← Chapters

အံ့အားသင့်ကြခြင်း

Vol. 10 Ch. 938

အံ့အားသင့်ကြခြင်း

Vol. 10 Ch. 938

လူတိုင်းသည် သူတို့၏ အရှေ့ရှိ လူငယ် နှစ်ယောက်ကိုသာ ငေးကြောင်ကာ ကြည့်နေမိကြသည်။ ပြန်လည် မွေးဖွားခြင်း ဂိုဏ်း မဟာ အကြီးအကဲ၏ မျိုးဆက် လင်းရှောင် ပင်လျှင် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။

"ဟမ်… ဘာလဲဟ အခု ငါ ဘာကို မြင်နေရတာလဲ…"

"နဂါး နတ်မိမယ်လေးက သူစိမ်း တစ်ယောက်ကို ဖက်နေတာလား…"

" … "

လူများစွာမှာ စိတ်ထဲမှ မေးခွန်းများ ထုတ်နေမိသည်။

ပြန်လည် မွေးဖွားခြင်း ဂိုဏ်းသို့ ရောက်သည်မှာ သုံး လေးနှစ်ခန့်သာ ရှိသေးသော်လည်း ရှောင်မန်မှာ သူမ၏ ပါရမီကြောင့် အလွန် ထင်ရှားသည်။

သူမသည် ဂိုဏ်းသို့ ရောက်ခါစ၌ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်တွင်သာ ရှိသေးသော်လည်း ယခုတွင်မူ မူလ အလယ်ဆင့် သို့ပင် ရောက်နေခဲ့ပြီ ဖြစ်သည်။ နှိုင်းယှဉ်ရလျှင် သူမ၏ တိုးတက်နှုန်းက ကျွင်းပို့ချန်း၊ လီဟိုင်ရှင်း တို့ထက်ပင် ပိုမို မြင့်မား သေးသည်။ ထို့အပြင် သူမသည် ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ သမိုင်းတစ်လျှောက် အငယ်ဆုံးသော မူလ အဆင့်လည်း ဖြစ်၏။

ရှောင်မန် မူလ အဆင့်သို့ တက်လှမ်းသည့် အချိန်၌ နဂါး တစ်ကောင်ပင် ပေါ်လာကာ သူမအား စောင့်ရှောက်ခဲ့သည်။ ကောလဟာလများ အရဆိုလျှင် အခြေတည် ဝိညာဉ် အဆင့် ဘိုးဘေး ပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အခဲ့ရသည်ဟု ဆိုကြသည်။ ထို့နောက် သူသည် သူမအား စစ်ဆေးခဲ့ပြီး သူမတွင် သူ မသိသော ရှားပါးသည့် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင် ထားကြောင်း ကြေညာခဲ့သည်။

ထိုအချိန်မှ စတင်၍ ရှောင်မန်သည် အကြီးအကဲတိုင်း၏ အချစ်တော် ဖြစ်လာခဲ့သည်။ များစွာသော အကြီးအကဲ များသည် သူမအား တပည့် အဖြစ် လက်ခံခွင့် ရရန် အတွက် တိုက်ပွဲများကိုပင် ဆင်နွှဲ ခဲ့ကြသေးသည်။

နောက်ဆုံးတွင်မူ အခြေတည် ဝိညာဉ် အဆင့် ဘိုးဘေးသည် ခရမ်းလ တောင်ထိပ် အကြီးအကဲ ယွီလုံအား ရှောင်မန်၏ ဆရာ အဖြစ် တာဝန်ပေးခဲ့ကာ ပဋိပက္ခများကို အဆုံးသတ် ပစ်ခဲ့ရသည်။

သို့သော်လည်း ယခု၌ သူမက အဘယ်ကြောင့် သာမန် လူငယ် တစ်ယောက်ကို ဖက်ထားရ သနည်း။

"မတွေ့ရတဲ့ နှစ်တွေအတွင်းမှာ နင်က ပိုပြီး လှလာတာပဲ…"

ချန်းဖန်က အခြားလူများ၏ အကြည့်များကို လျစ်လျူကာ ရှောင်မန်၏ ဆံပင်များကို ထိုးဖွ ပေးလိုက်၏။ သူမကား လွန်ခဲ့သည့် လေးနှစ်က သူ့အတွက် မုန့်များ လုပ်ပေးခဲ့သည့် ဆယ့်သုံးနှစ် အရွယ် ကောင်မလေးနှင့် လားလားမျှ မတူတော့ချေ။

