ဗြဟ္မာ့နန်းတော်ရှိ စားသောက်ပွဲ
Vol. 10 Ch. 940
ခရမ်းလ တောင်ထိပ်…
ခရမ်းလတောင်သည် ပေပေါင်း ခုနစ်သောင်း သုံးထောင် ရှည်လျားကာ ဆယ်မိုင်ခန့် ကျယ်ဝန်းသည်။ ၎င်းသည် တိမ်များ ဝန်ရံနေသည့် ဧရာမ ဘီလူးကြီး အလား ခန့်ညားစွာ တည်ရှိ၏။
မိုးကြိုးကဲ့သို့ အသံများသည် လရမ်းလ တောင်ထိပ် တစ်ကြော၌ မြည်ဟည်း နေသည်။ ရောင်စုံ အလင်းများကလည်း တဖျတ်ဖျတ် လင်းလက်နေ၏။ ထိုအရာများကား မူလ ထိပ်ဆုံး အဆင့်နှင့် ရွှေအမြုတေ အဆင့် လခရမ်း တောင်၏ မိန်းကလေး တပည့်များပင် ဖြစ်ကြပေသည်။
ယခုရက်ပိုင်း အတွင်း၌ ပိုမို များပြားသော အလင်းများသည် ခရမ်းလ တောင်ထိပ်သို့ လာရောက် လည်ပတ်နေကြသည်။ များစွာသော မိန်းကလေး တပည့်များသည် နဂါးစံအိမ်၌ နေထိုင်သော လူငယ်အား စိတ်ဝင်စား နေကြ၏။
သူတို့သည် ထိုလူငယ်၏ အကြောင်းအား အချက်အလက် တစ်ခုပင် စုံစမ်း မရသေးချေ။ ကျိုးကျူရှင်းဟု ခေါ်သော လူအိုကြီးနှင့် ယွင်ရီအာ တို့ကမူ ထိုလူငယ်အား စီနီယာချန်း ဟု ခေါ်သည်ကို သူတို့ ကြားရသည်။ သို့သော်လည်း ခရမ်းလ တောင်ထိပ်၏ မိန်းကလေး တပည့်များကမူ သူ့အား "ကောင်လေးချန်း" ဟု နာမည် ပေးထားကြသည်။
သူတို့သည် ရှောင်မန်နှင့် နီးကပ်သော ပတ်သက်မှုကြောင့် ချန်းဖန်အား ကြည့်မရကြချေ။ ထို့အတူ သူတို့သည် ချန်းဖန်က ရှောင်မန်အား ပြန်လည် ခေါ်ဆောင် သွားမည်ကိုလည်း စိုးရိမ်နေကြသည်။
"ချန်း ဟုတ်လား… ပြန်လည် မွေးဖွားခြင်း ကောင်းကင်နယ်နဲ့ အခြား ကောင်းကင် နယ်တွေမှာ ချန်းနဲ့ စတဲ့ ကောင်းကင် အရှင် မိသားစု တစ်ခု ရှိလို့လား…"
ထျန်းဟောင်ဂြိုဟ်သည် အလွန် ကျယ်ပြန့် သော်လည်း ကောင်းကင် အရှင် တစ်ပါး ထွက်ပေါ်လာခြင်းက ကြီးကျယ်သည့် သတင်း ဖြစ်သည်။ ထို့ကြောင့်ပင် လူများသည် နှစ်ထောင်းသောင်းချီ ကြာမြင့် သွားသည့်တိုင် ကောင်းကင် အရှင် မိသားစုများနှင့် ကောင်းကင် ဂိုဏ်းများ၏ နာမည်များကို မှတ်မိ နေကြဆဲ ဖြစ်သည်။
သို့သော်လည်း ထျန်းဟောင်ဂြိုဟ် တစ်ခုလုံး၌ ချန်းနှင့် စသော ကောင်းကင်အရှင် တစ်ပါး မပေါ်ဖူးသလို ချန်းနှင့် စသည့် ကောင်းကင် အရှင် မိသားစု တစ်ခုလည်း မရှိချေ။ ထို့အပြင် လင်းရှောင်ကလည်း ချန်းဖန်မှာ မိစ္ဆာ ကျင့်ကြံသူ တစ်ဦးဟု ပြောခဲ့သေးသည်။
