← Chapters

ပင်လယ်တိမ်တိုက်လေလံပွဲ ၃

Vol. 48 Ch. 471

ပင်လယ်တိမ်တိုက်လေလံပွဲ ၃

Vol. 48 Ch. 471

တကယ်တော့ တဖက်ခန်းအတွင်းရှိလူသည် စုချန်းထက်ပင် စိတ်ဝိညာဥ်စွမ်းအား မြင့်မားနေသေး၏။

သို့သော် စုချန်း၏ ဆေးဝါးများကိုတော့ သူ မယှဥ်နိုင်။

ရှင်သန်ခြင်းကျောင်းတော်နှင့် သဘောတူညီချက်အရ စုချန်းအနေနှင့် နောက်ထပ် ဝိညာဥ်တည်ငြိမ်ခြင်းဆေးဝါးများ ဖော်စပ်ပေးရန် မလိုတော့။ သို့သော် စုချန်းတွင် အလောင်းကောင်ဝိညာဥ်ပန်းပင် အများအပြားပင် ကျန်ရှိနေသေး၏။ ထို့ပြင် မိုးကြိုးရေနဂါးလွန်းပျံယာဥ်ကို ဝယ်ယူလိုက်ခြင်းကြောင့် စုချန်းအနေနှင့် စိတ်ဝိညာဥ်စွမ်းအင်များ တိုးပွားရန် လိုအပ်လာခဲ့၏။ ထို့ကြောင့် စုချန်းက ယမန်နေ့ညကပင် ဝိညာဥ်တည်ငြိမ်ခြင်းဆေးတချို့ကို ကြိုတင်ဖော်စပ်ထားခဲ့ခြင်းပင်။ ယခုတော့ မမျှော်လင့်ပဲ ထိုဆေးကို လက်တွေ့အသုံးချလိုက်ရပေပြီ။

ဝိညာဥ်တည်ငြိမ်ခြင်းဆေးသည် စုချန်း၏ ဝှက်ဖဲဟု ဆိုနိုင်၏။ မည်သို့ဆိုစေ ဤဝှက်ဖဲကြောင့်ပင် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်များက တဖက်လူ၏ စိတ်အာရုံအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့လေပြီ။

ထိုလူကား အလွန်ပင် ဆုံးဖြတ်ချက် ပြတ်သားပုံရလေသည်။ စုချန်းနှင့် သူ့အကြား ဆက်နွယ်မှုကို ဖြတ်တောက်ရန် သူ့ကိုယ်သူ အနာခံပြီး စိတ်ဝိညာဥ်စွမ်းအင်များကို ပိတ်ဆို့ပစ်လိုက်၏။

၎င်း၏ သူရဲကောင်းဆန်ဆန် လုပ်ရပ်ကား ချိန်သားကိုက်လှသည်။ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများသည် ၎င်း၏ စိတ်အာရုံအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း မရှိတော့။ တချိန်တည်းမှာပင် ၎င်း သိရှိလိုက်သည်မှာ ၎င်း၏ မှတ်ညဏ်တချို့ တဖက်လူ၏ တိုက်ခိုက်မှုကြောင့် ဘယ်တော့မှ ပြန်မရနိုင်တော့ပဲ ထာဝရပျောက်ဆုံးသွားခြင်းပေတည်း။

"မဟုတ်ဘူး"

ထိုလူ ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

တဖက်တွင်လည်း စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်များမှာ ယခင်ကထက် ပို၍ ပြည့်ဖြိုးလာ၏။ တစုံတယောက်၏ စိတ်ဝိညာဥ်စွမ်းအင်များကို ဝါးမြိုစုပ်ယူလိုက်ရခြင်းမှာလည်း သိပ်မဆိုးလှချေတကား။

ထိုအချိန်တွင် တဖက်လူ မည်သူမည်ဝါမှန်း စုချန်း သိရှိသွားပြီ ဖြစ်သည်။ ထိုအခါသူက အေးစက်သော လေသံနှင့် ရယ်မောလိုက်၏။

