အားလုံး အတူတူ လာခဲ့ကြ ငါ့မှာ အချိန် မရှိဘူး
Vol. 10 Ch. 950
ကောင်းကင် စင်မြင်သည့် ကောင်းကင် အမြင့် မီတာ တစ်ထောင်ခန့်တွင် တည်ရှိ၏။ တိမ် ထောက်တိုင်များသည် မြေပြင်မှ နေ၍ ကောင်းကင် စင်မြင့်ကို ပင့်မ ထားသည်။ များစွာသော အကြီးအကဲများ၊ ဂိုဏ်းချုပ်များ၊ ပါရမီရှင်များသည် စင်မြင့်ထက်တွင် အတူတကွ ထိုင်ကာ သောက်စား နေကြသည်။
များစွာသေ ကျင့်ကြံသူများသည် ဝိုင်ကို သောက်ရင်း ကောင်းကင် စင်မြင့်၏ အလယ် ပလ္လင်၌ ထိုင်နေသည့် လူငယ်ကို ငေးမောကြည့် နေကြ၏။ ထိုလူငယ်ကား မကြာသေးခင် ကပင် သူတို့ သတ်ဖြတ်ချင်ခဲ့သည့် လူငယ် ဖြစ်ပေသည်။ သို့သော်လည်း မျက်လှည့်ဆန်ဆန်ပင် ထိုလူငယ်မှာ သူတို့ အလှမ်း မမှီနိုင်သော လူတစ်ယောက် အဖြစ် ပြောင်းလဲ သွားခဲ့သည်။
"ဆေးဧကရာဇ်ချန်း… ချန်းပေ့ရွှမ်း…"
ဝူရှန်းက ရေရွတ် လိုက်သည်။ သူသည် ချန်းဖန်မှာ ဆေးဧကရာဇ်ချန်း ဖြစ်လိမ့်မည် ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။
"သေလိုက်စမ်းကွာ… ရှောင်မန်မှာ ဘာလို့ အဲဒီလို အကို တစ်ယောက် ရှိနေတာလဲ…"
ဝုရှန်းမှာ ဒေါသထွက်နေသည်။ သူသည် လက်စားချေချင်သော်လည်း တစ်ချိန်တည်း၌ မဖြစ်နိုင်ဟု ခံစား နေရ၏။
တစ်ချိန်တည်း၌ မြောက်အောက် သရဲ ဂိုဏ်းသားများ၏ မျက်နှာများမှာမူ ဖြူရော် နေကြပြီ ဖြစ်သည်။ သူတို့သည် စိတ်ဓာတ် လုံးလုံး ကျနေကြ၏။
"ဆရာ… ကျွန်တော်တို့ ဒီလိုပဲ အရှုံးပေး လိုက်ရမှာလား"
မြေအောက် သရဲဂိုဏ်းသား အချို့က မေးကြသည်။
"စိတ်အေးအေးထားစမ်းပါ… ငါတို့မှာ အခွင့်အရေး ရှိပါသေးတယ်"
မြေအောက် သရဲ ဂိုဏ်းချုပ်ဖူက မျက်မှောင် ကြုတ်ရင်း ပြောလိုက်သည်။
"ဆေးဧကရာဇ်က ကောင်းကင်အရှင်နဲ့ တန်းတူတဲ့ အဆင့်အတန်း ရှိတယ် ဆိုပေမဲ့ ချန်းပေ့ရွှမ်းက ကောင်းကင် အရှင်မှ မဖြစ်သေးတာလေ… သူ ကောင်းကင် သမားတော် မဖြစ်သေး သမျှ ငါတို့ ဘာကိုမှ စိုးရိမ်စရာ မလိုဘူး"
"နောက်ပြီးတော့ သူ့ကို သတ်ချင် နေတာက ငါတို့ချည်းပဲ မဟုတ်ဘူး… ပိုပြီး အမြင့်ရောက်လေ ပိုပြီး အကျနာလေ ဆိုတဲ့ စကားကို မင်းတို့ ကြားဖူးကြတယ် မလား…"
"ဂိုဏ်းချုပ်… တကယ်လို့ သူ ကောင်းကင် သမားတော် တစ်ယောက် ဖြစ်သွားရင်ရော…"
တပည့် တစ်ယောက်က မေးသည်။
"သောက်ရူးရဲ့… သူ ကောင်းကင် သမားတော် တစ်ယောက် ဖြစ်လာရင်တော့ ငါတို့ သူ့နဲ့ ဝေးနိုင်သမျှ ဝေးအောင် ပြေးပြီး အပြစ် မလုပ်မိအောင် နေရတော့မှာပေါ့ကွ"
