← Chapters

ဖီးနစ်ခေါ်သံ

Vol. 020 Ch. 1907

ဖီးနစ်ခေါ်သံ

Vol. 020 Ch. 1907

ရှေးဟောင်းဝူထုံသစ်ပင်သည် ငြိမ့်ညောင်းစွာ လှုပ်ယမ်း၏။ ဖီးနစ်ပုံရိပ်သည် သူ့အား လှည့်ပတ်သည်။ ကု့ချင်းသံသည် ဖီးနစ်တို့ခေါ်သံအလား လှပသာယာ၏။ အဖြူရောင်ဝတ်စုံဖြင့်လူငယ်ကား ကု့ချင်းတီးခတ်ရာတွင် စျန်ဝင်စားနေသည်။ မြင်ကွင်းကား ပန်းချီကားတစ်ချပ်ပမာ လှပလွန်း၏။ အဆင့်မြင့်ရန်ဟောင်များသည်ပင် ထိုမြင်ကွင်းတွင် နစ်မြောနေကြသည်။

ပို၍ ထူးဆန်းသည်ကား ရှေးဟောင်းဝူထုံသစ်ပင်သည် တေးသွားကို နားလည်သည့်အလား လှုပ်ယမ်းနေခြင်းဖြစ်သည်။ ၄င်းသည် တေးသွားနှင့်အတူ ကခုန်လိုနေသည်။

ဝူထုံသစ်ပင်မှ မဟာလမ်းစဉ်မီးတောက်များသည် စတင်စီးဆင်းလာကာ ရီဖူရှင်းကို လာရောက်ရစ်ပတ်၏။ ရီဖူရှင်းသည် ရွှေရောင်မီးတောက်များဖြင့် ရစ်ပတ်နေသည်။ မီးတောက်အလင်းကား ကျက်သရေရှိကာ ထည်ဝါ၏။ ထိုအခိုက်တွင် ရီဖူရှင်းကား ပိုမို၍ ထူးဆန်းအံ့ဖွယ်ကောင်းနေကာ မီးတောက်၏သားတော်တစ်ပါးအလား ထင်မှတ်ရသည်။

“ဟင်...”

သံစဉ်ကို ငြိမ်သက်စွာ နားထောင်နေသော ဖီးနစ်သည် ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြသွားသည်။ ဝူထုံနတ်မီးတောက်သည် ရီဖူရှင်းနှင့် အမှန်တကယ် ရင်းနှီးကျွမ်းဝင်နေသည်ကို သူမက သတိထားမိ၏။ ဝူထုံမီးတောက်ကိုယ်တိုင်က ရီဖူရှင်းနှင့် ရင်းနှီးလိုခြင်းဖြစ်သည်။

၄င်းက သူမအား ထူးဆန်းသော အမူအရာဖြစ်စေသည်။ သူမသည် မူလက စိတ်အေးလက်အေးရှိနေခဲ့သော်လည်း ယခုတွင် ပြန်လည်၍ သတိရှိလာသည်။ လူသားများကား ကောက်ကျစ်ဉာဏ်များသည်။ ရီဖူရှင်းက ထူးဆန်းသောနည်းလမ်းကိုအသုံးပြု၍ တေးသွားကို ရည်ရွယ်ချက်ရှိရှိတီးခတ်နေခြင်းလား။

သူမက စွမ်းအားများကို စုစည်းလိုက်၏။ အကယ်၍ ရီဖူရှင်းသာ သံသယမကင်းသည်ကို တွေ့ရှိပါက သူမသည် ချက်ချင်း တိုက်ခိုက်မည်ဖြစ်သည်။

သို့သော်လည်း ရီဖူရှင်းကား တေးသွားကို ငြိမ်သက်စွာ တီးခတ်နေသည်။ သူသည် ကု့ချင်း၌ လုံးဝ စျဉ်ဝင်စားနေဟန်ရပြီး နတ်မီးတောက်သည်လည်း သူနှင့်အတူ ကခုန်နေသည်။

ဖီးနစ်တို့ကခုန်ခြင်းသည် မူလက ဖီးနစ်များအကြောင်း ရေးစပ်ထားသော တေးသွားတစ်ပုဒ်ဖြစ်သည်။ သူမသည်ပင် ထိုတေးသွားနှင့်လိုက်ကာ ကခုန်လို၏။ သို့သော်လည်း သူမသည် ကျင့်ကြံခြင်းအဆင့်မြင့်မားရာ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်၏။ တေးသွား၏သက်ရောက်မှုက များစွာ မပြင်းထန်ပေ။

