← Chapters

ပြန်လည်ဖိတ်ခေါ်မှု

Vol. 14 Ch. 210

ပြန်လည်ဖိတ်ခေါ်မှု

Vol. 14 Ch. 210

ကျီထျန်းရှစ်သည် ထိုသို့အဖြေမျိုးမျှော်လင့်မထားချေ။ ကျီယွမ်ကုန်းမြေတွင်းရှိ အဖွဲ့အစည်းတိုင်းသည် မဟာမိတ်အဖွဲ့ဝင်များ ဖြစ်လိုကြသည်။ သို့သော် စွမ်းရည်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် လက်အောက်ခံများအဖြစ်သာ ဝင်ရောက်စေခဲ့၏။ ထို့ကြောင့် ဟွမ်းနားလည်မှု လွဲသွားသည် အထင်နှင့် ထပ်မံပြောဆိုလိုက်သည်။

“ကျုပ်ဆိုလိုတာက မဟာမိတ်လက်အောက်ခံမဟုတ်ပဲ မဟာမိတ်အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်တာပါ”

“ခင်ဗျားတို့ မဟာမိတ်အဖွဲ့တစ်ခုလုံး ဟွမ်းရှန့်နန်းတော် လက်အောက် ဝင်ချင်ရင်ခွင့်ပြုမယ်..”

ဟွမ်းသည် ကျီထျန်းရှစ်၏ စကားကို ဂရုမစိုက်ချေ။ သူ၏ ဆိုလိုရင်းကိုသာ တည့်ပြောလိုက်၏။

ကျီထျန်းရှစ် “...”

‘မင်းကို မဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ ဖိတ်ခေါ်တာလေ၊ ဘယ်လိုဖြစ်လို့ ငါတို့က မင်းလက်အောက်ဝင်ရမှာလဲ..’

ကျီထျန်းရှစ်၏ ရင်တွင်း တင်းကြပ်လာသလို ခံစားလာရသည်။ သူ့အနေနှင့် မဟာမိတ်အဖွဲ့တွင် ဝင်ရောက်လိုလျှင် လိုအပ်သည့် စစ်ဆေးချက်အချို့နှင့် သဘောတူညီချက်အချို့ကို ပြောဆိုရန်ရည်ရွယ်ထားသည်။

သို့သော် ဟွမ်းရှန့်နန်းတော်သခင်သည် ထိုမျှပင် မောက်မာမည်ဟု မထင်ထားခဲ့ချေ။ သူဒေါသထွက်နေချိန်တွင် ဟွမ်း၏ စကားသံကို ထပ်မံကြားလိုက်ရ၏။

“ခင်ဗျားတို့ကို စဉ်းစားဖို့ အချိန်သုံးနှစ်ပေးမယ်..”

“နန်းတော်သခင် ကျုပ်တို့ မဟာမိတ်အဖွဲ့ကို နိမ့်ချဖို့ကြိုးစားနေတာလား..”

ကျီထျန်းရှစ်သည် ဒေါသထွက်လာသည်။ သူ၏ တည်ငြိမ်မှုပင် မထိန်းသိမ်းနိုင်တော့ချေ။

ကျီယွမ်မဟာမိတ်အဖွဲ့သည် ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာသောကြောင့် လက်အောက်ခံအဖြစ်နေရန် မလွယ်ကူသည်ကို တွေးမိခဲ့သည်။ ထို့ကြောင့်ပင် စဉ်းစားချိန် သုံးနှစ်ပေးလိုက်၏။ သူအနေနှင့် ကျီယွမ်ကုန်းမြေကို ယခုမှ ရောက်ရှိလာသူဖြစ်သောကြောင့် လေးစားမှုနှင့် မျက်နှာသာပေးလိုက်သည်။

ထိုနှစ်များအတွင်း သူတို့၏ စိတ်ပြောင်းလဲလာနိုင်သည်။ သို့သော် ဟွမ်းသည် ထိုမဟာမိတ်အဖွဲ့ သူ့လက်အောက်တွင် ဝင်ရောက်လိုခြင်းမရှိလျှင်လည်း ပြသနာမရှိပေ။

“ခင်ဗျားတို့ရဲ့ ဆန္ဒနဲ့ ရွေးချယ်မှုအပေါ်မူတည်တယ်..”

“ဟွမ်းရှန့်သခင် ခင်ဗျားက ကျီယွမ်ကုန်းမြေကို အုပ်စိုးချင်နေတာလား..”