ဂိုဏ်းချုပ်ဖူက ဒေါသတကြီး ဆိုကာ သူ၏ ထိုတပည့်ကို ထိုင်ခုံပေါ်မှ ကန်ချ လိုက်တော့၏။
လူတိုင်းသည် တိတ်ဆိတ် နေကြ၏။
မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်း၊ ကောင်းကင် ကျောက်စိမ်း ကျောင်းတော်၊ လီယန် ကောင်းကင် နယ်မြေ၊ အနီရောင် မီးတောက် ကောင်းကင် နယ်မြေ… စသည်တို့မှ များစွာသော ဂိုဏ်းချုပ်များ၊ အကြီးအကဲများသည် ထိုင်ကာ ချန်းဖန်အား ကြည့်နေကြသည်။
ချန်းပေ့ရွှမ်းသည် အလွန် အစွမ်းထက် သလို ဆေးဧကရာဇ် မှာလည်း ကျော်ကြား၏။ သို့သော်လည်း ထိုအရာလောက်က ကောင်းကင် ဂိုဏ်းများကို ခြိမ်းခြောက်ရန် မလွယ်ကူချေ။ မည်သို့ပင် ဆိုစေ သူတို့ကား အခြေတည် ဝိညာဉ် အဆင့်များကို ပိုင်ဆိုင်ထားသည့်သူများ ဖြစ်သည်။
"ဆေးဧကရာဇ် ဆိုတဲ့ အဆင့်အတန်းက ငါတို့ အားလုံးကို ချိုးနှိမ်ဖို့ မလုံလောက်ဘူး"
ကောင်းကင် ကျောက်စိမ်း ကျောင်းတော်၏ အကြီးအကဲက ရေရွတ် လိုက်၏။
တစ်ချိန်တည်း၌ စင်မြင့်ပေါ်တွင်…
ကျွင်းအိုချန်းသည် ချန်းဖန်၏ ဘယ်ဘက်တွင် ထိုင်ကာ မဟာ အကြီးအကဲမှာမူ ညာဘက်တွင် ထိုင်နေခဲ့သည်။ သို့သော်လည်း သူတို့ သုံးယောက် စလုံးသည် မည်သည့် စကားမျှ မဆိုပဲ တိတ်ဆိတ် နေ၏။
လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစား နေမိကြသည်။
"ရှောင်မန်… နင့်အကိုကို ဂရုစိုက်ဖို့ သတိပေးလိုက်ဦး"
ဟွာနွန်ယင်က ရှောင်မန်၏ အနားသို့ ကပ်ကာ ပြောသည်။
အချိန်များ စီးဆင်းလာသည်နှင့် အမျှ ဂုဏ်ပြု ခန်းမ အတွင်းရှိ လေထုမှာ ပို၍ အေးစက် လာသည်။ ထို့အတူ လူများ၏ အသံများမှာလည်း ပို၍ ငြိမ်သက် တိတ်ဆိတ် လာ၏။
"ဆေးဧကရာဇ်ချန်းနဲ့ အခြားလူတွေ ကြားမှာ ပြဿနာ တစ်ခု ရှိတယ် ထင်တယ်… သူတို့က တစ်ယောက်နဲ့ တစ်ယောက် စကားတောင် မပြောကြဘူး…"
လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ပို၍ စိတ်လှုပ်ရှား လာကြသည်။
"ကြည့်ရတာ မဟာ အကြီးအကဲကတောင် သူ့ကို လျစ်လျူ ထားသလိုပဲ"
"ဆေးဧကရာဇ် ဆိုတာက ခေါင်းစဉ် တစ်ခု သာသာပဲ… သူက တကယ်ပဲ သူ့ကိုယ်သူ ကောင်းကင်အရှင်လို့ ထင်နေတာလား… မြေအောက် သရဲဂိုဏ်း၊ ပြန်လည် မွေးဖွားခြင်း ဂိုဏ်းတွေက ဖန်မိသားစု မဟုတ်ဘူး"
လူတိုင်းသည် ထိုအရာကို မြင်နိုင်ကြသည်။
