← Chapters

ကျွင်းအိုချန်း

Vol. 10 Ch. 947

ကျွင်းအိုချန်း

Vol. 10 Ch. 947

ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ အနောက်ဘက်တွင် တောင်တစ်လုံး ရှိ၏။

၎င်းသည် ပေတစ်သောင်း ရှည်လျားကာ ရွှမ်ထျန်းတောင် ဟု အမည်ရ၏။ ရွှမ်ထျန်းတောင်သည် ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ ခေတ်အဆက်ဆက် ဂိုဏ်းချုပ်များ ကျင့်ကြံခဲ့သည့် အထွတ်အမြတ် နယ်မြေ ဖြစ်သည်။ ရှန်းရှီသည် ထိုနေရာတွင် ကျင့်ကြံနေခြင်း ဖြစ်သည်။

ထိုနေရာသည် ပုံမှန်အားဖြင့် ဆိုလျှင် တိမ်တိုက်များ၊ ဝိညာဉ်မြူများဖြင့်သာ ဖုံးလွှမ်း နေတတ်သည်။ သို့သော်လည်း ယနေ့တွင်မူ မိုင်ဆယ်ချီ ကွာဝေးသည့် ထင်းယွမ်မြို့ရှိ လူများပင် ရွှမ်ထျန်း တောင်ထိပ်၌ အလင်းရောင်စဉ်များ တောက်ပနေသည်ကို မြင်ကြရ၏။

ထိုအရာက နတ်မိမယ် ရှန်းရှီ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခြင်း ဖြစ်ကြောင်း သာမန် လူများပင် သိကြပေသည်။

သုံးနှစ်ကြာ တံခါးပိတ် ကျင့်ကြံပြီး နောက်ဆုံး၌ သူမကား ပုထျန်းဆေးလုံးကို သန့်စင်နိုင်ခဲ့ပြီ ဖြစ်သည်။

"ဟူး… ဟူး…"

သူမသည် ရွှမ်ထျန်း တောင်ထိပ်ရှိ လေထဲတွင် ရပ်နေကာ ပြန်လည် မွေးဖွားခြင်း ဂိုဏ်းတစ်ခုလုံးကို ခြုံငုံ ကြည့်နေ၏။ ရွှေရောင် အလင်းတန်းများက သူမအား ဝန်းရံကာ တလက်လက် တောက်ပနေသည်။

နတ်မိမယ်လေးကား တံခါးပိတ် ကျင့်ကြံခြင်း မစတင်ရသေးခင် ထက်ပင် ပို၍ လှပလာခဲ့၏။ အနက်ရောင် ဆံပင်ရှည်များ၊ နူးညံ့သော အသားအရေနှင့် ရှည်လျားပြီး သွယ်လျသော ခန္ဓာကိုယ် စသည်တို့က သူမ၏ ပြိုင်ဘက်ကင်း အလှကို အပြိုင်အဆိုင် ဆေးခြယ်နေကြသည်။

"လာရောက်ပေးကြတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"

ရှန်းရှီက ပထမဦးစွာ အားလုံးအား နှုတ်ဆက် လိုက်သည်။

ထို့နောက် သူမက အခြားလူများအား နောက်ခုနစ်ရက် ကြာလျှင် ရွှမ်ထျန်း တောင်ထိပ်သို့ လာရောက်ရန် ဆက်လက် ဖိတ်ခေါ်၏။ ထို့နေ့၌ သူမသည် ကောင်းကင် ရွှေအမြုတေ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရမည် ဖြစ်သည်။

ကောင်းကင် ရွှေအမြုတေ တစ်ခု ဖွဲ့စည်းခြင်းက လွယ်ကူသော အရာ မဟုတ်ချေ။ အတိတ်၌ ပါရမီရှင် အများစုမှာ ‌မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရာ၌ ကျဆုံး ခဲ့ရသည်။ ထို့ကြောင့်ပင် ရှန်းရှီ မိုးကြိုးကပ်ဘေးအား ရင်ဆိုင်သည်ကို လူတိုင်းမှာ တွေ့မြင်လိုကြသည်။ ထိုအကြောင်းပြချက်ကြောင့်ပင် သူတို့သည် ပြန်လည် မွေးဖွားခြင်းဂိုဏ်းသို့ ရောက်ရှိ လာကြခြင်း ဖြစ်သည်။