ကု့ချင်းသံက တဖြေးဖြေး နှေးကွေးကာ တိုးညင်းလာသည်။ ဖီးနစ်ပုံရိပ်ကား ဆက်လက်ကခုန်နေဆဲဖြစ်ကာ နောက်ဆုံးမှာ ပုံရိပ်သည်လည်း ပျောက်ကွယ်သွား၏။ ဝူထုံသစ်ပင်သည်လည်း ပြန်လည်ငြိမ်သက်သွားသည်။ အရာအားလုံး တိတ်ဆိတ်နေသည်။

ကု့ချင်းသံပျောက်ကွယ်သွားသော်လည်း လူတိုင်းကား ထိုမြင်ကွင်းကို မေ့နိုင်တော့မည် မဟုတ်ပါ။ မြင်ကွင်းကား အလွန်လှပသက်ဝင်လွန်းသည်။

ဖီးနစ်က ရီဖူရှင်းအား အပြစ်ရှိသလို ခံစားချက်ဖြင့် ကြည့်သည်။ ရီဖူရှင်းက မီးတောက်ကို ခိုးယူရန် ကြံစည်နေသည်ဟု သူမက တွေးထင်ခဲ့၏ သို့သော်လည်း ၄င်းက အထင်လွဲမှုသာဖြစ်သည်။

“ဖီးနစ်မိန်းကလေးကို ဖျော်ဖြေပေးရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

ဖီးနစ်က ခေါင်းညိတ်ကာ ပြောသည် “အနုပညာရသက တကယ်လှပတယ်။ ဒါက ဘာတေးသွားလဲ”

“ဖီးနစ်တို့ကခုန်ခြင်း...” ရီဖူရှင်းက ပြောသည်။

“ဖီးနစ်တို့ကခုန်ခြင်းတဲ့လား...” ဖီးနစ်က တိုးညင်းစွာ ရေရွက်သည်။ သူမ တွေးထင်သည့်အတိုင်း တေးသွားကား ဖီးနစ်များနှင့် ပတ်သက်နေသည်။ သံစဉ်က သူမအား ဆွဲငင်ဖမ်းစားနိုင်သည်မှာ မထူးဆန်းတော့။

“ဝူထုံနတ်မီးတောက်က ရှင့်ကို ဘာလို့ တုံ့ပြန်တာလဲ” ဖီးနစ်က မေးသည်။

“ဒါက ကျုပ်ကျင့်ကြံတဲ့ နည်းစနစ်ကြောင့် ထင်ပါတယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည် “ကျုပ်လည်း မီးတောက်လမ်းစဉ်ကို ကျင့်ကြံတယ်။ ပြီးတော့ သစ်သားဓာတ်အပြင် သေခြင်းရှင်ခြင်းဓာတ်ကိုလည်း လေ့ကျင့်တယ်”

ထိုစကားကိုကြားလျှင် ဖီးနစ်က ထူးဆန်းစွာ ကြည့်သည်။ ကျင့်ကြံသူများသည် ပညာရပ်အမျိုးမျိုးကျွမ်းကျင်ကြ၏။ သို့သော်လည်း ဤလူကဲ့သို့ ထူးထူးခြားခြား ပညာရပ်အများအပြား အဆင့်မြင့်မြင့် တတ်မြောက်သည်ကို တွေ့ရန် ရှားပါးလှသည်။ သူ့တွင် အက်ကြောင်းမဲ့ဝင်ရိုးရှိပြီး တိုက်ခိုက်ရေးစွမ်းအားမှာလည်း ပြိုင်စံရှားသည်။ သူသည် သတ္တမအဆင့်ရန်ဟောင်ကိုပင် သတ်ဖြတ်နိုင်၏။

ကြည့်ရသည်မှာ သူ၏စွမ်းရည်မှာ ယခု ပြသသည်ထက်ပင် ပို၍ နက်ရှိုင်းနိုင်သည်။

သူမက ခေါင်းညိတ်သည်။ ဝူထုံနတ်မီးတောက်က ရီဖူရှင်းပြောသလို ဆွဲဆောင်ခံရရန် ထိုမျှ မလွယ်ကူပေ။ သူမ၏အဖေမှလွဲ၍ ထိုသို့ စွမ်းဆောင်နိုင်သူ မရှိဘူးရာ သူမက ရီဖူရှင်း မည်မျှ ထူးခြားသည်ကို နားလည်သည်။

