ဆွေးနွေးခြင်း
Vol. 14 Ch. 207
ချုးယွီဟွာသည် ဟွမ်းရောက်ရှိနေသည်ကိုပင် သတိပြုမိဟန်မရချေ။ သို့သော် ဟွမ်းသည်လည်း သူမ၏ အတွေးများအား မနှောက်ယှက်ပဲ တိတ်တဆိတ်သာ ရပ်တန့်နေခဲ့သည်။
ဤပုံစံနှင့်ပင် နေ၏ အလင်းသည် မှေးမှိန်လာပြီး အေးချမ်းသည့် လမင်းကြီးသည် တရွေ့ရွေ့နှင့် အစားထိုးဝင်ရောက်လာသည်။ ထိုလမင်းနှင့်အတူ လေပြေလေညှင်းပါ ခေါ်ဆောင်ခဲ့ဟန်ရသည်။ ညင်သာသည့် လေပြေလေးတစ်ချက် တိုက်ခက်သွားတိုင်း ချုးယွီဟွာ၏ နက်မှောင်သည့် ဆံနွယ်များသည် လူးလွန့် လှုပ်ရှားသွား၏။
သူမ၏ အစိမ်းရောင်ပိုးသားဝတ်စုံကြောင့် လရောင်အောက်တွင် တန်ဖိုးကြီး ကျောက်စိမ်းကဲ့သို့ ကျော့ရှင်းလှပနေသည်။
ဟွမ်းသည် သူမအတွေး မည်သို့ရှိနေသည်ကို မသိသော်လည်း သူမ၏ အထီးကျန်မှုကို လရောင်အောက်မှာ ရှင်းရှင်းလင်းလင်းမြင်တွေ့နေရ၏။
“စီနီယာအစ်ကို..”
ချုးယွီဟွာသည် အတွေးများမှ ရုန်းထွက်လာပြီးနောက်တွင် ဟွမ်း၏ တည်ရှိမှုကို တွေ့မြင်သွားသည်။
“ဒီရက်တွေမှာ မင်းပင်ပန်းသွားရပြီ..”
ဟွမ်းသည် သူမ အနားသို့ ရောက်ရှိလာပြီး စကားစလိုက်၏။
“ဒီလောက်ကတော့ ပြသနာမရှိပါဘူး..”
ချုးယွီဟွာသည် ခေါင်းသာခါယမ်းကာ တိုးလျသည့်လေသံနှင့် ဆိုလိုက်၏။
“တစ်ခြား စိတ်ရှုပ်ထွေးစေမဲ့ အရာတွေရှိနေတာလား..”
ဟွမ်းသည် မေးသင့်၊ မမေးသင့် တွေဝေနေသော်လည်း ထုတ်မေးလိုက်၏။ သို့သော် ချုးယွီဟွာသည် မည်သို့စတင်ပြောဆိုရမည်ကို မသိပေ။
“ကျွန်မ..”
“ပြောပြဖို့ အခက်တွေ့နေရင် ထားလိုက်ပါ..”
ဟွမ်းသည် ချုးယွီဟွာ၏ ပြောရခက်ခဲနေသည့် အမူအယာကို ကြည့်ကာ အတင်းကြပ် ဖိအားမပေးချေ။ လူတိုင်းတွင် ထုတ်ဖော်ပြောကြား၍ မရနိုင်သည့် အတွင်းရေးကိစ္စများ ရှိနေတက်သည်။
“အဲ့ဒီလို မဟုတ်ပါဘူး၊ ဒီကိစ္စက..”
ချုးယွီဟွာသည် ချုးထန်ပြောဆိုခဲ့သည့် ကိစ္စများကို အသေးစိတ် ရှင်းပြပြောဆိုလိုက်၏။
ဟွမ်းသည် ချုးယွီဟွာပြောနေသည့် အကြောင်းအရာကို သူ၏ အမူအယာပြောင်းလဲခြင်းမရှိ နားထောင်နေသည်။
‘ဒီလို အပြောင်းအလဲတွေလဲ ရှိတာလား..’