သာမန် အမြင်၌ ချန်းဖန်သည် ဗုဒ္ဓ တစ်ပါး ကဲ့သို့ ကိုးကွယ် ခံနေရသော်လည်း အမှန်တကယ်တွင်မူ မည်သူကမျှ သူအား မလေးစားကြချေ။
သုံးခွက်မြောက် ဝိုင်ကို သောက်ပြီးနောက် မဟာ အကြီးအကဲက ဖန်ခွက်အား ချလိုက်၏။
"ကလန်…"
ထိုအသံကား အချက်ပေးသံ တစ်ခုနှယ်ပင်။ လူတိုင်းသည် တိတ်ဆိတ်သွားကာ ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ ထိုပုဂ္ဂိုလ်အား ကြည့်လိုက်ကြသည်။
မဟာ အကြီးအကဲ လင်းရှန်းသည် ထိုင်ရာမှ ထရပ်လိုက်၏။
"ပထမဆုံး နတ်မိမယ် ရှန်းရှီကို လာရောက် ဂုဏ်ပြုပေးကြတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် လို့ ပြောပါရစေ… ဒီပွဲကို ပျင်းခြောက်ခြောက် မဖြစ်ရအောင် ကျုပ်တို့ဂိုဏ်းက တိုက်ပွဲ အချို့ ပြုလုပ်ဖို့ စဉ်းစားထားပါတယ်… ဆုလာဘ်ကိုလည်း ကျုပ်တို့ ပြင်ဆင်ထားပြီးပါပြီ… အဲဒါက ဆေးဧကရာဇ်ချန်းရဲ့ အဆင့်မြင့် ကောင်းကင်ဆေးလောက် တန်ဖိုး မရှိဘူး ဆိုပေမဲ့ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ တစ်ခုပါ"
မဟာ အကြီးအကဲ၏ စကားကြောင့် လူတိုင်းမှာ ဆူပွက်သွားကာ ဂုဏ်ပြုပွဲမှာလည်း ပို၍ သက်ဝင်လာသည်။
ကျင့်ကြံခြင်း လောက၌ အစွမ်း အထက်ဆုံး ကျင့်ကြံသူများမှာ ထိပ်ဆုံး၌ ရပ်တည် နိုင်ကြသည်။ ဤဂုဏ်ပြုပွဲကား ဂြိုဟ် တစ်ခုလုံးမှ ပါရမီရှင်များ စုံလင်သည့် ရှားပါး ပွဲတစ်ပွဲ ဖြစ်သည်။ ထိုအထဲ၌ များစွာသော ရန်ဘက်များ ပါလာတတ်ကာ သူတို့မှာ အစဉ်အမြဲ လိုလို တိုက်ခိုက် တတ်ကြသည်။ ထို့ကြောင့်ပင် ပြန်လည် မွေးဖွားခြင်းဂိုဏ်းမှာ ဆုလာဘ်ကို ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပေသည်။
"တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ ဟုတ်လား… ကောင်းကင် အရှင် မိသားစု တစ်တောင် အဲ့လောက် မရက်ရောဘူး… ပြန်လည် မွေးဖွားခြင်းဂိုဏ်းက တကယ် ချမ်းသာတာပဲ…"
များစွာသော ကျင့်ကြံသူများမှာ စိတ်လှုပ်ရှား သွားကြ၏။
"အဲဒီ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာကို ကျွင်းအိုချန်းပဲ ရလိမ့်မယ် ထင်တယ်… လီဟိုရှင်း ပေါ်မလာမှတော့ ဘယ်သူက ကျွင်းအိုချန်းကို ယှဉ်နိုင်ဦးမှာလဲ"
အချို့က ဆိုကြသည်။
သို့သော်လည်း အချို့က ထိုအရာကို သဘော အတူကြချေ။