ရှောင်မန်၏ အသွင်အပြင်သည် အစစ်အမှန် နဂါး သွေးမျိုးဆက် နိုးထလာချိန်မှ စ၍ ပြောင်းလဲ လာခဲ့သည်။ သူမ၏ ဆံပင်များသည် အညိုရောင်သို့ ပြောင်းလဲ သွားကာ သူမ၏ မျက်လုံးများမှာလည်း ရွှေရောင်သန်း လာခဲ့သည်။ ချန်းဖန်သည် သူမ၏ ခန္ဓာကိုယ်ထဲ၌ နဂါး တစ်ကောင်၏ စွမ်းအားကိုပင် ခံစားလိုက်မိသည်။

သို့သော်လည်း ထိုကလေးမကား ချန်းဖန်၏ ရှေ့၌ ကလေး တစ်ယောက် သဖွယ် ပြုမူ နေခဲ့သည်။ ရှောင်မန်အား စောင့်ရှောက်သော ရွှေရောင် နဂါးမှာလည်း ပျော်မြူးနေဟန် ချန်းဖန်၏ အနား၌ ပတ်၍ ပျံသန်း နေခဲ့၏။

"အကို… သမီး အကို့ကို အရမ်း သတိရနေတာ…"

ရှောင်မန်က ချန်းဖန်အား ကြည့်ကာ ပြောလိုက်သည်။

"ငါလည်း ရပါတယ်…"

ချန်းဖန်ကလည်း ပြုံးရင်း ဆိုလိုက်၏။

သူတို့ နောက်ဆုံး ခွဲခွာခဲ့ရသော အချိန်ကား သေခြင်းနှင့် ရှင်ခြင်းကြားတွင် ရုန်းကန် နေရသော အချိန် ဖြစ်သည်။ ထိုစဉ်က ချန်းဖန်သည် ရှေးဟောင်း နတ်ဆိုး မင်းသားနှင့် နတ်ဆိုး စစ်တပ်များကို တစ်ယောက်တည်း တားဆီးကာ ‌ရှန်းရှီနှင့် ရှောင်မန်တို့ကို ထွက်ပြေး စေခဲ့သည်။

"အကို… သမီးကို နောက်တစ်ခါ ထပ်ပြီး ထားမသွားနဲ့တော့နော်"

ရှောင်မန်က ချန်းဖန်၏ ရင်ခွင်အတွင်း တိုးဝင်ရင်း ဆိုလိုက်၏။

"‌အင်း…"

ချန်းဖန်က ခေါင်းညိတ် လိုက်သည်။

သူ ပြန်လည် မွေးဖွားခြင်း ဂိုဏ်းသို့ လာရောက်ခြင်းမှာ အကြောင်းရင်း နှစ်ခုကြောင့် ဖြစ်သည်။ ပထမ တစ်ခုက ရှောင်မန်ကို ပြန်ခေါ်ရန် ဖြစ်ကာ ဒုတိယ တစ်ခုက ရှန်းရှီအား ကူညီပေးရန် ဖြစ်သည်။

ထို့အပြင် ချန်းဖန်သည် ပြန်လည် မွေးဖွားခြင်း ဂိုဏ်းရှိ ရှောင်မန်၏ ဆရာ အပေါ် အထင်ကြီးခြင်း မရှိချေ။ သူမကား အခြေတည် ဝိညာဉ် အဆင့်ကိုပင် ရောက်ရှိထားသူ တစ်ယောက် မဟုတ်ချေ။ ထိုကဲ့သို့သော သူက မည်ကဲ့သို့ ချန်းပေ့ရွှမ်း၏ ညီမကို သင်ပြပေးနိုင်မည်နည်း။

ချန်းဖန်နှင့် ရှောင်မန်တို့ စကားပြော နေကြချိန်မှာပင် ခရမ်းလတောင်ထိပ်၏ တပည့်များ ရောက်ရှိ လာကြသည်။ ရှောင်မန်သည် အကြီးအကဲ ယွီလုံ၏ တန်ဖိုး အထားဆုံး တပည့်ဖြစ်ရာ သူတို့ အနေဖြင့် ရှောင်မန် အန္တရာယ်ကင်းအောင် စောင့်ရှောက်ရန် တာဝန် ရှိပေသည်။

"အကို… လာ… သမီးရဲ့ သူငယ်ချင်းတွေနဲ့ သွားတွေ့ကြမယ်"

အားလုံး၏ အကြည့်များ အောက်တွင်ပင် ရှောင်မန်က ချန်းဖန်၏ လက်ကို ဆွဲကာ ဂိတ်တံခါးကို ဖြတ်၍ ခေါ်သွားတော့၏။