လွန်ခဲ့သည့် နှစ်တစ်သိန်း ကာလခန့်က ကောင်းကင် အရှင် တထျန်းသည် ထျန်းဟောင် ဂြိုဟ်ပေါ်ရှိ မိစ္ဆာ ကျင့်ကြံခြင်း ဂိုဏ်းများ အားလုံးကို ရှင်းပစ်ခဲ့သည်။ ထျန်းဟောင်ဂြိုဟ်၏ ကျင့်ကြံခြင်း လောကတွင် မိစ္ဆာ ကျင့်ကြံခြင်းကို တားမြစ် ထားသည့်တိုင် အနည်းသော လူများမှာ ဆက်လက် ကျင့်ကြံ နေကြဆဲ ဖြစ်သည်။
သို့သော်လည်း ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ လူများကမူ ချန်းဖန်၏ မိစ္ဆာ လမ်းစဉ် ကျင့်ကြံခြင်းကို အလေးအနက် သိပ် မထားကြချေ။ သူကား မူလ အဆင့် တစ်ယောက်သာ ဖြစ်သလို သာမန် သွေးမျိုးဆက် ကိုသာ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူသည် အနာဂတ်၌ မည်သို့မျှ ထွန်းပေါက်လာမည် မဟုတ်ချေ။
ထိုနေ့၌…
ရှောင်မန်သည် ချန်းဖန်တို့ အဖွဲ့ကို ခရမ်းလ တောင်ထိပ် နောက်ကျောရှိ ရေတံခွန်ကြီးထံ အလည်အပတ် ခေါ်လာခဲ့သည်။ ရေတံခွန်သည် ပေပေါင်း ခုနစ်သောင်း ရှည်လျားကာ မီတာရာချီ ကျယ်ဝန်း၏။ အဝေးမှ ကြည့်ပါက ၎င်းမှာ လေပေါ်သို့ ပျံတက်နေသော နဂါး တစ်ကောင်နှင့်ပင် တူနေသေးသည်။
ရှောင်မန်သည် သူမ၏ အစေခံများကို ဝိညာဉ် လက်ဘက်ရည်၊ ဝိညာဉ်ဝိုင်နှင့် ဝိညာဉ် သစ်သီးအချို့ ပြင်ဆင်ခိုင်းထားသည်။ ဝိညာဉ် သစ်သီး တစ်ခုချင်းစီသည် ဝိညာဉ် ကျောက်တုံး တစ်ထောင်ခန့် တန်ဖိုး ရှိ၏။
ရှောင်မန်သည် သူမ၏ သူငယ်ချင်း နှစ်ယောက်ကိုပါ အတူ ခေါ်ဆောင် လာခဲ့သည်။ တစ်ယောက်မှာ ယောကျ်ားလေး ဖြစ်ပြီး အခြား တစ်ယောက်မှာ မိန်းကလေး ဖြစ်၏။
ယောက်ျားလေး၏ အမည်မှာ ကျန်းရှိုကျူး ဖြစ်သည်။ သူသည် စကားနည်းကာ ရိုးသားသော လူငယ်လေး ဖြစ်၏။ ယွင်ရီအာက သူ့အား စကားပြောသော အချိန်တွင်ပင် သူသည် ရှက်ကာ မျက်နှာ တစ်ခုလုံး နီရဲ နေတတ်သည်။
ရှောင်မန်၏ စကားအရ ဆိုလျှင် ကျန်းရှိုကျူးသည် အကြီးအကဲ ကျုံးရွှမ်၏ တပည့် တစ်ယောက် ဟု ဆိုသည်။ သူသည် လူငယ် မျိုးဆက်၏ ပါရမီ အရှိဆုံး ငါးယောက် စာရင်းဝင်လည်း ဖြစ်၏။
ချန်းဖန်ပင်လျှင် ထိုလူငယ်အား အကဲခတ်ကာ ခေါင်းတစ်ချက် ညိတ်လိုက်မိသည်။
