← Chapters

တိုက်ပွဲအား လွှမ်းမိုးခြင်း

Vol. 10 Ch. 953

တိုက်ပွဲအား လွှမ်းမိုးခြင်း

Vol. 10 Ch. 953

‌ကွေ့မင်ကျိကား သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ သူသည် တိုက်ပွဲ အတွင်း ပထမဆုံး သေဆုံးခဲ့ရသည့် ကောင်းကင် ပါရမီရှင် ဖြစ်၏။ ‌

မြေအောက် သရဲဂိုဏ်းချုပ်ဖူ၏ မျက်နှာမှာ မည်းမှောင်နေ၏။ သူ၏ ခန္ဓာကိုယ်မှာလည်း ဒေါသနှင့် အတူ သွေးပျက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ကွေ့မင်ကျိကား သူတို့ဂိုဏ်း တစ်ခုလုံး၌ အခြေတည် ဝိညာဉ် အဆင့်ကို ရောက်ရန် အလားအလာ ရှိသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

"မင်း လုပ်ရဲတယ်ပေါ့…"

ဂိုဏ်းချုပ်ဖူသည် ချန်းဖန်အား စိုက်ကြည့် နေသည်။ သူသည် ချန်းဖန်အား ချက်ချင်း ထသတ်ပစ်ချင်နေသောလည်း မလှုပ်ရှား ရဲချေ။ မည်သို့ပင် ဆိုစေ တိုက်ပွဲများ အတွင်း၌ သေဆုံးခြင်းက မထူးဆန်းချေ။ ကိုယ် မသေချင်လျှင် သူများကို ရအောင် သတ်ရမည်သာ ဖြစ်သည်။

"ဘုန်း…"

ချန်းဖန်က ခြေတစ်လှမ်း လှမ်းကာ ကုန်းစွန်းကွေး၏ အရှေ့၌ ပြန်ပေါ်လာ၏။

"ဗြဟ္မာ့ နန်းတော်မှာ တွေ့တုန်းက ငါ မင်းနဲ့ အတူ သောက်ခဲ့သေးတယ်… အခုကျတော့ မင်းက ဘာလို့ ငါ့ကို သတ်ချင် နေတာလဲ"

"ဆေးဧကရာဇ်ချန်း… ကျွန်ဝောာ် ရှင်းပြ ပါရစေ"

ကုန်းစွန်းကွေး၏ မျက်နှာက ရုတ်ချည်းပင် ဖြူရော်သွားကာ တုန်တုန်ရီရီ ပြောလိုက်သည်။ တစ်ချိန်တည်း၌ သူက ရွှေရောင် မီးတောက်ကို ထုတ်လွှတ်ကာ သူ၏ ခန္ဓာကိုယ်အား ကာကွယ် လိုက်၏။ ထိုအရာကား ကုန်းစွန်း မိသားစု၏ နာမည်ကျော် နေကိုးစင်း ကောင်းကင် ကျင့်စဉ် ပင် ဖြစ်သည်။

သို့သော်လည်း ချန်းဖန်မှာ ထိုကျင့်စဉ်အား ဂရုမစိုက်သလို သူ၏ ရှင်းပြချက်ကိုလည်း စိတ်မဝင်စားချေ။ သူသိသည့် တစ်ခုတည်းသော အရာက ကုန်းစွန်းကွေးမှာ အခြားလူများနှင့် ပူးပေါင်းကာ သူ့အား သတ်ဖြတ်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။

"သေလိုက်တော့…"

ချန်းဖန်က လက်အား မြှောက်၍ ကုန်းစွန်းကွေး၏ ဦးခေါင်းကို ရိုက်ချ ပစ်လိုက်၏။ ကုန်းစွန်းကွေးသည် သူ၏ နေကိုးစင်း ကျင့်စဉ်ဖြင့် ခုခံရန် ကြိုးစားသော်လည်း ထိုအရာက အသုံး မဝင်ခဲ့ချေ။

"ဘုန်း…"

