အစီအစဉ်များ
Vol. 14 Ch. 206
ချုးထန်သည် သက်ပြင်းချကာ ဆိုလိုက်၏။ သူ၏ အသွင်သည် ထုတ်ဖော်ပြောရန် ခက်ခဲနေသည့်အလားပင်။
“သမီးက အဲ့ဒီဥလေးကနေ မွေးဖွားလာတဲ့ မိန်းကလေးပဲ..”
“ရှင်..”
ချုးယွီဟွာသည် သူမ၏ အကြားအာရုံမှားယွင်းသွားသည်ဟုပင် ထင်ယောင်သွားသည်။ သူမ၏ ဖခင်ထိုစကားများစတင်ပြောဆိုကတည်းက ဆန်းကြယ်မှုကို ခံစားခဲ့ရ၏။ သို့သော် ယခုကဲ့သို့ အနေအထား ဖြစ်သွားမည်ဟု မထင်ထားခဲ့ချေ။ သူမ၏ စိတ်လည်း ရောက်ယက်ခက်နေတော့သည်။
ချုးထန်၏ စကားအရ သူမသည် လူသားမဖြစ်နိုင်ဟု တွေးမိလာပြီး သူမ၏ စိတ်တွင် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်နေ၏။
ချုးထန်သည် သူမ၏ တုန်လှုပ်နေမှုကို မနှောက်ယှက်ပဲ တိတ်တဆိတ်သာ စောင့်ကြည့်နေ၏။ သူ၏ အမူအယာသည် တည်ငြိမ်နေသော်လည်း စိတ်တွင် ခံစားချက်ပေါင်းစုံဖြစ်ပေါ်နေသည်။ သူသည် ထိုအရာကို တစ်သက်လုံးဖုံးကွယ်မထားနိုင်ပေ။
ချုးယွီဟွာသည် ယခင်က အားနည်းခဲ့သောကြောင့် မပြောရန်ဆုံးဖြတ်ထားခဲ့သည်။ သို့သော် ယနေ့တွင် သူမ၏ ခွန်အားသည် ချုးထန်ပင် မခန့်မှန်းနိုင်သည်အထိ အစွမ်းထက်နေပြီဖြစ်၏။ ထို့ကြောင့်သာ အမှန်တရားကို ပြောပြရန်ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် ချုးယွီဟွာ၏ တည်ရှိမှုသည် သာလွန်ထူးခြားမည်ကို ရိပ်မိလာခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ချုးယွီဟွာသည် တည်ငြိမ်လာပြီးနောက် ချုးထန်ကိုကြည့်ကာဆိုလိုက်၏။
“အဖေ..၊ ကျွန်မဇာစ်မြစ်က ဘယ်သူပဲ ဖြစ်ဖြစ် အဖေ့ရဲ့ သမီးအဖြစ်တည်ရှိနေဦးမှာပါ..”
ချုးယွီဟွာသည် မပြောင်းလဲသည့် စိတ်နှင့် ဆိုလိုက်၏။ ချုးထန်သည် မည်သို့ပင်ဖြစ်စေ သူမအား နှစ်တစ်ရာခန့် စောင့်ရှောက်ပေးခဲ့သူဖြစ်သည်။ သူမသည် သမီးအရင်းမဟုတ်လျှင်တောင် သူမ၏ ခံစားချက်များပြောင်းလဲသွားမည်မဟုတ်ပေ။
ချုးထန်သည် စိတ်လှုပ်ရှားသွား၏။ သူမအား စောင့်ရှောက်ပေးခဲ့မှုသည် အလကားမဖြစ်ဟု မှတ်ချက်ချမိသည်။ ချုးယွီဟွာ၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် သူ့အားဂရုစိုက်စရာပင် မလိုတော့ချေ။ သို့သော် သူမသည် ဤအကြောင်းအရာကို သိရှိသွားသော်လည်း သူမ၏ စိတ်သည် ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။
ထိုအချိန် မြူနှင်းတောင်ခြေတွင် လေဟာနယ် အက်ကွဲကြောင်း ပေါ်ထွက်လာ၏။ ဟွမ်းတို့သည် ထိုလေဟာနယ်အက်ကွဲကြောင်းမှ တပည့်များ နှင့်အတူ ထွက်ပေါ်လာသည်။
“ဟွမ်း..”
