အနိုင်ယူခြင်း
Vol. 10 Ch. 951
"ကိုးယောက်က နည်းလွန်းတယ် ဟုတ်လား…"
ရှောင်ဟုန်ပင်လျှင် ချန်းဖန်၏ စကားကြောင့် အံ့အားသင့် သွား၏။
ဟန်ရှုံး သတ်မှတ်ချက်ဝင် ကိုးယောက်သည် ကောင်းကင်တွင် ရပ်ကာ သူတို့၏ အရှိန်အဝါများကို အကန့်အသတ် ရောက်သည် အထိ ထုတ်လွှတ် ထားကြသည်။ သူတို့ထဲမှ အချို့က တစ္ဆေများ ကဲ့သို့ အေးစက်နေကာ အချို့မှာ မစ္ဆာများ ကဲ့သို့ ဟိန်းဟောက် နေကြ၏။ အချို့မှာမူ ဓားချီများကို ဝန်းရံကာ ဓားအော်ရာကို ဖြန့်ကျက်ထားကြသည်။
သူတို့ထဲမှ အားအနည်း တစ်ယောက် ပင်လျှင် ထိပ်ဆုံး ရွှေအမြုတေ အဆင့် ဖြစ်သည်။ သူတို့၏ ခေါင်းဆောင် ရှောင်ဟုန်မှာမူ ကောင်းကင် အရှင် တစ်ပိုင်းပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သူတို့ ကိုးယောက် အတူတကွ ပူးပေါင်းပါက မဟာ အကြီးအကဲ လင်းရှန်း၊ မြေအောက် သရဲ ဂိုဏ်းချုပ်တို့ ကဲ့သို့သော လူအို ကျင့်ကြံသူကြီးများကိုပင် အနိုင်ယူနိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ချန်းဖန်ကမူ ထိုအင်အားလောက်က သူ့အား ယှဉ်ပြိုင်နိုင်ရန်ပင် လုံလောက်ခြင်း မရှိဟု တွေးနေ၏။
"ဟားဟား… ဆေးဧကရာဇ်ချန်း… မင်း ကြောက်ရင်လည်း ကြောက်တယ် ပြောလိုက်ကွာ"
လင်းရှောင်က အော်ဟစ်ကာ လှောင်ပြောင် လိုက်၏။
"မင်းကို ဘယ်သူက ပြောခွင့်ပေးလဲ"
ချန်းဖန်က နှာခေါင်းရှုံ့ကာ လက်အား ခါယမ်း လိုက်၏။
"ဟူး…"
ရုတ်တရက် လေထဲတွင် မမြင်နိုင်သော လက်ဝါး တစ်ခု ဖြစ်တည်လာကာ လင်းရှောင်အား ရိုက်လိုက်၏။
လင်းရှောင်သည် သူ၏ ဝိညာဉ် ရတနာများဖြင့် ခုခံရန် ကြိုးစားသော်လည်း ထိုအရာများမှာ မျက်မှောင် တစ်ခတ်စာ အတွင်း ပျက်စီးသွား၏။ ထို့နောက် လင်းရှောင်မှာ ရထားကြီး တစ်စီး အတိုက်ခံရသည့် အလား ရွှမ်ထျန်း တောင်ခြေမှ လွင့်စဉ်ကာ မြေကြီး အတွင်း နစ်ဝင် သွားတော့၏။
မရေမတွက်နိုင်သော လူများမှာ ထိတ်လန့် သွားကြသည်။
လင်းရှောင်သည် မဟာ အကြီးအကဲ၏ မျိုးဆက် ဖြစ်ကာ အဆင့်ခြောက် ရွှေအမြုတေကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့တိုင်အောင် သူသည် ချန်းပေ့ရွှမ်း၏ သာမန် တိုက်ခိုက်မှုကိုပင် တောင့်မခံနိုင်ခဲ့ချေ။
"မင်း…"
ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ အကြီးအကဲများမှာ ဒေါသထွက် သွားကြ၏။
မဟာ အကြီးအကဲ၏ အမူအရာမှာလည်း တင်းမာသွား၏။ အရိုက်ခံရသူမှာ လင်းရှောင် ဖြစ်သော်လည်း တိုက်ရိုက် အစော်ကား ခံလိုက်ရသူက သူသာ ဖြစ်သည်။ သို့သော်လည်း သူသည် မဟာ အကြီးအကဲ ဖြစ်ရာ စိတ်လိုက်မာန်ပါ မလုပ်ဝံ့ချေ။