ကုန်းစွန်းကွေး၏ ဦးခေါင်းမှာ ရုတ်ချည်းပင် ပေါက်ကွဲ သွား၏။

ဒုတိယမြောက် ကောင်းကင် ပါရမီရှင် တစ်ဦးမှာလည်း ကြွေလွင့် သွားခဲ့ရပြန်ပြီ ဖြစ်သည်။

"ခွေးကောင်… သူ ဘယ်သူလဲ ဆိုတာ မင်း သိရဲ့လား… သူက ဘိုးဘေး ကုန်းစွန်းရဲ့ အချစ်ဆုံး မြေးကွ"

လီယန် ဓားမင်းသားက အသံကုန် အော်ဟစ် လိုက်၏။

သူသည် ကုန်းစွန်း မိသားစု၏ တိုက်ရိုက် မျိုးဆက် မဟုတ်သော်လည်း ငယ်စဉ် ကတည်းကပင် ကုန်းစွန်း မိသားစု၌ နေခဲ့သူ ဖြစ်သည်။ သို့ဖြစ်ရာ သူ့ဆရာ ဖြစ်သူ၏ အချစ်ဆြံး မျိုးဆက် သေဆုံးခြင်းက သူ့အား အကြီးအကျယ် ဒေါသထွက် စေ၏။

"မင်းရဲ့ အဘိုးကြီး ကုန်းစွန်းကို ငါ့ကို လာရှာဖို့ ပြောလိုက်… … ငါ သူတို့ မြေးအဖိုးကို ပြန်ပေါင်းထုပ် ပေးရမှာပေါ့"

ချန်းဖန်က ဂရုမစိုက်စွာ နှာခေါင်းရှုံ့ရင်း ဆိုလိုက်သည်။

ထိုအချိန်၌ ကောင်းကင် ပါရမီရှင်များမှာ ပို၍ ကြောက်လန့် နေကြပြီ ဖြစ်လေသည်။ မိနစ် အနည်းငယ် အတွင်းမှာပင် ချန်းဖန်သည် သူတို့ အထဲမှ နှစ်ယောက်ကို သတ်ပစ်ခဲ့သည်။ သူတို့ အနေဖြင့် ချန်းဖန်အား မည်သို့မျှ မယှဉ်နိုင်တော့ကြောင်းမှာ ထင်ရှားနေ၏။

တစ်ချိန်တည်း၌ ချန်းဖန်မှာ သူ၏ တတိယမြောက် ပစ်မှတ်ကို တွေ့ရှိ သွားခဲ့ပြီ ဖြစ်သည်။

"ငါမှတ်မိသလောက် ဆိုရင် ငါ့ရဲ့ အစေခံက မင်း ဂျူနီယာလေးရဲ့ ခြေထောက်ကို ချိုးပစ်ခဲ့တယ်… မင်းက သူ့အတွက် လက်စားချေဖို့ လာခဲ့တာလား"

စက္ကန့်ဝက် အတွင်းမှာပင် ချန်းဖန်သည် ဆံပင် အနီရောင် ရှိသော လူသန်ကြီး၏ အရှေ့သို့ ရောက်ရှိလာ၏။

တစ်ချက် ကြည့်ရုံဖြင့်ပင် ထိုလူသန်ကြီးမှာ အနီရောင် မီးတောက် ကောင်းကင်နယ်မှ လူတစ်ယောက် ဖြစ်ကြောင်း သိသာသည်။ သူသည် ကျိုးကျူရှင်း ရိုက်နှက်ခဲ့သော လူငယ်လေး၏ စီနီယာ ဖြစ်မည်မှာ သေချာပေသည်။

"မဟုတ်ပါဘူး…"

လူသန်ကြီးက ခေါင်းအားခါကာ ချန်းဖန်ကို အနည်းငယ်ပင် ဆန့်ကျင်ရန် မရည်ရွယ်ကြောင်း ငြင်းဆို၏။

