မိုးကြိုး ကပ်ဘေး
Vol. 10 Ch. 957
"သူ… လုပ်ရဲတယ်ပေါ့"
မဟာ အကြီးအကဲ လင်းရှန်းမှာ လုံးဝ ဆွံ့အ သွား၏။ လူတိုင်းမှာလည်း ငေးကြောင်ကာ ကြည့်နေကြသည်။ ကျွင်းအိုချန်း ပင်လျှင် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့သည်။
ထျန်းဟောင်ဂြိုဟ်၌ အရူးပေါင်း သိန်းသန်းချီ ရှိနိုင်သည်။ သို့သော်လည်း ထိုချန်းပေ့ရွှမ်းလောက် မည်သူမျှ ရူးသွပ်လိမ့်မည် မဟုတ်ချေ။
"မင်း သေဖို့ပြင်ထား... ငါတို့ ဘိုးဘေးက ဆေးနတ်ဘုရား မင်းသား အတွက် လက်စားချေဖို့ မင်းဆီကို ရောက်အောင် လာလိမ့်မယ်"
ဆေးနတ်ဘုရား မင်းသား၏ သက်တော်စောင့် တစ်ယောက်က ချန်းဖန်ကို လက်ညိုးထိုးကာ အော်ဟစ်လိုက်၏။
"ပါးစပ် ပိတ်ထားစမ်း…"
ချန်းဖန်က လက်တစ်ဖက်အား ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။
"ဘုန်း…"
ထိုသက်တော်စောင့်မှာ ချက်ချင်းပင် သေဆုံး သွား၏။ သူသည် ရွှေအမြုတေ ထိပ်ဆုံး အဆင့် ဖြစ်သည့်တိုင် ချန်းဖန်၏ တိုက်ခိုက်မှုကို တစ်ချက်ပင် တောင့်မခံ နိုင်ခဲ့ချေ။
"ဟူး…"
မိစ္ဆာ ခြောက်ကောင်သည် ချက်ချင်းပင် ထိုကျင့်ကြံသူ၏ ဓမ္မ စွမ်းအား၊ နတ်ဘုရား စိတ်ဝိညာဉ်နှင့် ရွှေအမြုတေတို့ကို စုပ်ယူ ပစ်လိုက်၏။ သို့သော်လည်း ၎င်းတို့မှာ အနည်းငယ်ပင် တင်းတိမ်ပုံ မရချေ။
"ငါ့အနေနဲ့ မိစ္ဆာခြောက်ပါး ကျင့်စဉ်ကို အထွတ်အထိပ် အမြုတေ အဆင့် အထိ ရောက်ချင်ရင် အခြေတည် ဝိညာဉ် အဆင့် မိစ္ဆာ တစ်ပါးကို စုပ်ယူဖို့ လိုအပ်တယ်… ဒီလို သာမန် ရွှေအမြုတေ အဆင့်လေးတွေက ဘာမှ အသုံးမဝင်ဘူး"
ချန်းဖန်က တွေးလိုက်၏။
အကယ်၍ ချန်းဖန်သာ ဆန္ဒ ရှိပါက ပြန်လည် မွေးဖွားခြင်း ဂိုဏ်းတစ်ခုလုံးနှင့် ထျန်းဟောင်ဂြိုဟ်ရှိ ကျင့်ကြံသူများစွာကို သတ်ဖြတ်ကာ မိစ္ဆာ ခြောက်ပါး ကျင့်စဉ်အား အောင်မြန်ရန် လုပ်ဆောင်နိုင်သည်။ သို့သော်လည်း သူသည် အစစ်အမှန် မိစ္ဆာ တစ်ကောင် မဟုတ်ရာ သူ၏ ကျင့်ကြံခြင်း အတွက် သေမျိုးများကို အသုံးပြုလိုခြင်း မရှိချေ။
"မိစ္ဆာကောင်… သူက မိစ္ဆာကောင်ပဲ… ရောင်းရင်းတို့… အဲဒီ မိစ္ဆာကောင်ကို အလွတ် မပေးကြနဲ့… ရအောင် သတ်ကြ"
လင်းရှန်းက အော်ဟစ်လိုက်၏။
"ဘုန်း… ဘုန်း…"
ပြန်လည် မွေးဖွားခြင်း စက်ဝန်း မဟာ အစီအရင်သည် မိုးကြိုးသံများကို ထုတ်လွှတ်ကာ အောက်သို့ ကျဆင်း လာသည်။ ၎င်း၏ ဖိအား အောက်တွင် မိစ္ဆာ ခြောက်ကောင်မှာ ပေသုံးထောင် အထိ ထပ်မံ တိုက်စား ခံလိုက်ရပြန်သည်။
