← Chapters

ကျိုးကျူရှင်း

Vol. 10 Ch. 942

ကျိုးကျူရှင်း

Vol. 10 Ch. 942

လူတိုင်းမှာ ပထမ၌ ခဏ ကြောင်အ နေကြသော်လည်း ခဏအကြာ၌ တစ်ပြိုင်နက်တည်း အော်ဟစ် ရယ်မော လိုက်ကြတော့သည်။ သူတို့သည် ချန်းဖန်အား အရူး တစ်ယောက် အလား ကြည့်နေကြ၏။

"သူ ဘာပြောလိုက်တာလဲ… ငါတို့က သူ့ အစေခံနဲ့ အတူ ထိုင်ရမှာကို ဂုဏ်ယူရမယ်ပေါ့ ဟုတ်လား… မူလ အဆင့် မပြောနဲ့ သာမန် ရွှေအမြုတေ အဆင့်တွေတောင် ငါတို့နဲ့ အတူထိုင်ဖို့ အဆင့် မမှီတာ သူ မသိတာလား"

လူများမှာ သူတို့၏ နားကိုပင် သံသယ ဖြစ်နေကြသည်။

နှံ့စပ်ဟန် ရသော လူငယ် တစ်ယောက်က ထိုင်ရာမှ ထရပ်ကာ တစ်ဦးချင်း မိတ်ဆက် ပေးလိုက်၏။

"ဒီကို ရောက်လာတဲ့ ဧည့်သည်တွေ အားလုံးက သာမန် ရွှေအမြုတေ အဆင့်တွေထက် ပိုပြီး အစွမ်းထက်ကြတဲ့ လူတွေချည်းပဲ… အချို့ဆိုရင် ရာစုနှစ်နဲ့ ချီပြီး နာမည် ကျော်ကြားခဲ့တဲ့ လူတွေ… ဟိုမှာ ထိုင်နေတဲ့ အရပ်ရှည်ရှည်လူကို တွေ့လား… သူဆိုရင် မြောက်အောက် သရဲဂိုဏ်းရဲ့ ဒုတိယ ‌ဆက်ခံသူပဲ… ဟို အနက်ရောင်ဝတ် လူငယ်က မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်းရဲ့ ငါးယောက်မြောက် ဗိုလ်ချုပ်ပဲ… သူ့ နာမည်က ဝူရှန်းတဲ့… ဒီဘက် ဓားလွယ်ထားတဲ့ လူငယ် ကျင့်ကြံသူကိုတော့ ရွှမ်ကုန်း ဓားမင်းသား လို့ ခေါ်တယ်… နောက်ပြီး သူတို့ကြားထဲမှာ ထိုင်နေတဲ့ နှစ်ယောက်က မူရန်ပိုင်နဲ့ ကျန်းကျူးလင် တို့ပဲ… သူတို့ကိုတော့ ခင်ဗျား ကြားဖူးမယ် ထင်တယ်"

"အလယ်မှာ ထိုင်နေတဲ့ တစ်ယောက်ကိုရော မြင်လား… သူက ကုန်းစွန်း မိသားစာရဲ့ မျိုးဆက်ပဲ… နောက်ပြီး သူက ဟန်ရှုံး သတ်မှတ်ချက် ၈၅ နေရာမှာ ရပ်တည်နေတယ်"

"နောက်ပြီး အခြားလူတွေ အားလုံးကလည်း နာမည်ကျော် ပါရမီရှင်တွေ ချည်းပဲ… ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ ဟွာနွန်ယင်နဲ့ လင်းရှောင်တို့ကတော့ ခင်ဗျား သိပြီးသား ဖြစ်မှာပါ"

အင်အားကြီး နောက်ခံများ ထည့်မတွက် လျှင်ပင် ထိုလူငယ်များ၏ ပင်ကိုယ် စွမ်းရည်မှာ ကောင်းကင် အရှင် မိသားစု တစ်ခုပင် ယှဉ်နိုင်ပေသည်။ အကယ်၍ ချန်းဖန်၏ နေရာတွင် အခြား လူတစ်ယောက်သာ ဆိုပါက ကြောက်လန့်၍ တုန်ပင် နေလောက်ပြီ ဖြစ်သည်။

သို့သော်လည်း ချန်းဖန်၏ အမူအရာမှာမူ အနည်းငယ်ပင် ပျက်သွားခြင်း မရှိချေ။ သူက ဝိုင်ခွက်အား မော့ကာ သောက်ရင်း မေးလိုက်၏။

"အဲဒီတော့ ဘာဖြစ်လဲ…"

"မင်း…"

