ငါ့နာမည်က ချန်းပေ့ရွှမ်း
Vol. 10 Ch. 948
ကျွင်းအိုချန်း၊ ရှောင်ဟုန်နှင့် ဂူရှောင်ရီတို့သည် များစွာသော ကောင်းကင် ပါရမီရှင်များကို ဝန်းရံကာ ကောင်းကင် စင်မြင့်ထက်၌ ထိုင်နေကြသည်။ သူတို့သည်သည် ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံး ဆယ်ယောက်၌ ဝင်သူများ ဖြစ်ရာ ကောင်းကင် အရှင် ဖြစ်လာရန် အလားအလာ ရှိသူများ ဖြစ်ကြ၏။
“အကိုအိုချန်း... ခင်ဗျားကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... လွန်ခဲ့တဲ့ နှစ်သုံးဆယ် မြောက်ပင်လယ်မှာမှာ ဆုံပြီးကတည်းက မတွေ့ဖြစ်ခဲ့ကြတာနော်... ဒီပွဲကို အကိုဟိုင်ရှင်းနဲ့ ချန်းပေ့ရွှမ်းတို့ မလာတာ နှမြောစရာပဲ... မဟုတ်ရင် နာမည်ကျော်တွေ စုံလင်တဲ့ ပွဲတစ်ပွဲ ဖြစ်မှာ”
ဂူရှောင်ရီက ပြောသည်။
သူသည် အဖြူရောင် အင်္ကျီကို ဝတ်ဆင်ထားကာ “လီရှန်း” ဟု ခေါ်သော ဓားကို လွယ်ထားသည်။ သူသည် ထိပ်တန်း ကောင်းကင်နယ် တစ်ခု ဖြစ်သည့် ဝမ်ချင်းနယ်မှ ဖြစ်၏။ သူ့အား လူများက လီရှန်း ဓားမင်းသား ဟု ခေါ်ကြသည်။
“အကို ဟိုင်ရှင်းက လူစုလူဝေးတွေကို မကြိုက်ဘူး... သူက ဒီလိုပွဲမျိုးကို လာမယ် မထင်ဘူး... ချန်းပေ့ရွှမ်း ဆိုတဲ့ တစ်ယောက်ကတောာ့ လီဟိုင်ရှင်းထက်တောင် ပိုပြီး လျှို့ဝှက်သေးတယ်”
ရှောင်ဟုန်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။
“လီဟိုင်ရှင်းက အခြေတည် ဝိညာဥ် အဆင့်ကို တက်ဖို့ တံခါးပိတ် ကျင့်ကြံနေတာ... ချန်းပေ့ရွှမ်းကတော့ ပေ့ဟန်နယ်လို့ ခေါ်တဲ့ မြေရိုင်းနယ်ရဲ့ မျိုးနွယ်စုလေး တစ်ခုက လာတာလို့ ကြားတယ်... သူက အရမ်းကို ကြောက်ဖို့ကောင်းပြီး ကောင်းကင် ရတနာကိုတောင် လက်ဗလာနဲ့ ရင်ဆိုင်ခဲ့တယ်တဲ့... နောက်ပြီး သူက ကောင်းကင် အရှင် မျိုးနွယ် တစ်ခုကို တစ်ယောက်တည်း သတ်ပစ်ခ့တယ်တဲ့... ငါ့အနေနဲ့ သူနဲ့ ရင်ဆိုင်ရရင် တစ်ကွက်တောင် ခုခံဖို့အခွင့်အရေး မရှိလောက်ဘူး...”
ကျွင်းအိုချန်းက လေးစားသော အမူအရာဖြင့် ဆိုလိုက်သည်။
“ဟမ်...”
