ကောင်းကင် ဗိုလ်ချုပ်ကို အနိုင်ယူခြင်း
Vol. 10 Ch. 955
"သူ ဘာလုပ်နေတာလဲ…"
ကျူးညီအမမှာ ထိုမြင်ကွင်းကို ငေးကြောင်ကာ ကြည့်နေကြ၏။ အကြီးအကဲ ယွီလုံ ပင်လျှင် ပါးစပ် အဟောင်းဟား ဖြစ်နေခဲ့သည်။
ဆေးနတ်ဘုရား မင်းသား…
သူကား ဆေးနတ်ဘုရားဂိုဏ်းကြီး၏ ဆက်ခံသူ ဖြစ်သည်။ ကောင်းကင် အရှင်များနှင့် တန်းတူသော အဆင့်အတန်း ရှိသူ ဖြစ်သည်။ ဆေးဘုရင်၏ ပထမ တပည့်ကပင် တလေးတစား ဆက်ခံရသူ ဖြစ်သည်။
သို့သော်လည်း ချန်းပေ့ရွှမ်းသည် သူ့အား ရွှမ်ထျန်းတောင်ထဲ နစ်ဝင်သည် အထိ ထိုးနှက် ပစ်ခဲ့သည်။
"ဒီချန်းပေ့ရွှမ်းက တကယ့် ကောင်ပဲ"
ဂူရှောင်ရီ၏ လက်မှာ အနည်းငယ် တုန်ရီ နေ၏။
"ဒီလို သူရဲကောင်းမျိုးကမှ ငါ ကျွင်းအိုချန်းရဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်ပဲ"
ကျွင်းအိုချန်း၏ မျက်လုံးမှာမူ မီးများဖြင့် တောက်လောင်နေ၏။
ဝမ်ရွှမ်လုံကမူ စားပွဲအား ရိုက်ကာ ချန်းဖန်အား အော်ဟစ် အားပေးလိုက်သည်။ ချန်းဖန် အနေဖြင့် ထိုလုပ်ဆောင်မှု အတွက် တစ်ခုခု ပြန်လည် ပေးဆပ်ရနိုင်သည့်တိုင် ထိုအရာက ထိုက်တန်ပေသည်။
"ဘုန်း…"
ရုတ်တရက်၌ ဆွံ့အ သွားသော်လည်း ကျန်းပုရီနှင့် ဆေးနတ်ဘုရာ မင်းသား၏ သက်တော်စောင့်များမှာ ချက်ချင်းပင် ပြန်လည် သတိဝင် လာကြ၏။
"မင်းလုပ်ရဲတယ်ပေါ့… သူ ဘယ်သူလဲ မင်းသိလား… သူက ဆေးနတ်ဘုရား မင်းသား… အနာဂတ်မှာ ဆေးနတ်ဘုရား ဖြစ်လာမယ့်သူ"
ကျန်းပုရီက ဒေါသတကြီး အော်ဟစ် လိုက်သည်။ တစ်ချိန်တည်း၌ သူ၏ ရုပ်ရည် သွင်ပြင်သည် အဘိုးအို တစ်ဦး အသွင်မှ လူငယ် တစ်ယောက် အသွင်သို့ ပြန်လည် ပြောင်းလဲ လာ၏။
"မင်းတို့ မျက်လုံးထဲမှာ သူက ဘုရား ဖြစ်ချင် ဖြစ်လိမ့်မယ်… ငါ့မျက်လုံးထဲမှာတော့ ခွေးတစ်ကောင်သာသာပဲ"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်သည်။
အမှောင် စွမ်းအင်သည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်ကာ မိစ္ဆာချီကလည်း သူ၏ နံဘေး၌ လေပွေအဖြစ် ဝဲသည်။ ထိုလေပွေသည် အရှိန်ပြင်းစွာ လည်ပတ်ကာ အမှောင်တွင်းကြီး တစ်ခု အဖြစ် ပြောင်းလဲ၏။
ဆေးနတ်ဘုရား မင်းသား၏ သက်တော်စောင့်များသည် ချန်းဖန်ကို သတ်ဖြတ်ရန် ပြေးလာကြသော်လည်း အမှောင်တွင်းကြီး အတွင်းရှိ မိစ္ဆာများ၏ ဖမ်းယူ စားသောက်ခြင်းကိုသာ ခံလိုက်ကြရသည်။ ထိုအခါ များစွာသော သက်တော်စောင့်များမှာ ကြောက်လန့်ကာ နောက်သို့ ပြန်လည် ဆုတ်လိုက်ကြ၏။
