← Chapters

ဖိတ်ခေါ်ခြင်း

Vol. 14 Ch. 209

ဖိတ်ခေါ်ခြင်း

Vol. 14 Ch. 209

ကျောက်ဝမ်အာ၏ ပတ်ပတ်လည်တွင် မိုးကြိုးလျှပ်စီးသံများ တလျှပ်လျှပ် နှင့် ထွက်ပေါ်နေတော့သည်။ ထိုဖြစ်စဉ်များတဖြည်းဖြည်း တည်ငြိမ်လာပြီးနောက် ကျောက်ဝမ်အာ၏ မျက်လုံးများပွင့်ဟလာ၏။

“ဆရာ..၊ တပည့်အောင်မြင်သွားပြီထင်တယ်..”

ကျောက်ဝမ်အာသည် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ထို့နောက် သူမလက်ဖဝါးဖြန့်လိုက်ချိန်တွင် မိုးကြိုးငယ်များသည် လက်ဖဝါးအတွင်း ကူးခက် လှုပ်ရှားနေသည်။

“နတ်ဘုရားကုန်းမြေမှာ..မိုးကြိုးစွမ်းအင် ကျင့်ကြံသူက ဝမ်အာတစ်ယောက်ပဲရှိလိမ့်မယ်..”

ဟွမ်းသည် ဂုဏ်ယူစွာ ပြောဆိုလိုက်၏။ ဤကုန်းမြေများတွင် မိုးကြိုးကျင့်ကြံသူကို တွေ့ကြုံဖူးခြင်းမရှိသေးချေ။

ခဏအကြာတွင် ကျောက်ဝမ်အာနှင့် အလားတူ အဆင့်တက်ရောက်သည့် အရှိန်အဝါ သုံးခုပေါ်ထွက်လာ၏။ ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်သည် အဆင့်သုံးသို့ တက်ရောက်နိုင်ခဲ့ပြီး လင်းယိုဟန်သည် အဆင့်နှစ်သို့ ရောက်ရှိလာသည်။

သူတို့သုံးဦးသည် အချိန်အနည်းငယ်ကြာ စွမ်းအင်များ တည်ငြိမ်အောင် ပြုလုပ်နေကြ၏။ ပြီးနောက် သူတို့သည် ဟွမ်းရှိရာသို့ ရောက်ရှိလာကြတော့သည်။

ထိုစဉ်တွင် ယွဲ့ဝူယောင်နှင့် လုရှင်းယန်သည် ကျောင်ဝမ်အာကို ဂုဏ်ပြုနေသည်ကို တွေ့လိုက်ရ၏။

သူတို့သုံးဦးသည် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားများပင် ဖြစ်နေကြတော့သည်။ အဆင့်သုံးသို့ရောက်ရှိရန် အပြင်းအထန် ကြိုးစားကျင့်ကြံခဲ့ရသော်လည်း သူတို့၏ ဆရာတူညီမငယ်လေးသည် မျက်စိတစ်မှိတ်အတွင်း အဆင့်နှစ်ကျင့်ကြံသူဖြစ်လာခဲ့၏။

ခံစားချက်အပြင်းထန်ဆုံးသူမှာ လင်းယိုဟန်ပင် ဖြစ်သည်။ သူမသည် ပါရမီရှင်တစ်ဦးဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ တက်လှမ်းနိုင်သော်လည်း သူမထက် အသက်နှစ်ဆယ်ခန့်ငယ်သော ကျောက်ဝမ်အာသည် သူမနှင့် တန်းတူဖြစ်နေသည်။

“ဒီညအတွက် ဂုဏ်ပြုပွဲကျင်းပကြမယ်..”

ဟွမ်းသည် တပည့်များအားလုံးကို ကြည့်ကာ ဆိုလိုက်၏။ သူတို့အားလုံး၏ မျက်နှာသည် ပို၍ပင် ဝင်းပလာကြတော့သည်။ ဟွမ်းသည် တပည့်များအား အစွမ်းထက်သူများဖြစ်စေရန် ရည်ရွယ်ထားသော်လည်း အမြဲတမ်းကျင့်ကြံမနေစေချင်ပေ။ ကျင့်ကြံခြင်းနှင့်ပတ်သတ်၍ သူသည် မကျင့်ကြံဖူးသော်လည်း လူငယ်များအတွက် စွမ်းအားမှ လွဲလျှင် အခြားအရာများနှင့် ကင်းကွာသွားမည်ကို စိုးရိမ်မိသည်။

နောက်ရက်တွင် ဟွမ်းသည် ခန်းမတွင်း သွမ့်မုယီနှင့် ဆွေးနွေးမှုပြုနေသည်။

“ဂိုဏ်းချုပ်သွမ့် နောက်နှစ်ဝက်နေရင် ဟွမ်းရှန့်နန်းတော်မှာ တပည့်အချို့ လက်ခံမဲ့ အကြောင်းကို ကြေညာပေးပါ..”