သို့သော်လည်း ချန်းဖန်က သူ၏ စကားကို မယုံကြည်ချေ။

"ဘုန်း…"

သူက လက်သီးဖြင့်ထိုးကာ လူသန်ကြီး၏ ရွှေအမြုတေအား ဖျက်ဆီးပစ်လိုက်၏။ ရွှေရောင်သွေးများက ကောင်းကင်၌ ပျံ့ကြဲသွားကာ ငွေရောင် အလင်းမှုန်များက ‌ကောင်းကင် ပါရမီရှင် တစ်ဦး၏ အသက် ရှင်လိုသည့် ဆန္ဒကို တိုက်စား သွားသည်။

တတိယမြောက် ကောင်းကင် ပါရမီရှင် တစ်ဦးကား ကြွေလွင့်သွားခဲ့ရပြန်ပြီ ဖြစ်လေသည်။

"ရပ်တော့… ရပ်တော့…"

"ငါတို့ အရှုံးပေးတယ်…"

များစွာသော အကြီးအကဲများမှာ ထိုင်ကြည့် မနေနိုင်တော့ချေ။ သူတို့က ကောင်းကင်သို့ ပျံတက်လာကာ အသည်းအသန် အော်ဟစ် လိုက်ကြ၏။

"ငါတို့ မျှမျှတတပဲ တိုက်ခိုက်နေတာလေ… ဒါက ဘာအဓိပ္ပာယ်လဲ"

ချန်းဖန်က မျက်မှောင်ကြုတ်ကာ ထိုလူများအား ကြည့်လိုက်သည်။

"ငါတို့ အရှုံးပေးပါတယ်…"

အကြီးအကဲများက ခေါင်းငုံ့ရင်း ပြောလိုက်သည်။

"မင်းတို့ကရော…"

ချန်းဖန်က အသက်ရှင် ကျန်ရှိနေသေးသည့် ကောင်းကင် ပါရမီရှင် ခြောက်ယောက်အား ကြည့်လိုက်၏။

သူတို့ ခြောက်ယောက်ထဲ၌ ရှောင်ဟုန်မှာ အတုန်လှုပ်ဆုံး ဖြစ်သည်။ သူ၏ မျက်နှာရှိ ဂုဏ်ယူ ဝင့်ကြွားမှုများကား အဆုံးတိုင် ပြယ်လွင့် သွားခဲ့ပြီ ဖြစ်သည်။ ဤတိုက်ပွဲ၏ ရှုံးနိမ့်မှုသည် သူ၏ ကျင့်ကြံခြင်းအား အနည်းနှင့် အများ အကျိုးသက်ရောက် စေလိမ့်မည် ဖြစ်သည်။

"ဆေးဧကရာဇ်ချန်းက ကျုပ်တို့ထက် အများကြီး ပိုပြီး အစွမ်းထက်ပါတယ်… ကျုပ်တို့ အညံ့ခံပါတယ်"

အဆုံး၌ ရှောင်ဟုန်တို့မှာ ခေါင်းငုံ့ကာ အရှုံးကို ဝန်ခံလိုက်ကြသည်။

ချန်းဖန် ကောင်းကင်စင်မြင့်ပေါ်၌ ပြန်လည် ဆင်းသက်ပြီးနောက် လူတိုင်းမှာ သူ့အား လေးစားစွာ ကြည့်လိုက်မိကြ၏။ လွန်ခဲ့သည့် မိနစ်ပိုင်း၌ သူတို့သည် ချန်းဖန်အား ဆေးဧကရာဇ် အဖြစ်သာ မြင်ခဲ့ကြသည်။ သို့သော်လည်း ယခုတွင်မူ သူတို့၏ အမြင်၌ ချန်းဖန်မှာ ကောင်းကင် ပါရမီရှင် ကိုးယူကို အနိုင်ယူခဲ့သည့် လူတစ်ဦး အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ကျွင်းအိုချန်း၊ လီဟိုင်ရှင်းတို့မှ လွဲ၍ သူ့အား မည်သူမျှ ယှဉ်နိုင်တော့မည် မဟုတ်ချေ။