"သေချာ ပြောလို့ မရပါဘူး… ရှောင်ဟုန်နဲ့ ဂူရှောင်ရီတို့က မတိုက်ခိုက်တာ ရာစုနှစ်နဲ့ ချီနေပြီ… ဒီနှစ်တွေ အတွင်း သူတို့ ဘယ်လောက် အစွမ်းထက်လာမယ် ဆိုတာ ဘယ်သူ သိမှာလဲ… နောက်ပြီးတော့ ချန်းပေ့ရွှမ်းကလည်း မိသားစု တစ်ခုကိုတောင် တစ်ယောက်တည်း အနိုင်ယူခဲ့တာ… သူက ကျွင်းအိုချန်းထက်တောင် သာချင် သာနေဦးမှာ"
လူအများ ဆွေးနွေး နေချိန်မှာပင် အလင်းတန်း တစ်ခုမှာ ကောင်းကင်သို့ ထိုးတက် လာ၏။
"ကျုပ် ထင်းရွှမ် ဓားမင်းသား လီချန်းက ဆေးဧကရာဇ် ချန်းပေ့ရွှမ်းကို စိန်ခေါ်တယ်… ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ"
ထိုမြင်ကွင်းကို ကြည့်ကာ လူတိုင်းမှာ နားမလည်နိုင်အောင် ဖြစ်သွား၏။ လီချန်းကား ချန်းဖန်အား တစ်ခါ ရှုံးဖူးသည်။ သူသည် အခြား ဟန်ရှုံး သတ်မှတ်ချက်ဝင် သုံးယောက်နှင့် ပူးပေါင်းခဲ့သည့်တိုင် ချန်းဖန်ကို အနိုင်မယူနိုင်ခဲ့ချေ။ ယခု၌ သူက အဘယ်ကြောင့် ထပ်မံ စိန်ခေါ်နေရသနည်း။
သို့သော်လည်း ဆက်တိုက် ဆိုသလိုပင် ဒုတိမြောက်၊ တတိယမြောက်၊ စတုတ္ထမြောက် ကျင့်ကြံသူများမှာ ကောင်းကင်သို့ ပျံတက် လာကြ၏။
"ကုန်းစွန်း မိသားစုရဲ့ ကုန်းစွန်းကွေးက ဆေးဧကရာဇ်ချန်းကို စိန်ခေါ်တယ်"
"မြေအောက် သရဲဂိုဏ်းရဲ့ ကွေ့မင်ကျိက ဆေးဧကရာဇ်ချန်းကို စိန်ခေါ်တယ်"
"လီရန် ဓားမင်းသားက ဆေးဧကရာဇ်ချန်းကို စိန်ခေါ်တယ်"
"အနီရောင် မီးတောက် ကောင်းကင်နယ်…"
" … "
ကျင့်ကြံသူ ရှစ်ယောက်သည် ကောင်းကင်၌ စက်ဝန်း သဖွယ် ရပ်နေကြ၏။ သူတို့ တစ်ယောက်ချင်းစီကား ကောင်းကင် နယ်များမှ ပါရမီရှင်များ ဖြစ်ကာ ဟန်ရှုံး သတ်မှတ်ချက်ဝင်များလည်း ဖြစ်သည်။ သို့သော်လည်း သူတို့သည် ချန်းပေ့ရွှမ်းအား တစ်ပြိုင်နက် စိန်ခေါ် နေကြ၏။
လူတိုင်း အံ့အားသင့် နေစဥ်မှာပင် ရှောင်ဟုန်က ထိုင်ရာမှ ထရပ်လိုက်၏။
"မိစ္ဆာနှိမ် ကောင်းကင်နယ်နဲ့ ရှောင်ဟုန်က ဆေးဧကရာဇ်ချန်းကို စိန်ခေါ်တယ်"
ထို့နောက် ဟူရှောင်သည် အလင်းတန်း အသွင် ပြောင်းလဲ၍ ကောင်းကင်သို့ ပျံတက်ကာ အခြား ကျင့်ကြံသူ ရှစ်ယောက်၏ အလယ်၌ ရပ်လေ၏။
"အဲဒါက… ဘာအဓိပ္ပာယ်လဲ"
မရေမတွက်နိုင်သော လူများမှာ ဆွံ့အ သွားကြ၏။
ဟန်ရှုံး သတ်မှတ်ချက်ဝင်များကား ပါရမီရှင်များထဲတွင်ပင် ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြရာ အလွန် မာနကြီး ကြသူများ ဖြစ်သည်။ ထျန်းဟောင်ဂြိုဟ်၏ သမိုင်း၌ ဟန်ရှုံး သတ်မှတ်ချက်ဝင် ကိုးယောက်မှ လူတစ်ယောက်တည်းကို စိန်ခေါ်ဖူးခြင်းမျိုး မရှိခဲ့ချေ။