ဟွမ်း၏ စိတ်တွင် အတွေးအချို့ဝင်ရောက်လာသည်။ ယခုမှပင် သူမှနှင့် ပတ်သတ်သည့် ထူးဆန်းသည့် အကြောင်းအရာများကို ဆက်စပ်မိသွား၏။
အချိန်တံခါးအတွင်း ဝင်ရောက်ခဲ့စဉ်က သူမ၏ ကျင့်ကြံမှုအဆင့်သည် အလွန်ကျွံမြင့်တက်သွားခဲ့သည်။ ထို့အပြင် ၎င်းကဲ့သို့ ဝိညာဉ်တည်ရှိနေသည့် ရတနာမျိုးသည် သူမအား သခင်အဖြစ် အသိမှတ်ပြုမှုရရှိခဲ့သည်။
ဟွမ်းကိုယ်တိုင်ပင် သူမ၏ ကျင့်ကြံခြင်းပါရမီကို နိမ့်ကျသည်ဟု ကောက်ချက်ချဖူးခဲ့သည်။ သို့သော် သူမသည် အချိန်တံခါးအတွင်းမှ ထွက်လာပြီးနောက် အားလုံးပြောင်းလဲသွားခဲ့သည်။
“မင်းရဲ့ မိဘတွေကို ရှာမတွေ့နိုင်မှာ စိုးရိမ်နေတာလား..”
ဟွမ်းသည် သူ၏ အတွေးများကို ရပ်တန့်ပြီးနောက် ချုးယွီဟွာကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ သို့သော် ချုးယွီဟွာသည် ခေါင်းခါယမ်းကာ ဝမ်းနည်းသည့်လေသံနှင့် ပြောဆိုလိုက်သည်။
“ကျွန်မက သားရဲတစ်ကောင်ဖြစ်နေရင် အားလုံးနဲ့ ကွဲပြားသွားမှာ ကြောက်မိတယ်၊ ပြီးတော့ အစ်ကိုနဲ့ မတူညီတော့မှာ စိုးရိမ်တယ်..”
ဟွမ်း “...”
‘အဲ့ဒီ အကြောင်းအရာ အတွက်နဲ့ နေ့တစ်ဝက်လောက် သောကရောက်နေတာလား..’
ဟွမ်း စွံ့အသွားကာ ပြောစရာများပျောက်ရှသွား၏။ ထိုမိန်းကလေး၏ စဉ်းစားပုံသည် တစ်စုံတစ်ရာလွဲမှားနေဟန် ရှိသည်။ သို့သော်လည်း သူမ၏ လေးနက်သည့်အမူအယာကို မြင်တွေ့ရသောကြောင့် နှစ်သိမ့်ပေးလိုက်၏။
“မင်းကို နှစ်သက်ကြတဲ့သူတွေက မင်းရဲ့ တည်ရှိမှုက ဘယ်လိုမျိုးပဲဖြစ်ဖြစ် လက်ခံပေးကြလိမ့်မယ်..ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မင်းဘက်ကရပ်တည်ပေးကြလိမ့်မယ်၊ ပြီးတော့ မင်းကို မလိုလားတဲ့သူတွေအတွက်ကြောင့် မင်းရဲ့ဖြစ်တည်မှုကို ရှက်ရွံ့မုန်းတီးစရာမလိုဘူး၊ ပြောင်းလဲပေးစရာလဲမလိုဘူး..”
“ကျွန်မ..”
ချုးယွီဟွာ၏ အသံသည် ပျောက်ကွယ်နေပြီး သူမ၏ နားတွင် ဟွမ်း၏ စကားများသာ ပဲ့တင်ထပ်နေသည်။ တစ်စုံတစ်ယောက်ကို နှစ်သိမ့်ပြောဆိုရန် ရှုပ်ထွေးသည့် စကားလုံးများစွာမလိုအပ်ပေ။ လိုရင်းကိုသာ ရှင်းရှင်းလင်းလင်းနှင့် သူတို့၏ လမ်းကို ညွှန်ပြပေးနိုင်လျှင် သက်ရောက်မှုသည် ပိုမိုကြီးမား၏။
ချုးယွီဟွာသည် သူမ၏ ဇာစ်မြစ်ကို သိရှိရန် စိတ်မဝင်စားပေ။ ချုးထန်သာ သူမ၏ ဖခင်အဖြစ် သက်မှတ်ထားပြီးဖြစ်သည်။ သို့သော် သူမသည် ထိုသို့ မွေးဖွားလာသူဖြစ်သည်ကို သိလိုက်ရခြင်းကြောင့် လူသား မဖြစ်နိုင်တော့ဟု တွေးမိခဲ့၏။ ထိုအရာက သူမ၏ စိတ်တွင် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။
သို့သော် ဟွမ်း၏ စကားများကြောင့် သူမ၏ စိတ်သည် သက်တောင့်သက်သာဖြစ်လာ၏။ စိတ်ပူပန်မှုများလည်း လျော့ကျလာသည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူမသည် တိုးလျလွန်းသည့် လေသံနှင့် မေးမြန်းလိုက်၏။
“တကယ်လို့ ကျွန်မရဲ့ ဖြစ်တည်မှုက ဆိုးရွားတဲ့အရာမျိုးဖြစ်နေခဲ့ရင်ရော စီနီယာအစ်ကိုက ကျွန်မရဲ့ဘက်က ရပ်တည်နိုင်ဦးမှာလား..”