"လက်စသတ်တော့ ဝိညာဥ်စားသုံးခြင်းမျိုးနွယ်စုက အကြီးအကဲရှီတင်းချောင်က သူရှိနေကြောင်း အကြောင်းပြပြီး ကျုပ်ကို ဂုဏ်ပြုလိုက်တာကိုး ဒီအတိုင်းဆိုလျင် ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ သူများကို အလွယ်တကူ ဒုက္ခပေးဖို့ ခင်ဗျားလုပ်တာ ဘာမှ အံ့သြစရာမရှိဘူးပဲ"

ဝိညာဥ်စားသုံးခြင်းနတ်ဆိုးဟူသည်မှာ အဆင့်မြင့်နတ်ဆိုးသတ္တဝါအုပ်စုဝင်ဖြစ်သည်။ ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမာန်မျှသာ ဖြစ်သော်လည်း စိတ်ဝိညာဥ်စွမ်းအင်မှာကား ကြောက်စရာကောင်းလှ၏။ ၎င်းတို့သည် ကမ္ဘာဦးမတိုင်မီ သတ္တဝါကြီးများ၏ အိပ်မက်အစေခံများဟုလည်း ပြောဆိုလေ့ရှိကြပြီး အိပ်မက်နယ်ပယ်အတွင်း စိတ်ရှိသလို ဝင်လိုက်ထွက်လိုက်လုပ်နိုင်သည့် သတ္တဝါများ ဖြစ်ကြသည်။

မည်သို့ဆိုစေ ဝိညာဥ်စားသုံးခြင်းနတ်ဆိုးများသည် ၎င်းတို့နာမည်အတိုင်း ဝိညာဥ်များကို စားသုံးကြသည့် သတ္တဝါများပင်တည်း။

ယခု စုချန်း ရင်ဆိုင်နေရသည့် ရှီတင်းချောင်သည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သာ ဖြစ်သော်လည်း ၎င်း၏ စိတ်ဝိညာဥ်စွမ်းအင်ကမူ ၎င်းနှင့် အဆင့်တူများထက် များစွာ မြင့်မားနေ၏။ ထို့ကြောင့် ၎င်း၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို ရှောင်နိုင်သူ အတော်ပင် ရှားပါးလေသည်။ ယခုတော့ ရှီတင်းချောင်သည် အမျိုးအမည် မသိသော လူတယောက်၏ လက်ချက်နှင့် ခံလိုက်ရလေပြီ။ ဤသတင်းသာ တခြားနေရာများသို့ ပေါက်ကြားသွားပါက ရှီတင်းချောင် သိက္ခာကျရပေတော့မည်။

ထိုအခါ ရှီတင်းချောင်က ဒေါသတကြီးနှင့် ပြောလိုက်သည်။

"မင်း သိပ်တော်နေတယ်ပေါ့ ဟုတ်လား သတ္တိရှိရင် မင်းဘယ်သူလဲဆိုတာ ပြောလိုက်လေ"

စုချန်းက ခွန်းတုံ့ပြန်လိုက်သည်။

"ခင်ဗျားမှာ အစွမ်းအစရှိတယ်ဆိုရင် ကိုယ့်ဟာကိုယ် စုံစမ်းလေဗျာ"

သူတို့နှစ်ယောက်လုံးလိုလိုသည် စိတ်စွမ်းအင်ကို အသုံးပြု၍ စကားပြောနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် တခြားလူများအနေနှင့် သူတို့ ဘာပြောနေသည်ကို ကြားနိုင်စွမ်းမရှိ။

သိပ်မကြာမီ မရဏရေ ဝိညာဥ်အကျဥ်းချလက်စွပ် ရှီတင်းချောင်၏ လက်ဝယ်သို့ ရောက်ရှိလာ၏။ လက်စွပ်ကို ကြည့်ရင်း ရှီတင်းချောင်၏ မျက်နှာပေါ်တွင် ကောက်ကျစ်ယုတ်မာသော အပြုံးတရပ် ပေါ်ပေါက်လာသည်။

"ဒီတကြိမ် မင်း မသေပဲနေမလား ကြည့်ရသေးတာပေါ့ကွာ"

ရှီတင်းချောင်ကား ညