ကောင်းကင် တန်ခိုးရှင်များကို သတ်ဖြတ်ခြင်း
Vol. 10 Ch. 952
ချန်းဖန်သည် မည်မျှ အထိ အစွမ်းထက် နေပြီနည်း။
ချန်းဖန် ကိုယ်တိုင်ပင်လျှင် ထိုအဖြေအား သေချာ မသိချေ။ သူသည် ရွှမ်ဝူ၊ အဇူရာ သက်ရှည်၊ လိန်ဟူနှင့် ခွန်ပန် ဟူသော အထွတ်အထိပ် ရွှေအမြုတေ လေးခုကို ပိုင်ဆိုင် ထားသည်။ ထိုအမြုတေ တစ်ခုချင်းစီကို အောင်မြင်ရာ၌ သူ၏ ဓမ္မ စွမ်းအားနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း အဆများစွာ တိုးတက်ခဲ့သည်။
ယခု အချိန်၌ သူ၏ ခန္ဓာကိုယ်သည် အဇူရာ သက်ရှည် ခန္ဓာကိုယ် ကျင့်စဉ်ကို မသုံးလျှင်ပင် အခြေတည် ဝိညာဉ် အဆင့်များနှင့် ယှဉ်နိုင်သည် အထိ မာကျောနေပြီ ဖြစ်သည်။ ထိုအရာက သူပိုင်ဆိုင်ထားသော သူ ပိုင်ဆိုင်ထားသည့် ဓမ္မ စွမ်းအားများကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိသေးချေ။
"ဘုန်း…"
ချန်းဖန်၏ ခန္ဓာကိုယ်သည် တစ်စက္ကန့် အတွင်းမှာပင် ဟင်းလင်းပြင်ကို ကျော်ဖြတ်၍ ပြင်းထန်သော တိုက်ခိုက်မှုများထံ ရောက်ရှိ သွား၏။ အဆုံးမဲ့သော ဓားအလင်းများ၊ ဓမ္မ စွမ်းအားများ၊ မိစ္ဆာချီများသည် ချန်းဖန်၏ ခန္ဓာကိုယ်ကို ခုတ်ထစ်ရန် ကြိုးစားသော်လည်း အရာ မထင်ချေ။ ၎င်းတို့သာလျှင် နောက်သို့ ဆုတ်ခွာရလေ၏။
"ဘုန်း…"
အဆုံးမဲ့ တိုက်ခိုက်မှုများ၏ အလယ်တွင် ချန်းဖန်သည် အလင်းတစ်ခု အလား ပျံသန်းရင်း လမ်းကြောင်း တစ်ခုကို ဖန်တီးသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် ကောင်းကင် ပါရမီရှင်များ၏ ရှေ့မှောက်သို့ ရောက်ရှိသွား၏။
"မကောင်းတော့ဘူး…"
ရှောင်ဟုန်မှာ မျက်စိမျက်နှာ ပျက်သွား၏။ အခြားသော ကောင်းကင် ပါရမီရှင်များ မှာလည်း တုန်လှုပ်သွားကြသည်။ သူတို့၏ ချန်းဖန်၏ ခန္ဓာကိုယ်မှာ ထိုမျှ အထိ မာကျောလိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။
"ဘုန်း… ဘုန်း… ဘုန်း…"
ချန်းဖန်၏ လက်သီးချက်များ အောက်၌ ကောင်းကင် ပါရမီရှင် တစ်ဝက်ခန့်မှာ နောက်သို့ လွင့်စဉ် သွား၏။ သူတို့ကား ချန်းဖန် စတင် တိုက်ခိုက်သည်နှင့် တစ်စက္ကန့်ပင် တောင့်မခံနိုင်ခဲ့ချေ။
"ကောင်းလိုက်တဲ့ ခန္ဓာကိုယ် ကျင့်စဉ်…"
ရှောင်ဟုန် ပင်လျှင် ခြေဆယ်လှမ်းခန့် နောက်သို့ ဆုတ်လိုက်ရ၏။