“မင်းက ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ဘယ်သူမှ အန္တရာယ်ပြုခွင့်ပေးဘူး..”
ဟွမ်း၏ စကားသံသည် ကျယ်လောင်ခြင်းမရှိပေ။ သို့သော် အားမာန်အပြည့်နှင့် အလွန်ပင် ထည်ဝါသည်ဟု ချုးယွီဟွာခံစားမိသွား၏။ ထိုစကားသည် သူမ ချန်ယဲ့ဟိုင်၏ တပည့်ဖြစ်သွားသည့်အချိန်မှစ၍ ကတိတစ်ခုအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
သို့သော်လည်း ချုးယွီဟွာ၏ စိတ်အတွင်းမှ အစိုင်အခဲများသည် ဟွမ်း၏စကားကြောင့် အရည်ပျော်သွားဟန်ရသည်။ သူမ၏ မျက်ဝန်းများတွင် မျက်ရည်စများ ရစ်ဝဲနေသော်လည်း သူမ၏ နှုတ်ခမ်းပါးလေးမှ တည်ငြိမ်အေးချမ်းစေမည့် အပြုံးလေးတစ်ခု ပေါ်ထွက်လာ၏။ သူ၏ ခန္ဓာကိုယ်သည် ဟွမ်းနှင့် နီးရာသို့ တိုးကပ်သွားသည်။
သူမ၏ ဦးခေါင်းသည် ဟွမ်း၏ တောင့်တင်းခိုင်မာသည့် ပခုံးထက်သို့ ယိမ်းသွား၏။ ဟွမ်းသည် သူမ၏ အပြုအမှုကြောင့် အံ့ဩသွားသော်လည်း ချုးယွီဟွား၏ ဦးခေါင်းသည် သူ၏ ပခုံးထက်မှ ပြုတ်ကျသွားမည်ကို စိုးရိမ်သည့်အလား တုပ်တုပ်မျှပင် မလှုပ်တော့ချေ။
ည၏ လေပြေညင်းကြောင့် ချုးယွီဟွာထံမှ သစ်ခွပန်းရနံ့သင်းသင်းလေးသည် ဟွမ်း၏ နှာခေါင်းတွင်းသို့ ဝင်ရောက်လာပြီး သူ၏ စိတ်ပင် အေးမြသွားတော့၏။
သူ၏စိတ်တွင် မတည်မငြိမ်ဖြစ်နေမှုကို ခံစားမိလိုက်သည်။ ထျန်းယွမ်ကုန်းမြေတွင် ကောင်းကင်ထက်မှလက်ဝါး ထွက်ပေါ်လာခဲ့စဉ်ကပင် ဤသို့ တုန်လှုပ်မှုမျိုး မဖြစ်ပေါ်ဖူးချေ။
သို့သော် ဤမိန်းကလေးအနားတွင်မှ ထိုသို့ခံစားချက်များ ဖြစ်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည်လည်း မကြုံဖူးသည့် လှုပ်ရှားမှုမျိုး ဖြစ်ပေါ်လာသည်။
သူတို့နှစ်ဦးသည် စကားများထပ်မံပြောဆိုခြင်း မရှိတော့ချေ။ တိတ်ဆိတ်ငြိမ်သက်စွာနှင့်ပင် လမင်းကြီး၏ လှပမှုကို ကြည့်ရှု ခံစားနေကြသည့်အလားပင်။ သူတို့နှစ်ဦး၏ အနီးရှိလေထုသည် ချိုမြိန်နေပြီး စိတ်ပင်သက်တောင့်သက်သာ ရှိစေနိုင်သည်။
သို့သော် ထိုလေထုနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် နေရာအချို့လည်း တည်ရှိနေ၏။ ထိုသည်က ကျန်းအိမ်တော်ပင်။
“ခေါင်းဆောင်ကျီ ကိုယ်တိုင်ရောက်ရှိလာမယ်လို့ မထင်ထားဘူး..”
