ဆေးဧကရာဇ်ချန်း
Vol. 10 Ch. 949
ချန်းပေ့ရွှမ်း ထွက်ပေါ် မလာခင် အထိ စင်မြင့်ပေါ်ရှိ လူများမှာ သက်တောင့်သက်သာ အနေအထားတွင် ရှိနေခဲ့ကြသည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အတွေ့အကြုံများကို ဖလှယ်နေခဲ့၏။
သို့သော်လည်း ချန်းဖန်က သူ၏ နာမည်မှာ ချန်းပေ့ရွှမ်း ဖြစ်ကြောင်း ကြေညာ အပြီးတွင်မူ ဂုဏ်ပြုခန်းမ တစ်ခုလုံး၌ အသက်ရှူသံပင် မကြားရတော့ချေ။
ချန်းပေ့ရွှမ်း…
မြောက်နတ္ထိနယ် တိုက်ပွဲ အပြီးမှ စ၍ ထိုနာမည်သည် ပေ့ဟောင်ဂြိုဟ် တစ်ခုလုံးကို ဖြန့်ကျက်ကာ ကျော်ကြား လာခဲ့သည်။ ကျောက်တုံးအောက်၌ နေသော ကျင့်ကြံသူ ပင်လျှင် ထိုနာမည်အား သိကြ၏။
လူတိုင်းသည် သူတို့ လုပ်ဆောင်နေသည့် အရာများကို ရပ်တန့်ကာ အဇူရာ ဝတ်စုံဝတ် လူငယ်လေးအား ငေးကြည့်နေကြသည်။ ထိုလူငယ်လေးက မည်သည့် နေရာမှ လာသနည်း။ မည်သည့် ကျင့်စဥ်ကို ကျင့်ကြံသနည်း။ အဘယ်ကြောင့် သူက ဤမျှ မြန်ဆန်စွာ ကျော်ကြားလာသနည်း။
လီဟိုင်ရှင်းနှင့် ကျွင်းအိုချန်းတို့သည် ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံးသို့ ရောက်ရန် တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ရသည်။ သို့သော်လည်း ချန်းပေ့ရွှမ်းမှာမူ တိုက်ပွဲ အနည်းငယ်ဖြင့်ပင် သူတို့ကဲ့သို့ ကျော်ကြားလာခဲ့သည်။ ထို့နောက် သူသည် လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ သူကား အဖြေ ရှာမရသော ပုစ္ဆာ တစ်ပုဒ်နှယ်ပင်။
သို့သော်လည်း ချန်းပေ့ရွှမ်း အလွန် အစွမ်းထက်သည် ဆိုသော အကြောင်းကိုမူ မည်သူမျှ သံသယ မရှိကြချေ။ သူသည် ဟန်ရှုံး သတ်မှတ်ချက်ဝင် အများစုကို ကျော်လွန်ကာ လီဟိုင်ရှင်း၊ ကျွင်းအိုချန်းတို့နှင့် တန်းတူ သတ်မှတ်ခံရသူ ဖြစ်သည်။ သူ့အား ပို၍ ထင်ပေါ်စေသည်က သူက ပြိုင်ဘက်ကင်း ဆေးဖော်စပ်မှု စွမ်းရည်ပင် ဖြစ်သည်။
ထိုကဲ့သို့ ဒဏ္ဍာရီဆန်သော လူတစ်ယောက်က မထင်မှတ်သော နေရာ၌ ရုတ်တရက် ပေါ်လာရာ မည်သူက မအံ့ဩပဲ နေပါမည်နည်း။
“သူက တကယ်ပဲ ချန်းပေ့ရွှမ်းလား… နာမည်တူတာရော မဖြစ်နိုင်ဘူးလား… သူ့ကို ကြည့်ရတာ ဆေးဧကရာဇ်ချန်းနဲ့ မတူပါဘူး… ဆေးဧကရာဇ်ချန်းက သစ်သား ကျင့်စဥ်ကို ကျင့်ကြံတာလို့ ငါကြားဖူးတယ်”
အချို့ ကျင့်ကြံသူများမှာ ပထမ၌ သံသယ ဖြစ်နေကြ၏၊
“သူက ချန်းပေ့ရွှမ်း ဆိုတာ သေချာတယ်… မယုံရင် ဝမ်ရွှမ်လုံရဲ့ မျက်နှာကို ကြည့်ပါလား”
တစ်ယောက်က သက်ပြင်းချရင်း ဆိုလိုက်သည်။
လူများက ချန်းပေ့ရွှမ်းအား တွေ့ဖူးသည့် ဝမ်ရွှမ်လုံ၊ လီချန်းနှင့် လုံဟွာတို့အား လှမ်းကြည့်လိုက်ကြသည်။ ထိုအချိန်၌ ဝမ်ရွှမ်လုံတို့ တစ်သိုက်မှာ ချန်းဖန်အား ကြိုဆိုရန် ဝင်ပေါက်ရှိရာသို့ သုတ်ခြေတင် နေကြပြီ ဖြစ်လေသည်။
“ဒါဆို သူက တကယ််ကြီး ချန်းပေ့ရွှမ်းပေါ့…”
မရေမတွက်နိုင်သော လူများမှာ သံသယများ ကင်းစင် သွားကြသည်။ တစ်ချိန်တည်း၌ လင်းရှောင်၊ ကျန်းတုန်ရှန်းတို့မှာမူ ဆွံ့အနေကြဆဲ ဖြစ်သည်။
“ရှောင်မန်ရဲ့ အကိုက ဆေးဧကရာဇ်ချန်းပေါ့…”
ဟွာနွန်ယင်က အသက်မဲ့စွာ ရေရွတ်လိုက်၏။
ရှောင်မန်မှာမူ ပါးစပ်အား လက်ဖြင့် အုပ်ကာ ယခုထက်ထိ မယုံကြည်နိုင်အောင် ဖြစ်နေဆဲ ဖြစ်သည်။ သူမ၏ မျက်လုံးများမှာမူ ကြည်နူး ဝမ်းသာခြင်းများဖြင့် ပြည့်နှက်နေ၏။ ရှောင်မန်သည် ချန်းပေ့ရွှမ်း ဆိုသော နာမည်ကို ကြားဖူးသော်လည်း ထိုသူမှာ သူမ၏ အကို ဖြစ်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။
စီစီကမူ နှာခေါင်းရှုံ့ရင်း အေးစက်စက် ဆို၏။
“ဟွန့်… သူက ဆေးဧကရာဇ်ချန်း ဆိုလည်း ဘာဖြစ်လဲ… ငါ့အသည်းလေး ကျွင်းအိုချန်းကို မယှဥ်နိုင်ပါဘူး”
သို့သော်လည်း ကျွင်းအိုချန်းနှင့် ဂူရှောင်ရီတို့ကပါ ချန်းဖန်အား ကြိုဆိုရန် ထလိုက်သော အချိန်တွင်မူ စီစီမှာ ဆွံ့အ သွားတော့သည်။
“ကျွင်းအိုချန်းတောင် သူ့ကို ကြိုဆို ရတယ်လား…”
များစွာသော လူများက မယုံကြည်နိုင်စွာ ရေရွတ် လိုက်ကြသည်။ သို့သော်လည်း သူတို့သည် ထိုအဓိပ္ပာယ်ကို နားလည်ကြ၏။ ကျွင်းအိုချန်းသည် ချန်းဖန် ဆိုသော ကောင်လေးကို ကြိုဆိုခြင်း မဟုတ်ချေ။ သူက ဒဏ္ဍာရီထဲမှ ချန်းပေ့ရွှမ်းကို ကြိုဆိုခြင်းသာ ဖြစ်ပေသည်။ ချန်းပေ့ရွှမ်းသည် ကောင်းကင်အရှင်များနှင့် တန်းတူသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။
ချန်းဖန်အား သတ်ချင်နေသည့် မြေအောက် သရဲဂိုဏ်းနှင့် ကောင်းကင် ကျောက်စိမ်း ကျောင်းတော်၏ အကြီးအကဲများ ပင်လျှင် ချန်းဖန်အား ထကာ ကြိုဆိုနေရပြီ ဖြစ်လေသည်။
“ဒါကြောင့် နင်က ဒီလောက် မောက်မာနေတာပေါ့ ဟုတ်လား... မြောက်နတ္ထိနယ်က ချန်းပေ့ရွှမ်း... ဟွန့်... အရူးကောင်...”