သူသည် ကောင်းကင် အရှင် ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သူ ဖြစ်ကာ လီဟိုင်ရှင်းကိုပင် စိန်ခေါ်ရန် ယုံကြည်ချက် ရှိခဲ့သည်။ သို့သော်လည်း ချန်းဖန်၏ တိုက်ခိုက်မှု ရှေ့၌ သူသည် အစွမ်းအစမဲ့သလို ခံစားနေရ၏။
မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်းသည် သူတို့၏ မိစ္ဆာနှိမ် အင်အားဖြင့် အလွန်တရာ ကျော်ကြားသည်။ သို့သော်လည်း ထိုအင်အားမှာ ချန်းဖန်ထံ၌ လျှင်မြန်စွာပင် ဖျက်ဆီး ခံခဲ့ရသည်။
"ထပ်လာကြစမ်းကွာ…"
ချန်းဖန်က ရယ်မောလိုက်၏။
ထို့နောက် သူက ရန်သူများထံသို့ ရထားကြီး တစ်စင်းနှယ် ပြေးဝင် သွားပြန်သည်။ တစ်ချိန်တည်း၌ သူ၏ လက်သီးချက်များ၊ ခြေကန်ချက်များမှာလည်း မိုးသီး၊ မိုးပေါက်များ အလား ကောင်းကင် ပါရမီရှင်များထံ ကျဆင်းသွား၏။
"ဘုန်း…"
ကောင်းကင် ကျောက်စိမ်း မင်းသား၏ ဓားမှာ ချန်းဖန်၏ လက်သီးချက် အောက်၌ အပိုင်းပိုင်း ကျိုးသွားသည်။ သူသည် သွေးတစ်လုတ် အန်လိုက်ရကာ နောက်သို့ မီတာ ခုနစ်ရာခန့် အလောတကြီး ဆုတ်ခွာ လိုက်ရ၏။
"အားနည်းတယ်…"
ချန်းဖန်က လက်ညိုးအား ဆန့်ထုတ်ကာ ကုန်းစွန်းကွေ့ကို အနိုင်ယူလိုက်ပြန်သည်။ ထို့နောက် သူက ရှောင်ဟုန်ကိုပါ ကန်ထုတ် ပစ်လိုက်၏။
ရှောင်ဟုန်က လေထဲ၌ ကိုယ်ရှိန်သတ်ရင်း အော်ဟစ်လိုက်သည်။
"တစ်ယောက်တည်း မတိုက်ကြနဲ့… ဝင်္ကပါ ခင်းပြီး တိုက်ကြ"
ထိုကောင်းကင် ပါရမီရှင်များသည် ယခုမှ စုပေါင်း၍ တိုက်ခိုက်ဖူးကြခြင်း ဖြစ်သည့်တိုင် ဝင်္ကများစွာကို ကောင်းစွာ တတ်ကျွမ်း ထားကြသည်။ သို့ဖြစ်ရာ ဝင်္ကပါ အဖြစ် ပြောင်းလဲ တိုက်ခိုက်ခြင်းက သူတို့ အတွက် ပြဿနာ မဟုတ်ချေ။
"ဟူး… ဟူး…"
ရှောင်ဟုန်၏ အမိန့်ကို ကြားသည်နှင့် သူတို့က စိတ်ချင်း ဆက်သွယ်ကာ ဝင်္ကပါ ပုံစံ နေရာယူ လိုက်ကြ၏။ သူတို့၏ တိုက်ခိုက်မှုက ပြန့်ကြဲ နေရာမှ ရုတ်ချည်းပင် အပ်တစ်ချောင်း ကဲ့သို့ စုစည်းကာ ချွန်ထက် သွားသည်။
"မလုံလောက်သေးဘူး…"
ချန်းဖန်က ခေါင်းခါကာ လက်သီးချက် အနည်းငယ်ကို ကောင်းကင် ပါရမီရှင်များထံ ပစ်လွှတ်လိုက်သည်။ သူ၏ လက်သီးချက် တစ်ခုချင်းစီသည် ရွှေအမြုတေ ထိပ်ဆုံး အဆင့် တစ်ယောက်၏ ခန္ဓာနှင့် ရွှေအမြုတေကို ဖျက်ဆီးရန် လုံလောက်၏။