ထိုလူငယ်လေးကား အမှန်ပင် ခိုင်မာသော အခြေခံကို ပိုင်ဆိုင်ထားသည်။ ယခု အခိုက်အတန့်၌ သူသည် ယွင်ရီအာနှင့် မူဟုန်တိတို့ အဆင့်တွင်သာ ရှိသေးသော်လည်း အနာဂတ်တွင်မူ ရှန်းရှီကိုပင် ကျော်ဖြတ် နိုင်ပေလိမ့်မည်။ ထို့အပြင် သူသည် အလွန် ဖြူစင်သော စိတ်နှလုံးကိုလည်း ပိုင်ဆိုင် ထားသေးသည်။
အခြား တစ်ယောက် ဖြစ်သည့် မိန်းကလေးကိုမူ စီစီဟု ခေါ်သည်။ သူမသည် အကြီးအကဲ ဖန်နု၏ မျိုးဆက် ဖြစ်၏။
စီစီသည် အသက် ဆယ့်ခုနစ်နှစ်ခန့် ရှိကာ ရှောင်မန်၊ ကျန်းရှိုကျူး တို့ထက် ပိုမို ရင့်ကျက်ဟန် ရသည်။ သူမသည် အနီရောင် တောက်တောက် ဝတ်စုံကို ဆင်မြန်ထားကာ အနီရောင် နှုတ်ခမ်းနီကိုလည်း ဆိုးထားသည်။ စီစီကား လှပရန် မွေးဖွားလာသူကလေး ဖြစ်၏။
သဘာဝ အရ စီစီသည် ချန်းဖန်ကား သတိထားကာ ဆက်ဆံ သော်လည်း ရှောင်မန်ကိုမူ ညီမလေး အရင်း သဖွယ် သဘောထားပုံ ရသည်။
ထိုနှစ်ယောက် အပြင် ခရမ်းလ တောင်ထိပ်၏ ဆယ်သုံးနှစ်ခန့် ရှိသော မိန်းကလေး တပည့် အချို့ကလည်း ချန်းဖန်တို့ အဖွဲ့ထံ လာရောက် ပူးပေါင်းကြသည်။ ထိုကလေးမများကား ရှောင်မန်အား အားကျကာ ချစ်ခင်ကြသူများ ဖြစ်ကြ၏။
"အကိုကြီးချန်း… သူများတွေ ပြောတော့ အကိုကြီးချန်းက ကမ္ဘာနှစ်ခု ဆုံမှတ် ထဲမှာ ရှေးဟောင်း နတ်ဆိုးတွေနဲ့တောင် တွေ့ခဲ့သေးတယ် ဆို… သူတို့တွေက ဘယ်လို ပုံစံကြီးတွေလဲ… အရမ်း အစွမ်းထက်ကြတာလား"
ကျန်းရှိုကျူးက မေးသည်။ သူသည် ယောက်ျားလေး ဖြစ်ရာ ထိုသို့သော ကိစ္စများကို အထူး စိတ်ဝင်စားသည်။
အခြားသော ကောင်မလေးများကလည်း ချန်းဖန်အား စိတ်အား ထက်သန်စွာ ကြည့်ကြ၏။
ထျန်းဟောင်ဂြိုဟ်၌ မိဘများသည် ကလေး အငိုတိတ်ရန် ရှေးဟောင်း နတ်ဆိုးများနှင့် ခြောက်လှန့် ကြသည်။ ကောင်းကင် အရှင် တထျန်းနှင့် ရှေးဟောင်း နတ်ဆိုး မိစ္ဆာတို့၏ တိုက်ပွဲများမှာလည်း နှစ်ပေါင်း သိန်းချီ ကြာခဲ့ပြီ ဖြစ်သည့်တိုင် ထျန်းဟောင်ဂြိုဟ် တစ်လွှား ပျံ့နှံ့နေဆဲ ဖြစ်၏။
"ဟားဟား… အဲဒါက ဘာမှ မဟုတ်ပါဘူး… နည်းနည်း ကံကောင်းသွားတာပါကွာ"
ချန်းဖန်က ရယ်မောကာ ကမ္ဘာနှစ်ခု ဆုံမှတ် တိုက်ပွဲ အကြောင်းကို အနည်းငယ် ဖြတ်ကာ ပြောပြလိုက်သည်။