လူငယ်၏ မျက်နှာက ဒေါသဖြင့် မည်းမှောင် သွား၏။

"ဟားဟား… ငါက ငါ့ကိုယ်ငါ အမောက်မာဆုံး ကောင်လို့ ထင်နေတာ… ကြည့်ရတာ ဒီကောင်က ငါ့ထက်မြင့်တဲ့ အဆင့် တစ်ခုမှာ ရှိနေတာပဲ"

ရန်ကုန်းဖန်းက ရယ်မောရင်း ထိုင်ရာမှ ထရပ်လိုက်သည်။ တစ်ချိန်တည်း၌ သူက ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်ဖော်ကာ ချန်းဖန်အား ဖိအားပေး၏။

"နင် ဘာလုပ်တာလဲ..  ရန်ကုန်းဖန်း…"

ရှောင်မန်က ဒေါသတကြီး ‌အော်ဟစ်ရင်း ချန်းဖန်၏ ရှေ့၌ ဝင်ရပ်လိုက်သည်။

"ဘုန်း…"

ရွှေရောင် စွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ အလင်း မျက်နှာပြင် အသွင် ဖွဲ့စည်း၍ ရန်ကုန်းဖန်း၏ တိုက်ခိုက်မှုကို တားဆီး၏။ ရွှေရောင် နဂါးကလည်း ချန်းဖန်၏ အရှေ့၌ ပျံသန်းကာ သူ့အား စောင့်ရှောက်သည်။

"နဂါး နတ်မိမယ်လေး… ခင်ဗျား ဝင်ပါမှာ သေချာလား… ကျုပ် ခင်ဗျားကို လေးလေးစားစား ဆက်ဆံတယ် ဆိုတာက ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ နတ်မိမယ် ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်နော်… အဲဒီ ဂုဏ်ပုဒ်သာ မရှိရင် ခင်ဗျားက မူလ အလယ်ဆင့် တစ်ယောက်ပဲ ဆိုတာ နားလည်ထား"

ရန်ကုန်းဖန်းက ရှောင်မန်အား သတိပေး လိုက်၏။

"နင် သတ္တိရှိရင် ကြိုးစားကြည့်လေ"

ရှောင်မန်၏ အသံက အလွန်အမင်း အေးစက် နေ၏။

တစ်ချိန်တည်း၌ သူမ၏ ခန္ဓာကိုယ်ရှိ ရွှေရောင် စွမ်းအားများက ရေများအလား ပွက်ပွက်ဆူ လာသည်။ သူမ၏ မျက်လုံးများမှာလည်း မီးဟုန်းဟုန်း တောက်နေ၏။ သူမသည် စွမ်းအင် အဆင့် အရ ရန်ကုန်းဖန်းထက် နိမ့်ကျသည့်တိုင် ပိုမို သန့်စင်၍ ခိုင်မာသော အခြေခံကို ပိုင်ဆိုင် ထားပေသည်။

"ရန်ကုန်းဖန်း…"

ဟွာနွန်ယင်က မျက်မှောင်ကြုတ်ကာ အော်ဟစ် လိုက်၏။

သူမ၏ ချန်းဖန်၏ ပုံစံကို သဘော မကျသော်လည်း ရှောင်မန်မှာ သူမတို့ ခရမ်းလ တောင်ထိပ်၏ ရတနာ ဖြစ်သည်။ သို့ဖြစ်ရာ သူမ အနေဖြင့် ရှောင်မန်အား ကာကွယ် စောင့်ရှောက်ရန် တာဝန် ရှိပေသည်။

"ကောင်းပြီလေ… အကြီးအကဲ ယွီလုံရဲ့ မျက်နှာကြောင့် ငါ ခွင့်လွှတ်ပေးလိုက်မယ်… ဒါပေမဲ့ နင့်အကို ငါ့ကို ဒူးထောက်ပြီး တောင်းပန်ရမယ်… ဟိုအစေခံလည်း သူ့ အပြစ် အတွက် ခြေတစ်ချောင်း အချိုးခံ ရမယ်"

ရန်ကုန်းဖန်းက လက်နှစ်ဖက်အား နောက်ပစ်ကာ ဆိုလိုက်သည်။

"ငါသေမှပဲ ရမယ်…"

ရှောင်မန်က ရှေ့သို့ တစ်လှမ်းတိုးကာ ရွှေရောင် စွမ်းအင်ကို တိုး၍ ထုတ်ဖော်လိုက်သည်။

ချန်းဖန်ကား သူမ၏ အသက်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့သူ ဖြစ်သည့် အပြင် သူမ အချစ်ရဆုံး၊ အတွယ်တာရဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ သို့ဖြစ်ရာ သူမ အနေဖြင့် ချန်းဖန်အား အခြားလူများ စော်ကားသည်ကို ခွင့်မပြုနိုင်ချေ။