"သူ့ရဲ့ သာမန် လက်သီး တစ်ချက်ကတင် ကောင်းကင် အရှင်တွေလောက် အစွမ်းထက်နေပြီ.. .သူက ဘယ်လို ကျင့်စဉ်မျိုးကို ကျင့်ထားတာလဲ"
လူတိုင်းမှာ တစ်ယောက်ကို တစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက် မိကြသည်။
"ဘုန်း… ဘုန်း… ဘုန်း…"
ချန်းဖန်၏ လက်သီးချက်များနှင့် ကောင်းကင် ပါရမီရှင် ကိုးဦး၏ ဝင်္ကပါတို့ ထိပ်တိုက်တွေ့ရာ အဆုံးမဲ့သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
ထိုပေါက်ကွဲမှုများသည် အာကာသကိုပင် ဖျက်ဆီးကာ ကမ္ဘာမြေအား တုန်လှုပ်စေ၏။ အကယ်၍ ထိုပေါက်ကွဲမှု အလယ်တွင်သာ ရပ်ရမည် ဆိုပါက မဟာ အကြီးအကဲ လင်းရှန်း ပင်လျှင် တစ်ချက် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
"ဘုန်း… ဘုန်း… ဘုန်း…"
ပေါက်ကွဲမှုများနှင့် အတူ ကောင်းကင် ပါရမီရှင် ကိုးဦးမှာ နောက်သို့ လွင့်စဉ် သွား၏။ အားအနည်းဆုံး ဖြစ်သည့် ကွေ့မင်ကျိ၏ ခန္ဓာကိုယ် ဆိုလျှင် ပေါက်ကွဲ၍ပင် သွားသည်။ ကွေ့မင်ကျိသည် လျှို့ဝှက် ကျင့်စဉ် တစ်ခုကို သုံး၍ ခန္ဓာကိုယ်အား ပြန်လည် ဖွဲ့စည်း လိုက်သည့်တိုင် သူ၏ အရှိန်အဝါမှာမူ များစွာ လျော့ကျ သွားခဲ့သည်။
"ကြောက်စရာ ကောင်းလိုက်တာ…"
လူတိုင်းမှာ ထိတ်လန့်တုန်လှုပ် နေကြ၏။ ဟူရှောင် အပါအဝင် ကောင်းကင် ပါရမီရှင်များမှာလည်း မျက်စိမျက်နှာ ပျက်နေခဲ့ကြပြီ ဖြစ်သည်။
"အဆုံးသတ်ဖို့ အချိန် ရောက်ပြီ…"
ချန်းဖန်က ခေါင်းအား ခါရင်း ရေရွတ် လိုက်သည်။
ကောင်းကင် ပါရမီရှင်ဟု ခေါ်သော ထိုဟန်ရှုံး သတ်မှတ်ချက်ဝင်များကား သူနှင့် တန်းညီသူများ မဟုတ်ကြချေ။ အစွမ်း အထက်ဆုံးဟု ခေါ်ဆိုနိုင်သည့် ရှောင်ဟုန် ပင်လျှင် သူ၏ တိုက်ခိုက်မှု တစ်ခုကို တောင့်မခံနိုင်ချေ။
"ဝှစ်…"
ပြောပြီးသည်နှင့် ချန်းဖန်သည် လေထုထဲတွင် ရုတ်တရက် ပျောက်သွား၏။
"သတိထား…"
ရှောင်ဟုန်က အခြားလူများအား အော်ဟစ် သတိပေး လိုက်သည်။
သို့သော်လည်း သူ၏ စကား မဆုံးခင်မှာပင် ချန်းဖန်သည် ကောင်းကင် ပါရမီရှင် တစ်ယောက်၏ ရှေ့၌ ပေါ်လာကာ လက်သီးဖြင့် ထိုးချ လိုက်၏။
"ဘုန်း…"
ရုတ်တရက် ကောင်းကင်တွင် ပေါက်ကွဲမှု တစ်ခု ပေါ်လာကာ ရွှေရောင် သွေးများမှာ နေရာ အနှံ့ လွင့်စဉ် သွားသည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် လွတ်မြောက် သွားသည့်တိုင် ခန္ဓာကိုယ်မှာမူ ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။