ကျီထျန်းရှစ်၏ လေသံသည် မာကြောလာသည်။ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မသိရသည့် ကျင့်ကြံသူသည် ရုတ်တရက်ပင် ကျီယွမ်ကုန်းမြေ၏ အရှင်သခင်ဖြစ်ချင်ဟန်ရှိနေ၏။ ထိုအရာကို သူ လက်မခံနိုင်ချေ။

“ကျုပ်က ခင်ဗျားတို့ကို အခွင့်အရေးပေးပြီးပြီ..၊ ဒါက ခင်ဗျားတို့ကို လေးစားမှုပြတာ..”

ဟွမ်းသည် အမူအယာမပြာင်းလဲပဲ ဆိုလိုက်သည်။

‘ဒီကောင် လေးစားမှုဆိုတဲ့ အဓိပ္ပါယ်ကို နားလည်မှု လွဲနေတာလား..’

ကျီထျန်းရှစ်၏ နှုတ်ခမ်းသည် တဆက်ဆက်တုန်ယင်သွား၏။ သူ၏

“ကျုပ်တို့ ကျီယွမ်မဟာမိတ်ကို အထင်သေးနေတာလား..”

ကျီထျန်းရှစ်၏ အသက်ရှုသံသည်မြန်ဆန်လာသည်။ သို့သော် ဟွမ်းသည် တည်ငြိမ်သည့်လေသံနှင့်သာ တုန့်ပြန်လိုက်၏။

“ဟုတ်တယ်..”

ကျီထျန်းရှစ် “...”

ဒေါသသည် တဟုန်တိုး ထွက်လာသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ပြောဆိုရန်ကြံစည်လိုက်ချိန်တွင် ဟွမ်း၏စကားကို ထပ်မံကြားလိုက်ရ၏။

“ခင်ဗျားတို့ ဦးဆောင် နေသ၍ ဒီကုန်းမြေကို အဆင့်နှစ်ကုန်းမြေဖြစ်အောင် လုပ်ဆောင်နိုင်မှာမဟုတ်ဘူး..”

“ဘယ်လို..၊ အဆင့်နှစ်ကုန်းမြေဖြစ်အောင် လုပ်နိုင်တယ်လား..၊ ဖြစ်နိုင်လို့လား..”

ကျီထျန်းရှစ်သည် ထိုစကားကို မယုံနိုင်အောင်ပင် ဖြစ်သွား၏။ကုန်းမြေတစ်ခု တိုးတက်လိုလျှင် အဓိကလိုအပ်သည်မှာ ဝိညာဉ်စွမ်းအင်များကြွယ်ဝစေခြင်း ဖြစ်သည်။

သူ့အနေနှင့် နယ်မြေတစ်ခုအား တိုးတက်အောင် ပြုလုပ်နိုင်သည်ဟု သိရှိထားသော်လည်း ထိုအရာအတွက် တန်ဖိုးကြီး အရင်းအမြစ်များလိုအပ်သည်။

အဖွဲ့အစည်းကြီးအချို့သည် ဝိညာဉ်စွမ်းအင်များ တိုးတက်အောင်ပြုလုပ်နိုင်သည့် ရတနာအချို့ပိုင်ဆိုင်ထားကြသည်။ သို့သော် သူတို့ထိုရတနာများသည် သူတို့နေထိုင်ရာ အဖွဲ့အစည်းတွင်သာ သက်ရောက်နိုင်စွမ်းရှိလေသည်။ ကုန်းမြေတစ်ခုလုံးအား ဝိညာဉ်စွမ်းအင်များ မြှင့်တင်နိုင်မည့်အရာကို ကြားပင်မကြားဖူးချေ။

“ကျုပ်ရဲ့ နန်းတော်ကို ဘယ်လိုထင်လဲ..”

ဟွမ်းသည် ထိုသူများကို မေးခွန်းထုတ်လိုက်၏။

‘ဖြစ်နိုင်တာက ဝိညာဉ်စွမ်းအင်ရတနာတစ်ခု ပိုင်ဆိုင်ထားတာလား..’

ကျီထျန်းရှစ်သည် ဤနန်းတော်၏ ဝိညာဉ်စွမ်းအင်ကြွယ်ဝမှုကို ခံစားမိခဲ့ပြီးဖြစ်သည်။ ထို့နောက် မေးခွန်းထုတ်ရန်ပင် ခက်ခဲနေသည့်လေသံနှင့် မေးလိုက်၏။

“နန်း‌တော်သခင်မှာ ရှိတဲ့ရတနာက ကျီယွမ်ကုန်းမြေတစ်ခုလုံးကို ပြောင်းလဲ ပစ်နိုင်တာလား..၊ အဲ့ဒီလိုရတနာမျိုးရော ရှိရဲ့လား..”