ချန်းဖန်တို့ ထွက်ခွာသွားသည်နှင့် လူထုမှာ ရုတ်တရက် ဆူပွက်သွားသည်။

"ဘုရားရေ… ငါ ဘာကို မြင်လိုက်ရတာလဲ…"

"သူက တကယ်ကြီး နဂါး နတ်မိမယ်လေးရဲ့ အကိုလား…"

"မဖြစ်နိုင်တာ… ဂိုဏ်းတူ အမ ရှန်းရှီ ပြောတော့ ရှောင်မန်ရဲ့ အကိုက ကမ္ဘာနှစ်ခု ဆုံမှတ်ထဲမှာ သေသွားပြီဆို…"

များစွာသော တပည့်များမှာ အကြိတ်အနယ် ဆွေးနွေး နေကြ၏။

"အမ… သူက ရှောင်မန်ရဲ့ အကို တကယ် ဖြစ်နေတာပဲ"

ကျူးနင်းမိုက ပြောလိုက်သည်။

ကျူးနင်းရွှယ်မှာမူ တိတ်ဆိတ် နေ၏။ သို့သော်လည်း သူမသည် သူမ၏ မျက်နှာပေါ်ရှိ အံ့အားသင့်ခြင်းကိုမူ မဖုံးကွယ် နိုင်ခဲ့ချေ။

အခြား တစ်ဖက်၌ လင်းရှောင်၏ မျက်နှာရှိ အပြုံးမှာ အေးခဲနေခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ ဒေါသကို ဖြေဖျောက်ရန် အတွက် ဘေးနားရှိ တောင်ငယ် တစ်ခုကိုပင် ကန်ကာ ဖျက်ဆီး ပစ်လိုက်၏။

သို့သော်လည်း ချန်းဖန်ကမူ ထိုအရာကို မသိရှိခဲ့ချေ။ သူသည် ရှန်းရှီနှင့် အတူ ခရမ်းလ တောင်ထိပ်သို့ သွားရောက် နေခဲ့ပြီ ဖြစ်လေသည်။

"ဟူး… ဟူး…"

ဂိတ်တံခါးအား ဖြတ်ကျော် ပြီးသည်နှင့် ချန်းဖန်တို့သည် ထျန်းဟောင်ဂြိုဟ်မှ ထွက်ခွာကာ အခြား ကမ္ဘာ တစ်ခုသို့ ရောက်သွားသည့်နှယ် ခံစားလိုက်ရသည်။

ချန်းဖန်က နတ်ဘုရား စိတ်အာရုံအား ဖြန့်ကျက်ကာ အကဲခတ်လိုက်၏။ ထိုနေရာ၌ သူ အများဆုံး တွေ့ရသော အရာများကား ‌မြင့်မားသော တောင်ထွတ်ကြီးများပင် ဖြစ်သည်။ အရေအတွက်အားဖြင့် ဆိုလျှင် ပြန်လည် မွေးဖွားခြင်းဂိုဏ်း၌ တောင်ထွတ် သုံးဆယ့်ခြောက်ခု တိတိ ရှိ၏။ တောင်ထွတ် တစ်ခုချင်းစီကို အခြေတည် ဝိညာဉ် အဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့သော အကြီးအကဲ တစ်ဦးစီက ကြီးကြပ်သည်။

ချန်းဖန်သည် ဗဟိုပိုင်းသို့ သူ၏ နတ်ဘုရား စိတ်အာရုံကို ပို့လွှတ်ကြည့်ရာ သူ့ကိုပင် ခြိမ်းခြောက်နိုင်သော ဖြစ်တည်မှု အချို့ကို သတိထားမိလိုက်သည်။

"အခြေတည် ဝိညာဉ် အဆင့်…"

ချန်းဖန်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။ သို့သော်လည်း သူသည် ကြောက်ရွံ့ခြင်း မရှိချေ။

သူသည် အခြေတည် ဝိညာဉ် အဆင့်သို့ မရောက်သေးသည့်တိုင် ရွှမ်ဝူ၊ အဇူရာ သက်ရှည်၊ ခွန်ပန်နှင့် လိန်ဟူ အစစ်အမှန် အသွင်များကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ထို့ကြောင့်ပင် အခြေတည် ဝိညာဉ် အဆင့်များမှာ သူ့အား မခြိမ်းခြောက် နိုင်တော့ချေ။

"အကို… အဲဒီတောင်ထိပ်ကို ဆေးလုံး တောင်ထိပ် လို့ ခေါ်တယ်… အဲဒီမှာ နေတဲ့ အဘိုးက အရမ်း ခင်ဖို့ ကောင်းပြီး သမီးကို နေ့တိုင်း ဆေးတွေ ပေးတယ်"