"အကိုက မိစ္ဆာ မဟုတ်ဘူး… အကို့ကို မသတ်ပါနဲ့"
ရှောင်မန်က ရွှေရောင် အလင်း အဖြစ် ပြောင်းလဲကာ ချန်းဖန်ထံသို့ သွားရန် ကြိုးစား လိုက်၏။ သို့သော်လည်း ဟွာနွန်ယင်က သူမအား ဆွဲကာ တားထားခဲ့သည်။
"သူက ကောင်းကင် မင်းသားကိုတောင် သတ်ခဲ့တယ်… အဲ့လိုကောင်က မိစ္ဆာ မဟုတ်ရင် ဘာလဲ"
မဟာ အကြီးအကဲက အေးစက်စွာ ပြောလိုက်၏။ သူ၏ မျက်လုံးများက မီးတဟုန်းဟုန်း တောက်ကာ ချန်းဖန်အား စူးစိုက် ကြည့်နေသည်။
"ဟုတ်တယ်… ဆေးနတ်ဘုရား မင်းသား မရှိပဲနဲ့ ရှန်းရှီက ဘယ်လိုလုပ်ပြီး မိုးကြိုး ကပ်ဘေးကို ဖြတ်ကျော်နိုင်မှာလဲ"
အခြား အကြီးအကဲများကလည်း ပြောလိုက် ကြ၏။
သုံးဘဝ ဝင်စားခြင်း ဆေးမှာ ဤနေရာ၌ ရှိသေးသော်လည်း ထိုဆေးကို စုပ်ယူရန်က အထူး ကျင့်စဉ် တစ်ခု လိုအပ်သည်။ ယခု ဆေးနတ်ဘုရား မင်းသား သေဆုံးသွားပြီ ဖြစ်ရာ ရှန်းရှီ၏ ကောင်းကင် အဆင့် ရွှေအမြုတေ ပိုင်ဆိုင်ရန် ဟူသော ရည်မှန်းချက်မှာလည်း ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်သည်။
"ဘုန်း… ဘုန်း… ဘုန်း…"
ထိုအခိုက်မှာပင် ရွှမ်ထျန်း တောင်ထိပ် မိုင်တစ်ထောင် ဝန်းကျင်မှာ မိုးကြိုး တိမ်တိုက်များဖြင့် ပြည့်နှက် လာ၏။ ရှန်းရှီသည် အလင်းများ ဝန်းရံကာ ကောင်းကင်သို့ ပျံတက်လာ၏။ သူမ၏ မျက်နှာမှာ မိုးကြိုးတိမ်တိုက်၏ ဖိအားပေးမှု အောက်တွင် အနည်းငယ် ဖြူရော် နေသည်။ မိုးကြိုး ကပ်ဘေးကား စတင် နေခဲ့ပြီ ဖြစ်လေသည်။
လူများမှာ ရှန်းရှီကို ကြည့်ကာ မိုးကြိုး ကပ်ဘေးကို ဖြတ်ကျော်ရန် အခွင့်အရေး နည်းပါးကြောင်း ချက်ချင်းပင် သိလိုက်ကြသည်။ သုံးဘဝ ဝင်စားခြင်းဆေးကို မစုပ်ယူပါက သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ မိုးကြိုး ကပ်ဘေးကို ရင်ဆိုင်ရန် လုံလောက်လိမ့်မည် မဟုတ်ချေ။
"ငါတို့ရဲ့ ပါရမီရှင်လေ…"
ပြန်လည် မွေးဖွားခြင်းဂိုဏ်း အကြီးအကဲ များမှာ ရှန်းရှီကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားကြသည်။
အကယ်၍ ရှန်းရှီသာ ကောင်းကင် အဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ပါက နှစ်တစ်ထောင် အတွင်း အခြေတည် ဝိညာဉ် အဆင့်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။ ထိုအခါ သူမသည် ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ ဘိုးဘေး ဖြစ်လာကာ ဂိုဏ်းကို နှစ်ပေါင်း တစ်သောင်းတိုင် စောင့်ရှောက် ပေးနိုင်ပေးလိမ့်မည် ဖြစ်သည်။ သို့သော်လည်း မိစ္ဆာကောင် ချန်းပေ့ရွှမ်းသည် အရာရာကို ဖျက်ဆီး ပစ်ခဲ့၏။