“ကျုပ်က ကျွန်းပေါ်ကို အတွေ့အကြုံလာရှာတာပါ။ အခု မိန်းကလေးဖီးနစ်ကို နှောင့်ယှက်မိပြီ။ ကျုပ်က နှုတ်ဆက်ပါတယ်” ရီဖူရှင်းက ပြောသည်။ တန်ခိုးရှင်များအားလုံး အံ့အားသင့်သွားကြ၏။

ဖီးနစ်က သေချာပေါက် ရီဖူရှင်းကို ကောင်းမွန်သော အမြင်များရှိနေပြီဖြစ်သည်။ ယခု သူက ထွက်သွားလိုသည်။ ဘာကိုဆိုလိုသနည်း။

ဖီးနစ်ကလည်း ရီဖူရှင်း ထိုသို့ပြောမည်ဟု မထင်ထား။ သို့သော်လည်း သူမက ခေါင်းညိတ်သည် “ကောင်းပြီ”

ရီဖူရှင်းတို့ အဖွဲ့ အဝေးကို မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။

ဖီးနစ်သည် သူတို့ထွက်သွားသည်ကိုကြည့်ကာ အနည်းငယ် စိတ်ဖိစီးသွားသည်။ သူမက အဝေးကို ငေးကြည့်နေ၏။

ခဏအကြာ သူမ ပြန်လည်၍ သတိဝင်လာသည်။ ထို့နောက်တွင် သူမက မည်သည့်အရာကိုမှ စိတ်မဝင်စားဟန်ဖြင့် မူလပုံစံသို့ ပြောင်းလဲကာ မျက်လုံးများကို မှိတ်လိုက်သည်။ သူမက ထိုနေရာတွင် အနားယူလဲလျောင်းကာ အနီးတဝိုက်မှလူများကို လျစ်လျူရှုထားသည်။

သူမ မျက်လုံးကို အနည်းငယ်မှိတ်ထားသည်။ သူမသည် လေးလေးနက်နက် တွေးတောနေပုံရသည်။

ဤနှစ်များတစ်လျှောက်လုံး သူမသည် ဤနေရာတွင် စောင့်ကြပ်နေခဲ့သည်။ တကယ်တော့ သူမသည် အထီးကျန်ဆန်လွန်း၏။ သူမတွင် မိတ်ဆွေမရှိသလို စောင့်ရှောက်ပေးမည့်သူလည်း မရှိပေ။ သူမထံသို့ ရောက်လာသူများမှာ မီးတောက်ကို လောဘတပ်မက်သောကြောင့် ဖြစ်သည်။

ဆယ်နှစ်ကြာတိုင်း အရှေ့နတ်ဘုရားကျွန်းသည် အသက်ဝင်လာ၏။ သူမသည် မာနကြီးကာ အေးစက်ရာ မည်သူမှ သူမကို မချဉ်းကပ်နိုင်ပေ။ သူမက လူအများကို လျစ်လျူရှုထားသော်လည်း သူမ၏စိတ်တွင်း၌ကား ဗလာဟင်းလင်းဖြစ်နေသည်ဟု ခံစားရ၏။

ရီဖူရှင်း၏ အပြုအမူသည် သူမအား နွေးထွေးမှုကို ခံစားစေသည်။ ဤဆက်ဆံရေးသည် သူငယ်ချင်းများနှင့် အပေါင်းအဖော်များကြား အပြန်အလှန်ဆက်ဆံမှုကဲ့သို့ပင်။

သူ၏ ပင်ကိုယ်စွမ်းရည်များသည်လည်း ထူးခြားလှပြီး သူမအပေါ် မကောင်းသော ရည်ရွယ်ချက်မရှိကြောင်း သူမ ခံစားမိသည်။

နှစ်ပေါင်းများစွာကြာအောင် သူမသည် ရည်ရွယ်ချက်တစ်ခုဖြင့် သည်နေရာတွင် စောင့်ကြပ်နေခဲ့၏။ ၄င်းကား သူမကို သည်နေရာမှ ခေါ်ထုတ်သွားမည့်သူတစ်ဦးကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ကျွန်းသခင်က သည်နေရာသို့ ရောက်လာသူများထဲတွင် သင့်တော်သူတစ်ဦးရှိပါက သူနှင့်အတူ ထွက်သွားနိုင်သည်ဟု သူမအား ပြောထားသည်။