"ဟိုတစ်ခုကတော့ နတ်ဘုရား လက်နက် တောင်ထိပ်တဲ့… အဲဒီက အဘိုးကလည်း သမီး အပေါ် ကောင်းတယ်… သူက သမီး လိုချင်တဲ့ ဝိညာဉ် ရတနာတွေကို အမြဲ ထုတ်ပေးတယ်"

"ဟိုဘက်ကကျတော့ သားရဲ တောင်ထိပ်လို့ ခေါ်တယ်…"

ရှောင်မန်သည် ချန်းဖန်၏ လက်ကို ကိုင်ရင်း ပြန်လည် မွေးဖွားခြင်း ဂိုဏ်း အနှံ့ လိုက်ပြ နေခဲ့သည်။

"အင်း…"

ချန်းဖန်မှာ နူးညံ့စွာ ပြုံးရင်း ခေါင်းညိတ် နေ၏။ ကျိုးကျူရှင်းနှင့် မိန်းကလေး သုံးယောက်မှာလည်း ရှောင်မန်အား နွေးထွေးစွာ ကြည့်နေခဲ့သည်။ မည်သူက ထိုမျှ လှပ၍ ဖြူစင်သော မိန်းကလေးကို မချစ်မည်နည်း။

ရှောင်မန်၏ မျက်နှာသည် ပန်းတစ်ပွင့် အလား ပွင့်လန်းနေသည်။ သို့သော်လည်း သူမ၏ စိတ်ထဲတွင်မူ မူလ အဆင့် အထိ ပြန်ကျသွားသည့် ချန်းဖန်၏ ကျင့်ကြံခြင်းကို ကြည့်ကာ ဝမ်းနည်း နေမိသည်။

"သူက မူလ အဆင့် မကလို့ သာမန် လူပဲ ဖြစ်ဖြစ်… ထာဝရ ငါ့ရဲ့ အကိုပဲ… ဒီနေ့က စပြီး ငါ သူ့ကို ကာကွယ်ပေးမယ်"

ထိုအတွေးဖြင့် ရှောင်မန်က ချန်းဖန်၏ လက်အား ပိုမို တင်းကြပ်စွာ ဆုပ်ကိုင် လိုက်သည်။

တစ်ချိန်တည်း၌ ခရမ်းလ တောင်ထိပ်၏ တပည့်များကား ထိုမြင်ကွင်းကို ကြည့်ကာ ဖင်မထိုင်နိုင်အောင် ဖြစ်နေကြသည်။

သူတို့သည် ရှောင်မန်တွင် ဆွေမျိုး ရှိသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ချေ။ အကြီးအကဲ ယီလုံကလည်း ရှောင်မန် အနားသို့ ယောက်ျားသားများ မကပ်စေရန် သူတို့အား ‌တာဝန်ပေးထားခဲ့သေးသည်။ သို့သော်လည်း သူတို့သည် ရှောင်မန်နှင့် သူ၏ အကို ဆိုသူကို ခွဲထုတ်ရန် နည်းလမ်းကိုလည်း မရှာနိုင်ကြသေးချေ။

အားလုံးထဲ၌ ဟွာနွန်ယင် တစ်ယောက်သာလျှင် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို စဉ်းစား မိ၏။  သူမသည် ခရမ်းလ တောင်ထိပ်၏ စီနီယာ ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ ရွှေအမြုတေ ထိပ်ဆုံး အဆင့် တစ်ယောက်လည်း ဖြစ်သည်။ သို့ဖြစ်ရာ သူမ၏ အတွေ့အကြုံမှာ အခြား တပည့်များထက် ပို၍ များသည်ဟု ဆိုနိုင်ပေသည်။

"ငါ ဆရာ့ကို သတင်းပို့ရမယ်…"

ဟွာနွန်ယင်က ချန်းဖန်အား တစ်ချက် ကြည့်ကာ ခေါင်းညိတ်လိုက်၏။

မကြာခင်မှာပင် ချန်းဖန် ရောက်ရှိလာသည် ဆိုသော သတင်းမှာ ကျူးနင်းမို၏ ပါးစပ်မှ တစ်ဆင့် တောင်ထိပ် သုံးဆယ့် ခြောက်ခုလုံးသို့ ပျံ့နှံ့သွား၏။ ထိုသတင်းက ပြန်လည် မွေးဖွားခြင်း ဂိုဏ်းတစ်ခုလုံးကို အံ့အားသင့် သွားစေသည်။

***

All Chapters