သူက ချန်းဖန်အား အမူအရာ ကင်းမဲ့စွာ ကြည့်ရင်း ပြောလိုက်၏။
"ဆေးဧကရာဇ်ချန်း… ဂျူနီယာ ကိုးယောက်က မင်းကို စောင့်နေတယ်… ဆေးဧကရာဇ် အနေနဲ့ သူတို့ကို တစ်ခုခု လမ်းညွှန် ပေးလိုက်ပါ"
"ဟုတ်တယ်… ဆေးဧကရာဇ်ချန်း… ကျေးဇူးပြုပြီး ဂျူနီယာလေးတွေကို မငြင်းလိုက်ပါနဲ့"
မြေအောက် သရဲ ဂိုဏ်းချုပ်ကလည်း ပြောလိုက်၏။
အခြားသော ဂိုဏ်းချုပ်များ၊ အကြီးအကဲများကလည်း ချန်းဖန်အား ကြည့်ကြ၏။ သူတို့သည် သူတို့၏ ဝိညာဉ် ရတနာများကို ထုတ်ယူပြီး ဖြစ်သည်။ အကယ်၍ ချန်းဖန်သာ ငြင်းဆန်ပါက သူတို့က ချက်ချင်း ထ၍ တိုက်ခိုက်တော့မည့် ပုံပင်။
သို့သော်လည်း ချန်းဖန်ကမူ ထိုအရာကို သတိပြုမိပုံ မရချေ။ သူက ကောင်းကင်ရှိ ရှောင်ဟုန်တို့ကိုသာ ကြည့်ကာ မေးလိုက်၏။
"မင်းတို့ ကိုးယောက်ပဲ တော်ပြီပေါ့ ဟုတ်လား…"
"အရင်ဆုံး ငါတို့ ကိုးယောက်ကိုပဲ နိုင်အောင် ကြိုးစားစမ်းပါဦး…"
လီယန် ဓားမင်းသားက ပြောလိုက်သည်။ ရှောင်ဟုန်မှာမူ လက်နှစ်ဖက်ကို နောက်သို့ ပစ်ရင်း တောင်တစ်လုံး ကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေ၏။
"ငါ တိုက်ခိုက်တာနဲ့ မင်းတို့ အားလုံး သေသွားလိမ့်မယ်… တစ်ခုခု ဖြစ်မှ ငါ သတိမပေးဘူးလို့ မပြောကြနဲ့"
ချန်းဖန်က သတိပေးလိုက်သည်။
"ဟားဟား…"
ပါရမီရှင်များက ရယ်မော လိုက်ကြသည်။
"ဆေးဧကရာဇ်ချန်း… သေသေ ရှင်ရှင် ကျုပ်တို့ ဂရုမစိုက်ဘူးဗျာ… ခင်ဗျား ဘာသာ လုပ်စရာ ရှိတာလုပ်"
ကုန်းစွန်းကွေးက ပြောလိုက်သည်။ သူသည် ရွှေရောင် အလင်းဖြင့် ဝန်းရံနေကာ နေမင်း အလား တောက်ပနေ၏။
"ကောင်းပြီလေ…"
ချန်းဖန်က ဝိုင်ခွက်ကို ချကာ ကောင်းကင်သို့ ပျံတက်လိုက်သည်။
ထိုအခိုက်အတန့်၌ လူတိုင်းသည် အသက်ရှူပင် အောင့်ထား လိုက်မိကြ၏။ သမိုင်းဝင် တိုက်ပွဲ တစ်ပွဲကား စတော့မည် ဖြစ်ပေသည်။ ကျွင်းအိုချန်း၊ ဂူရှောင်ရီတို့ပင်လျှင် ခါးအား မတ်မတ် ထိုင်ကာ ကောင်းကင်သို့ အာရုံ စူးစိုက် နေကြ၏။
ဟန်ရှုံး သတ်မှတ်ချက်ဝင် ကိုးယောက်နှင့် မိသားစု တစ်ခုလုံးကို တစ်ယောက်တည်း အနိုင်ယူခဲ့သည့် ချန်းပေ့ရွှမ်း…
ထိုအရာကား အမှန်တကယ်ပင် ကြီးကျယ် ခမ်းနားသည့် တိုက်ပွဲ ဖြစ်လာပေလိမ့်မည်။ လူတိုင်းသည် အလွန်တရာ စိတ်လှုပ်ရှား နေကြ၏။
"ဟူး…"
ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ အကြီးအကဲ တစ်ယောက်သည် ကောင်းကင်သို့ ပျံတက်ကာ မဟာ အကာအကွယ် အစီအရင် တစ်ခု ခင်းကျင်း လိုက်၏။ ဤနည်းဖြင့် တိုက်ပွဲမှ ထွက်ပေါ်လာသော လှိုင်းများအား ပတ်ဝန်းကျင်သို့ သက်ရောက်ခြင်းမှ ကာကွယ် နိုင်ပေလိမ့်မည်။
