← Chapters

ဂုဏ်ယူသင့်တယ်

Vol. 10 Ch. 941

ဂုဏ်ယူသင့်တယ်

Vol. 10 Ch. 941

အလွှာ တစ်ရာမြောက်…

ထိုအလွှာသည် ပေတစ်ရာ မြင့်မားကာ မြူများဖြင့် ပြည့်နှက်နေ၏။

များစွာသော လှပသည့် အစေခံမလေး များသည် သိမ်မွေ့စွာဖြင့် ရပ်နေကြသည်။ သူမတို့သည် အဆင့်နိမ့် ရွှေအမြုတေကိုသာ ပိုင်ဆိုင်ထားကြသူများ ဖြစ်သည့်တိုင် ထိုအရာက ဗြဟ္မာ့ နန်းတော်၏ ကြွယ်ဝမှုကို ပြသနေဆဲ ဖြစ်သည်။

ထိုင်ခုံများ၌ ထိုင်နေကြသော လူများမှာမူ အလွန် မြင့်မားသည့် အဆင့်အတန်းကို ပိုင်ဆိုင် ထားကြသူများ ဖြစ်သည်။ သူတို့ အားလုံးသည် ကောင်းကင်နယ်မြေများမှ ဆက်ဆံသူများ၊ မျိုးဆက်များ ဖြစ်၏။

"အကိုလင်း… လုပ်စမ်းပါဦးဗျ… နဂါး နတ်မိမယ်လေးက စေ့စပ်ထားတာလား… သူက ဘယ်ဂိုဏ်းကလဲ…"

ရန်ကုန်းဖန်က မေးလိုက်သည်။

သူကား ဟေးယွင် ကောင်းကင်နယ်၊ မြေအောက် သရဲဂိုဏ်း၏ ဒုတိယ အတော်ဆုံး တပည့် ဖြစ်သည်။ သူသည် အဆင့် ခုနစ် ရွှေအမြုတေကို ပိုင်ဆိုင်ထား၏။

"ဟုတ်တယ်…"

မူရန်ပိုင်၊ ရွှမ်ကုန်း ဓားမင်းသားနှင့် ဝူရှန်း တို့ကလည်း ခေါင်းညိတ် လိုက်ကြ၏။

အခန်း အလယ်၌ ထိုင်နေသော မျက်နှာ ဖြူဖပ်ဖြူရော် လူငယ် ပင်လျှင် စိတ်ဝင်စား နေဟန် ရသည်။ သူသည် ယခု စားသောက်ပွဲ တစ်ခုလုံး၏ ကြယ်ပွင့်ဖြစ်၏။

ကုန်းစွန်းကွေး…

သူကား လီယန် ကောင်းကင်နယ်မြေ၊ ကုန်းစွန်း မိသားစု၏ မျိုးဆက် ဖြစ်သည်။ သူသည် ဟန်ရှုံး သတ်မှတ်ချက်၌ အဆင့် ရှစ်ဆယ့်သုံး ဖြစ်၏။

လီရန် ကောင်းကင်နယ်သည် ထိပ်တန်း ကောင်းကင်နယ် ဆယ်ခု အနက် ထိပ်ဆုံး၌ ရပ်တည်နေသည်။ ကုန်းစွန်း မိသားစုမှာမူ မျိုးဆက်တိုင်း ကောင်းကင်အရှင် တစ်ပါး ပေါ်ထွက်သည့် မိသားစု အဖြစ် ထင်ရှား၏။

ကုန်းစွန်းကွေး၏ အရှေ့၌ လင်းရှောင် ပင်လျှင် မမောက်မာရဲချေ။ သူက ဝိုင်ခွက်ကို ချကာ အင်္ကျီလက်အား ခါလိုက်၏။