"သူက တကယ့်ကို ဆေးဧကရာဇ်ချန်းပဲ… နည်းနည်းမှ ပြောင်းလဲ မသွားဘူး… အရမ်းကောင်းတယ်"

ဝမ်ရွှမ်လုံက သူ၏ ခွက်အား မြှောက်ကာ သောက်လိုက်၏။

မြောက်နတ္ထိနယ်မှ လာရောက်သည့် အခြား ကျင့်ကြံသူများမှာလည်း ဝမ်းသာ ပျော်ရွှင် နေကြသည်။ ချန်းဖန်သည် မြောက်နတ္ထိနယ်၌ မုန်တိုင်း ထန်စေခဲ့သည့်တိုင် ထိုအရာက သူတို့ အတွက် ဂုဏ်ယူစရာ တစ်ခု ဖြစ်ပေသည်။

"အကို…"

ရှောင်မန်က ချန်းဖန်၏ နံဘေးသို့ အပြေးကလေး ရောက်လာကာ ဖက်လိုက်၏။ သူမသည် ချန်းဖန်၏ အောင်မြင်မှု အတွက် အလွန် ပျော်ရွှင်နေသည်။

တစ်ချိန်တည်း၌ ဝူရှန်း၊ ကျိုးခွန်တို့ တစ်သိုက်မှာမူ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ ‌အနီရောင် မီးတောက် ကောင်းကင်နယ်၏ လူငယ်၏ မျက်နှာမှာမူ မည်းမှောင်နေ၏။ သူသည် သူ၏ စီနီယာ သေဆုံးသွားခြင်း အတွက် အလွန် ဒေါသထွက် နေခဲ့သည်။

"တစ်နေ့ ငါ သူ့ကို ပြန်ပြီး လက်စားချေမယ်…"

ဝူရှန်းက လက်သီးကို တင်းတင်းဆုပ်ကာ ရေရွတ်လိုက်၏။

တစ်ချိန်တည်း၌ ဟွာနွန်ယင်နှင့် စီစီတို့မှာ ချန်းဖန်အား မျက်လုံး အပြူးသားဖြင့် ကြည့်နေကြသည်။ စီစီသည် ‌အလွန် မောက်မာသော ရှောင်မန်၏ အကို ဖြစ်သူကို အမြဲတမ်း ကြည့်မရခဲ့ချေ။ သို့သော်လည်း တစ်ခဏအတွင်းမှာပင် ထိုကောင်စုတ်က ကျော်ကြားသော ဆေးဧကရာဇ် အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ထိုမှတစ်ဖန် သူက ကောင်းကင် ပါရမီရှင် ကိုးယောက်ကိုပါ အနိုင်ယူ ပစ်ခဲ့သည်။

"ဒါကြောင့်ပဲ သူက ဒီလောက် မောက်မာ နေခဲ့တာလား… လီဟိုရှင်းတောင် သူ့ကို အနိုင်ယူဖို့ လွယ်ကူတော့မှာ မဟုတ်ဘူး"

ဟွာနွန်ယင်က သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဟူး…"

ချန်းဖန်က ပျံသန်းကာ ပလ္လင်ထက်၌ ပြန်ထိုင်လိုက်၏။

"ဆေးဧကရာဇ်ချန်းက တကယ် အစွမ်းထက်တာပဲ… ဂျူနီယာလေးတွေကို ကောင်းကောင်း သင်ပြပေးခဲ့တယ်… အသက်ဝောာင် သေတဲ့ အထိပေါ့"

အကြီးအကဲ ကျူးယန်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။

"ဒါက မျှတတဲ့ တိုက်ပွဲ တစ်ခုပဲလေ မဟုတ်ဘူးလား… ငါက အလွန်အကျွံ လုပ်လိုက်တယ်လို့ မင်း ထင်နေတာလား… ကောင်းပြီလေ… မင်းနဲ့ငါ တစ်ပွဲလောက် တိုက်ကြည့်ကြ မလား…  ငါ လက်တစ်ဖက်ပဲ သုံးပေးပါ့မယ်"