မော့ရွှယ်အာသည် ပျော်ရွင်သွားကာ အော်ဟစ်လိုက်၏။ သူမသည် ထျန်းယွမ်ကုန်းမြေမှ ကျင့်ကြံသူများနှင့် ပတ်သတ်သည့် ကိစ္စများကို ဆောင်ရွက်ရင်း ပင်ပန်းနေသည်။
“ဒီအတောအတွင်း အရမ်းကြိုးစားခဲ့တယ်..”
ဟွမ်းသည် မော့ရွှယ်အာကိုကြည့်ကာ ချီးကျူးလိုက်၏။ ထို့နောက် ချုးယွီဟွာကို မတွေ့သောကြောင့် ရှာဖွေလိုက်၏။
“ယွီဟွာက..၊ ဟွမ်းရှန့်နန်းတော်ကို ပြန်သွားပြီ..”
ဟွမ်း၏ အမူအယာကိုကြည့်ကာ မော့ရွှယ်အာသည် ပြောပြလိုက်၏။
“ဟုတ်လား..”
ဟွမ်းသည် ခေါင်းညိတ်လိုက်ပြီး ဆက်လက်မမေးမြန်းတော့ချေ။ ထို့နောက် ထိုက်ဟုန်ကျွင်းတို့ကို ကြည့်လိုက်၏။
“စီနီယာ..”
ထိုက်ဟုန်ကျွင်းသည် ဟွမ်းကို ရောက်ရှိလာသောကြောင့် နှုတ်ဆက်လိုက်သည်။ ရှင်းဝေ့ကျန်းတို့လည်း အလားတူပင်။
လင်းယိုဟန်သည် သူမ၏ ဖခင်ကိုတွေ့ရှိလိုက်သောကြောင့် အလျှင် အမြန် ပြေးသွားခဲ့သည်။
လုရှင်းယန်လည်း အလားတူပင်။ လုချောင်းယန်ကို တွေ့လိုက်သည်နှင့် သူ၏ စိတ်တွင် ပျော်ရွင်မှုများ ပြည့်နှက်လာသည်။ စိတ်လှုပ်ရှားစွာနှင့် လုချောင်းယန်ထံ သွားရောက်လိုက်၏။
“ကျုပ်အရင်ကပြောခဲ့သလိုပဲ ဒီနေရာမှာ ခင်ဗျားတို့ရဲ့ မူလအဖွဲ့အစည်းခေါင်းဆောင်တွေဆိုတာမျိုး ရှိမှာမဟုတ်တော့ဘူး..၊ ဒီမြို့က ကျုပ်ရဲ့ လက်အောက်မှာပဲ ရှိလိမ့်မယ်..၊ ဒါ့ကြောင့် တစ်လအချိန်ပေးမယ် စွန့်ခွာလိုသူတွေအတွက်လည်း တားမြစ်မှာ မဟုတ်ဘူး၊ အဲ့ဒီအတွက်လည်း ဘာမှ ပေးဆပ်စရာမလိုဘူး..၊ ဒါပေမဲ့ စွန့်ခွာပြီးသွားရင် ပြန်လာခွင့်မရှိဘူး..”
ဟွမ်း၏ စကားသံသည် ထျန်းယွမ်ကုန်းမြေမှ ကျင့်ကြံသူများထံ ပျံ့နှံ့သွားတော့၏။
သူတို့အားလုံးသည် ငြိမ်သက်သွား၏။ စဉ်းစားချိန်တစ်လရသည့်အတွက်ကြောင့်လား၊ မထွက်ခွာလိုသည့် အတွက်ကြောင့်လားတော့မသိပေ။
သို့သော် ထွက်ခွာမည့်ဆန္ဒ မရှိသူများလည်း သူတို့၏ မျက်နှာထက်တွင် ပေါ်လွင်နေသည်။
“ခင်ဗျားတို့လေးယောက်..၊ ဟွမ်းရှန့်နန်းတော်ကို လိုက်ခဲ့..”
ဟွမ်းသည် ထိုက်ဟုန်ကျွင်းတို့ကိုကြည့်ကာ ဆိုလိုက်၏။
“ပြီးတော့ မင်းရောပဲ..”