"မင်းရဲ့ မိစ္ဆာကျင့်စဉ်က မူလ မိစ္ဆာ အဆင့်ကို ရောက်နေတာကြောင့် ဒီလောက် မောက်မာ နေတာပေါ့… ဒါပေမဲ့ အဲဒါလောက်က ဆေးနတ်ဘုရားဂိုဏ်းနဲ့ ဆေးဘုရင်ကို ယှဉ်ဖို့ မလုံလောက်ဘူး"
ကျန်းပုရီက အေးစက်စွာ ဆိုလိုက်၏။ ထိုအချိန်၌ သူ၏ ဆံပင်များမှာ အနက်ရောင် ပြန်လည် ပြောင်းလဲသွားပြီ ဖြစ်သည်။ ထို့အတူ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော သူ၏ အရေပြားများမှာလည်း ပြန်လည် ချောမွေ့ နေခဲ့ပြီ ဖြစ်၏။
"ချန်းပေ့ရွှမ်း… သေစမ်း"
ကျန်းပုရီက ဒေါသတကြီး အော်ဟစ်ကာ ချန်းဖန်အား တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင်…
"မင်း ငါ့ကို ခွေးလို့ ခေါ်ရဲတယ်ပေါ့… ကောင်းကင် အမြုတေ တစ်ခုရဲ့ စွမ်းအားက ဘာလဲ ဆိုတာ မင်းကို ပြမယ်"
ဒေါသတကြီး အော်ဟစ်သံနှင့် အတူ ဆေးနတ်ဘုရား မင်းသားမှာ ရွှမ်ထျန်းတောင်ကို ဖောက်ထွက်ကာ ပျံသန်းလာ၏။ သူ၏ နောက်တွင်မူ ဓားတစ်ချောင်းက ရောင်စုံ အလင်းများ တောက်ပကာ လိုက်ပါလာ၏။
"အဆိပ်တစ်ရာ မိစ္ဆာသတ်ဓား…"
များစွာသော အကြီးအကဲများ၏ မျက်နှာများမှာ အရောင်ပြောင်း သွားသည်။
ဆေးနတ်ဘုရားဂိုဏ်းတွင် အဆိပ် ဟင်းလင်းပြင် ကျင့်စဉ် ဟု ခေါ်သော အစွမ်းထက် ကျင့်စဉ် တစ်ခု ရှိသည်။ ၎င်းသည် မှတ်တမ်းတင်ထားသမျှထဲ၌ အစွမ်း အထက်ဆုံး ကျင့်စဉ် တစ်ခု ဖြစ်၏။ ထိုကျင့်စဉ်သည် အဆိပ် တစ်ရာကို အထူး ပြုလုပ်ထားသည့် ကောင်းကင် ဓားတစ်စင်း အတွင်း ပေါင်းထည့်ကာ တိုက်ခိုက်သည့် ကျင့်စဉ်မျိုး ဖြစ်သည်။
ထိုကောင်းကင်ဓားကို အဆိပ်တစ်ရာ မိစ္ဆာသတ်ဓားဟု ခေါ်၏။
ကောလဟာလများ အရ ဆိုလျှင် ကောင်းကင် ရွှေအမြုတေကို ပိုင်ဆိုင်သည့် လူများသာလျှင် ထိုကျင့်စဉ်နှင့် ဓားကို အသုံးပြုနိုင်သည် ဟူ၏။
"ဝှစ်…"
အဆိပ်တစ်ရာ မိစ္ဆာသတ်ဓားသည် ကောင်းကင်ကို အပေါက်ဖောက်ကာ ချန်းဖန်ထံ တိုးဝင်လာ၏။
"ဟမ့်…"
ချန်းဖန်မှာမူ လက်နှစ်ဖက်ကို နောက်ပစ်ထားဆဲ ဖြစ်သည်။ သူသည် ထိုတိုက်ခိုက်မှုကို လျစ်လျူကာ သူ၏ ပတ်လည်ရှိ အမှောင်စွမ်းအင် ပေါ်သို့ ကျဆင်း စေလိုက်၏။ အခြားလူများနှင့် မခြားနားစွာပင် ထိုဓားမှာလည်း အနက်ရောင် တွင်းပေါက်၏ စုပ်ယူ စားသုံးခြင်းအား ခံလိုက်ရ ပြန်၏။
"ဘုန်း…"
ထို့နောက် ချန်းဖန်က လက်ပြန်ရိုက် လိုက်ရာ ဆေးနတ်ဘုရား မင်းသားမှာ ရွှမ်ထျန်း တောင်ထဲ နောက်တစ်ကြိမ် တိုးဝင် သွားပြန်သည်။
"မဖြစ်နိုင်ဘူး…"
လူတိုင်း၏ မျက်နှာမှာ အရောင်အဆင်းမဲ့ သွား၏။