"တစ်ယောက်တည်းတောင် မဟုတ်ဘူး… ကိုးယောက်… သူတို့ စိန်ခေါ်နေတဲ့ လူကလည်း ကျွင်းအိုချန်း မဟုတ်ဘူး… ချန်းပေ့ရွှမ်း"
လူအို ကျင့်ကြံသူ တစ်ယောက်က ခေါင်းခါကာ သက်ပြင်းချ လိုက်သည်။
"သာမန် ကြည့်ရင် ဆေးဧကရာဇ် ဆိုတဲ့ နာမည်က ဂုဏ်ယူစရာပဲ… ဒါပေမဲ့ အကျိုးဆက်တွေက မုန်တိုင်းလို ရောက်လာပြီ"
တစ်ချိန်တည်း၌ များစွာသော လူများမှာ ချန်းဖန်၏ တုန့်ပြန်မှုကို စောင့်ဆိုင်း နေကြ၏။ သူတို့သည် ကြီးကျယ်သော တိုက်ပွဲကို မြင်တွေ့ခွင့် ရရန် စိတ်လှုပ်ရှား နေကြသည်။
"ဘာတွေ ဖြစ်နေတာလဲ…"
ရှောင်မန်က ရေရွတ် လိုက်၏။
အကြီးအကဲ ယွီလုံက သက်ပြင်းချကာ ပြောလိုက်သည်။
"ဒါက ဘယ်တော့မှ မပြောင်းလဲတဲ့ လောကရဲ့ သဘာဝ တရားပေါ့… လူတစ်ယောက်က ပိုပြီး ကျော်ကြား လာလေလေ ပိုပြီး သက်သေ ပြဖို့ များလာလေလေပဲ… အဲဒီ သဘာဝ တရားက ဘယ်သူမှ ရှောင်လွှဲလို့ မရဘူး"
ရှောင်မန်နှင့် အခြားလူများမှာ အကြီးအကဲ ယွီလုံ၏ စကားကို နားမလည်ကြချေ။ သို့သော်လည်း အစွမ်းအထက်ဆုံး ရွှေအမြုတေ အဆင့် ကျင့်ကြံသူ ကိုးယောက်က လူတစ်ယောက်တည်းကို အတူတကွ စိန်ခေါ်ခြင်းမှာမူ မူလ စည်းမျဉ်းများကို ချိုးဖောက်နေကြောင်း သိရှိ ကြသည်။
"ဆေးဧကရာဇ်ချန်းက အခြေတည် ဝိညာဉ် အဆင့်ကိုတောင် မရောက်သေးဘူး… သူက ခုလို ဆက်ဆံ ခံနေရပြီ"
ကျန်းတုန်ရှန်းက ချန်းဖန်အား ထိတ်လန့်စွာ ကြည့်သည်။
လင်းရှောင်မှာမူ ကျေနပ်စွာ ပြုံးနေ၏။ နောက်ဆုံး၌ သူသည် မဟာ အကြီးအကဲက ချန်းဖန်အား အဘယ်ကြောင့် ထိပ်ဆုံး ထိုင်ခုံ၌ ထိုင်ခိုင်းသည်ကို နားလည်သွားပြီ ဖြစ်သည်။ သူသည် ထိုအရာကို အစောကတည်းက အစီအစဉ် ဆွဲပြီး ဖြစ်ပုံ ရ၏။
"သူတို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်က နောက်ဆုံးတော့ ပေါ်လာပြီ"
ချန်းဖန်သည် ကောင်းကင် အရှင် တစ်ပါး ကဲ့သို့ ကြိုဆို ခံခဲ့ရသည်။ ယခုတွင်လည်း ကောင်းကင် အရှင် တစ်ပါး ကဲ့သို့ ဆက်ဆံ ခံရသည်။
ဟန်ရှုံး သတ်မှတ်ချက်ဝင် ကိုးဦးသည် အလွန် အစွမ်းထက်ကြသည့်တိုင် ကောင်းကင် အရှင် တစ်ပါး၏ အရှေ့တွင်မူ အားနည်း၏။ သို့သော်လည်း ချန်းပေ့ရွှမ်းမှာ ကောင်းကင် အရှင် တစ်ပါး မဖြစ်လာသေးချေ။ သူသည် ပြိုင်ဘက်ကင်း ဆေးပညာကြောင့်သာ ဆေးဧကရာဇ်ဘွဲ့ကို လက်ခံ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