ရှောင်ဟုန်နှင့် အခြားလူများမှာ သူ၏ စကားကြောင့် အနည်းငယ် အံ့အားသင့် သွားကြသည်။
သူတို့သည် ကျွင်းအိုချန်းမျာ မိမိကိုယ်ကို အလွန် ယုံကြည်ဖြစ်ကြောင်း သိရှိထားသည်။ သူသည် ဘဝ တစ်လျှောက်လုံး၌ ရာပေါင်းများစွာသော တိုက်ပွဲများ တိုက်ခိုက်ခဲ့ဖူးကာ လီဟိုင်ရှင်းမှ လွဲ၍ အားလုံးကို အနိုင်ရခဲ့သည်။ သို့တိုင်အောင် သူက မတိုက်ခိုက်ရသေးခင်မှာပင် ချန်းပေ့ရွှမ်းကို အရှုံးပေး နေခဲ့သည်။
“ခင်ဗျားက နှိမ့်ချလွန်းနေပါပြီ အကိုအိုချန်း... သူက အစွမ်းထက်တယ် ဆိုပေမဲ့ ပေါ်လာတာ သိပ်မကြာသေးပါဘူး... မတိုက်ခုက်ရသေးခင် ဘယ်သူ ပိုအစွမ်းထက်လဲ ဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ်”
ဂူရှောင်ရီက ပြုံးရင်း ဆိုလိုက်၏၊ သူ၏ ဘေးရှိ လူတိုင်းကလည်း ခေါင်းညိတ်ကြသည်။
ကျွင်းအိုချန်းမှာမူ တိတ်ဆိတ်နေ၏။ သို့သော်လည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်မှာမူ သူ၏ မျက်လုံးထဲ၌ မီးတောက် သဖွယ် တောက်လောင် နေခဲ့လေသည်။
...
“အကိုကျန်း... ရှောင်မန်ရဲ့ အကိုဆိုတဲ့ကောင် ဒီနေ့ လာမယ်လို့ ထင်လား... ခင်ဗျားတို့ ပြန်လည် မွေးဖွားခြင်းဂိုဏ်းက ဒီကိစ္စမှာ ဝင်မပါဘူးလို့ ပြောထားတာ မမေ့နဲ့နော်”
ရွှမ်ကုန်း ဓားမင်းသားက မေးသည်။
“အမှန်ပဲ... ငါတို့ မြေအောက် သရဲဂိုဏ်းက စီနီယာ အကိုလည်း ဂိုဏ်းချုပ်နဲ့ အတူ ရောက်နေပြီ... ဟိုကောင်စုတ်လေးရဲ့ နောက်လိုက် နှစ်ယောက် သူ့ကို ဘယ်လို ကာကွယ်ပေးမလဲ ကြည့်ရသေးတာပေါ့...”
မြေအောက် သရဲဂိုဏ်းမှ လူငယ် တစ်ယောက်ကလည်း ဆို၏။
ကျိုးကျူရှင်းသည် ရန်ကုန်းဖန်း၏ ခန္ဓာကိုယ်ကိုသာ နင်းချေလိုက်ခြင်း မဟုတ်ချေ။ မြေအောက် သရဲဂိုဏ်း၏ နှစ်ငါးသောင်း ထိန်းသိမ်းလာသော ဂုဏ်သိက္ခာကိုပါ နင်းချေလိုက်ခြင်း ဖြစ်သည်။ ထိုအဖြစ်အပျက်ကပင် မြေအောက် သရဲဂိုဏ်းချုပ်ကို ဒေါသထွက်စေကာ ပြန်လည် မွေးဖွားခြင်းတောင် အထိ ကိုယ်တိုင် လာရောက်စေခဲ့ခြင်း ဖြစ်သည်။
“စိတ်မပူပါနဲ့... သူ့ အသက် အန္တရာယ်ကို မထိခိုက်သေးသရွေ့ မဟာ အကြီးအကဲက စိတ်ထဲထားမှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်းကို အကိုလင်း ကိုယ်တိုင် ပြောထားတာ...”
ကျန်းတုန်ရှန်းက ယပ်တောင်အား ဖြည်းညင်းစွာ ခပ်ရင်း ဆိုလိုက်သည်။
“အရမ်းကောင်းတယ်...”
မူယွမ်ပိုင်၊ ရွှမ်ကုန်း ဓားမင်းသားလေးတို့က ကျေနပ်စွာ ပြုံးလိုက်ကြသည်။ သူတို့သည် ချန်းဖန် ရောက်လာမည့် အချိန်ကို စိတ်ရှည်စွာ စောင့်နေကြ၏။
တစ်ချိန်တည်း၌ ကျိုးခွန်နှင့် လီတနီတို့သည် သူတို့၏ ထိုင်ခုံများ၌ ထိုင်နေကြသည်။ သူတို့သည် ခရမ်းလတောင်ထိပ်၌ အရှက်ရခဲ့မှုများ အတွက် ချန်းဖန်ကို ပြန်လည် လက်စားချေရန် တွေးတော နေကြသည်။
“သူလာတာနဲ့ အကြီးအကဲကို ပြောပြီး သူ့ကို ရိုက်ခိုင်းရမယ်... နောက်ပြီး သူ့ကို မြွေတစ်သောင်း တောင်ကြားထဲ ပစ်ချပြီး အစာကျွေးပစ်မယ်...”