"ဆက်ဆက် လာခဲ့ပါ့မယ်…"

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် ရှန်းရှီမှာ လျှင်မြန်စွာပင် ရွှမ်ထျန်း တောင်ထဲသို့ ပြန်လည် ဝင်ရောက် သွားသည်။

ယခု အခိုက်အတန့်ကား သူမ၏ ကျင့်ကြံခြင်း အတွက် အလွန် အရေးကြီး၏။ ထို့ကြောင့် သူမသည် အပြင်၌ အချိန်ကြာမြင့်စွာ မနေနိုင်ချေ။

မွေးဖွားခြင်းဂိုဏ်း၏ အကြီးအကဲများမှာမူ ပြုံးရွှင်နေကြသည်။ သူတို့သည် နတ်မိမယ် ရှန်းရှီ အတွက် ဂုဏ်ယူနေမိကြ၏။ ထို့နောက် သူတို့က ရှန်းရှီ အတွက် ဂုဏ်ပြုပွဲ တစ်ခု ပြုလုပ်ရန်ပင် စီစဉ် နေကြတော့သည်။

"မဟုတ်သေးဘူး…"

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်၏။

"ဘာမှားနေလို့လဲ… အကို…"

ရှောင်မန်က ချန်းဖန်၏ မျက်နှာကို ကြည့်ကာ မေးသည်။

ချန်းဖန်က ဘာမှ ပြန်မပြောပဲ ခေါင်းခါ လိုက်၏။ သူ၏ စိတ်ထဲတွင်မူ အတွေး တစ်ချို့က နေရာယူ နေခဲ့သည်။

"ရှန်းရှီက တကယ် စိတ်လောတာပဲ… သူ့ အနေနဲ့ ကောင်းကင် ရွှေအမြုတေကို ဖွဲ့စည်းချင်ရင် နှစ်ငါးဆယ်လောက် ကျင့်ကြံ ရမှာ… အဲ့လို ကျင့်ကြံရင်တောင် အောင်မြင်ဖို့ ဆယ်ပုံ တစ်ပုံပဲ အခွင့်အရေး ရှိတယ်… သုံးနှစ်တည်းနဲ့ ကောင်းကင် အမြုတေကို ဖွဲ့စည်းဖို့ နိုင်တဲ့သူ တစ်ယောက်တောင် မရှိဖူးဘူး"

ကောင်းကင် အဆင့် ရွှေအမြုတေ တစ်ခု ဖွဲ့စည်းရန်မှာ အလွန် ခက်ခဲသော အရာ ဖြစ်သည်။ ‌ထျန်းဟောင်ဂြိုဟ်၏ အုပ်စိုးသူ တောင်တန်း အင်ပါယာ ပင်လျှင် နှစ်သိန်းချီ အတွင်း၌ ကောင်းကင် ရွှေအမြုတေ အဆင့် တစ်ယောက်သာ မွေးထုတ် နိုင်ခဲ့သည်။

သို့သော်လည်း ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ လူများသည် ကောင်းကင် ကျင့်စဉ်၊ ကောင်းကင် ဆေးမြစ်တို့ကို သုံးရုံဖြင့် ကောင်းကင် အဆင့် ရွှေအမြုတေကို ဖွဲ့စည်း နိုင်လိမ့်မည် ဟု ထင်နေပုံ ရသည်။ သူတို့ကား ရူးမိုက်စွာပင် ဂုဏ်ပြုပွဲ တစ်ခုကိုပင် ပြင်ဆင် နေသေး၏။

တစ်ရက်…

နှစ်ရက်…

သုံးရက်…

နောက်ဆုံး၌ ခုနစ်ရက်မြောက် နေ့ရက်ကား ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"သွားကြမယ်…"

ချန်းဖန်သည် ကျိုးကျူရှင်း၊ လင်းဝူဟွာတို့နှင့် အတူ ခရမ်းလ တောင်ထိပ်မှ ဆင်း လာခဲ့သည်။ ၎င်းက အရာရာကို အဆုံးသတ် ရမည့် အချိန် ဖြစ်ပေသည်။

ရွှမ်ထျန်း တောင်ခြေ…

"နင်းဖူ ကောင်းကင်နယ်‌၊ မဟူရာ ဗုဒ္ဓဂိုဏ်းရဲ့ မဟာ အကြီးအကဲက တပည့်တွေနဲ့ အတူ လာရောက် ဂုဏ်ပြုပါတယ်…"

"နဂါးသင်္ချိုင်း ကောင်းကင်နယ်၊ လုံမိသားစုရဲ့ နတ်မိမယ် လုံဟွာက ‌မိသားစု ခေါင်းဆောင် ကိုယ်စား လာရောက် ဂုဏ်ပြုပါတယ်…"

"ဟိုထျန်းဓားဂိုဏ်းရဲ့ လက်ထောက် ဂိုဏ်းချုပ်နဲ့ ဓားမင်းသားကလည်း အဆင့်မြင့် ဝိညာဉ် ရတနာနဲ့ အတူ နတ်မိမယ် ရှန်းရှီကို လာရောက် ဂုဏ်ပြုပါတယ်…"

များစွာသော ကျင့်ကြံသူများသည် ဂုဏ်ပြု ခန်းမသို့ တဖွဲဖွဲ ရောက်ရှိလာကာ နတ်မိမယ် ရှန်းရှီအား စောင့်ကြိုနေကြ၏။ ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ အကြီးအကဲများမှာလည်း တပြုံးပြုံးဖြင့် ဂုဏ်ယူ နေကြသည်။

"ပြန်လည် မွေးဖွားခြင်းဂိုဏ်းက ဒီလို သက်ဝင်လှုပ်ရှားမှုမျိုး မရှိတာ နှစ်ထောင်ချီ ကြာပြီ… နောက်ဆုံး အချိန် ဂုဏ်ပြုပွဲ လုပ်တာက ဘိုးဘေး ဟုန်ယန် ‌အခြေတည် ဝိညာဉ် အဆင့်ကို ဝင်တုန်းကနော်"

အကြီးအကဲ ကျုံးရွှမ်က ပြောလိုက်သည်။

"ဟုတ်တယ်… ရှန်းရှီက ကောင်းကင် အမြုတေကို ဖွဲ့စည်းနိုင်တော့မှာ ဆိုတော့ သူလည်း အခြေတည် ဝိညာဉ် အဆင့်ကို ရောက်ဖို့ သိပ် မဝေးတော့ဘူး… နဂါး နတ်မိမယ်လေး ရှောင်မန်ရဲ့ ပါရမီနဲ့ ဆိုရင် နောင်နှစ်ထောင်ချီ အတွင်း ပြန်လည် မွေးဖွားခြင်းဂိုဏ်းက  အခြေတည် ဝိညာဉ် အဆင့် နှစ်ယောက်ကို ပိုင်ဆိုင် လာတော့မှာ… အဲဒီ အခါကျ သက်ရှည်ဂိုဏ်းတောင် ငါတို့လောက် အင်အားကြီးမှာ မဟုတ်တော့ဘူး"

အကြီးအကဲ ထျန်းကုန်းက ခေါင်းညိတ်၏။

"သက်ရှည်ဂိုဏ်းမှာက ဟန်ရှုံး သတ်မှတ်ချက် နံပါတ် ၂၁ လော့ချန်ရှန်း တစ်ယောက်ပဲ ရှိတာ… ဘယ်လိုလုပ်ပြီး သူတို့က အခြား ကောင်းကင်ဂိုဏ်း ဆယ်ခုနဲ့ ခေါင်းဆောင် နေရာကို ယှဉ်နိုင်မှာလဲ"

အခြား အကြီးအကဲများက ရယ်မော လိုက်ကြသည်။ အားလုံးထဲ၌ အကြီးအကဲ ယွီလုံ တစ်ယောက်သာ နှုတ်ဆိတ်နေ၏။

"ယွီလုံ… နင့်တပည့်ရဲ့ အကိုက ဧည့်သည် တော်တော်များများကို ရိုက်နှက်ခဲ့တယ် ဆို… မြေအောက် သရဲဂိုဏ်းချုပ်က ငါ့ဆီ လာပြောတယ်"