မဟာ အကာအကွယ် အစီအရင်၏ အတွင်းတွင်မူ…
ချန်းဖန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ် ရပ်နေ၏။
"အတူတူ တိုက်ကြ… ငါ့မှာ မင်းတို့ အတွက် အချိန် သိပ်မရှိဘူး"
သူက ဆိုလိုက်သည်။
"မင်းက ရူးနေတာပဲ… အရင်ဆုံး ငါ့ရဲ့ ဓားကို ခုခံဖို့ ကြိုးစားလိုက်ဦး"
လီယန် ဓားမင်းသားက ဆိုကာ သူ၏ လက်အား ဝှေ့ယမ်းလိုက်သည်။
"လာစမ်း…"
"ကလန့်…"
ရုတ်တရက် ဓားကိုးချောင်းမှာ သူ၏ နောက်မှ ပေါ်လာကာ ကောင်းကင်ကို ပိုင်းဖြတ် သွား၏။ ဓားတစ်ခုချင်းစီကား တစ်ပေခန့် ရှည်လျားကာ ငွေရောင် အလင်းဖြင့် ဝန်းရံ ထားသည်။ ထိုဓားများကား အလယ်ဆင့် သို့မဟုတ် ထိပ်တန်း အဆင့် ဝိညာဉ် ရတနာများ ဖြစ်ကြ၏။
"ဘုန်း… ဘုန်း…"
သို့သော်လည်း ထိုဓားများကား ချန်းဖန်၏ အနားကိုပင် တိုးကပ်နိုင်ခြင်း မရှိချေ။ ၎င်းတို့သည် နံရံ တစ်ခုကို ဝင်တိုးသည့် အလား နောက်သို့ ပြန်လည် လွင့်စဉ် သွားကြ၏။
"လစက်ဝန်း…"
လီယန် ဓားမင်းသားက ထပ်မံ အော်ဟစ် လိုက်သည်။
ငွေရောင် ဓားအလင်းကိုးခုသည် သူ့အနားသို့ ပြန်လည် ရောက်ရှိလာကာ လစက်ဝန်း သဏ္ဌာန် လည်ပတ်ကြ၏။
"သွား…"
သူက အမိန့်ပေးလိုက်ရာ လစက်ဝန်းမှာ အရှိန်ပြင်းစွာ လည်ပတ်ရင်း ချန်းဖန်ထံ ထပ်မံ တိုးဝင် သွားပြန်သည်။
လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။
လစက်ဝန်းကား အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ကောင်းကင် အရှင် တစ်ပိုင်း ပင်လျှင် ၎င်းအား ခုခံရန် မလွယ်ကူချေ။ ထိုဓားကွက်ဖြင့်ပင် လီယန် ဓားမင်းသားကား ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံး ဆယ်ယောက်ထဲသို့ ဝင်ရောက်ရန် ထိုက်တန်နေပြီ ဖြစ်လေသည်။
သို့သော်လည်း ချန်းဖန်ကမူ ထိုဓားကွက်အား ခုခံရန် လက်ညိုးကိုသာ ဆန့်ထုတ် လိုက်၏။
"ဘုန်း…"
ချန်းဖန်၏ လက်ညိုးနှင့် ထိတွေ့သည်နှင့် ချက်ချင်းပင် ဓားစက်ဝန်းမှာ ပျက်စီးသွား၏။ ဓားများသည် ၎င်း၏ လားရာသို့ အရှိန်ပြင်းစွာ ပြန်လည် လွင့်စဉ် သွားကြသည်။
"ဘုန်း…"
လီယန် ဓားမင်းသားမှာ ပြန်လည် ခုခံရန် မတတ်နိုင်ရကား နောက်သို့ ပေ သုံးရာခန့် ဆုတ်လိုက်ရသည်။
"အားနည်းတယ်…"
ချန်းဖန်က နှာခေါင်းရှုံ့ လိုက်၏။
"ဒီတစ်ခါ ငါ သွားမယ်…"
ကုန်းစွန်းကွေးက ရှေ့သို့ တစ်လှမ်း တိုးကာ မဟာ နေအင်အားကို ထုတ်လွှတ် လိုက်သည်။ များစွာသော ရွှေရောင် အလင်းတန်းများမှာ ကောင်းကင်၌ ပေါ်လာကာ ချန်းဖန်ထံ တိုးဝင် သွားသည်။
"သွား…"