“အခုအချိန်မှာ မလုပ်နိုင်သေးဘူး၊ ဒါပေမဲ့ အဲ့ဒီလိုဖြစ်လာမဲ့အချိန်က မကြာတော့ဘူး..”

ဟွမ်းသည် လေသံအတက်အကျမရှိပဲ ဆိုလိုက်၏။

ကျီထျန်းရှစ်တို့သည် ဟွမ်း၏ ယုံကြည်မှု ရှိသည့် လေသံကြောင့် သူတို့၏ စိတ်များ လျော့သွားသည်ဟု ခံစားမိလိုက်သည်။ သို့သော် လက်တွေ့ မဟုတ်လျှင် ယုံကြည်နိုင်စွမ်း မရှိချေ။

“ဒါက..”

“ကျုပ်အတင်းအကြပ် မတိုက်တွန်းဘူး..ကျုပ်လက်အောက် ဝင်ဖို့အတွက် ဖိအားပေးမှာမဟုတ်ဘူး၊ ဒါပေမဲ့ သုံးနှစ်ကြာပြီးရင် ခင်ဗျားတို့မှာ ဒီလိုအခွင့်အရေးမရှိတော့ဘူး..”

ကျီထျန်းရှစ်တို့ တွေဝေနေစဉ် ဟွမ်းသည် ထပ်မံပြောဆိုလိုက်၏။ ထို့နောက် ကျီထျန်းရှစ်တို့သည် စဉ်းစားမည်ဟု ပြောဆိုကာ အတွေးများစွာနှင့် ဟွမ်းရှန့်နန်းတော်မှ ထွက်ခွာသွား၏။ သူတို့ လာရောက်သည့် အကြောင်းအရင်းနှင့်ပင် လွဲချော်သွားခဲ့သည်။

သို့သော် ဟွမ်းပြောသည့် အရာသာ တကယ်ဖြစ်နိုင်လျှင်..။

သူတို့ထံတွင် အချိန်သုံးနှစ်ရှိသေးသောကြောင့် ဖြည်းဖြည်းချင်း စဉ်းစားပေတော့မည်။ အမှန်ပြောရလျှင် သူတို့သည် မည်သူ့လက်အောက်မျှ ဝင်လိုခြင်းမရှိသောကြောင့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယနေ့တွင်တော့ သူတို့၏ အတွေးအား ဖြောက်ဖျတ်နိုင်သည့် အကြောင်းရင်းတစ်ခုထွက်ပေါ်လာလေပြီ။

“နန်းတော်သခင်..၊ ကျုပ် လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်..”

တိတ်ဆိတ်သာ နားထောင်နေခဲ့သည့် သွမ့်မုယီသည် ထိုနှစ်ဦးထွက်ခွာသွားပြီးနောက်တွင် ပြောဆိုလိုက်၏။ သို့သော် ကျီယွမ်မဟာမိတ်လက်အောက်မှ နုတ်ထွက်ရန် လိုအပ်နေသေးသည်။

“ကောင်းပြီ..၊ အဲ့ဒီအရာတွေနဲ့ ပတ်သတ်ပြီး ကျုပ်အစီအစီတချို့ ပေးမယ်..”

ဟွမ်းသည် သွမ့်မုယီ၏ ယုံကြည်ချက်ကြောင့် သူ့အား ခေါင်းဆောင်ရာထူးပေးအပ်ထားရန်စိတ်ကူးလိုက်သည်။ ကျီထျန်းရှစ်တို့ နှစ်ဦးသည် သွမ့်မုယီထက် စွမ်းအားကောင်းသော်လည်း ထိုအရာက သူ့အတွက် အရေးမပါချေ။

ထို့အပြင် သွမ့်မုယီသည် ဦးစွာ လက်အောက်ခံ ဖြစ်လိုကြောင်း ထုတ်ဖော်ခဲ့ပြီး သူ၏ ကိစ္စရပ်များတွင်လည်း အကူအညီများစွာရရှိထားသည်။

နောက်ရက်တွင် ဟွမ်းသည် မြူနှင်းမြို့သို့ရောက်ရှိလာသည်။

“အစ်ကို..”