မဟာ အကြီးအကဲ လီရှန်းက ရုတ်တရက် ပြောလိုက်၏။

သူကား ပြန်လည် မွေးဖွားခြင်းဂိုဏ်းတွင် အလွန်အမင်း ဩဇာရှိသူ ဖြစ်သည်။ သူ စကားပြောလိုက်သည်နှင့် အားလုံးမှာ တိတ်ဆိတ် သွား၏။

"အဲ့ကောင်လေးက နည်းနည်းတော့ မောက်မာတယ်… ဒါပေမဲ့  သူ လုပ်တာက အဆိုးကြီး မဟုတ်ပါဘူး"

အကြီးအကဲ ယွီလုံက မျက်မှောင်ကြုတ်ကာ ပြန်ပြော လိုက်၏။

"အဆိုးကြီး မဟုတ်ဘူး ဟုတ်လား…  မြေအောက် သရဲဂိုဏ်း၊ ကုန်းစွန်း မိသားစု၊ မိစ္ဆာနှိမ်ဂိုဏ်း၊ အနီရောင် မီးတောက်ဂိုဏ်း အားလုံးက အဲ့ကောင်လေးကို သတ်ချင်နေတာတောင် အဆိုးကြီး မဟုတ်သေးဘူးလား"

ကျူးယန်တောင် အကြီးအကဲက နှာခေါင်းရှုံ့ လိုက်သည်။

သူ၏ နောက်၌ ရပ်နေသော ကျန်းတုန်ရှန်းက ခေါင်းညိတ်၏။

"ဟုတ်တယ်… ငါလည်း အဲ့ကိစ္စကို ကြားလိုက်တယ်"

"ယွီလုံ… သူက ရှောင်မန်ရဲ့ အကို ဆိုရင်တောင် အရိုင်းအစိုင်း တစ်ကောင် သာသာပဲနော်"

"ထွီ… သူက သူ့ကိုယ်သူ လီဟိုင်ရှင်း၊ ကျွင်းအိုချန်း၊ ချန်းပေ့ရွှမ်းတို့များ ထင်နေသလား မသိဘူး…"

အကြီးအကဲများ၏ စကားကို နားထောင်ရင်း ဟွာနွန်ယင်မှာမူ သက်ပြင်းသာ ချနေမိသည်။ သူမသည် ချန်းဖန်အား အကြိမ်ကြိမ် သတိပေးခဲ့သည့်တိုင် ထိုကောင်စုတ်က နားမထောင်ခဲ့ချေ။

"နင်တို့…"

ယွီလုံက ရှင်းပြရန် ဟန်ပြလိုက်၏။

သို့သော်လည်း မဟာ အကြီးအကဲက ကြားဖြတ်ကာ ပြောလိုက်သည်။

"တော်လောက်ပြီ… သူ့ပြဿနာတွေက ငါတို့ဂိုဏ်းနဲ့ မသက်ဆိုင်ဘူး… ငါတို့ ကတိ အတိုင်း သူ့ကို တစ်ခါ ကာကွယ်ပေးမယ်… ကျန်တာက သူ့ကိစ္စပဲ"

များစွာသော အကြီးအကဲများက ခေါင်းညိတ်ကာ လက်ခံလိုက်၏။ ဂိုဏ်းချုပ် မရှိချိန်၌ မဟာ အကြီးအကဲမှာ သူတို့၏ ခေါင်းဆောင် ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့သည် သူ၏ ဆုံးဖြတ်ချက်ကို မလွန်ဆန် ဝံ့ကြချေ။

အကြီးအကဲ ယွီလုံမှာမူ ခေါင်းကိုသာ ခါနေခဲ့သည်။ သူမသည် ချန်းဖန်အား သဘော မကျသော်လည်း ရှောင်မန် အတွက် သူ့အား ဒုက္ခ မရောက်စေလိုချေ။

"ချန်းဖန်… ရှင် အားနည်းနေတာကိုပဲ အပြစ်တင်တော့ … တကယ်လို့ ရှင်သာ လီဟိုင်ရှင်း၊ ကျွင်းအိုချန်း တို့လို အစွမ်းထက်တဲ့ ပါရမီ တစ်ယောက် ဒါမှမဟုတ် ချန်းပေ့ရွှမ်းလို ကျင့်ကြံသူ တစ်ယောက် ဖြစ်မယ် ဆိုရင် ဒီအကြီးအကဲတွေက ရှင့်ကို ဘာမှ ပြောရဲမှာတောင် မဟုတ်ဘူး"

