ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ ဘုံရန်သူ
Vol. 10 Ch. 939
နဂါး နတ်မိမယ် အဖြစ် ထင်ရှားလာ ပြီးနောက် ရှောင်မန်သည် အဆင်မြင့် ရွှေအမြုတေကို ရရှိနိုင်သည့် တပည့် လက်တစ်ဆုပ်စာထဲမှ တစ်ယောက် အဖြစ် သတ်မှတ်ခံ လာရသည်။
သူမ၏ ငယ်ရွယ်သော အသက်အရွယ် ကလည်း သူမ၏ ပါရမီကို ပိုမို ပေါ်လွင်စေ၏။ အနာဂတ်၌ သူမ မည်သည့် အဆင့်ထိ ရောက်မည်ကို မည်သူမျှ မခန့်မှန်း နိုင်ကြချေ။ အချို့ အကြီးအကဲများကမူ သူမသည် ကျိန်းသေ အခြေတည် ဝိညာဉ် အဆင့်သို့ ရောက်ရှိကာ ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ ခေါင်းဆောင် ဖြစ်မည်ဟု ပြောဆိုကြသည်။
ထို့ကြောင့်ပင် ရှောင်မန်၏ အကို အဖြစ် ချန်းဖန်၏ ရုတ်တရက် ပေါ်လာခြင်းက လူများစွာ၏ အာရုံကို ဖမ်းစားသွားခြင်း ဖြစ်သည်။
"ရှောင်မန်မှာ အကိုတစ်ယောက် ရှိနေတာလား… ငါက သူ့ကို အစစ်အမှန် နဂါးရဲ့ သွေးမျိုးဆက် တစ်ယောက်လို့ ထင်နေတာ…"
"အဲဒါတွေက သက်သက် တင်စားထားတဲ့ ကောလဟာလတွေ နေမှာပါ… ထျန်းဟောင်ဂြိုဟ်ရဲ့ နောက်ဆုံး နဂါး ဧကရာဇ်က လွန်ခဲ့တဲ့ နှစ်တစ်သိန်း လောက်တည်း သေသွားတာ… ဂိုဏ်းတူ အမ ရှန်းရှီ ပြောတာတော့ ရှောင်မန်မှာ မွေးစား အကို တစ်ယောက် ရှိဖူးတယ် တဲ့… ဒါပေမဲ့ သူက အန္တရာယ်များတဲ့ မျိုးနွယ်ခြား တိုက်ပွဲထဲမှာ တိုက်ကျန်ခဲ့တယ် တဲ့"
"ဒါဆို ခုန တစ်ယောက်က ရှောင်မန်ရဲ့ မွေးစား အကိုပေါ့… သူက ဂိုဏ်းတူ အမ ရှန်းရှီ ပြောတဲ့ မျိုးနွယ်ခြား တိုက်ပွဲကနေ လွတ်လာတာလား"
များစွာသော လူများမှာ အံ့အားသင့် ကုန်ကြ၏။
ထျန်းဟောင်ဂြိုဟ်သည် ရှေးဟောင်း ကျင့်ကြံခြင်းဂြိုဟ် တစ်ခု ဖြစ်ရာ ၎င်းတွင် နေထိုင်ကြသော ကျင့်ကြံသူများမှာ စကြဝဠာထဲ၌ အခြား သက်ရှိများ ရှိနေကြောင်း သိရှိ ထားကြသည်။
မျိုးနွယ်ခြား တိုက်ပွဲ ဆိုသည်မှာ ထျန်းဟောင်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများနှင့် အာကာသထဲရှိ အခြား သက်ရှိ မျိုးနွယ်များ တိုက်ခိုက်သော တိုက်ပွဲကို ဆိုလိုသည်။ များသောအားဖြင့် ထိုသို့သော တိုက်ပွဲမျိုး၌ ရွှေအမြုတေ အဆင့်များပင် အသက် ဆုံးရှုံး တတ်ကြသည်။
အကယ်၍ ရှောင်မန်၏ အကိုမှာ ထိုသို့သော တိုက်ပွဲမျိုးမှ အမှန်တကယ် လွတ်မြောက်လာသည် ဆိုပါက သူ၏ စွမ်းအားမှာ ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံးရှိ လူများနှင့်ပင် ကွာခြားလိမ့်မည် မဟုတ်ချေ။