ချုးယွီဟွာသည် ဤမြို့၏ ကိစ္စများကို စီမံနေပြီး ဟွမ်း၏ ရောက်ရှိလာမှုကြောင့် နှုတ်ဆက်လိုက်သည်။ ဝမ်မုန့်ယွင်လည်း ရောက်ရှိလာကာ နှုတ်ဆက်လိုက်၏။ ထို့နောက် လိုအပ်သည့် အရာများကို ပြောဆိုလိုက်သည်။

“အရှင်..၊ အခမ်းအနားတွေကျင်းပနိုင်မဲ့ ရင်ပြင်တည်ဆောက်မှုကတော့ ပြီးသွားပြီ..၊ တပည့်တွေအတွက် စမ်းသပ်ချက် အစီအရင်တွေ တည်ဆောက်ဖို့ လိုသေးတယ်..”

“စမ်းသပ်ချက်အတွက် ကျုပ်တာဝန်ယူလိုက်မယ်..”

ဟွမ်းသည် ထိုရင်ပြင်အားကြည့်ကာ စီမံရန်ကြိုးစားလိုက်၏။ သူသည် ထိုသို့စမ်းသပ်ချက်များကို တည်ဆောက်ရန် စိတ်အားထက်သန်နေ၏။ သို့သော် ချုးယွီဟွာ၏ တားမြစ်မှုကို ခံလိုက်ရသည်။

“အစ်ကို..၊ စမ်းသပ်ချက်တွေအတွက် ကျွန်မနဲ့ အကြီးအကဲဝမ် တိုင်ပင်ပြီးပြီ၊ အကြီးအကဲဝမ်ရဲ့ ပုံရိပ်ယောင်နည်းစနစ်နဲ့ ကျွန်မရဲ့ သင်္ကေတနည်းစနစ်တွေကို ရင်ဆိုင်ကြဖို့ စီစဉ်ထားတယ်၊ အဲ့ဒါကြောင့်..”

ချုးယွီဟွာသည် ဟွမ်းဝင်မပါစေရန်ပြောဆိုချင် နေခြင်းဖြစ်၏။ အကယ်၍သာ ဟွမ်း၏ စမ်းသပ်ချက်များ ထည့်သွင်းပါက ဟွမ်းရှန့်နန်းတော်တွင် တပည့်တစ်ဦးပင် ရရှိရန် မဖြစ်နိုင်ပေ။ ဝမ်မုန့်ယွင်လည်း သဘောတူသည့်အလား ခေါင်းတဆက်ဆက်ညိမ့်နေ၏။

ဟွမ်း “...”

‘ငါက နန်းတော်သခင်ဆိုတာရော သိရဲ့လား..’

ဟွမ်းသည် စိတ်ပျက်သလိုပင် ခံစားလိုက်ရ၏။ ထိုအမျိုးသမီးလေးနှစ်ဦး၏ ခိုင်မာသည့် အဆိုကြောင့် လက်လျော့သဘောတူလိုက်ရသည်။

“အရှင်..၊ မြို့သခင်နေရာကို စဉ်းစားထားတဲ့သူရှိလား..”

ဝမ်မုန့်ယွင်သည် မေးမြန်းလိုက်၏။ သူမသည် နန်းတော်အကြီးအကဲဖြစ်သူမို့ နောက်ပိုင်းတွင် ဤနေရာကို စီမံခြင်းမပြုနိုင်တော့ပေ။ မော့ရွှယ်အာလည်း ခန်းမသခင်တစ်ဦးဖြစ်သောကြောင့် မဖြစ်နိုင်‌ချေ။ ထို့အပြင် ထိုသို့ စီမံခန့်ခွဲမှုများသည် သူမနှင့် မကိုက်ညီပေ။ ချုးယွီဟွာသည် နန်းတော်သခင်မ ဖြစ်နိုင်သူဖြစ်၏။ ထို့ကြောင့် ဤနေရာနှင့် မသင့်လျော်ချေ။

“လက်ရှိမှာ သင့်တော်တဲ့သူမရှိသေးဘူး..၊ ဒါပေမဲ့ လျာထားတဲ့သူရှိတယ်..”

ဟွမ်းသည် စိတ်မပူရန် ပြောဆိုလိုက်၏။ ရုတ်ချည်းဆန်သည့် မြို့တော်တည်ဆောက်လိုက်ရမှုကြောင့် သူထံတွင် လူအင်အား လုံလုံလောက်လောက်မရှိခဲ့ချေ။ သို့သော် ယခင်ကတည်းက စဉ်းစားထားပြီးသား သူတစ်ဦးရှိနေ၏။ ထို့အတွက်ကြောင့် ပူပန်နေခြင်းမရှိတော့ချေ။

All Chapters