ရီဖူရှင်းသည် သူမအား ခေါ်သွားရန် အဆင့်မှီဟန်ရသည်။

ထို့ကြောင့် သူမက ကျွန်းပေါ်မှ ထွက်သွားရန် တွေးတောနေ၏။

“ဖီးနစ်မိန်းကလေး... ကျုပ်နေရာက အရှေ့နတ်ဘုရားကျွန်းစုနဲ့ မယှဉ်နိုင်ပေမဲ့ အပြင်လောကမှာတော့ အဆင့်အတန်းတစ်ခုရှိတယ်။ တကယ်လို့ မိန်းကလေးသာ ကျုပ်နဲ့လိုက်မယ်ဆိုရင် ကျုပ်တို့က မိန်းကလေးကို ခစားပါ့မယ်” အဆင့်မြင့်ရန်ဟောင်တစ်ဦးက ပြောသည်။ သူက ဖီးနစ်အား ခေါ်သွားရန် သူမ၏အစေခံဖြစ်ရန်ပင် ဝန်မလေးပေ။

ပဥ္စမအဆင့်အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်ကား အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။ နောက်တွင် သူမသည် အဆင့်မြင့်ရန်ဟောင်ဖြစ်လာပြီး ဝူထုံမီးတောက်ဖြင့်ဆိုပါက ခန့်မှန်းကြည့်၍ရပေသည်။

ဖီးနစ်က မျက်လုံးဖွင့်ကာ သူ့အား တစ်ချက်ကြည့်သည်။ သူမက ဖြေးလေးစွာ ထရပ်ကာ ပြောသည် “ရှင်ပြောတာ မှန်တယ်”

သူမက ပြောပြီးသည်နှင့် ကောင်းကင်ကိုမေ့ကာ အော်လိုက်၏။ ဖီးနစ်အော်သံသည် အရှေ့နတ်ဘုရားကျွန်းစုတစ်ခုလုံးကို ပျံ့လွင့်သွားသည်။

ကျွန်းပေါ်မှ မရေမတွက်နိုင်သောလူများသည် ထိုအသံကိုကြားလျှင် ဝူထုံကျွန်းထံသို့ လှမ်းကြည့်ကြ၏။ တချို့လူများ၏မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများဖြစ်လာသည်။ ဤကား ဖီးနစ်ခေါ်သံဖြစ်သည်။

ဖီးနစ်သည် ကျွန်းမှ ထွက်ခွာတော့မည်။

နှစ်များစွာကြာပြီးနောက် သူမသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချခဲ့သလား။

သူ ဘယ်သူလဲ...။

ဘယ်လိုလူမျိုးက ဖီးနစ်ကို ဆုံးဖြတ်ချက် ချစေခဲ့သလဲ။

အရှေ့နတ်ဘုရားကျွန်းပေါ်မှလူများသည် ဖီးနစ်အကြောင်းကို အသိဆုံးဖြစ်သည်။ သူမအား ဆုံးဖြတ်ချက်ချစေနိုင်လောက်အောင် ထူးခြားသည့်သူ အမှန်တကယ် ရှိသလော။

အဝေးတွင် ကောင်းကင်၌ ပျံသန်းနေသော ရီဖူရှင်းတို့သည်လည်း ဖီးနစ်သံကိုကြားကြသည်။ သူတို့က နောက်လှည့်ကြည့်ကြ၏။

“ဖီးနစ်က ဘာလို့ ခေါ်လာလဲ...” အင်ပါယာဟယ်လျန်က ပြောသည် “ငါတို့ ပြန်သွားကြည့်ကြမလား”

“မလိုပါဘူး” ရီဖူရှင်းက ပြောသည်။ ပေ့ကုန်းအော့က ရီဖူရှင်းကို ပြောသည် “မင်းက ဘာသဘောမှ မဖော်ပြဘဲ ထွက်လာတယ်။ သူမက ဆန့်ကျင်ဘက် တုန့်ပြန်တယ်။ ဒါက တကယ် ထူးခြားတယ်”

ရီဖူရှင်းက ခေါင်းယမ်းလိုက်သည်။ သူ့တွင် မည်သည့်သဘောရှိရမည်နည်း။

***

All Chapters