"ကောင်းပါပြီ… ဒါပေမဲ့ အဲဒီ ကိစ္စက နည်းနည်းတော့ ရယ်စရာ ကောင်းနေမလား မသိဘူး… ရှောင်မန်မှာက ဘာမှ သွေးသား မတော်စပ်တဲ့ အကို တစ်ယောက် ရှိတယ်… သူက အဲဒီ အကိုကို အရမ်း ချစ်ပုံ ရတယ်… ဒါပေမဲ့ အဲ့ကောင်လေးက မူလ အဆင့်မှာပဲ ရှိပါသေးတယ်"

"ဟမ့်… မူလ အဆင့် ဟုတ်လား… သူက ဘယ်လိုလုပ်ပြီး ငါ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ… အဲ့လိုကောင်က ငါနဲ့ တွေ့ရရင် လန့်ပြီးတောင် ဒူးထောက်မလား မသိဘူး"

ရန်ကုန်းဖန်းက နှာခေါင်းရှုံ့ရင်း ဆိုလိုက်၏။

ကုန်းစွန်းကွေးကမူ ခေါင်းခါကာ သက်ပြင်းချသည်။

"နဂါး နတ်မိမယ်လေးက အနာဂတ်မှာ ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်လာမယ့်သူ… ငါတို့ အနေနဲ့ သူ့ကို မမျှော်မှန်း နိုင်ပါဘူး… နောက်ပြီး သူ့အကို ဆိုတဲ့ မူလ အဆင့်ကလည်း ရွှေအမြုတေ အဆင့်ကို မတက်လှမ်းနိုင်ရင် နှစ်ရာဂဏန်းလောက် ကြာတာနဲ့ သေသွားမှာပဲ… ငါ့အထင် ပြောရရင် လီဟိုင်ရှင်း၊ ကျွင်းအိုချန်းနဲ့ လီယန် ဓားသခင်တို့လောက်ပဲ သူနဲ့ လိုက်ဖက်နိုင်တယ်"

"ဟုတ်တယ်…"

အခြား လူငယ်များကလည်း ခေါင်းညိတ် လိုက်ကြသည်။

သူတို့သည် ထိပ်တန်း ပါရမီရှင်များ ဖြစ်သည့်တိုင် ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံး ပုဂ္ဂိုလ်များနှင့် ယှဉ်နိုင်ရန် အလှမ်း ဝေးကွာနေဆဲ ဖြစ်သည်။ ဟန်ရှုံး သတ်မှတ်ချက်တွင်ပင် ထိပ်ဆုံး ဆယ်ယောက်သာလျှင် အခြေတည် ဝိညာဉ် အဆင့်ကို တက်လှမ်းရန် အခွင့်အရေး ရှိပေသည်။

ရုတ်တရက် အားလုံးသည် တဒင်္ဂမျှ တိတ်ဆိတ် သွား၏။

"ရှောင်မန်ရဲ့ အကိုကတော့ ဒီသခင်လေး သခင်မလေးတွေနဲ့ ယှဉ်ရင်တောင် အားနည်းသေးတယ်"

ကျူးနင်းရွှယ်က တွေးလိုက်မိသည်။ သူ၏ ညီမ ကျူးနင်းမိုမှာမူ ချန်းဖန်၏ အကြောင်းအား မေ့လျော့၍ပင် သွားပြီ ဖြစ်သည်။

ထို့နောက် သိပ်မကြာခင်မှာပင် ချန်းဖန်တို့ အဖွဲ့သည် အလွှာ တစ်ရာမြောက်သို့ ရောက်ရှိ လာကြ၏။

အခန်းအတွင်းသို့ ဝင်ရောက် လာချင်းပင် ရှောင်မန်၏ အလှအပက လူတိုင်း၏ အာရုံကို ဖမ်းစား သွား၏။ နဂါးပြည်မှ နတ်မိမယ်လေး ကဲ့သို့ လှပသော သူမ၏ ရုပ်ရည် အသွင်အပြင် အောက်၌ အခန်းအတွင်းရှိ ပုရိသ ယောက်ျား အားလုံးကား အရည်ပျော် ကုန်ကြပြီ ဖြစ်လေသည်။