ဟွမ်းသည် သွမ့်မုယီကိုကြည့်ကာ ပြောဆိုလိုက်၏။ သူ၏ စကားတွင် တပည့်အချို့ဟုသာသုံးနှုန်းထားသည်။ တပည့်အနည်းငယ်သာ ခေါ်ယူရန် ဆုံးဖြတ်ထားပုံရ၏။

နောက်သုံးလလောက်တွင် မြူနှင်းမြို့တော်သည် အလုံးစုံပြီးစီးသွားမည်ဟု ခန့်မှန်းထားသည်။ ထိုမြို့တော်အတွက် လောင်ကျန်းနှင့် သူ၏ အဖွဲ့သားများသည်လည်း အားတက်သရော လုပ်ဆောင်နေကြ၏။ ထို့ကြောင့် မြူနှင်းမြို့တော်သည် အတော်ပင် ပြီးလုဆဲဆဲဖြစ်လာသည်။

“စိတ်ချပါ..၊ နန်းတော်သခင်..ကျုပ် ကျန်းကျာ့နယ်မြေတစ်ခုလုံးကို သတင်းလွင့်ထားလိုက်ပါ့မယ်..”

သွမ့်မုယီသည် ထို့အတွက် အလုံးစုံ တာဝန်ယူပေးမည်ဖြစ်သည်။ ကျန်းအိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်ပျက်များပြီးဆုံးသွားသည့် နောက်တွင် သူသည် ဟွမ်းအပေါ် အထင်ကြီးမှုသည် ပို၍ပင်မြင့်မားလာ၏။

“နောက်လဆိုရင် ရှန်းလော်မြို့မှာ ဝိညာဉ်စွမ်းအင်ဆေးလုံးနဲ့ ဒဏ်ရာကျက်ဆေးလုံးတို့ကို ရောင်းချဖို့စတင်မယ်..၊ ယွီဟွာက စီစဉ်ပေးလိမ့်မယ်၊ ခင်ဗျားတို့က ဖြန့်ဖြူးတဲ့ကိစ္စကို တာဝန်ယူလိုက်ပါ..အကျိုးအမြတ်ကိစ္စကိုတော့ ယွီဟွာနဲ့ ညှိနှိုင်းလိုက်..”

ဟွမ်းသည် စီးပွားရေးကိစ္စကို ပြောဆိုလိုက်၏။ လုရှင်းယန်တို့သည် အဆင့်တက်ပြီးနောက် အနားယူချိန်ရနေသောကြောင့် ဆေးလုံးများဖော်စပ်ကြသည်။ ထို့အပြင် လင်းရှန်နယ်မြေတွင် စိုက်ပျိုးထားသည့် ဆေးပင်များသည် တစ်နှစ်ကျော်အတွင်း များစွာ တိုးပွားလာခဲ့ပြီဖြစ်၏။

ထို့ကြောင့် ဆေးလုံးများ ဖော်စပ်ရန် စိတ်အားထက်သန်ကုန်ကြသည်။ သို့သော် ယွဲ့ဝူယောင်သည် ကျင့်ကြံခြင်းတွင်သာ နစ်မြုပ်နေဆဲဖြစ်၏။ ဟွမ်းသည် သူမအသည်းအသန်ကျင့်ကြံနေသည့် အရာကို နားလည်ပေသည်။ ထို့ကြောင့် တားမြစ်ခြင်း မပြုတော့ပေ။

“ကျုပ်တို့ဝမ်းသာမိပါတယ်..”