ယခုတစ်ကြိမ်တွင်မူ ဟွာနွန်ယင်မှာ တိတ်ဆိတ်၍ သွား၏။ ရွှမ်ကုန်း ဓားမင်းသား၊ မူရန်ပိုင်နှင့်  ဝူရှန်း တို့မှာမူ အေးစက်သော အမူအရာနှင့် ရှိနေကြသည်။

ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ တပည့် များမှာမူ ငြိမ်သက်စွာ ထိုင်ကြည့် နေကြသည်။ သူတို့သည် ရှောင်မန်ဘက်မှ ဝင်ပါရန် အစီမစဉ် မရှိချေ။ သူတို့၏ အမြင်၌ ချန်းဖန်မှာ မူလ အဆင့် တစ်ယောက်သာ ဖြစ်သည်။ သူ့ အနေဖြင့် နာမည်ကျော် ပါရမီရှင်များကို မည်သည့် အကြောင်းပြချက်ဖြင့် ဖြစ်စေ မစော်ကားခဲ့သင့်ချေ။ ဤကမ္ဘာ၌ ပိုမို စွမ်းအားကြီးသူ ပြုလုပ်သော အရာများမှာ အမြဲတမ်း မှန်ကန်ပေသည်။

"ဂိုဏ်းတူ ညီမလေး ရှောင်မန်… အကိုရန်က သူ့ရဲ့ ဒေါသကို အတတ်နိုင်ဆုံး လျှော့ချ ထားပြီးပြီ… ညီလေးချန်း အနေနဲ့ တောင်းပန်သင့်တယ်"

လင်းရှောင်က ခေါင်းကိုခါရင်း ပြောသည်။

"ဟုတ်တယ် ရှောင်မန်… သူတို့ ပြောတဲ့ အတိုင်း လုပ်ခိုင်းလိုက်"

စီစီကလည်း ရှောင်မန်အား ဖျောင်းဖျ၏။

ကျူးနင်းရွှယ်မှာမူ ဖြစ်ပျက်နေသမျှ အရာ အလုံးစုံကို မမြင်၊ မကြားဟန် ပြုထားသည်။ သူမသည် အဝေး တစ်နေရာသို့ ငေးမော နေ၏။ ကျူးနင်းမိုနှင့် ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ အခြား တပည့်များမှာမူ ချန်းဖန်ကို လှောင်ပြောင်သည့် မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။

အားလုံးထဲ၌ ကျန်းရှိုကျူးမှာ ချန်းဖန် အပေါ် သနား ဂရုဏာသက်ဟန် ပြသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

"မရဘူး…"

ရှောင်မန်က ချန်းဖန်၏ ရှေ့၌ ခိုင်ခိုင်မာမာ ရပ်ရင်း ခေါင်းခါလိုက်၏။

"ဘာလို့လဲကွ… မင်းတို့က ငါပြောတာကို သဘောမတူဘူးလား"

ချန်းဖန်က အနည်းငယ် ရယ်မောရင်း မေးလိုက်သည်။

"ဟမ့်… ကောင်စုတ်လေး… မင်း ပြောတာကို သဘောတူတဲ့သူ ရှိလား ဆိုတာ ကြည့်စမ်းပါဦး…"

ရန်ကုန်းဖန်းက ချန်းဖန်အား အရူး တစ်ယောက်ကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။

"ထျန်းဟောင်ဂြိုဟ်ပေါ်မှာ အဆင့်အတန်းနဲ့ စည်းကမ်း ဆိုတာ ရှိတယ်ကွ… ရှင်းရှင်း ပြောရရင် မင်းနဲ့ မင်းအစေခံက ငါတို့နဲ့ ထိုင်ဖို့ အဆင့် မမှီဘူး"

"ဟုတ်တယ်…"

လူတိုင်းက ခေါင်းညိတ် လိုက်ကြသည်။

"အားလုံးပဲ… တော်လောက်ပြီ"

ဟွာနွန်ယင်က ရန်ပွဲအား တားဆီးရန် ကြိုးစား လိုက်၏။

သို့သော်လည်း ချန်းဖန်က သူမအား လျစ်လျူကာ ရွှမ်ကုန်း ဓားမင်းသားလေးနှင့် မူယန်ပိုင်တို့အား ကြည့်လိုက်သည်။

"ဒီတော့ မင်းတို့ကလည်း သူ ပြောတာကို သဘောတူတယ်ပေါ့"

"ဟမ့်…"

မူယန်ပိုင်တို့က အဖြေပြန်မပေးပဲ နှာခေါင်း ရှုံ့ကြ၏။ သူတို့ကား ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြရာ မူလ အဆင့် တစ်ယောက်နှင့် စကားပြောရန် စိတ်မပါချေ။