အကြီးအဲ ယွီလုံမှာ စိတ်များ ရှုပ်ထွေးနေ၏။ တစ်ခဏ ကြာပြီးနောက်မှ သူမက သက်ပြင်းချကာ အဖြစ်မှန်အား လက်ခံလိုက်သည်။
သူမက ဘေးရှိ အကြီးအကဲများအား အကဲခတ်လိုက်ရာ အကြီးအကဲ ကျူးရန်၏ မျက်နှာမှာ လုံးဝ မည်းမှောင်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခါ သူမမှာ အနည်းငယ် ကျေနပ်သွားကာ ချန်းဖန်မှာ သူမ ထင်ထားသလောက် မဆိုးကြောင်း တွေးလိုက်မိသည်။
ထို့နောက် သူမက မဟာ အကြီးအကဲအား ကြည့်လိုက်၏။ သူမနည်းတူပင် လင်းရှန်း၊ ကျန်းတုန်ရှန်း၊ အကြီးအကဲ ကျူးရန်၊ အကြီးအကဲ ကျုံးရွှမ်တို့ အားလုံးမှာလည်း မဟာ အကြီးအကဲ၏ တုန့်ပြန်မှုကို စောင့်နေကြသည်။ ဂိုဏ်းချုပ် မရှိချန်၌ မဟာ အကြီးအကဲသည် ဂိုဏ်းအား ကိုယ်စားပြု၏။
ကျွင်းအိုချန်းနှင့် အခြားလူများမှာ သူတို့၏ သဘောထားကို ပြသခဲ့ပြီး ဖြစ်သည်။ ယခုက ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ အလှည့် ဖြစ်ပေသည်။
“ဘိုးဘိုး... ကျေးဇူးပြုပြီး မလုပ်ပါနဲ့...”
လင်းရှောင်၏ မျက်နှာမှာ မည်းမှောင်နေ၏။
မဟာ အကြီးအကဲမှာ သူ၏ ထိုင်ခုံ၌ ရုပ်တု တစ်ခုအလား ထိုင်နေသည်။ သို့သော်လည်း တစ်ခဏမျှ ကြာပြီးနောက် သူက ထိုင်ရာမှ ထကာ အော်ဟစ်လိုက်သည်။
“ဘာလုပ်နေကြတာလဲ... အလယ် ဂိတ်တံခါးကို ဖွင့်ပြီး အစောင့်တွေကို စုလိုက်စမ်း... ငါတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည် ကို ကြိုဆိုကြရအောင်...”
မဟာ အကြီးအကဲ၏ စကားကို ကြား ပြီးနောက် လင်းရှောင်၏ မျက်နှာမှာ ဖြူစုတ် သွားတော့၏။
ကောင်းကင် စင်မြင့်သည် တိမ်များ၏ အထက် မီတာ ထောင်ဂဏန်းခန့် အကွာတွင် တည်ရှိသည်။ လူများသည် ထိုစင်မြင့် ပေါ်သို့ ရောက်ရန် နေရာ ကူးပြောင်းခြင်း အစီအရင် များကို သုံးကာ ကျော်ဖြတ်ရ၏။
တောင်ခြေရှိ အလယ် ဂိတ်တံခါးသည် ကြီးမားသည့် သတ္တဝါကြီး တစ်ကောင် အသွင် ရှိကာ အထူး ဧည့်သည်များ ဖြတ်သန်းရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ ကျွင်းအိုချန်းနှင့် မြေအောက် သရဲဂိုဏ်းချုပ်တို့ပင် ထိုသို့သော ဂုဏ်ပြု ကြိုဆိုမှုမျိုးကို မရချေ။ ကောင်းကင် အရှင်များသာလျှင် ထိုဂိတ်တံခါးကို ဖြတ်သန်း သွားလာနိုင်ကြ၏။
“ဘယ်လောက်တောင် ကျော်ကြားလိုက်သလဲ...”
အကြီးအကဲ ယွီလုံပင်လျှင် ထိုကဲ့သို့ ရေရွတ် လိုက်မိသည်။ တစ်ချိန်တည်း၌ ဟွာနွန်ယင်နှင့် ကျန်းရှိုကျူးတို့မှာ နှလုံးသားထဲ အထိ တုန်လှုပ်နေခဲံ့ကြသည်။
ဆေးဧကရာဇ်ကား သမားတော် အားလုံး၏ ဧကရာဇ် ဖြစ်သည်။ သူသည် အခြေတည် ဝိညာဥ် အဆင့် မဟုတ်သည့်တိုင် တန်းတူ ကျော်ကြားသူ ဖြစ်သည်။
“ဘုန်း...”