"ဂိုဏ်းတူ အမ ရှန်းရှီ ကမ္ဘာနှစ်ခု ဆုံမှတ်ထဲကို သွားပြီး ပုထျန်း ဆေးမြစ် ရှာတုန်းက ရှေးဟောင်း နတ်ဆိုး မျိုးနွယ်တွေနဲ့ တွေ့ခဲ့တယ် တဲ့… ရှောင်မန် အကိုက အဲဒီ တိုက်ပွဲထဲမှာ ဝင်တိုက်ခဲ့တာလား"
များစွာသော တပည့်များ၏ မျက်လုံးများက ပြူးကျယ် သွားကြ၏။
ထိုလူငယ်လေးကား အလွန် ပါရမီ ရှိသော ညီမ တစ်ယောက်ကို ပိုင်ဆိုင်ထားသည့် အပြင် မျိုးနွယ်ခြား တိုက်ပွဲ၌လည်း သူရဲကောင်း တစ်ယောက် ဖြစ်ခဲ့သေးသည်ဟု ဆိုသည်။ ၎င်းက အလွန်ပင် မနာလိုစရာ ကောင်းလွန်းလှ၏။
သို့သော်လည်း အချို့တွင်မူ မတူ ကွဲပြားသော အမြင်များ ရှိကြ၏။
"ဟမ့်… သူ့ကို ကြည့်ရတာ ရွှေအမြုတေ အဆင့်တောင် ရောက်သေးတဲ့ပုံ မပေါ်ဘူး… နောက်ပြီး သူ့ကိုယ်က ထွက်တဲ့ အရှိန်အဝါ ကလည်း မိစ္ဆာ တစ်ကောင် ကျနေတာပဲ"
"ဟုတ်လို့လား…"
တပည့်အချို့က ထိုစကားကို မယုံကြည် ကြချေ။
"သူတို့ ပြောတာ အမှန်ပဲ…"
လင်းရှောင်က ပြောသည်။
သူသည် ရွှေအမြုတေ ထိပ်ဆုံး အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ရာ ချန်းဖန်၏ အရှိန်အဝါကို ကောင်းစွာ အကဲခတ် နိုင်ခဲ့သည်။ သူ၏ အမြင်အရ ဆိုလျှင် ချန်းဖန်သည် မိစ္ဆာ ကျင့်စဉ် တစ်ခုကို လေ့ကျင့် ထားသည့် မူလ အဆင့် တစ်ယောက်သာ ဖြစ်သည်။
လင်းရှောင်သည် မဟာ အကြီးအကဲ၏ မျိုးဆက် ဖြစ်ရာ လူတိုင်းမှာ သူ၏ စကားကို ယုံကြည်ကြ၏။
မူလ အဆင့် တစ်ယောက်သည် အသက် ၅၀၀ သာ နေထိုင်နိုင်၏။ ထို့ကြောင့်ပင် ရွှေအမြုတေ အဆင့်များ၏ မျက်လုံးထဲ၌ (ပါရမီရှင်များမှ လွဲ၍) မူလ အဆင့်များမှာ ပုရွက်ဆိတ် များသာ ဖြစ်သည်။
"ဟဟ… သူက မူလ အဆင့် တစ်ယောက်ပေါ့ ဟုတ်လား… သူ မျိုးနွယ်ခြား တိုက်ပွဲကနေ လွတ်လာတာ အမှန်ဆိုရင်တောင် အဲဒါက ဂိုဏ်းတူ အမ ရှန်းရှီ ကာကွယ်ပေးလို့ပဲ ဖြစ်မယ်"
ရွှေအမြုတေ အဆင့်များက ရယ်မော လိုက်ကြသည်။
သူတို့သည် ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ တပည့်များ ဖြစ်သည်။ ရွှေအမြုတေ အဆင့်များတွင်ပင် အလယ်ဆင့်နှင့် အဆင့်မြင့် ရွှေအမြုတေ ပိုင်ရှင်များသာ သူတို့နှင့် တန်းတူသော အဆင့်အတန်း ရှိသည်။
"နောက်ပြီး… သူက နဂါး နတ်မိမယ်လေးရဲ့ အကို အရင်း မဟုတ်ဘူး ဆိုတော့…"
အချို့က ဆက်လက် အတွေးနက် နေကြ၏။