သွမ့်မုယီသည် ပျော်ရွှင်သွား၏။ ထိုဆေးလုံးများ၏ အာနိသင်ကို သူကိုယ်တိုင်ပင် သိရှိပြီးဖြစ်သည်။ ရှန်းလော်မြို့တွင် ရောင်းချပါက သူတို့အတွက်လည်း အကျိုးအမြတ်ရရှိပေမည်။ သို့သော် အကျိုးအမြတ်မပေးလျှင်တောင် သွမ့်မုယီသည် လိုလိုလားလား လုပ်ဆောင်ပေးမည်မှာ ကျိန်းသေပင်။

ထိုအချိန်တွင် ဟွမ်း၏ ဆက်သွယ်ရေးအဆောင်သည် လှုပ်ရှားမှု ထွက်ပေါ်လာ၏။ ထိုအဆောင်မှတဆင့် ရှင်းဝေ့ကျန်းထံမှ သတင်းပို့ချက်တစ်ခုရောက်ရှိလာသည်။ ကျီယွမ်မဟာမိတ်ခေါင်းဆောင်ဆိုသူရောက်ရှိလာကြောင်းပင်။ ဟွမ်းသည် ဟွမ်းရှန့်နန်းတော်သို့ ဝင်ရောက်စေလိုက်၏။

ခဏကြာပြီးနောက်တွင် ကျီထျန်းရှစ်နှင့်အတူ ရှီမျိုးနွယ်ခေါင်းဆောင်သည် ခန်းမအတွင်းသို့ ရောက်ရှိလာသည်။

‘ဒီနန်းတော်ရဲ့ ဝိညာဉ်စွမ်းအင်တွေက..’

သူတို့နန်းတော်တွင်းဝင်ချိန်တွင် သိပ်သည်းလှသည့် ဝိညာဉ်စွမ်းအင်များကို ခံစားမိသွား၏။ ယခင်က မြူနှင်းတောင်တန်းသည် ယခုကဲ့သို့ ဝိညာဉ်စွမ်းအင်ကြွယ်ဝသည်ဟု မကြားဖူးပေ။

မင်္ဂလာကောင်းချီးသစ်ပင်ငယ်သည် ပို၍ ကြီးထွားလာခြင်းဖြစ်သည်။ အချိန်တစ်နှစ်ကျော်ကြာပြီးနောက်တွင် ထိုသစ်ပင်မှ ပြင်ပလောကအထိပါ ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်လာနိုင်ခဲ့၏။ ထို့ကြောင့် ဟွမ်းသည် မော့ရွှယ်အာကို အစီအရင်များ တည်ဆောက်စေကာ နန်းတော်အတွင်း ပိုမို ကျစ်လစ်စေရန် ရည်ရွယ်ခဲ့သည်။

နောင်တွင် တပည့်များရရှိလာချိန်တွင် အခြားအဖွဲ့အစည်းများထက် ကျင့်ကြံမှုလမ်းစဉ် ပိုမိုချော့မွေ့စေတော့မည်ဖြစ်၏။

“မဟာမိတ်ခေါင်းဆောင်ကျီ..၊ ခေါင်းဆောင်ရှီ..”

သွမ့်မုယီသည် ထိုနှစ်ဦးကို လေးစားမှုပြကာ နှုတ်ဆက်လိုက်၏။ သူတို့နှစ်ဦးသည် အသိမှတ်ပြုဟန်နှင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျီထျန်းရှစ်သည် ဟွမ်းကို စတင်နှုတ်ဆက်လိုက်၏။

“ဟွမ်းရှန့်နန်းတော်သခင်..၊ ကျုပ်က ကျီယွမ်မဟာမိတ်ခေါင်းဆောင်ပဲ..”

“လိုရင်းကိုပြော..”

သွမ့်မုယီ “...”

‘မဟာမိတ်ခေါင်းဆောင်ကိုတောင် မျက်နှာသာမပေးဘူးပဲ..”

ကျီထျန်းရှစ်သည် စွံ့အသွား၏။ ကျီယွမ်ကုန်းမြေတစ်ခုလုံးတွင် သူ့အား မျိုးနွယ်ခေါင်းဆောင်များပင် ဤသို့ပြောဆိုခြင်းမရှိခဲ့ပေ။ သူ၏ ရင်ဘက်များပင် အောင့်လာသည့်အလား ခံစားလိုက်ရ၏။ ထိုငယ်ရွယ်သည့် ကျင့်ကြံသူသည် သူနှင့် အဆင့်တူတစ်ယောက်ဖြစ်နေသည်ကိုပင် မယုံနိုင်ဖြစ်နေသည်။