ရှင်းဝမ်ကျဲကိုလည်း ကြည့်ရှု့ကာ ပြောလိုက်သည်။ ထို့နောက်သူတို့သည် မြူနှင်းတောင်တန်းပေါ်သို့ လိုက်ပါသွားကြ၏။
ဟွမ်းရှန့်နန်းတော်၏ ဟောခန်းမတွင် ဟွမ်းသည် သူ၏ အစီအစဉ်ကို စတင်လိုက်သည်။
“မိန်းကလေးမင်ယောင်က ရွှယ်အာရဲ့ နတ်ဆိုးခန်းမကို ဝင်ရောက်လိုသလား..”
ဟွမ်းသည် ချီမင်ယောင်၏ ဆန္ဒကိုမေးမြန်းလိုက်သည်။ သူမသည် မျိုးနွယ်တစ်ခု၏ အထွတ်ထိပ်တစ်ဦး ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် သူမ ဆန္ဒမရှိလျှင် ဝင်ရောက်စေခိုင်းမည်မဟုတ်ပေ။
“ကျွန်မ..၊ ဝင်ရောက်ချင်ပါတယ်..”
ချီမင်ယောင်သည် တွေဝေခြင်းမရှိဖြေလိုက်သည်။ မိစ္ဆာမျိုးနွယ်၏ နတ်အင်ပါယာဆိုသည့် ဂုဏ်ပုဒ်သည် နိမ့်ကျသည့် နယ်မြေတွင်ရှိစဉ်က ဖြစ်၏။ ယခုတွင် သူမ၏ တည်ရှိမှုသည် သေးငယ်သွားပြီ ဖြစ်သည်။ ထို့အတွက်ကြောင့် သူမသည် မည်သည့်ဂုဏ်ပုဒ်မျှ မတပ်မက်တော့ပေ။
“ကောင်းပြီ..”
ဟွမ်းသည် ခေါင်းညိတ်လိုက်ပြီးနောက် ရှင်းဝမ်ကျဲကို ကြည့်ကာ ထက်မံပြောဆိုလိုက်သည်။
“ငါက မင်းအတွက် ကံကြမ္မာကြယ်မျိုးနွယ်ခန်းမတည်ဆောက်ပေးမယ်..၊ ဒါပေမဲ့ အဲ့ဒီနာမည်တော့ မသုံးစေချင်ဘူး..”
“ကျုပ် အတွက်လား..”
ရှင်းဝမ်ကျဲသည် ထိုမထင်မှတ်ထားသည့် အရာအတွက် အံ့ဩသွား၏။ ထို့နောက် စဉ်းစားကာ တောင်းဆိုလိုက်သည်။
“ကျုပ် ကြယ်တာယာခန်းမလို့ သုံးလို့ရမလား..”
“ပြသနာမရှိဘူး..”
ဟွမ်းသည် ခေါင်းညိတ်ကာ လက်ခံလိုက်၏။ သူသည် ရှင်းဝူဟန် မသေဆုံးခင်က ပြောကြားခဲ့သည့် ဆန္ဒကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ ရှင်းဝမ်ကျဲသည် ကြယ်တာယာနန်းတော်ကို မမေ့လျော့ချေ။
ထို့နောက် ထိုက်ဟုန်ကျွင်းကို ကြည့်ကာ ပြောလိုက်၏။
“မင်းက လောလောဆယ် ကျင့်ကြံဖိုလုပ်..၊ နောက်ပိုင်းကျ နန်းတော်ကို ဝင်ရောက်လာမဲ့ တပည့်တွေကို စီမံရမယ်၊ အဲ့ဒီအချိန်ကျမှ ရာထူးတစ်ခုပေးမယ်..”
“ဟုတ်ကဲ့ပါ..အရှင်..”