"သူက တကယ့်ကို နဂါး နတ်မိမယ်လေးပဲ… နတ်မိမယ် ရှန်းရှီတောင် သူ့လောက် မလှနိုင်ဘူး"

ဝူရှန်က တအံ့တဩ ရေရွတ် လိုက်၏။

သူသည် မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်း၏ ငါးယောက်မြောက် ဗိုလ်ချုပ် ဖြစ်ပြီး သူ၏ ဘဝ တစ်လျှောက်လုံးတွင် နတ်သမီး ကဲ့သို့ လှပသူ များစွာကို တွေ့မြင်ဖူးခဲ့သည်။ သို့သော်လည်း သူတွေ့ဖူးသည့် မည်သူကမျှ ရှောင်မန်လောက် မလှခဲ့ချေ။

ကုန်းစွန်းကွေးက လက်ထဲမှ ဝိုင်ခွက်ကို မြှောက်ကာ နှုတ်ဆက်လိုက်၏။

"ကြိုဆိုပါတယ်… နတ်မိမယ်လေး… တွေ့ရတာ ဂုဏ်ယူမိပါတယ်… ဒီကို လာခဲ့မိတဲ့ အတွက် နောင်တ ရစရာ မရှိတော့ဘူး"

"အကိုကုန်းစွန်း ပြောတာ အမှန်ပဲ…"

"နဂါး နတ်မိမယ်လေးက တကယ့်ကို လှတာပဲ…"

အခြား လူငယ်များကလည်း ထောက်ခံ လိုက်ကြသည်။

ထိုအရာက ကျူး ညီအမနှင့် စီစီတို့အား မနာလို ဖြစ်စေ၏။

သို့သော်လည်း ရှောင်မန်မှာမူ မျက်မှောင်သာ ကြုတ်နေခဲ့သည်။ သူမသည် ထိုကဲ့သို့ မြှောက်ပင့်မှုများကို သဘော မကျချေ။

"ရှောင်မန်… ဒီကိုလာ… ဒီက သခင်လေးတွေနဲ့ မိတ်ဆက်ပေးမယ်"

လင်းရှောင်က အပြုံးဖြင့် ရှောင်မန် အနားသို့ ရောက်ရှိလာသည်။

သို့သော်လည်း ရှောင်မန်က ယဉ်ကျေးစွာ ငြင်းပယ်ကာ ချန်းဖန်၏ လက်ကို ဆွဲ၍ စားပွဲ တစ်ခုသို့ သွား၍ ထိုင်လိုက်၏။ များစွာသော လူများမှာ ချန်းဖန်ကို ကြည့်ကာ မျက်နှာများ မည်းမှောင် သွားကြ၏။ ဤစားသောက်ပွဲကား ပါရမီရှင်များ၊ ထိပ်တန်း သခင်လေးများ အတွက်သာ ကျင်းပသော စားသောက်ပွဲ ဖြစ်သည်။ အဆင့်မမှီသူများ ပါဝင်နိုင်သော အရာ မဟုတ်ချေ။

"ဟမ့်…"

သို့သော်လည်း လူတိုင်းမှာ ရှောင်မန်၏ မျက်နှာကြောင့် နှာခေါင်းရှုံ့ရုံသာ တတ်နိုင်ကြ၏။

သို့သော်လည်း ချန်းဖန်က လင်းဝူဟွာ၊ ကျိုးကျူရှင်းနှင့် အခြား လူများအား ခေါ်သွင်း လာသော အခါတွင်မူ သူတို့ကား ဒေါသ မထိန်းနိုင်ကြတော့ချေ။

"ဘုန်း…"

ရန်ကုန်းဖန်းက စားပွဲအား ရိုက်ကာ အော်ဟစ် လိုက်၏။

"အလွှာ ကြီးကြပ်သူ ဘယ်ရောက်နေလဲ… မြန်မြန်လာစမ်း… အလွှာ ၁၀၀ ကို ဘယ်သူက မူလ အဆင့်တွေကို တက်ခွင့်ပြုထားတာလဲ"