"ဘုန်း…"
တစ်ဆက်တည်း ဆိုသလိုပင် ချန်းဖန်သည် အခြား ကောင်းကင် ပါရမီရှင် တစ်ယောက်၏ နောက်၌ ပေါ်လာကာ လက်သီးဖြင့် ထိုးလိုက်ပြန်၏။
"အတူတူ တိုက်ကြဟေ့…"
ယခုတစ်ကြိမ်တွင်မူ ရှောင်ဟုန်မှာ သူ၏ ခွန်အားကို လျှို့ဝှက် မထားတော့ချေ။
"ဘုန်း…"
ကြောက်မက်ဖွယ် စွမ်းအားသည် လေထု၌ လောင်ကြွမ်းလာကာ ပုံရိပ်ယောင် တစ်ခုကလည်း သူ၏ အနောက်၌ ပေါ်လာ၏။ ထိုပုံရိပ်ယောင်သည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ကောင်းကင် ကိုးခုမှ တန်ခိုးရှင် တစ်ပါး အလား ထည်ဝါလှသည်။
ရှောင်ဟုန်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ တန်ခိုးရှင်ကလည်း လိုက်လံ တုပ၏။ ထိုကဲ့သို့ ပြည့်စုံသော ပေါင်းစည်းမှု၌ သူတို့သည် လက်သီးကို မြှောက်ကာ ချန်းဖန်အား ထိုးလိုက်ကြသည်။
တစ်ချိန်တည်း၌ ချန်းဖန်ကလည်း ထိုပျင်းရိဖွယ် ကောင်းသော တိုက်ပွဲကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ သူက ရန်သူများအား တစ်ချက် အကဲခတ်ကာ အားအနည်းဆုံး ဖြစ်သည့် ကွေ့မင်ကျိအား ကြည့်လိုက်၏။
"မကောင်းတော့ဘူး…"
လီယန် ဓားမင်းသား၏ မျက်နှာမှာ လေးနက် သွား၏။ သူက ချက်ချင်းပင် ဓားအား ခေါင်းထက် မြှောက်ကာ ကျင့်စဉ် တစ်ခုကို ဖော်ဆောင် လိုက်သည်။
"ဘုန်း… ဘုန်း…"
ချန်းဖန်သည် ရှောင်ဟုန်၏ လက်သီးချက်နှင့် လီယန် ဓားမင်းသား၏ ဓားချက်တို့ကို သူ၏ ခန္ဓာကိုယ် သီးသန့်ဖြင့် တိုက်ရိုက်ပင် ခုခံလိုက်သည်။ တစ်ချိန်တည်း၌ သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကွေ့မင်ကျိအား လှမ်းဆွဲလိုက်၏။
"ဝှစ်…"
ချန်းဖန်၏ လက်သည် လေဟာနယ်ကို ဖောက်ထွက်ကာ ကွေ့မင်ကျိ၏ ခေါင်းထက်၌ ပြန်ပေါ်လာ၏။
"သွားစမ်း…"
ကောင်းကင် ပါရမီရှင်များက သူတို့၏ စွမ်းအားကို နှစ်ဆ တိုးမြှင့်ကာ ချန်းဖန်၏ လက်အား တားဆီးရန် ကြိုးစားကြသည်။ ရှောင်ဟုန်ကလည်း သူ၏ တန်ခိုးရှင် ပုံရိပ်ယောင်ကို သုံးကာ တိုက်ခိုက် လိုက်သည်။
"ဘုန်း… ဘုန်း… ဘုန်း…"
သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုများက ချန်းဖန်၏ လက်အား အနည်းငယ်ပင် မနှေးကွေးစေနိုင်ခဲ့ချေ။ လက်က ရှေ့သို့ တိုးလာကာ ကွေ့မင်ကျိ၏ ဦးခေါင်းအား ဆုပ်ကိုင် လိုက်၏။
"ငါ့ကို သတ်ချင်ရင် မင်းတို့ရဲ့ ကောင်းကင် အရှင်တွေကိုပါ ခေါ်လာခဲ့လို့ ငါမပြောဘူးလား…"
ချန်းဖန်က အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ…"
ကွေ့မင်ကျိ၏ ခန္ဓာကိုယ် တစ်ခုလုံးကား တုန်ရီ နေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများမှာ ကြောက်လန့်မှုများဖြင့် ပြည့်နှက် နေ၏။
"ဘာလုပ်နေတာလဲ ဟုတ်လား… မင်းနဲ့ စာရင်းရှင်း နေတာလေ… မင်းက ငါ့ကို သတ်ချင်တယ် မလား"
ချန်းဖန်က ရယ်မောလိုက်သည်။
"မလုပ်…"
ကွေ့မင်ကျိ၏ စကား မဆုံးခင်မှာပင် ချန်းဖန်က သူ၏ လက်အား ဖျစ်ညှစ် လိုက်တော့၏။
"ဘုန်း…"
ပေါက်ကွဲသံနှင့် အတူ ကွေ့မင်ကျိ၏ ခန္ဓာကိုယ်မှာ အမှုန်အဖြစ် ပြောင်းလဲ သွားသည်။ နတ်ဘုရား စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုသာလျှင် ကျန်ရစ်ခဲ့၏။
"မင်း… လုပ်ရဲတယ်ပေါ့"
မြေအောက် သရဲဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများမှာ ဒေါသတကြီး အော်ဟစ် လိုက်ကြသည်။
"မြေအောက် သရဲဂိုဏ်းရဲ့ ရန်သူ မဖြစ်ချင်ရင် သူ့ကို အသက်ချမ်းသာပေးလိုက်…"
ဟူရှောင်ကလည်း ပြော၏။
"ကျုပ်… ကျုပ် တောင်းပန်ပါတယ် ဆေးဧကရာဇ်ချန်း… ကျုပ်ကို ခွင့်လွှတ် ပေးပါ"
ကွေ့မင်ကျိက တောင်းပန် လိုက်သည်။
"နောက်ကျသွားပြီ…"
ချန်းဖန်က ဆိုကာ ကွေ့မင်ကျိ၏ ကျန်ရစ်နေသော နတ်ဘုရား စိတ်ဝိညာဉ် အပိုင်းအစကိုပါ ဖျက်ဆီး ပစ်လိုက်၏။
"ဘုန်း…"
လူတိုင်းမှာ အလင်းမှုန်များ အဖြစ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ကွေ့မင်ကျိအား ငေးကြည့် နေမိကြသည်။ ချန်းဖန်သည် ကွေ့မင်ကျိ၏ ခန္ဓာကိုယ်၊ ရွှေအမြုတေတို့အား ဖျက်ဆီးခဲ့သည့် အပြင် နောက်ဆုံး အသက်ရှင်ခွင့်ပင် မပေးခဲ့ချေ။
ထိုအရာက ကောင်းကင် ပါရမီရှင် တစ်ယောက်အား ပိုးမွှား တစ်ကောင်အလား သဘောထား၍ သတ်ဖြတ် ပစ်လိုက်ခြင်းပင် ဖြစ်သည်။
"ဘယ်သူ လာဦးမလဲ…"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ အခြားလူများအား ကြည့်လိုက်၏။
လူတိုင်းမှာ ချန်းဖန်၏ အကြည့်ကို မြင်သည်နှင့် ခေါင်းများအား ငုံ့လိုက်ကြသည်။
***