ထိုက်ဟုန်ကျွင်းသည် ပျော်ရွင်စွာလက်ခံလိုက်သည်။ ဟွမ်းသည် ရှင်းဝေ့ကျန်းနှင့် ဟေးချုံးကို ကြည့်လိုက်၏။ လတ်တလောတွင် အခြားခန်းမများ စီစဉ်ထားခြင်းမရှိချေ။
ချီမင်ယောင်သည် မော့ရွှယ်အာနှင့် ဆက်စပ်နေသောကြောင့် နတ်ဆိုးခန်းမတွင် နေရာပေးအပ်ခဲ့သည်။
ရှင်းဝမ်ကျဲသည်လည်း ကံကြမ္မာကြယ်မျိုးနွယ်အတွက် သူ၏ ကတိကြောင့် ခန်းမတစ်ခုပေးအပ်ခဲ့သည်။
ထိုက်ဟုန်ကျွင်းသည်တော့ ဟွမ်းမျှော်လင့်ချက်ထားသည့် သူတစ်ဦးဖြစ်သည်။ ထို့အပြင် သူ၏ အသက်သည် ကျင့်ကြံသူများ၏ သက်တမ်းအရ ငယ်ရွယ်သေး၏။ ထို့ကြောင့် လတ်တလောတွင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်စေသည်။
သို့သော် ရှင်းဝေ့ကျန်းနှင့် ဟေးချုံးတို့အတွက် ထားရှိရန် စီစဉ်ထားသည့်ခန်းမ မရှိသေးချေ။
“မြူနှင်းမြို့မှာ လက်ထောက်မြို့သခင်နှစ်ဦးအဖြစ် စဉ်းစားထားတယ်..၊ ခင်ဗျားတို့ရဲ့ ဆန္ဒကရော..”
ဟွမ်းသည် သူတို့၏ ဆန္ဒကို မေးမြန်းလိုက်၏။ လတ်တလောတွင် မြူနှင်းမြို့ကိုစီမံရန် ခေါင်းဆောင်များလိုအပ်နေသည်။ သို့သော် သူတို့၏ အင်အားသည် နိမ့်ကြနေသောကြောင့် မြို့သခင်ဖြစ်ရန် အရည်အချင်းမမှီသေးချေ။
ထို့အပြင် သူတို့သည် အုပ်ချုပ်ရေးတွင် အတွေ့အကြုံများစွာရှိကြ၏။ ထို့ကြောင့် ထိုနေရာသည် သင့်လျော်လှသည်။ ထို့အပြင် ပြင်ပမှ ဧည့်သည်များ လာရောက်လိုလျှင် မြူနှင်းမြို့တော်သာ အရင်ဝင်ရောက်ရမည်ဖြစ်၏။
“ကျုပ်တို့ ငြင်းစရာမရှိပါဘူး..”
ရှင်းဝေ့ကျန်းနှင့် ဟေးချုံးသည် လက်ခံလိုက်၏။ လက်ထောက်မြို့သခင်ရာထူးသာရရှိသော်လည်း သူတို့၏ စွမ်းအားနှင့် ဆိုလျှင် မဆိုးချေ။ ဟွမ်းသည် နေရာများ ချထားပေးပြီးနောက် အသီးသီးထွက်ခွာသွားကြသည်။
ထိုက်ဟုန်ကျွင်းနှင့် တပည့်များကို လင်းရှန်နယ်မြေတွင် သွားရောက်ကျင့်ကြံစေလိုက်၏။
ထို့အပြင် ဝမ်မုန့်ယွင်လည်း ကျင့်ကြံစေသည်။ အဖွဲ့အစည်းတစ်ခုတွင် သူတစ်ဦးတည်းသာ အင်အားကြီးနေ၍ မရချေ။ ထိုသို့သာဆိုလျှင် ကိစ္စတိုင်းတွင်လည်း သူကိုယ်တိုင်ဖြေရှင်းနေရတော့မည်ဖြစ်သည်။
ထို့နောက် ဟွမ်းသည် ယခုအထိ မတွေ့ရသေးသည့် ချုးယွီဟွာကို ရှာဖွေလိုက်၏။
သူမသည် ဟွမ်းတည်ဆောက်ထားသည့် ဥယျာဉ်တော်တွင် ငြိမ်သက်စွာ ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူမ၏ ပုံစံသည် အထီးကျန်နေသည့်ပုံပေါက်နေသော်လည်း သူမ၏ နူးညံ့သိမ်မွှေ့သည့် ဟန်ပန်ကြောင့် မြင်သူတိုင်း ငေးမောနေမိမှာ အမှန်ပင်။
ထိုအထဲတွင် ဟွမ်းလည်းပါဝင်နေ၏။ သူမ၏ ဆိတ်ငြိမ်နေပုံကို သတိလက်လွတ်ကြည့်မိနေသည်။ သူသည် သတိပြန်လည်ဝင်ရောက်လာချိန်တွင် မယုံနိုင်ဖြစ်ကာ တွေးမိလိုက်၏။
‘ဟမ်..၊ ငါက ဒီလိုလူမျိုးလား..’