သူသည် ရှေးဟောင်း နတ်ဆိုးများ၊ မိစ္ဆာ စစ်သင်္ဘောများနှင့် တိုက်ခိုက်ခဲ့ပုံတို့ကို အဓိက ထား၍ ပြောပြခဲ့၏။ ရှေးဟောင်း နတ်ဆိုး မင်းသား၏ အကြောင်းကိုမူ ချန်လှပ် ထားခဲ့သည်။
သို့သော်လည်း ထိုအကြောင်းအရာကပင် ကျန်းရှိုကျူးနှင့် အခြားလူများကို မျက်လုံး ပြူးစေရန် လုံလောက်ပေသည်။ သူတို့သည် ချန်းဖန်အား လေးစား အံ့ဩစွာ ကြည့်နေကြ၏။
"ဟွန့်…"
အားလုံးထဲ၌ စီစီ တစ်ယောက်သာလျှင် အံ့အားသင့်ပုံ မပေါ်ချေ။
အကြီးအကဲ တစ်ဦး၏ မျိုးဆက် အနေဖြင့် သူမသည် အကြောင်းအရာ တော်တော်များများကို သိထားသည်။ ထို့အပြင် သူမသည် ဟန်ရှုံး သတ်မှတ်ချက် ဝင်များနှင့် အခြေတည် ဝိညာဉ် အဆင့်များကိုပင် တွေ့မြင်ဖူးသည်။ သို့ဖြစ်ရာ ရှေးဟောင်း နတ်ဆိုးများ အကြောင်းအား အခြား လူများထက် သူမက ပိုမို၍ သိပေသည်။
ရှေးဟောင်း နတ်ဆိုးများကား အရွယ်ရောက်ရုံ ဖြင့်ပင် ရွှေအမြုတေကို ပိုင်ဆိုင် လာနိုင်ကြသည်။ အဆင့်တူချင်း ယှဉ်ပါက သူတို့သည် လူသား ကျင့်ကြံသူများထက် ပို၍ အစွမ်းထက် ကြသည်။
"ရှောင်မန်… နင့်အကိုက ကြွားရတာကို တကယ် ကြိုက်တယ် ထင်တယ်နော်… သူက ရှေးဟောင်း နတ်ဆိုး စစ်သင်္ဘောတွေကိုတောင် ဖျက်ဆီးခဲ့တယ် ဆိုပဲ… ငါကြားရ သလောက်ဆို နတ်ဆိုး သင်္ဘော တစ်ခုချင်းစီကို ရွှေအမြုတေ အဆင့် ရှေးဟောင်း နတ်ဆိုး တစ်ပါးက ကြီးကြပ်တယ် တဲ့"
စီစီက ရှောင်မန် အနားသို့ ကပ်ကာ တီးတိုး ပြောလိုက်၏။
"အကို့ကို အဲ့လို မပြောနဲ့ မကြိုက်ဘူး…"
ရှောင်မန်က စီစီအား စိတ်ဆိုးဟန် တွန်းလိုက်၏။
"အကိုက ရှေးဟောင်း နတ်ဆိုး စစ်သင်္ဘော တွေတင် မကဘူး… ရှေးဟောင်း နတ်ဆိုး မင်းသားနဲ့ပါ တိုက်ခိုက်ခဲ့တာ… နင် သူ့ မကောင်းကြောင်းကို နောက်တစ်ခါ ထပ်ပြောရင် ငါ နင့်ကို မခေါ်တော့ဘူး"
"အာ… ဟုတ်ပါပြီ… ဟုတ်ပါပြီ"
စီစီက ပါးစပ်အား လက်ဖြင့် ပိတ်လိုက်၏။ သို့သော်လည်း သူမသည် ချန်းဖန်အား အရူး တစ်ယောက် အလား ဆက်လက် ကြည့်နေဆဲ ဖြစ်သည်။
"ရှေးဟောင်းနတ်ဆိုး မင်းသား ဆိုတာက တောင်တန်း အင်ပါယာရဲ့ ကောင်းကင် မင်းသား နဲ့ ယှဉ်နိုင်တဲ့ ဒဏ္ဍာရီ တစ်ခု မလား… တကယ်လို့ သူသာ ရှေးဟောင်း နတ်ဆိုး မင်းသားနဲ့ တွေ့ခဲ့ရရင် ခုချိန်မှာ အရိုးတောင် ဆွေးနေလောက်ပြီ"