"သတ်…"
အကြီးအကဲများက တစ်ပြိုင်နက်တည်း အော်ဟစ် လိုက်ကြသည်။
"ဘုန်း…"
ပြန်လည် မွေးဖွားခြင်း စက်ဝန်းသည် ကောင်းကင်တွင် ပိုမို၍ အရှိန်ပြင်းစွာ လည်ပတ်လာ၏။ ချက်ချင်းပင် ချန်းဖန်၏ ပတ်လည်ရှိ လေထုမှာ ပြင်းထန်သော ဖိအားများဖြင့် ပိုမို ပြည့်နှက်လာကာ မိစ္ဆာ ခြောက်ကောင်၏ အရွယ်အစားမှာလည်း ပေငါးရာ အထိ ရောက်အောင် တိုက်စား ခံလိုက်ရသည်။
သို့သော်လည်း ချန်းဖန်မှာမူ တည်ငြိမ်စွာပင် ရှိနေသေးသည်။ သူက ပြန်လည် မွေးဖွားခြင်းတောင်၏ အနောက်ဘက် အခြမ်းကို ရုတ်တရက် လှည့်ကာ မေးလိုက်သည်။
"မင်းတို့က ငါနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ် ပြီးပြီလား…"
သို့သော်လည်း ထိုအထွတ်အမြတ် နယ်မြေမှာမူ တိတ်ဆိတ်နေဆဲ ဖြစ်၏။ မည်သူမျှ တုန့်ပြန်ခြင်း မရှိချေ။
ဘုန်း…
တစ်ချိန်တည်း၌ မိုးကြိုးကပ်ဘေးက စတင် နေခဲ့ပြီ ဖြစ်လေသည်။ များစွာသော မိုးကြိုး အလင်းတန်းများ၏ တိုက်ခိုက်မှု အောက်တွင် ကောင်းကင်ရှိ ရှန်းရှီမှာ မြေပြင်ပေါ် ပြုတ်ကျ သွား၏။ သူမ၏ ဘေးရှိ အရှိန်အဝါမှာ လုံးဝ ပျောက်ကွယ်ကာ သူမ၏ မျက်နှာမှာလည်း သွေးမရှိ သကဲ့သို့ ဖြူရော်နေသည်။
"နတ်မိမယ်…"
ဟွာနွန်ယင်နှင့် ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ လူငယ်များကား မျက်စိ မျက်နှာပျက် နေကြပြီ ဖြစ်သည်။
"ချန်းပေ့ရွှမ်း… နင်လုပ်လိုက်တဲ့ အကျိုးဆက်ကို ကြည့်စမ်း"
အကြီးအကဲ ယွီလုံက ဒေါသတကြီး အော်ဟစ် လိုက်၏။
"ငါက ငါလုပ်ခဲ့တဲ့ အကျိုးဆက် အတွက် အမြဲ တာဝန်ယူတယ်… ဒီနေ့ ငါ ရှန်းရှီကို ကယ်တင်ပြီး ပြန်လည် မွေးဖွားခြင်းဂိုဏ်း အတွက် ကောင်းကင် အဆင့် ရွှေအမြုတေ တစ်ယောက် ပေးမယ်… နင်တို့နဲ့ ငါတို့ကြားမှာ ဘာအကြွေးမှ မရှိတော့ဘူး"
ချန်းဖန်က ပြောကာ ခြေဖနှောင့်အား ပေါက်လိုက်၏။
"နိုးထစမ်း…"
"ဘုန်း…"
အဆုံးမဲ့ သင်္ကေတများသည် သူ၏ ခြေဖဝါး အောက်၌ ခိုဝင်ကာ တောက်ပလာ၏။ ထိုသင်္ကေတများကား ပြန်လည် မွေးဖွားခြင်း စက်ဝန်း မဟာ အစီအရင်၏ အစိတ်အပိုင်း အချို့မှ ပဲ့ကြွေလာခြင်း ဖြစ်သည်။
"ဘာဖြစ်တာလဲ… အစီအရင်ကို ထိန်းချုပ်လို့ မရတော့ဘူး"
များစွာသော အကြီးအကဲများမှာ တစ်ယောက်ကို တစ်ယောက် နားမလည်စွာ ကြည့်လိုက် ကြ၏။