လီတနီက စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်သည်။
ဤကဲ့သို့ လူတိုင်းက ချန်းဖန်အား စိတ်ရှည်စွာ စောင့်ဆိုင်းနေချိန်မှာပင် တစ်ယောက်က ရုတ်တရက် အော်ဟစ် လိုက်သည်။
“ဟိုမှာ သူ ရောက်လာပြီ မလား...”
လူတိုင်းမှာ ဝင်ပေါက်သို့ ကြည့်လိုက်ရာ လက်နှစ်ဖက်ကို နောက်ပစ်၍ လမ်းလျှောက်လာသည့် လူငယ်လေး တစ်ယောက်ကို တွေ့ကြရသည်။ ထိုလူငယ်လေး၏ နောက်တွင်မူ အလွန် လှပသော မိန်းကလေး သုံးယောက်နှင့် ဆံပင်ဖြူ လူအိုကြီး တစ်ယောက် လိုက်ပါလာ၏။
“အမ... ကြည့်စမ်း... ရှောင်မန်ရဲ့ အကို ရောက်လာပြီ...”
ကျူးနင်းမိုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“သူက ဒီလောက် အပြစ်တွေ လုပ်ထားတာတောင် ပေါ်လာရဲသေးတာလား... ဒီမှာ ရောက်နေတဲ့ လူတစ်ဝက်လောက်က သူ့ကို သတ်ချင်နေတာ မသိဘူးလား...”
ကျူးနင်းရွှယ်မှာလည်း အံ့အားသင့် သွား၏။
သူတို့သည် ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ တပည့်များဖြစ်ရာ ဤပွဲ၌ ဝင်ပေါက်တွင် တာဝန်ပေးခံရသည်။ ကျူးနင်းရွှယ်သည် ဧည့်သည် တစ်ယောက် ရောက်လာတိုင်း နာမည် နှင့် လက်ဆောင် စာရင်းကို အားလုံး ကြားအောင် ခပ်ကျယ်ကျယ် ရွတ်ဖတ်ပြရသည်။
ကျူးနင်းရွှယ်သည် အဘယ်ကြောင့် ချန်းဖန် ရောက်လာသည်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။ သူမ၏ ကြောင်တောင်တောင် အမူအရာကို ကြည့်ကာ ချန်းဖန်က ပြုံးလိုက်သည်။
“မိန်းကလေး... ငါရောက်လာတာ ကြေညာပေးပါဦး...”
“ရှင်... ဟိုဟာ...”
ကျူးနင်းရွှယ်မှာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေ၏။
တစ်ချိန်တည်း၌ ဝူရှန်းတို့မှာ ချန်းဖန်ကပို ကြည့်ကာ လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ခွေးကောင်... မင်း ပေါ်လာရဲတယ်ပေါ့ ဟုတ်လား... မင်းက လာရဲမှတော့ ငါတို့ကလည်း မင်းကို ပညာပေးရတော့မှာပေါ့”
ဝူရှန်းက ကောက်ကျစ်စွာ ပြုံးရင်း ထရပ်ကာ ဝင်ပေါက်ရှိရာသို့ ဦးတည်လိုက်သည်။ မူယွမ်ပိုင်၊ ရွှမ်ကုန်း ဓားမင်းသားလေးနှင့် ဆံပင်နီ လူငယ်တို့ကလည်း ဝူရှန်း၏ အရိပ်အခြေကို ကြည့်ကာ နောက်မှ လိုက်သွားကြသည်။ သူတို့သည် လူအိုကြီးနှင့် အနက်ရောင်ဝတ် မိန်းကလေးတို့ကို ကြောက်သည့်တိုင် သူတို့၏ နောက်တွင် အကြီးအကဲများ ရှိနေကြရာ ယုံကြည်ချက် ရှိနေခဲ့သည်။
“ကျင့်ကြံသူချန်း... ရှင် အထဲကို ဝင်ချင်တာ သေချာလို့လား...”