စီစီက ပါးစပ်လှုပ်ရုံ ရေရွတ်လိုက်၏။ သို့သော်လည်း နောက်တစ်ကြိမ် မျက်စောင်း ထိုးလိုက်သော ရှောင်မန်ကြောင့် မျက်နှာထားအား ချက်ချင်း ပြင်ကာ ဖော်ရွေစွာ ပြုံးနေလိုက်ရသည်။
"အား… ကျွန်တော်လည်း အကိုကြီးချန်းလိုမျိုး ကမ္ဘာနှစ်ခု ဆုံမှတ်ကို ဝင်ပြီး ရှေးဟောင်း နတ်ဆိုးကြီးတွေနဲ့ တိုက်ခိုက်ချင်လိုက်တာ… ဒါပေမဲ့ ရှေးဟောင်း နတ်ဆိုးအင်းကိုပဲ သွားလို့ ရမယ် ထင်တယ်"
ကျန်းရှိုကျူးက သက်ပြင်း တစ်ချက် ချရင်း ဆိုလိုက်သည်။
အခြား မိန်းကလေးငယ်များမှာမူ ချန်းဖန်အား လေးစားမှုများ ပြည့်လျှမ်းသော မျက်လုံးများဖြင့် ငေးမောကြည့် နေခဲ့သည်။
"ဟွန့်… ငကြွားကြီး… ငါတို့ကို လာပြီး အရူးလုပ်နေတယ်"
စီစီမှာမူ စိတ်ထဲမှ ကြိတ်ကာ ဒေါသထွက် နေခဲ့လေသည်။ သို့သော်လည်း သူမသည် သူငယ်ချင်း ဖြစ်သူ ရှောင်မန်၏ မျက်နှာကြောင့် တိတ်ဆိတ်စွာသာ နေလိုက်ရ၏။
အတန်ကြာပြီးနောက် သူမက တစ်စုံတစ်ခုကို သတိရဟန် ရှောင်မန် ဘက်သို့ လှည့်၍ ပြောလိုက်သည်။
"ရှောင်မန်… အမဟွာနဲ့ အကိုလင်းတို့က ဗြဟ္မာ့ နန်းတော် အလွှာ တစ်ရာမှာ စားသောက်ပွဲ တစ်ခု လုပ်မလို့တဲ့… အခြား ကောင်းကင်ဂိုဏ်းတွေရဲ့ တပည့်တွေလည်း လာမယ် ပြောတယ်… သူတို့ထဲမှာ ရှေးဟောင်း မိစ္ဆာအင်းကို ဝင်ပြီး မိစ္ဆာတွေကို သတ်ခဲ့တဲ့ လူအချို့တောင် ပါတယ်တဲ့… ငါတို့ အတူ သွားကြမယ်လေ"
"အမ်း… အဲဒါက…"
ရှောင်မန်က ချန်းဖန် ဘက်သို့ လှည့်ကြည့် လိုက်သည်။ သူမသည် ထိုပွဲသို့ သွားချင် နေသော်လည်း ချန်းဖန်က သဘော မတူမည်ကို စိုးရိမ် နေခဲ့သည်။
"သွားလေ… ငါပါ လိုက်ခဲ့မယ်"
ချန်းဖန်က ပြုံးကာ ခေါင်းညိတ်လိုက်၏။
ရှန်းရှီ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်နှင့် ချန်းဖန်သည် ရှောင်မန်အား ပြန်လည် မွေးဖွားခြင်းဂိုဏ်းမှ ခေါ်ဆောင် သွားတော့မည် ဖြစ်သည်။ သို့ဖြစ်ရာ သူမ အနေဖြင့် မိတ်ဆွေ၊ သူငယ်ချင်းများနှင့် တွေ့ဆုံ နှုတ်ဆက်သင့်ပေသည်။
***
ဗြဟ္မာ့ နန်းတော်…