ကောင်းကင် စင်မြင့် အနားမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ လူတိုင်းက ကြည့်လိုက်ကြရာ ရှည်လျားသော လှေကား တစ်ခုမှာ စင်မြင့်ထက်မှ နေ၍ ချန်းဖန် အနီးသို့ နဂါး တစ်ကောင်အလား ဆင်းသက်လာသည်ကို တွေ့လိုက်ကြရသည်။
ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ တပည့်များသည် လှေကား၏ ဘေးတစ်ဖက် တစ်ချက်၌ စီတန်းကာ ချန်းဖန် အတွက် လမ်းကြောင်း တစ်ခု ပြုလုပ်ပေး၏။ တစ်ချိန်တည်း၌ မဟာ အကြီးအကဲနှင့် အခြား အကြီးအကဲများမှာ လှေကားထိပ်တွင် ရပ်ကာ ချန်းဖန်အား ကြိုဆိုကြသည်။
“ဒါက တိမ်လှေကား ကြိုဆိုခြင်း ပါလား... ကောင်းကင် အရှင်တွေပဲ ဒီလို ကြိုဆို ခံရတာ...”
ဗဟုသုတနှင့် ပြည့်စုံသည့် အချို့ ကျင့်ကြံသူများက တအံ့တသြ ဆိုကြ၏။
"ဆေးဧကရာဇ်က ဒီလို ဂုဏ်ပြုခံရဖို့ ထိုက်တန်ပါတယ်…"
သမားတော် တစ်ယောက်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။
ထျန်းဟောင်ဂြိုဟ်တွင်ပင် ချန်းဖန်၏ ဆေးပညာ ကျွမ်းကျင်မှုမှာ ဆေးသခင်၏ နောက် အတော်ဆုံး ဖြစ်သည်။ ထို့အပြင် သူသည် ကောင်းကင် သမားတော် တစ်ယောက် ကျိန်းသေ ဖြစ်လာမည့်သူ ဖြစ်ပေသည်။
"ကျေးဇူးပဲ…"
နာမည်ကို မှတ်တမ်း စာအုပ်ထဲ၌ ရေးမှတ် ပြီးသွားသည့်နောက် ချန်းဖန်က ကျူးနင်းရွှယ်အား ခေါင်းညိတ် ပြလိုက်၏။ ထို့နောက် သူက အခြားလူများကို တစ်ချက် ဝှေ့ကြည့် လိုက်သည်။
"မင်းတို့မှာ ငါနဲ့ ရှင်းစရာ တစ်ခုခုများ ရှိလို့လား…"
"မရှိပါဘူး… မရှိပါဘူး…"
ဝူရှန်းတို့ တစ်သိုက်က အလျှင်အမြန်ပင် ခေါင်းခါ လိုက်ကြသည်။
"ဟုတ်လား… ငါက မင်းတို့ ငါ့ကို လက်စား လာချေတာလို့ ထင်နေတာ…"
ချန်းဖန်က အပြုံးဖြင့် ဆိုကာ လှေကားဆီသို့ ဦးတည် လိုက်သည်။ ထို့နောက် သူက အခြား လူများအား တစ်ချက် ပြန်ကြည့်ကာ ဆိုလိုက်၏။
"တကယ်လို့ မင်းတို့ ငါ့ကို တိုက်ခိုက်ချင်တယ် ဆိုရင် ကောင်းကင် အရှင်တွေ ခေါ်လာခဲ့ကြ… ရွှေအမြုတေ အဆင့်လောက်က ငါ့ နောက်လိုက်ကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး"
သူက ပြောပြီးသည်နှင့် လှေကားပေါ်သို့ ခြေချကာ ကောင်းကင် စင်မြင့်ဆီ တက်လှမ်း လိုက်သည်။
ကျူးညီအမနှင့် များစွာသော လူငယ်လေး များမှာမူ ချန်းဖန်အား လေးစား အားကျစွာ ငေးမော ကြည့်နေ၏။
"သူက တကယ့်လူပဲ…"
များစွာသော လူများက ရေရွတ် လိုက်ကြသည်။
မကြာခင်မှာပင် ချန်းဖန်သည် လှေကားထိပ်သို့ ရောက်ရှိလာ၏။ ထို့နောက် မဟာ အကြီးအကဲ၏ ဦးဆောင်မှုတွင် သူသည် ကောင်းကင် စင်မြင့် အလယ်ရှိ ပုလ္လင်ထက်၌ ထိုင်လိုက်သည်။ ထိုထိုင်ခုံသည် အခြေတည် ဝိညာဉ် အဆင့်များသာ ထိုင်ခွင့်ရှိသော ထိုင်ခုံ ဖြစ်ပေသည်။