ကျူးနင်းရွှယ်က ချန်းဖန်ကို မေးလိုက်၏။ ဂုဏ်ပြုခန်းမ အတွင်း၌ များစွာသော လူများက သူ့အား လက်စားချေရန် စောင့်ကြိုနေကြသည်။ သို့ဖြစ်ရာ သူ့အနေဖြင့် အသက် မသေလိုပါက ဤနေရာမှ လှည့်၍ ပြန်သင့်ပေသည်။
“ကျေးဇူးပြုပြီး နတ်မိမယ် ရှန်းရှီကို ကျုပ်က သူ့အတွက် လက်ဆောင် တစ်ခု ယူလာတယ်လို့ အကြောင်းကြားပေးပါ...”
ချန်းဖန်က ကျောက်စိမ်းဗူး တစ်ခုကို ကျူးနင်းရွှယ်၏ လက်အတွင်း ထည့်ကာ ပြောလိုက်သည်။
ကျူးနင်းရွှယ်က စိတ်မသက်မသာဖြင့် ချန်းဖန်၏ ကျောက်စိမ်းဗူးကို လက်ခံလိုက်၏။ သူမသည် ချန်းဖန် ကဲ့သို့ ကိုယ့်အသက်ကို တန်ဖိုးမထားသည့် လူမျိုးအား အသက်နှင့် တစ်ကိုယ် မတွေ့ဖူးချေ။
“နာမည်နဲ့ လက်ဆောင် ပစ္စည်း အမျိုးအစားကို တစ်ချက်လောက် ပြောပေးပါ...”
ကျူးနင်းရွှယ်က မှတ်တမ်းစာအုပ်ကို ဖွင့်ရင်း မေးလိုက်၏။
“ငါ့နာမည်က ချန်းပေ့ရွှမ်း... ကျောက်စိမ်း ဗူးထဲမှာက အဆင့်မြင့် ကောင်းကင်ဆေး သုံးလုံးပါတယ်...”
ချန်းဖန်က ပြောလိုက်သည်။
“ကောင်းပါပြီ...”
ကျူးနင်းရွှယ်က ခေါင်းညိတ်ကာ နာမည်ကို ရေးရန် ပြင်လိုက်သည်။ သို့သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရကာ သူမ၏ နှလုံးသားမှာ တဒိုင်းဒိုင်း မြည်ဟည်းသွား၏။
“ချန်း... ချန်းပေ့ရွှမ်း... ဟုတ်လား...”
သူမက တုန်တုန်ရီရီဖြင့် ချန်းဖန်အား နောက်တစ်ကြိမ် ပြန်လည် မော့ကြည့်လိုက်သည်။
“ချန်းပေ့ရွှမ်း...”
“အဆင့်မြင့် ကောင်းကင်ဆေး သုံးလုံး...”
ရုတ်တရက်ပင် ဆူညံနေသည့် ဂုဏ်ပြုခန်းမကြီးမှာလည်း တိတ်ဆိတ်သွားခဲ့၏။ လူတိုင်းသည် ဆွံအကာ ချန်းဖန်ကို ငေးကြောင်ကြည့် နေကြသည်။ သူတို့၏ မျက်လုံးများက အံ့အားသင့်မှု၊ မယုံကြည်နိုင်မှု၊ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။ စင်မြင့်ပေါ်၌ ထိုင်နေသည့် ရှောင်ဟုန်၊ ဂူရှောင်ရီတို့ ပင်လျှင် ဝင်ပေါက်ရှိရာသို့ စိတ်လှုပ်ရှားစွာ လှမ်းကြည့်နေကြသည်။
“ဟားဟား...”
ဝမ်ရွှမ်လုံက ရယ်မောကာ ထိုင်ရာမှ ထလိုက်သည်။ ထို့နောက် သူက ဝိုင်ခွက်ကို မြှောက်ကာ နှုတ်ဆက်လိုက်၏။
“ဆေးဧကရာဇ်ချန်း... နောက်ဆုံးတော့ ရောက်လာပြီပေါ့”
***