"သူက နဂါး နတ်မိမယ်လေးနဲ့ ဘာ သွေးသားမှ မတော်ဘူးပေါ့… ဟမ့်.. သူက နဂါး နတ်မိမယ် လေးရဲ့ လက်ကို ကိုင်ဖို့ တန်တယ်လို့ ထင်နေတာလား…"
"သူ့ကို သင်ခန်းစာ ပေးရမယ်…"
ပြန်လည် မွေးဖွားခြင်းဂိုဏ်း၌ ရှောင်မန်အား နှစ်သက်နေသည့် လူငယ် ကျင့်ကြံသူ များစွာ ရှိသည်။ တစ်ခဏ အတွင်းမှာပင် ချန်းဖန်သည် ထိုလူငယ်များ၏ ဘုံရန်သူ အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေသည်။
***
ထိုအချိန်၌ ချန်းဖန်ကမူ ရှောင်မန်၏ ဦးဆောင်မှုနှင့် အတူ ခရမ်းလ တောင်ထိပ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
ခရမ်းလ တောင်ထိပ်၊ နဂါး စံအိမ်…
နဂါး စံအိမ်သည် တောင်ထိပ်၏ ညာဘက် တောင်စောင်းတွင် တည်ရှိသည်။ ထိုစံအိမ်ကို အကြီးအကဲ ထင်းကုန်းက ရှောင်မန် အတွက် သီးသန့် တည်ဆောက် ပေးထားခြင်း ဖြစ်သည်။
မီတာ သုံးထောင့် ခြောက်ရာ ရှည်လျားသော တိုင်လုံးများသည် စံအိမ်၏ ကြီးမားသော အမိုးကို ထမ်းပိုးထား၏။ တိုင်လုံး တစ်ခုချင်းစီမှာလည်း ရွှေရောင် နဂါး ပန်းပုများဖြင့် အလှဆင်ထားသည်။
တစ်ချိန်တည်း၌ ထိုတိုင်လုံးများမှာ အစီအရင် တစ်ခု သဖွယ် ဆောင်ရွက်ကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို စံအိမ်အတွင်း စုစည်း ပေး၏။ ဤနည်းဖြင့် စံအိမ်အတွင်း ကျင့်ကြံသူမှာ ပိုမို လျှင်မြန်သော တိုးတက်မှု များကို ရရှိလိမ့်မည် ဖြစ်သည်။
ထို့အပြင် ပြန်လည် မွေးဖွားခြင်း ဂိုဏ်းသည် ရှောင်မန် အတွက် အစေခံ များစွာကိုလည်း ပေးထားသေး၏။ နဂါး စံအိမ် အတွင်း၌ အဆင့် အနိမ့်ဆုံး အစေခံ ပင်လျှင် မူလ နောက်ဆုံး အဆင့် ဖြစ်သည်။
"ကြည့်ရတာ ပြန်လည် မွေးဖွားခြင်း ဂိုဏ်းက နင့်ကို ကောင်းကောင်း ဆက်ဆံတဲ့ ပုံပါပဲ"
ချန်းဖန်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သို့သော်လည်း မြောက်ပိုင်းအရှင်သခင် အတွက်မူ ထိုအရာလောက်က အထင်ကြီး စရာ မရှိချေ။
ထို့နောက် ချန်းဖန်က မိန်းကလေးအား ကြည့်လိုက်၏။
လေးနှစ် ကာလ ကျော်လွန် သွားပြီးနောက် ထိုမိန်းကလေးကား အရွယ်ရောက်၍ အသက်ရှူ မှားအောင် လှပသော မိန်းကလေး တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူမ၏ ကျင့်ကြံခြင်း အခြေခံမှာလည်း မူလ အလယ်ဆင့်ထိ ရောက်နေပြီ ဖြစ်ကာ အဆင့်မြင့် အမြုတေ တစ်ခု ဖွဲ့စည်းရန် အခြေအနေကောင်း နေခဲ့ပြီ ဖြစ်သည်။
"အကို…"
ရှောင်မန်မှာ ချန်းဖန်အား ကြည့်ကာ မျက်ရည်များ ကျဆင်း လာခဲ့သည်။