"ကြည့်ရတာ မင်းတို့ အားလုံးက ငါ့အစေခံကို ဒီစားပွဲမှာ ထိုင်ဖို့ မထိုက်တန်ဘူးလို့ ထင်နေကြတာပဲ"

ချန်းဖန်က ရယ်မောလိုက်သည်။

"ရှင် တော်လောက်ပြီ… ရှင်က ပြန်လည် မွေးဖွားခြင်းဂိုဏ်းနဲ့ ရှောင်မန် သိက္ခာကျအောင် သက်သက်လုပ်နေတာပဲ"

ဟွာနွန်ယင်က အော်ဟစ် လိုက်သည်။ သူမကား ချန်းဖန်၏ မခိုးမခန့် အမူအရာကို ကြည့်ကာ အလွန် ဒေါသထွက် နေပြီ ဖြစ်သည်။

"ကောင်းပြီလေ…"

ချန်းဖန်က ပခုံးတွန့်ကာ ဝိုင်ခွက်အား ပြန်ကိုင် လိုက်သည်။

"ခုနက မင်းတို့ ပြောတာ ငါ ကြားလိုက်တယ်… ဘာတဲ့… ကျင့်ကြံခြင်း လောကမှာ ခွန်အားက အဓိက ဆိုလား… ထားပါ… မင်းတို့ လေကြီးနေမယ့် အစား ဘာလို့ ငါ့ အစေခံရဲ့ ခွန်အားကို မစစ်ဆေးကြတာလဲ"

"ရူးနေတာလား…"

လူတိုင်းက ချန်းဖန်အား စိတ်ပျက်စွာ ကြည့်လိုက်ကြသည်။

"မင်းက အဲဒီ မူလအဆင့် အစေခံနဲ့ ငါတို့ကို တိုက်ခိုက်စေချင်တာလား"

ရန်ကုန်းဖန်းက ကျိုးကျူရှင်းအား အထင်သေးစွာ ကြည့်လိုက်၏။

"ကောင်းပြီလေ…"

ချက်ချင်းပင် ကြောက်မက်ဖွယ် စွမ်းအားက သူ၏ ခန္ဓာကိုယ် အတွင်း နိုးထ လာ၏။ သူကား ဟေးယု ကောင်းကင်နယ်ကို နှစ်ရာချီ စိုးမိုးခဲ့သူ ဖြစ်ကာ ထောင်ချီသော လူများအား သတ်ဖြတ်ဖူးသူ ဖြစ်သည်။ သူသည် ဟန်ရှုံး သတ်မှတ်ချက် ထိပ်တန်း အဆင့်ဝင် ပုဂ္ဂိုလ်များနှင့် မယှဉ်နိုင်သည့်တိုင် အလွန် အစွမ်းထက်သူ တစ်ယောက်  ဖြစ်သည်။

"အဘိုးကြီးကျိုး…"

ချန်းဖန်က အမိန့်ပေး လိုက်၏။

"ကောင်းပါပြီ…"

တစ်ချိန်လုံး မှိတ်ထားသော ကျိုးကျူရှင်း၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာသည်။ အဆုံးမဲ့သော စွမ်းအားများသည် သူ၏ မျက်လုံးတွင် တဖျတ်ဖျတ် လက်နေ၏။

"ဘုန်း…"

ရုတ်တရက် ကျိုးကျူရှင်း၏ ကျင့်ကြံခြင်း အဆင့်မှာ တဟုန်ထိုး မြင့်တက်သွား၏။ တစ်ခဏ အတွင်းမှာပင် သူ၏ စွမ်းအားမှာ မူလ အဆင့်မှ နေ၍ ရွှေအမြုတေ အဆင့်ကိုပင် ကျော်လွန်ကာ ကောင်းကင် အရှင် တစ်ယောက် နီးပါးအထိ ရောက်ရှိ သွားသည်။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ်မှာလည်း အသွင်ပြောင်းလဲကာ ကောင်းကင်မျို မြွေကြီး ဖြစ်သွား၏။

ကောင်းကင်မျို မြွေကြီးက ရှေ့သို့ တစ်လှမ်း တိုး၍ ရန်ကုန်းဖန်းအား တိုက်ရိုက်ပင် နင်းချေ ပစ်လိုက်သည်။ ထို့နောက် သူက ဗုံး ပေါက်ကွဲ သကဲ့သို့ အသံကြီးဖြင့် ဆိုလိုက်၏။

"ငါ့သခင်ရဲ့ မျက်လုံးထဲမှာ မင်းက အင်းဆက် တစ်ကောင် သာသာပဲ…"

***

All Chapters