ယခုတစ်ကြိမ်က ထင်းယွမ်မြို့၏ ကျော်ကြားသော ဗြဟ္မာ့ နန်းတော်သို့ ဒုတိယမြောက် အကြိမ်မြောက် ချန်းဖန် ရောက်ရှိခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ အလွှာ ကြီးကြပ်သူသည် ကိုယ်တိုင် ထွက်ကာ ကြို၏။ ထိုနေရာ၌ အဇူရာရောင် သို့မဟုတ် ခရမ်းရောင် ဝတ်ဆင် ထားသည့် ရွှေအမြုတေ အဆင့် အစေခံများလည်း ရှိနေခဲ့သည်။ သူတို့က ချန်းဖန်တို့ အဖွဲ့အား အပေါ် အထပ်မြင့်များသို့ ဦးဆောင်ကာ လမ်းပြပေးနေခဲ့သည်။
"ပြန်လည် မွေးဖွားခြင်း ဂိုဏ်းက တကယ် ချမ်းသာတာပဲ…"
ယွင်ရီအာက ရေရွတ်လိုက်၏။
သူမ ကြားဖူးသလောက် ဆိုလျှင် ဗြဟ္မာ့ နန်းတော်၌ အထပ်မြင့်လေ၊ ဈေးက ပိုကြီးလေ ဖြစ်သည်။ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ၊ ကောင်းကင်အရှင် မိသားစုများမှ လူများ ပင်လျှင် ဆယ်ထပ်မြောက် အထပ်ထိသာ တက်ရောက် သုံးဖြုန်း နိုင်ကြသည်။
ဤသို့ဆိုလျှင် အထပ်တစ်ရာက မည်မျှ အထိ ဈေးကြီးမည်နည်း။ မည်ကဲ့သို့ အသွင်အပြင် ရှိမည်နည်း။
တစ်ရာထပ်မြောက်၏ ကြမ်းပြင်သည် မြူများဖြင့် ဝန်းရံနေ၏။ တောက်ပသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အစေခံမလေးများမှာလည်း နတ်သမီးများ ကဲ့သို့ လှပ လှပေသည်။
ဟွာနွန်ယင်၊ လင်းရှောင်တို့ အပါအဝင် ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ တပည့်များနှင့် အခြား ကောင်းကင်ဂိုဏ်းများမှ လူများမှာ ထိုင်ခုံများတွင် ထိုင်ကာ စကားပြော နေကြပေသည်။ သူတို့ တစ်ယောက်ချင်းစီကား အဆင့်အတန်း အားဖြင့် မြင့်မားကြသူများ ဖြစ်ကာ အလွန် ထင်ရှားသူများလည်း ဖြစ်ကြသည်။
ထိုသူများ၏ အလယ်၌ လင်းရှောင် ပင်လျှင် သိပ်ထင်ရှားခြင်း မရှိချေ။
"အကိုလင်း… ကျုပ် ကြားရသလောက် အကိုလင်းတို့ ပြန်လည် မွေးဖွားခြင်း ဂိုဏ်းမှာ နဂါး နတ်မိမယ်လို့ ခေါ်တဲ့ ပါရမီရှင်လေး တစ်ယောက် ရှိတယ်ဆို… နောက်ပြီး သူက အရမ်း ချောမော လှပတယ်တဲ့… အဲ့သတင်း အမှန်ပဲလား"
ဟေးယု ကောင်းကင်နယ်၊ ကောင်းကင်ဂိုဏ်း တစ်ဂိုဏ်း၏ မျိုးဆက် လူငယ်က မေးလိုက်၏။
"အမှန်ပါပဲ…"
လင်းရှောင်က ပြုံးကာ လက်ထဲရှိ ဝိုင်ခွက်အား အနည်းငယ် ယမ်းလိုက်သည်။
"ရှောင်မန်က ငယ်သေးတယ် ဆိုပေမဲ့ ထင်းယွမ်မြို့ရဲ့ အချော အလှဆုံး မိန်းကလေး ဖြစ်နေပါပြီ… ဒါပေမဲ့ ငါတို့ရဲ့ နဂါး နတ်မိမယ် လေးကို လိုက်ဖို့တော့ တွေးတောင် မတွေးပါနဲ့…"
"ဟမ်…"
အခြားလူများမှာ စိတ်ဝင်စား သွားကြ၏။
***