"ကြည့်ရတာ ချန်းပေ့ရွှမ်းတော့ ဒီနေ့မှာ အကြီးအကျယ် အရှက်ခွဲခံရတော့မယ် ထင်တယ်"
များစွာသော လူများက သူတို့၏ ခေါင်းများအား ငုံ့ကာ သက်ပြင်းချ လိုက်ကြ၏။
ကောင်းကင် စင်မြင့်ထက်တွင်မူ …
ချန်းဖန်မှာ အမူအရာ ကင်းမဲ့စွာ ထိုင်နေဆဲ ဖြစ်သည်။
ကောင်းကင် ကျောက်စိမ်း ကျောင်းတော် လက်ထောက် ဂိုဏ်းချုပ်က ချန်းဖန်အား ကြည့်လိုက်ရင်း…
"အရှင်ချန်းက ကောင်းကင် အရှင်တွေနဲ့ ယှဉ်နိုင်တဲ့ ဆေးဧကရာဇ်ပါ… အခု ဂျူနီယာလေးတွေက အရှင်ချန်းဆီက သင်ယူ ချင်နေပုံ ရတယ်… ကျေးဇူးပြုပြီး သူတို့ကို ညွှန်ပြ ပေးလိုက်ပါဦး"
"ဟုတ်တယ်… အရှင်ချန်းက ဒီဂျူနီယာ လေးတွေကို လွယ်လွယ်ကူကူ အနိုင်ယူ နိုင်ပါတယ်"
မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်း၊ နူးညံ့ ကောင်းကင်ဂိုဏ်းနှင့် အနီရောင် မီးတောက် ကောင်းကင်နယ်မြေ၏ အကြီးအကဲများကလည်း ပြောသည်။
"ဆေးဧကရာဇ်ချန်း… မင်း ကြောက်နေတာလား… ကြောက်ရင် ငါတို့ကို လက်ဆောင်လေး ဘာလေးပေးပြီး တောင်းပန်လိုက်… ငါတို့ မင်းကို အသက် ချမ်းသာပေးမယ်"
မြေအောက် သရဲဂိုဏ်းချုပ်က နှာခေါင်းရှုံ့ကာ ဆို၏။
"ဆေးဧကရာဇ်ချန်း… မင်း အနေနဲ့ ဂျူနီယာလေးတွေနဲ့ တောင်းဆိုမှုကို ငြင်းဖို့ မသင့်ဘူး… မဟုတ်ရင် မင်းရဲ့ ဂိုဏ်သိက္ခာ ကျဆင်းလိမ့်မယ်"
မဟာ အကြီးအကဲ လင်းရှန်းက ပင်လျှင် ချန်းဖန်ကို ကြည့်ကာ ထိုသို့ ပြော၏။
လူတိုင်းက တိတ်ဆိတ်စွာဖြင့် ချန်းဖန်အား ကြည့်လိုက်ကြသည်။
အကယ်၍ တိုက်ခိုက်ပါက ဟန်ရှုံး သတ်မှတ်ချက်ဝင် ကိုးယောက်ကို သူ မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။ ကျွင်းအိုချန်း ပင်လျှင် ရှုံးနိမ့်ပေလိမ့်မည်။ အကယ်၍ နောက်ဆုတ်လျှင်လည်း သူ၏ ဂုဏ်သိက္ခာမှာ ရစရာ မရှိအောင် ကျဆင်း ပေလိမ့်မည်။
သို့ဖြစ်ရာ ချန်းပေ့ရွှမ်း အနေဖြင့် မည်ကဲ့သို့ ရွေးချယ်မည်နည်း။ ဤ အကြပ်အတည်းမှ သူ မည်ကဲ့သို့ ရုန်းထွက်မည်နည်း။
လူတိုင်း စိတ်ဝင်တစား စောင့်ကြည့် နေချိန်တွင်ပင် ချန်းဖန်က လက်ရှိ ဝိုင်ခွက်အား ချလိုက်၏။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"ကိုးယောက်ပဲလား… နည်းလွန်းတယ်ကွာ… မင်းတို့ အားလုံး အတူတူ တက်ခဲ့ကြ… ငါ့မှာ အချိန် မရှိဘူး"
ရုတ်တရက် လူတိုင်းမှာ ဆွံ့အ သွားကြတော့၏။
***