"မကောင်းတော့ဘူး… မိစ္ဆာကောင်က ငါတို့ရဲ့ အစီအရင်ကို ထိမ်းချုပ်နေပြီ"
အကြီးအကဲ ကျူးရန်က အော်ဟစ် လိုက်သည်။
"ချန်းပေ့ရွှမ်း… မင်း ဘာလုပ်တာလဲ"
မဟာ အကြီးအကဲက ဒေါသတကြီး ဟိန်းဟောက် လိုက်၏။
သို့သော်လည်း ချန်းဖန်မှာ ဂရုစိုက်ခြင်း မရှိချေ။ သူက သင်္ကေတများကိုသာ ဆက်လက် ဆင့်ခေါ်နေ၏။
သူသည် နဂါးစံအိမ်တွင် နေထိုင်စဉ် အတွင်း ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ အစီအရင်များကို လေ့လာထားပြီး ဖြစ်သည်။ သူ့ အနေဖြင့် ပြန်လည် မွေးဖွားခြင်း စက်ဝန်း တစ်ခုလုံးကို မထိန်းချုပ် နိုင်သည့်တိုင် ဆန္ဒ ရှိပါက ၎င်းအား အလွယ်တကူ ဖျက်ဆီးနိုင်သည်။
"လုံလောက်ပြီ…"
ချန်းဖန်က သူ၏ လက်ညိုးကို သုံးကာ "နတ်ဘုရား" ဟူသော စကားလုံးကို လေထု၌ ရေးဆွဲလိုက်သည်။ ထိုစကားလုံးများသည် အဆုံးမဲ့ စွမ်းအားကို သယ်ဆောင်ထားသည့် အလား ကမ္ဘာကို ကျော်ဖြတ်ကာ တောက်ပ ကြသည်။ လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် သွားကြ၏။
"သွား…"
ချန်းဖန်က အမိန့်ပေးလိုက်ရာ ရွှေရောင် စကားလုံးမှာ ကောင်းကင်ကို ဖြတ်၍ ပျံသန်းကာ ရှန်းရှီ၏ ခန္ဓာကိုယ် အတွင်း ဝင်ရောက် သွား၏။ ရွှေရောင် စကားလုံးနှင့် ပေါင်းစပ်ပြီးနောက် ရှန်းရှီ၏ ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ခါကာ သူမ၏ အရှိန်အဝါလည်း ပြန်လည် မြင့်တက် လာသည်။ ထို့နောက် သူမသည် နောက်တစ်ကြိမ် ကောင်းကင်သို့ ပျံတက် လေ၏။
"အဲဒါက…"
မရေမတွက်နိုင်သော လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြသည်။ လူအို ကျင့်ကြံသူကြီးများ ပင်လျှင် ထိုအလှည့်အပြောင်းကို နားမလည်ကြချေ။
"ရှန်းရှီရဲ့ အမြုတေ နတ်ဘုရား ကျင့်စဉ်က မပြည့်စုံဘူး… မိုးကြိုးကပ်ဘေးကို အတင်းအကြပ် ဖြတ်ကျော်ရင် သူ ကျိန်းသေ သေလိမ့်မယ်… အခု ငါက သူ့ကို ပြည့်စုံတဲ့ နတ်ဘုရား ကျင့်စဉ်ကို ပေးပြီး ကောင်းကင် အမြုတေ ဖွဲ့စည်းနိုင်အောင် ကူညီ ပြီးပြီ… ငါနဲ့ ပြန်လည် မွေးဖွားခြင်းဂိုဏ်းကြားမှာ ဘာ အကြွေးမှ မရှိတော့ဘူး"
ချန်းဖန်က ဆိုလိုက်၏။
"နတ်ဘုရား ကျင့်စဉ် ဟုတ်လား…"
လူတိုင်းမှာ ဆွံ့အ သွားကြ၏။
"ချန်းပေ့ရွှမ်းက နတ်မိမယ် ရှန်းရှီကို ပြည့်စုံတဲ့ နတ်ဘုရား ကျင့်စဉ် တစ်ခု ပေးလိုက်တာလား…"