သူ၏ အသံက အလွှာ တစ်ခုလုံးကို တဝုန်းဝုန်း တုန်လှုပ် သွားစေ၏။

"အဲဒါက…"

ရွှေအမြုတေ အထွတ်အထိပ် အဆင့် ဗြဟ္မာ့ နန်းတော်၏ အလွှာ ကြီးကြပ်သူမှာ ချက်ချင်းပင် ရောက်ရှိ လာသည်။

"ရန်ကုန်းဖန်း… နင် ဒါ ဘာသဘောလဲ… ငါက နင့်ကို မရိုက်နိုင်ဘူးလို့ နင် ထင်နေတာလား"

ရှောင်မန်မှာ ဒေါသထွက် သွား၏။

"နဂါး နတ်မိမယ်လေး… ကျုပ်က ခင်ဗျားနဲ့ ခင်ဗျား သူငယ်ချင်း တို့ကို ပြောတာ မဟုတ်ပါဘူး… ခင်ဗျားနဲ့ စီစီတို့က ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ ထူးချွန်တဲ့ တပည့်တွေ ဆိုတော့ ဒီမှာ ထိုင်နိုင်ပါတယ်… ဒါပေမဲ့ ဟိုမိန်းကလေး သုံးယောက်ကိုတော့ ကျုပ်တို့ တွေ့လည်း မတွေ့ဖူး သလို မြင်လည်း မမြင်ဖူးဘူး"

ရန်ကုန်းဖန်းက လင်းဝူဟွာတို့ကို အေးစက်စက် ကြည့်ရင်း ပြောလိုက်၏။

"အမလင်း၊ အမယွင်နဲ့ အမမူတို့က ငါ့ မိတ်ဆွေတွေ… သူတို့က ဘာလို့ ထိုင်လို့ မရမှာလဲ"

ရှောင်မန်က ဒေါသတကြီး ပြောလိုက်သည်။

"အာ… ကောင်းပါပြီ… သူတို့က နတ်မိမယ်လေးရဲ့ မိတ်ဆွေတွေ ဆိုတော့ ထိုင်လို့ ရပါတယ်… ဒါပေမဲ့ ဟို အစေခံအိုကြီးကတော့ ကျုပ်တို့ စားသောက်ပွဲကို ဝင်ထိုင်ဖို့ အဆင့် မမှီလောက်ဘူး ထင်တယ်"

ရန်ကုန်းဖန်က ကျိုးကျူရှင်းကို လက်ညိုး ထိုးကာ ပြောလိုက်သည်။

"ဟဟ… ပြန်လည် မွေးဖွားခြင်း ဂိုဏ်းမှာ စည်းကမ်းတောင် ရှိရဲ့လား… အစေခံတွေက သခင်နဲ့ အတူ ထိုင်တယ်တဲ့"

ဝူရှန်းကလည်း လှောင်ပြောင်ကာ ရယ်မော လိုက်၏။

"ဟုတ်တယ်…"

ရွှမ်ကုန်း ဓားမင်းသားကလည်း ခေါင်းညိတ် လိုက်သည်။

သို့သော်လည်း ကုန်းစွန်းကွေးမှာမူ ဝိုင်ကိုသာ ထိုင်သောက်နေကာ ထိုအရာကို စိတ်ဝင်စားဟန် မရချေ။

"ညီလေးချန်း… မင်း လုပ်တာ နည်းနည်း များသွားပြီလို့ မထင်ဘူးလား"

လင်းရှောင်က သက်ပြင်းတစ်ချက် ချကာ ချန်းဖန်အား ကြည့်လိုက်၏။

"ရှောင်မန်… အဘိုးကြီးကို မြန်မြန် ထွက်သွားဖို့ ပြောလိုက်… မဟုတ်ရင် နင့်အကိုရဲ့ လုပ်ရပ်ကြောင့် ငါတို့ ပြန်လည် မွေးဖွားခြင်းဂိုဏ်း သိက္ခာ ကျနေမယ်"