ဟွာနွန်ယင်က သက်ပြင်းတစ်ချကာ ရေရွတ် လိုက်သည်။

ထိုအချိန်၌ များစွာသော ထိပ်သီး ပါရမီရှင်များမှာ ရွှမ်ထျန်း တောင်ခြေ၌ ရောက်ရှိ နေကြပြီ ဖြစ်သည်။ သူတို့သည် ကောင်းကင်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များ၊ အကြီးအကဲများနှင့် အတူ ကောင်းကင် စင်မြင့်ထက်၌ ထိုင်နေကြ၏။

သာမန် ကျင့်ကြံသူများမှာမူ အောက်၌ စီစဉ်ထားသော ထိုင်ခုံများတွင်သာ ထိုင်ကြရသည်။

ရွှမ်ကုန်း ဓားမင်းသားက ကောင်းကင် စင်မြင့်ထက်သို့ ကြည့်လိုက်ရင်း…

"ကွေ့မင်ကျိ၊ လီယန် ဓားသခင်၊ ကုန်းစွန်းကွေး၊ နတ်မိမယ် လုံဟွာ၊ ဝမ်ရွှမ်လုံ… ဟန်ရှုံး သတ်မှတ်ချက်ဝင် တစ်ဝက်လောက်က ဒီကို ရောက်နေကြတာပဲ"

မူရန်ပိုင်က သူ၏ မေးစေ့အား ပွတ်သပ် လိုက်၏။

"အင်း… ဒါပေမဲ့ ဟန်ရှုံး သတ်မှတ်ချက်ဝင် ထိပ်သီး ဆယ်ယောက်ထဲက ဆိုရင် နံပါတ် ခုနစ် ရှောင်ဟုန်နဲ့ နံပါတ် ငါး ဂူရှောင်ရီတို့ပဲ ရောက်သေးတယ်… လီဟိုင်ရှင်းနဲ့ ကျွင်းအိုချန်းတို့က ခုထိ မရောက်သေးဘူး… နောက်ပြီး ဆေးဧကရာဇ် ချန်းပေ့ရွှမ်းကိုလည်း မမြင်ရသေးဘူး… သူတို့ မပါတော့ ပွဲက အရောင်အဆင်းမဲ့ နေသလိုပဲ"

"ဟိုကောင်စုတ်လေး မလာသေးဘူးလား မသိဘူး…"

ဝူရှန်းမှာမူ ဝင်ပေါက်ရှိရာသို့သာ လှမ်းကြည့် နေခဲ့၏။

ဤသို့ဖြင့် မကြာခင်မှာပင် ပိုမို များပြားသော နာမည်ကျော်များမှာ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာသည်။

နာမည်ကျော် ကျွင်းအိုချန်း ရောက်ရှိလာသည့် အချိန်တွင်မူ အားလုံး ဆူညံ ပွက်လောရိုက်သွား၏။ ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ မဟာ အကြီးအကဲမှာ ကိုယ်တိုင် သွားရောက်ကာ သူ့အား ကြိုဆိုသည်။ များစွာသော လူများမှာလည်း ကျွင်းအိုချန်းအား အနီးကပ် မြင်ဖူးရန် ‌တိုးဝှေ့ နေကြ၏။

ကျွင်းအိုချန်းကား ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ကာ ဟန်ရှုံး သတ်မှတ်ချက်၏ နံပါတ် ၂ ဖြစ်သည်။ သူ၏ အထက်တွင် လီဟိုင်ရှင်း တစ်ယောက်သာ ရှိ၏။ သူသည် ရုပ်ရည် ချောမောသလို သူ၏ အရှိန်အဝါမှာလည်း အလွန် ထက်မြက်လှသည်။

"ကျွင်းအိုချန်းက တကယ့်ကို ဟန်ရှုံး သတ်မှတ်ချက် ထိပ်သီးဝင် ပီသတာပဲ… နောက် နှစ်ထောင်ဂဏန်း ကြာရင် သူက ကောင်းကင် အရှင် တစ်ယောက် ဖြစ်လာမှာ သေချာတယ်"