လွန်ခဲ့သည့် နှစ်များက သူမ၏ အကိုသည် ဓား ဧကရာဇ်အား နင်းခြေကာ ပေ့ဟန်နယ် တစ်ခုလုံးကို ဒူးထောက် စေခဲ့သည်။ ထို့အပြင် ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်း၌ မြေရိုင်းနယ် ငါးခု၏ အရှင်များကိုပါ အပြတ်အသတ် အနိုင်ယူ ပြခဲ့သည်။
သို့သော်လည်း ယခုတွင်မူ သူ၏ တောက်ပမှု များက ဒဏ္ဍာရီ တစ်ခုသာ ဖြစ်သွားပုံ ရသည်။ ရှောင်မန်သည် ချန်းဖန်၏ အသွင်အပြင်မှာ သာမန် ရွှေအမြုတေ အဆင့် တစ်ယောက် ထက်ပင် ပို၍ အားနည်းနေကြောင်း သတိထားမိသည်။ သူတို့ နှစ်ယောက် အတူ ယှဉ်တွဲ၍ ရပ်သည့် အချိန်၌ ရှောင်မန်၏ ကိုယ်ရောင်ကိုယ်ဝါ ကပင် ပို၍ တောက်ပနေသေးသည်။
"အကို… တောင်းပန်ပါတယ်… အားလုံးက သမီး အပြစ်ပါ… အကိုက ကိုယ့်အသက်ကို ရင်းပြီး သမီးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာပါ… သမီးက တစ်စက်ကို အသုံးမကျပါဘူး"
ရှောင်မန်က ချန်းဖန်ကို ကြည့်ကာ ပြောလိုက်၏။ သူမ၏ မျက်လုံးများမှာ ငိုထားသောကြောင့် နီရဲ နေခဲ့ပြီ ဖြစ်လေသည်။
"အရူးမလေး…"
ချန်းဖန်က မိန်းကလေး၏ ခေါင်းအား ပွတ်သပ်ကာ ပြောလိုက်၏။
ချန်းဖန်သည် မလိုလားအပ်သော အာရုံ စိုက်မှုများကို ရှောင်တိမ်းရန် အတွက် သူ၏ မိစ္ဆာချီကို လျှော့ချထားခြင်းသာ ဖြစ်သည်။ သူသာ ဆန္ဒ ရှိပါက မိစ္ဆာချီကို ဖြန့်ကျက်ကာ ပြန်လည် မွေးဖွားခြင်း ဂိုဏ်း တစ်ခုလုံးကို မိစ္ဆာနယ် အဖြစ်ပင် ပြောင်းလဲ ပစ်နိုင်သည်။
ထိုအရာကို မသိသောကြောင့်သာ ရှောင်မန်မှာ မျက်ရည်များ မထိန်းနိုင်အောင် ငိုနေမိခြင်း ဖြစ်ပေသည်။ ယွင်ရီအာတို့ သုံးယောက်မှာမူ ရှောင်မန်ကို ကြည့်ကာ ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်နေ၏။
"ရှင် ဘာလုပ်နေတာလဲ… အခု ချက်ချင်း နတ်မိမယ်လေးကို လွှတ်လိုက်စမ်း…"
အစေခံ မိန်းကလေးများက ရှောင်မန် ငိုနေသည်ကို မြင်သည်နှင့် အနားသို့ အပြေးအလွှား ရောက်လာကြ၏။ ရှောင်မန်မှာ ပထမ၌ ကြောင်တောင်တောင် ဖြစ်ပွားသော်လည်း ချက်ချင်းပင် နားလည်မှု လွဲသွားသည်ကို သဘောပေါက်ကာ ရယ်မော လိုက်သည်။
အခြားလူများ ဝန်းရံနေသည်ကို ကြည့်ကာ ချန်းဖန်က ရှန်းရှီ အကြောင်းအား နောက်မှ မေးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် ခရမ်းလ တောင်ထိပ်၌ စခန်းချကာ ရှန်းရှီ၏ မိုးကြိုးကပ်ဘေး ဆင်းသက် လာချိန်ကို စောင့်ဆိုင်းနေတော့၏။
***