ချန်းဖန်က လက်ဖြင့် ညွှန်လိုက်ရာ လေထု၌ ဓားတစ်စင်း ပေါ်ပေါက်လာ၏။ ထိုဓားက ရွှေရောင် အလင်းတန်းများ အားလုံးကို ဖျက်ဆီးကာ ကုန်းစွန်းကွေးထံ တိုးဝင် သွားသည်။ သူက လျှင်မြန်စွာပင် လျှို့ဝှက် ရတနာများကို တစ်ခုပြီး တစ်ခု ထုတ်ယူကာ ဓားအား ခုခံလိုက်၏။
"ဘုန်း… ဘုန်း…"
ဝိညာဉ် ရတနာ ခြောက်ခု ပျက်စီး သွားပြီးသည့် အချိန်တွင်ပင် ကုန်းစွန်းကွေးသည် ဓားအား မတားဆီး နိုင်သေးချေ။ နောက်ဆုံး၌ သူ၏ နောက်ရှိ အခြားလူများကပါ ရှေ့သို့ တက်လာကာ ဓားအား ကူညီ တားဆီးလိုက်ရ၏။
ယခုတစ်ကြိမ်တွင်မူ ရှောင်ဟုန် ပင်လျှင် ကြောက်လန့် သွားသည်။ ကျွင်းအိုချန်းနှင့် ဂူရှောင်ရီတို့၏ အမူအရာများမှာလည်း ပို၍ လေးနက်လာ၏။
"အရမ်း အားနည်းတဲ့ ကောင်တွေပဲ… အတူတူ တိုက်ကြကွာ…"
ချန်းဖန်က ခေါင်းအား ခါယမ်း လိုက်၏။
သူကား လွန်ခဲ့သည့် နှစ်များက ကဲ့သို့ ကမ္ဘာဂြိုဟ်မှ ရောက်ခါစ မူလ အဆင့် ပေါက်စလေး မဟုတ်တော့ချေ။ နတ်ဘုရား စက်ဝန်း စတုတ္ထ အသွင်ပြောင်းခြင်းကိုပင် အောင်မြင်ပြီးသည့် ရွှေအမြုတေ အဆင့် တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သူသည် "မိစ္ဆာခြောက်ပါး" ကျင့်စဉ်ဖြင့်ပင် ဤသူများ အားလုံးကို အနိုင်ယူ နိုင်ပေသည်။
"အတူတူ တိုက်ကြမယ်…"
ရှောင်ဟုန်က အော်ဟစ် လိုက်၏။ သူသည် အခြားလူများနှင့် ပူးပေါင်းလျှင်ပင် ချန်းဖန်အား အနိုင်ယူရန် ယုံကြည်ချက် သိပ် မရှိတော့ချေ။
ထို့အတူ မဟာ အကြီးအကဲနှင့် အခြား လူများ၏ အမူအရာများမှာလည်း လေးနက် နေကြသည်။ ချန်းပေ့ရွှမ်း၏ စွမ်းအားကား သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန် နေသည်။ ချန်းပေ့ရွှမ်းအား သူတို့ ကဲ့သို့ လူအိုကြီးများပင်လျှင် ထိပ်တိုက် ရင်မဆိုင်ရဲကြတော့ချေ။
"ဘုန်း…"
ဟန်ရှုံး သတ်မှတ်ချက်ဝင် ကိုးယောက်၏ အတူအကွ တိုက်ခိုက်မှုက မည်မျှ အထိ အစွမ်းထက် သနည်း။
ချက်ချင်းပင် ကောင်းကင်သည် ဓားစက်ဝန်းများ၊ အလင်းများ၊ မိစ္ဆာချီများဖြင့် ပြည့်နှက် သွား၏။ ၎င်းတို့၏ လွှမ်းမိုးမှု အောက်၌ ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ မဟာ အစီအရင် ပင်လျှင် အချိန်မရွေး ပေါက်ကွဲတော့မည့် အလား တုန်လှုပ် နေခဲ့သည်။
သို့သော်လည်း ထိုတိုက်ခိုက်မှု အားလုံး၏ ဦးတည်ရာ ဖြစ်သော ချန်းဖန်မှာမူ ကြောက်လန့်ပုံ မရှိချေ။ ထို့အစား သူက ရယ်မော လိုက်၏။
"ဟားဟား… အဲ့လိုမှပေါ့…"
ထို့နောက် သူက အလင်း တစ်ခု အလား တိုက်ခိုက်မှုများထံ မျက်နှာချင်းဆိုင် တိုးဝင် သွားတော့၏။
***