ဟွာနွန်ယင်ကလည်း ရှောင်မန် အနားသို့ ကပ်လာကာ ပြောသည်။

ခရမ်းလတောင်ထိပ်၏ စီနီယာ တစ်ယောက် အနေဖြင့် သူမသည် ရှောင်မန်ကို ဆုံးမရန် အခွင့်အရေး ရှိပေသည်။

"ဂိုဏ်းတူ အမ…"

ရှောင်မန်မှာ မျက်နှာပျက်သွား၏။ သူမ၏ အမြင်၌ ကျိုးကျူရှင်းမှာ ကြင်နာတတ်သော လူအိုကြီး ဖြစ်သည်။ သူမသည် ထိုလူအိုကြီးကို သူတို့နှင့် အတူ ထိုင်စေလိုပေသည်။

"ရှောင်မန်… ဂိုဏ်းတူ အမဟွာရဲ့ စကားကို နားထောင်လိုက်နော်"

စီစီက ရှောင်မန်အား ချော့ရင်း ချန်းဖန်အား မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

ကျူးနင်းရွှယ်မှာမူ ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းသာ ချနေခဲ့၏။ သူမသည် ထိုပဋိပက္ခ၏ ဦးတည်ချက်ကို ရှင်းလင်းစွာ သိပေသည်။ ရန်ကုန်းဖန်းနှင့် ဝူရှန်း တို့သည် ကျိူးကျူရှင်းအား အသုံးချကာ ချန်းဖန်၏ ဂုဏ်သိက္ခာကို ချရန် ကြိုးစားနေခြင်း ဖြစ်လေသည်။

"ဒီနေ့ ဖြစ်တဲ့ အကြောင်းကို ဂိုဏ်းကလူတွေ မသိဖို့ မျှော်လင့်တယ်… မဟုတ်ရင် ရှောင်မန်ရဲ့ အကိုကို လူတိုင်းက အထင်သေး သွားလိမ့်မယ်… ကိုယ့်ရဲ့ အစေခံကိုတောင် မကာကွယ်နိုင်ရင် ဘယ်သူက သူ့ကို လေးစားတော့မှာလဲ"

ကျူးနင်းရွှယ်က‌ ခေါင်းအား ခါယမ်း လိုက်သည်။

ထိုချန်းဖန်ကား ယနေ့၌ ကျိန်းသေ မျက်နှာပျက်ရ ပေတော့မည်။ ရန်ကုန်းဖန်း၊ ဝူရှန်းနှင့် ရွှမ်ကုန်း ဓားမင်းသား တို့ အားလုံးကား အစွမ်းထက် ကျင့်ကြံသူများ ဖြစ်သည်။ ထိုသူများအား ချန်းဖန် အနေဖြင့် မည်သို့မျှ ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

"နင်တို့…"

ရှောင်မန်က ဒေါသတကြီး ငြင်းခုန်ရန် ပြင်လိုက်၏။

သို့သော်လည်း ရုတ်တရက် ချန်းဖန်က လက်တစ်ဖက်ဖြင့် သူမ၏ ပခုံးကို ဖက်ကာ အခြား တစ်ဖက်ဖြင့် ဝိုင်ခွက်ကို ကောက်ယူ လိုက်သည်။ ထို့နောက် သူက အားလုံးကို တစ်ချက် ဝှေ့ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်၏။

"ဘာလို့ ငါ့ရဲ့ အစေခံက ဒီမှာ ထိုင်လို့ မရမှာလဲ… သူနဲ့ အတူ ထိုင်ခွင့်ရတာ မင်းတို့ ဂုဏ်ယူသင့်တယ်…"

" … "

ရုတ်ချည်းပင် အခန်း တစ်ခုလုံးမှာ တိတ်ဆိတ် သွားတော့၏။

***

All Chapters