သမိုင်းကြောင်း ရှည်လျားသည့် ဂိုဏ်းကြီးများတွင်ပင် နတ်ဘုရား ကျင့်စဉ်များကို ဂိုဏ်း၏ အဓိက ရတနာ အဖြစ် တန်ဖိုးထား ထိန်းသိမ်း ကြသည်။ သို့သော်လည်း ချန်းပေ့ရွှမ်းက ထိုသို့သော ကျင့်စဉ်ကို လွယ်လွယ်ကူကူ ပေးပစ်ခဲ့သည်။ ထိုအရာက အမှန်တကယ်ပင် ကြီးကျယ်လွန်းသော လက်ဆောင် တစ်ခု ဖြစ်ပေသည်။
ထိုအခိုက်အတန့်၌ မဟာ အကြီးအကဲ လင်းရှန်း ပင်လျှင် ချန်းဖန်အား ဘာပြောရမှန်း မသိတော့ချေ။
သူတို့သည် ချန်းဖန်အား သတ်ဖြတ်ရန် ကြိုးစားသော်လည်း ချန်းဖန်က ရှန်းရှီအား နတ်ဘုရား ကျင့်စဉ် တစ်ခု ပေးခဲ့သည်။
ထျန်းဟောင်ဂြိုဟ်၌ ကောင်းကင် အရှင်များ ထားခဲ့သည့် ကောင်းကင် ကျင့်စဉ်များပင် များများစားစား မရှိချေ။ သိုဖြစ်ရာ ဝိညာဉ် ဖွဲ့စည်းခြင့် ထားခဲ့သည့် နတ်ဘုရား ကျင့်စဉ်များ ဆိုလျှင် ဆိုဖွယ်ရာ မရှိချေ။ ပြန်လည် မွေးဖွားခြင်းဂိုဏ်း ပင်လျှင် ခေတ်အဆက်ဆက် သွေး၊ ချွေးများစွာ ရင်းနှီးပြီးမှသာ မပြည့်စုံသည့် နတ်ဘုရား ကျင့်စဉ် တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ အကြီးအကဲများသည် ချန်းဖန်ကို ငေးကြောင်ကာ ကြည့်နေကြ၏။ သူတို့သည် ချန်းဖန်ကို ကျေးဇူး တင်ရမည်လော ဆက်လက် တိုက်ခိုက်ရမည်လော ဝေခွဲ မရခဲ့ချေ။
"သွားကြမယ်…"
ချန်းဖန်က ရှောင်မန်နှင့် လင်းဝူဟွာတို့ကို ခေါ်ဆောင်ကာ ပြန်လည် မွေးဖွားခြင်းဂိုဏ်းထဲမှ ထွက်ခွာရန် ပြင်လိုက်၏။ မြေအောက် သရဲဂိုဏ်းချုပ် အပါအဝင် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ စကား တစ်ခွန်းပင် မဆိုရဲကြချေ။ သူတို့သည် တိတ်ဆိတ်စွာပင် ချန်းဖန်တို့ ထွက်ခွာသွားသည်ကို ကြည့်နေမိကြ၏။
"ငါတို့ တစ်ခုခု လုပ်သင့်လား…"
ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ အကြီးအကဲများက တစ်ယောက်ကို တစ်ယောက် ကြောင်တောင်တောင် ကြည့်လိုက်ကြသည်။
ချန်းပေ့ရွှမ်းသည် ရှန်းရှီအား နတ်ဘုရား ကျင့်စဉ် ပေးကာ ကောင်းကင် အဆင့် ရွှေအမြုတေ ရရန် ကူညီ ပေးခဲ့သည်။ တစ်ချိန်တည်း၌ သူသည် ပြန်လည် မွေးဖွားခြင်းဂိုဏ်းအား တိုက်ခိုက်ကာ သူတို့၏ ရတနာ ဖြစ်သည့် နဂါး နတ်မိမယ်လေးကို ခေါ်သွားခဲ့သည်။
"ဟူး…"
အားလုံး ငေးငိုင်နေကြစဉ်မှာပင် ရုတ်တရက် လောကကြီး တစ်ခုလုံးမှာ အေးခဲ သွား၏။ ချန်းဖန်နှင့် အခြားလူများ အားလုံးမှာ ကောင်းကင်တွင် ရုပ်တုများ ကဲ့သို့ အေးခဲ သွားသည်။ ထို့နောက် ပြန်လည် မွေးဖွားခြင်းတောင် အနောက်ခြမ်းမှ အသံ တစ်ခု ထွက်ပေါ်လာ၏။
"ခဏလောက် နေပါဦး…"
***