အကြီးအကဲများက ကျွင်းအိုချန်းအား ကြည့်ကာ မှတ်ချက် ချကြသည်။ မဟာ အကြီးအကဲ ပင်လျှင် ကျွင်းအိုချန်းထက် မြင့်သော နေရာ၌ မထိုင်ဝံ့ချေ။

"အား… တကယ့် ပါရမီရှင်ဆိုတာ အဲ့လိုမျိုးပေါ့… ရှောင်မန် နင့်အကို အနေနဲ့ သူ့ဆီက သင်သူသင့်တယ်… ဒီနေ့က စပြီး ကျွင်းအိုချန်းက ငါ့ရဲ့ ရည်မှန်းချက်ပဲ… ငါ သူ့ကို လက်ထပ်မယ်"

စီစီက ရှောင်မန် အနားသို့ ကပ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ခစ် ခစ်…"

ရှောင်မန်က ရယ်မောလိုက်၏။ သူမ ကိုယ်တိုင် ပင်လျှင် ကျွင်းအိုချန်းမှာ ဆွဲဆောင်မှု ရှိကြောင်း ဝန်ခံမိသည်။ သို့သော်လည်း မည်သူက သူမ၏ အကိုနှင့် ယှဉ်နိုင်ပါမည်နည်း။

"အကို မလာသေးဘူးလား…"

မိန်းကလေးက ဝင်ပေါက် ရှိရာသို့ လှမ်းကြည့်ကာ ခပ်တိုးတိုး ရေရွတ် လိုက်၏။

တစ်ချိန်တည်း၌ ဝမ်ရွှမ်လုံ၊ ဂူဖန်နှင့် လုံဟွာတို့သည် ကောင်းကင် စင်မြင့်၏ အစွန်နားရှိ စားပွဲ တစ်ခု၌ ထိုင်ရင်း လူအုပ်အား ဝှေ့ပတ် ကြည့်နေခဲ့သည်။ တစ်နှစ်ကြာပြီးနောက်၌ သူတို့သည် ပို၍ တိုးတက်လာကာ ဟန်ရှုံး သတ်မှတ်ချက်တွင်ပင် အဆင့်များ တိုးတက် လာခဲ့သည်။

ဂူဖန်က ကောင်းကင် စင်မြင့်၏ အလယ်ကျသော ထိုင်ခုံ တစ်ခုံ၌ မဟာ အကြီးအကဲနှင့် အတူ ထိုင်နေသည့် ကျွင်းအိုချန်းကို ကြည့်က ရုတ်တရက် မေးလိုက်၏။

"‌တကယ်လို့ ချန်းပေ့ရွှမ်းသာ ဒီပွဲကို လာမယ် ဆိုရင် ဘယ်သူက အဲ့နေရာမှာ ထိုင်ရမယ်လို့ ထင်လဲ…"

လုံဟွာနှင့် ကျောက်စိမ်း မင်းသားလေးမှာ စဉ်းစားရခက်ဟန် မျက်မှောင်ကြုတ် လိုက်၏။ သို့သော်လည်း ဝမ်ရွှမ်လုံကမူ တုန့်စိုင်း မနေပဲ ချက်ချင်းပင် လေးစားသည့် ပုံစံဖြင့် ဖြေလိုက်သည်။

"တကယ်လို့ ဆေးဧကရာဇ်ချန်းသာ ဒီပွဲကို လာရင် ဒီမှာရှိတဲ့ ပါရမီရှင် အားလုံးက ဘေးဖယ်ပြီး လမ်းကြောင်း တစ်ခု ပြုလုပ်ပေးရလိမ့်မယ်…"

အခြား လူများမှာ ပထမ၌ ဆွံ့အ သွား၏။ ထို့နောက် သူတို့က အလေးအနက် ခေါင်းညိတ် လိုက်ကြသည်။

တစ်ချိန်တည်း၌ ရွှမ်ထျန်း တောင်ခြေရှိ ဂုဏ်ပြုခန်းမ၏ အပြင်ဘက်တွင်…

ချန်းဖန်ကား‌ ရောက်ရှိ နေခဲ့ပြီ ဖြစ်လေသည်။

***

All Chapters