အဆိပ်တစ်ရာ မိစ္ဆာသတ်ဓားကား နတ်ဘုရား အဆင့် အောက်၌ အစွမ်း အထက်ဆုံး ကျင့်စဉ် ဖြစ်သည်။ ကျွင်းအိုချန်း၊ လီဟိုင်ရှင်း တို့ပင်လျှင် ထိုဓားအား မခုခံနိုင်ကြချေ။ သို့တိုင်အောင် ၎င်းက ချန်းပေ့ရွှမ်း အပေါ်၌ အလုပ် မဖြစ်ခဲ့ချေ။
"မင်းရဲ့ ကောင်းကင် အမြုတေက ဟာသပဲ… သာမန် ရွှေအမြုတေနဲ့ ဘာမှ မကွာပါလား"
ချန်းဖန်က နှာခေါင်းရှုံ့ လိုက်သည်။
"မဖြစ်နိုင်ဘူး…"
ဆေးနတ်ဘုရား မင်းသားမှာ သွေးရူးသွေးတန်း အော်ဟစ်ကာ ကောင်းကင်သို့ နောက်တစ်ကြိမ် ပျံတက် လာသည်။ သူသည် လက်အား ကြာပန်း သဏ္ဌာန် သင်္ကေတ တစ်ခု ပြုလုပ် လိုက်၏။
"နတ်ဘုရား အသွင် လာစမ်း…"
ရွှေရောင် အလင်းသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကောင်းကင်သို့ တက်၏။ ထို့နောက် ၎င်းသည် ရွှေရောင် သုံးချောင်းထောက်အိုး အသွင်ကို ယူကာ ချန်းဖန်ထံ ပြေးဝင်သွားသည်။
"အဲဒါက… ကောင်းကင် ဟင်းလင်းပြင် ဆေးအိုး မလား… ဆေးနတ်ဘုရား မင်းသားက သူ့ရဲ့ ကောင်းကင် အသွင်ကိုတောင် ထုတ်ဖော်နေပြီ"
များစွာသော လူများမှာ ဆွံ့အ သွားကြ၏။
ကောင်းကင် အဆင့် ရွှေအမြုတေ တစ်ခုသည် သာမန် ရွှေအမြုတေများနှင့် ကွဲပြားစွာပင် အသွင်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားကြခြင်း ဖြစ်သည်။ ကောင်းကင် အဆင့် ရွှေအမြုတေ တစ်ခု၏ စွမ်းအားသည် ကောင်းကင် ရတနာ နှင့်ပင် နှိုင်းယှဉ်နိုင်၏။
ဆေးနတ်ဘုရား မင်းသား၏ ရွှေအမြုတေသည် သုံးချောင်းထောက် ဆေးအိုး တစ်ခု အသွင် ရှိ၏။
"ဘုန်း…"
အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က ရွှေရောင် သုံးချောင်းထောက် ဆေးအိုးအား ဗလာ လက်သီးဖြင့် ထိုးခွဲ လိုက်၏။
"မဟုတ်ဘူး…"
ဆေးနတ်ဘုရား မင်းသားကား သွေးရူးသွေးတန်း ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
ရွှေအမြုတေကား ကျင့်ကြံသူတိုင်း၏ အဓိက အသက် ဖြစ်သည်။ ယခု ကဲ့သို့ ရွှေအမြုတေ တစ်ခု ကွဲအက် သွားခြင်းက ကျင့်ကြံသူအား ကြီးမားစွာ ထိခိုက်စေသည်။
"မဖြစ်နိုင်ဘူး… မင်းက ဘယ်လိုလုပ်ပြီး လက်သီးတစ်ချက်တည်းနဲ့ ငါ့ရဲ့ ကောင်းကင် ဟင်းလင်းပြင် ဆေးအိုးကို ထိုးခွဲ နိုင်ရတာလဲ… မင်းက မူလ အဆင့် မဟုတ်ဘူး… ရုပ်ဖျက်ထားတဲ့ အခြေတည် ဝိညာဉ် အဆင့် မဟုတ်လား"
သွေးများက ဆေးနတ်ဘုရား မင်းသား၏ ပါးစပ်၌ စီးကျနေ၏။
"မင်းရဲ့ ရွှေအမြုတေက အစစ်အမှန် ကောင်းကင် အမြုတေ မဟုတ်ဘူး… မင်းရဲ့ အဆင့်ကလည်း ငါ့ပြိုင်ဘက် မဟုတ်ဘူး"