ရှီဖန်းကျစ်သာ ပြောဆိုမထားလျှင် အဆင့်နိမ့်ကျင့်ကြံသူဟုသာ ထင်မှတ်ပေလိမ့်မည်။ ထို့အပြင် ဤလူငယ်သည် သူ့အား လေးစားဟန် မရှိချေ။ သို့သော် သူသည် တွက်ကပ်မနေတော့ပဲ လိုရင်းအားပြောလိုက်၏။

“ကျုပ်က ကျီယွမ်ကုန်းမြေအတွက် တာဝန်ရှိသူ ဖြစ်တဲ့အတွက်ကြောင့် ပြင်ပနယ်မြေကရောက်လာတဲ့ အင်အားကြီးအဖွဲ့အစည်းတွေကို စစ်ဆေးဖို့ လိုအပ်တယ်..”

“ဒီထက်ရှင်းအောင်ပြော..”

ဟွမ်းသည် စကားပလ္လင်ခံနေသည့် ကျင့်ကြုသူကို စိတ်မရှည်တော့ချေ။ စကားများကို ရှုပ်ထွေးအောင်ပြောဆိုနေ၏။

‘ပုံမှန်ဆိုရင် အဲ့ဒီစစ်ဆေးမှုတွေအတွက် ဘာတွေလိုအပ်လဲ၊ ဘယ်လို လုပ်ဆောင်ရမလဲ မေးရမှာ မဟုတ်ဘူးလား..’

ကျီထျန်းရှစ်သည် ပြောစရာစကားပင် ပျောက်ရှသွား၏။ ထိုသို့ ကျင့်ကြံသူမျိုး မကြုံဖူးခဲ့ချေ။ ဤလူငယ်သည် ယဉ်ကျေးမှုပင် မရှိဟု ယူဆလိုက်သည်။ သို့သော်သူသည် နှစ်ပေါင်းသောင်းချီ ရှင်သန်လာခဲ့သောသူဖြစ်သည်မို့ သူ၏ စိတ်အား ထိန်းထားနိုင်ခဲ့၏။

ဘေးနားရှိ သွမ့်မုယီလည်း အာခေါင်များခြောက်ကပ်သွားသည်ဟု ခံစားမိသည်။ ရှီဖန်းကျစ်လည်း အလားတူပင်။

တစ်ဖက်က ကျီယွမ်ကုန်းမြေရဲ့ အထွတ်ထိပ်ကျင့်ကြံသူ၊ တစ်ဖက်တွင် မည်သည့်အဆင့်မှန်း သေချာမသိပေမဲ့ ကျိန်းသေပေါက် အစွမ်းထက်ကျင့်ကြံသူ။

“ဟွမ်းရှန့်နန်းတော်သာ ဒီကုန်းမြေမှာ အခြေချတော့မယ်ဆိုရင် ကျုပ်တို့ကျီယွမ် မဟာမိတ်ထဲ ဖိတ်ခေါ်ချင်တယ်..”

ကျီထျန်းရှစ်သည် သူ၏ စိတ်ကို ချိုးနှိမ်ကာ အဓိကအကြောင်းအရာကိုပြောဆိုလိုက်၏။ မျိုးနွယ်သုံးခု တိုင်ပင်ပြီးနောက် ထိုသို့ဖိတ်ခေါ်ရန်ဆုံးဖြတ်ခဲ့သည်။ သို့သော် သူသည် ဟွမ်းရှန့်နန်းတော်အား စမ်းသပ်ချင်နေ၏။ ထို့ကြောင့်ပင် ဝေ့ဝှိုက်ကာ ပြောဆိုခဲ့သည်။ သို့သော် သူ့အား ဟွမ်းသည် နည်းနည်းမျှ မျက်နှာသာမပေးချေ။ ထို့ကြောင့် တဲ့တိုးပြောလိုက်ရ၏။

“ဟွမ်းရှန့်နန်းတော်က မဟာမိတ်ထဲဝင်မှာ မဟုတ်ဘူး..”

ဟွမ်းသည် ယတိပြတ် ငြင်းလိုက်၏။ သူသည် စဉ်းစားချိန်တောင်မယူခဲ့ချေ။ သူထံတွင် အစကတည်းက ထိုမဟာမိတ်အဖွဲ့တွင် ဝင်ရန်ရောက် အတွေးမရှိပေ။

“ဘာကြောင့်လဲ..”

All Chapters