ကျန်းရွှမ်ထုံသည် သက်လတ်ပိုင်းအရွယ်လူကြီးကို အရိုသေပြုကာ ဆိုလိုက်၏။ ရှီဖန်းကျစ်လည်း ကျန်းအိမ်တော်မှ မပြန်သေးချေ။
“ခေါင်းဆောင်ရှီ ကိုယ်တိုင်တောင် မဖြေရှင်းနိုင်တဲ့ ကိစ္စဆိုတော့ ကျုပ်လာဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာမရှိတော့ဘူး..”
သက်လတ်ပိုင်းအရွယ်လူကြီးသည် ဆိုလိုက်၏။ သူသည် ကျီမျိုးနွယ်ခေါင်းဆောင်သူ ကျီထျန်းရှစ်ဖြစ်ပြီး ကျီယွမ်မဟာမိတ်အဖွဲ့၏ ဦးဆောင်သူလည်း ဖြစ်သည်။ ထို့အပြင် ကျီယွမ်ကုန်းမြေ၏ တစ်ဦးတည်းသော မဟာ နတ်အင်ပါယာအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်၏။
သူသည် မျိုးနွယ်များအတွက် အရေးပေါ်ဆက်သွယ်ရန် ကျောက်ပြားများကို အစီအရင် ရေးဆွဲကာ ပေးအပ်ထားသည်။ ထိုကျောက်ပြားများကို လုံးဝဖြေရှင်းနိုင်စွမ်းမရှိတော့သည့် အချိန်တွင် အသုံးပြုစေရန်ဖြစ်၏။ သို့သော် အစွမ်းထက်လွန်းသည့် အစီအရင်များ မဟုတ်သည့်အတွက်ကြောင့် ကြန့်ကြာမှု ရှိနေသည်။ ထို့ကြောင့်ပင် ချက်ချင်းရောက်လာနိုင်ခြင်း မရှိခဲ့ပေ။
ကျန်းရွှမ်ထုံနှင့် ရှီဖန်းကျစ်တို့သည် ဖြစ်ပျက်သည့် အရာများကို ထိုင်းမှိုင်းသည့်လေသံနှင့် ရှင်းပြလိုက်သည်။ သူတို့၏ စိတ်များသည်လည်း တောင်တစ်လုံးနှင့် ဖိခံထားရသည့်အလား လေးလံနေသည်။
“အဲ့ဒီလူက ကျောက်ပြားရဲ့ ဖိနှိပ်ခံထားရတဲ့ မိစ္ဆာကို အနိုင်ယူနိုင်စွမ်းရှိတာလား..”
ကျီထျန်းရှစ်သည် အံ့ဩစွာဆိုလိုက်၏။ သူတို့၏ ရှေးအဆက်ဆက်က မျိုးနွယ်ခေါင်းဆောင်များပင် ထိုအရာကို ဆက်နွယ်ဆက်ဆံစေခြင်းမရှိရန် အထပ်ထပ်မှာကြားခဲ့သည်။ ထိုအရာသည် အလွန်ပင် အစွမ်းထက်ကာ ဆိုးရွားသည့် မိစ္ဆာတစ်ကောင်ဟုပင် သိရှိထားပြီးဖြစ်သည်။ ထို့နောက် သူသည် တွေးတွေးဆဆနှင့်ပြောလိုက်၏။
“အချိန်တွေကြာကြာ ချုပ်နှောင်ထားခံရလို့ အဲ့မိစ္ဆာအင်အားနည်းနေတာ ဖြစ်နိုင်မလား”