဆက်လက်ပြောဆိုလိုက်၏။

“အဖေက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က သာမာန်ထက်ကြီးတဲ့ ဥတစ်လုံးကို ဗဟိုမြို့တော်နဲ့ ဝေးကွာတဲ့ တောင်တန်းတစ်ခုက‌နေတွေ့ရှိခဲ့တယ်..”

ထိုစဉ်ကချုးထန်သည် ဗဟိုမြို့တော်ကို ကုန်သွယ်ရေးကိစ္စနှင့် သွားရောက်ခဲ့သည်။ သူ၏ အပြန်လမ်းတွင် လိမ္မော်ရောင်နှင့်အနီရောင် ရောယှက်ထားသည့် ဥတစ်လုံးကို တွေ့ရှိခဲ့၏။ ထိုဥမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည်အားနည်းနေသည်။ ထိုဥတွင် မီးတောက်များ တောက်လောင်နေသည့် အသွင်ရှိသော်လည်း နွေးထွေးမှုများပေးစွမ်းနေသည်။ ထို့ကြောင့် သူသည် ထိုဥအား ယူဆောင်လာခဲ့၏။

“အဲ့ဒီဥလေးက တစ်နေ့တစ်ခြား အားနည်းလာတဲ့ပုံပေါက်လာတယ်၊ ဒါပေမဲ့ နှစ်ပေါင်းခုနှစ်ဆယ်နီးနီးကြာပြီးတဲ့နောက်မှာ တဖြေးဖြေး အက်ကွဲလာပြီး မိန်းကလေးတစ်ယောက်ထွက်လာခဲ့တယ်..”

ချုးယွီဟွာသည် ချုးထန်ပြောသည့် အကြောင်းအရာများကို စိတ်ဝင်တစားနားထောင်နေ၏။ သို့သော် ချီယင်းအိမ်တော်တွင်နေထိုင်ခဲ့သည့် တစ်လျောက်လုံး ထိုအကြောင်းရာကို မကြားဖူးခဲ့ချေ။ ထို့ကြောင့် သူမ၏ စိတ်ထဲ ထူးဆန်းသည့် ခံစားချက်များ ထွက်ပေါ်လာခဲ့သည်။

“အဖေ အဲ့ဒီမိန်းကလေးက..”

All Chapters