ချန်းဖန်က ဆိုလိုက်သည်။ ထို့နောက် သူက ကောင်းကင်သို့ ပျံတက်ကာ ဆေးနတ်ဘုရား မင်းသားအား အဆုံးသတ်ရန် ပြင်လိုက်၏။
"မဟုတ်ဘူး… ငါက အစွမ်း အထက်ဆုံး… ငါ့မှာ ကောင်းကင် အဆင့် ရွှေအမြုတေ ရှိတယ်… ငါက ကောင်းကင် မင်းသား"
ဆေးနတ်ဘုရား မင်းသားက အော်ဟစ်ရင်း အသက်မဲ့စွာ ရပ်နေ၏။ သူကား ရီဝေနေကာ ရူးသွပ်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
"ရပ်စမ်း…"
ရုတ်တရက် ကမ္ဘာပျက် မတတ် စွမ်းအား တစ်ခုသည် ချန်းဖန်၏ နောက်မှ ရုန်းကြွကာ နိုးထလာ၏။
လူတိုင်းက ကြည့်လိုက်ရာ ချန်းဖန် ထံသို့ တိုးဝင်သွားသော ကျန်းပုရီအား တွေ့လိုက် ရသည်။ သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်၊ မြေကြီးတို့နှင့် တစ်သားတည်း ဖြစ်တည်နေ၏။ သူ၏ ပါးစပ်ကလည်း ဂါတာ မန္တယား တစ်ခုကို ရေရွတ်နေသည်။ ထိုအခိုက်အတန့်၌ သူကား မဟာ အကြီးအကဲ လင်းရှန်းထက်ပင် ပို၍ အစွမ်းထက်နေပုံ ပေါ်သည်။
"ဟဟ… ကောင်းပြီလေ…"
ချန်းဖန်က ရယ်မောက ဆေးနတ်ဘုရား မင်းသားအား လှည့်ကြည့်လိုက်၏။
"သေချာ ကြည့်ထား… ဒါကမှ တကယ့် ကောင်းကင် အဆင့် ရွှေအမြုတေလို့ ခေါ်တယ်"
"ဟူး… ဟူး…"
ရုတ်တရက် မိစ္ဆာ ပုံရိပ် ခြောက်ခုသည် ချန်းဖန်၏ နောက်တွင် ပေါ်လာ၏။ ၎င်းတို့သည် မီတာ တစ်သောင်းခန့် ကြီးမား ကြသည်။
ထိုမိစ္ဆာများသည် အချိန် စက်ဝိုင်း မပေါ်ခင် မွေးဖွားခဲ့သည့် မူလ မိစ္ဆာများနှင့် အလား သဏ္ဌာန် တူ၏။ အချို့က ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို ပိုင်ဆိုင်ကာ အချို့က မတူ ကွဲပြားသော အမူအရာ ကိုးမျိုးကို မျက်နှာထက်၌ ဆင်မြန်းထားသည်။
ထိုမိစ္ဆာများ၏ တည်ရှိမှု ရှေ့မှောက်၌ ကျန်းပုရီသည် မထင်မရှား အင်းဆက်လေး အလားပင်။
"ဟီး… ဟီး…"
မိစ္ဆာ ခြောက်ကောင်က မြူးထူးရင်း ကျန်းပုရီအား အစိတ်အပိုင်း ခြောက်ခု အဖြစ် ဝိုင်းဝန်း ဆွဲဖဲ့ကြ၏။ ကျန်းပုရီမှာ နောက်သို့ ပြန်ပြေးရန် ကြိုးစားသည့်တိုင် မိစ္ဆာတို့၏ လက်မှ မလွတ်ခဲ့ချေ။
"မင်း မြင်ရဲ့လား…"
ချန်းဖန်က ဆေးနတ်ဘုရား မင်းသားအား ငုံ့ကြည့်ကာ မေးလိုက်သည်။ သူ၏ မျက်လုံးများမှာ မောက်မာခြင်းများနှင့် ပြည့်နှက် နေ၏။
တစ်ချိန်တည်း၌ မိစ္ဆာ ခြောက်ကောင်ကလည်း ချန်းဖန်၏ နောက်၌ ပြန်လည် ရပ်ကြသည်။ သူတို့သည် သူတို့၏ သခင်ကဲ့သို့ပင် အလွန် မော်ကြွားကာ လူတိုင်းအား အထင်သေးခြင်း အပြည့်ဖြင့် ငုံ့ကြည့်နေလေ၏။
***