ချန်းဖန်က အေးအေးဆေးဆေးပင် ပြန်လည် ပြောလိုက်သည်။

သို့သော်လည်း သူ၏ စကားက အကြီးအကဲ ကျူးရန်၏ မျက်နှာကို ဖြူရော် သွားစေ၏။ သူက လျှင်လျှင်မြန်မြန်ပင် ခေါင်းခါ ပြလိုက်သည်။ သူသည် ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ နှစ်ထောင်ချီ လိပ်အိုကြီး ဖြစ်သည့်တိုင် ချန်းဖန်နှင့် ယှဉ်၍ မတိုက်ဝံ့ချေ။

ထို့နောက် အကြီးအကဲ ယွီလုံက ကျူရန်၏ စကားကို စိတ်ထဲမထားရန် ချန်းဖန်အား တောင်းပန်သည်။ ချန်းဖန်ကလည်း ရယ်မောကာ လက်ခံလိုက်၏။

မဟာ အကြီးအကဲ လင်းရှန်းမှာမူ မည်သည့် စကားမှ ဝင်မပြောခဲ့ချေ။ သူ၏ မျက်နှာတွင်မူ လျှို့ဝှက်သော အလင်းတစ်ခုက မကြာခဏ ဆိုသလို ဖြတ်ပြေးနေ၏။

အချိန်ကား တဖြည်းဖြည်း စီးဆင်းလာသည်။ လူများသည် စိတ်ရှည်စွာ ထိုင်ရင်း ရွှမ်ထျန်း တောင်ထိပ်သို့ စောင့်ကြည့် နေကြ၏။

နှစ်နာရီ ကြာပြီးနောက် ကောင်းကင်တွင် တိမ်တိုက်များက စတင် စုစည်းလာသည်။ သို့သော်လည်း ရှန်းရှီမှာမူ ထွက်ပေါ်လာခြင်း မရှိသေးချေ။

"မဟာ အကြီးအကဲ… နတ်မိမယ် ရှန်းရှီက ဘာကို စောင့်နေတာလဲ"

တစ်ယောက်က မေးလိုက်၏။

"ရှန်းရှီက ဧည့်သည် တစ်ယောက်ကို စောင့်နေတာပါ… သူက မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖို့ ကူညီပေးနိုင်တယ်"

လင်းရှန်းက အနည်းငယ် ပြုံးကာ ပြန်ဖြေ လိုက်သည်။

"ဟုတ်လားဗျ… ဘယ်သူများလဲ"

လူတိုင်းမှာ စိတ်ဝင်စား သွားကြသည်။

မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရာတွင် ကူညီနိုင်သည် အထိ မည်သူက  အစွမ်းထက် သနည်း။ ချန်းဖန် ပင်လျှင် မျက်မှောင်ကြုတ် သွား၏။

"ဟားဟား… သူ ရောက်လာပါပြီ"

လင်းရှန်းက ရုတ်တရက် ထိုင်ရာမှ ထရပ်လိုက်သည်။ ထိုစဉ်မှာပင် ကြေညာသံ တစ်ခု ထွက်ပေါ်လာ၏။

"ဆေးဘုရင်ရဲ့ ပထမ တပည့်ကြီးနဲ့ ဆေးနတ်ဘုရားဂိုဏ်း ဆက်ခံသူတို့ ရောက်ရှိ လာပါပြီ"

"ဆေးဘုရင်ရဲ့ ပထမ တပည့်ကြီးနဲ့ ဆေးနတ်ဘုရားဂိုဏ်း ဆက်ခံသူ…"

အံ့အားသင့်သံများက လူအုပ်ကြားထဲတွင် ပျံ့နှံ့သွား၏။ ကျွင်းအိုချန်း ပင်လျှင် ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်မိသည်။

***

All Chapters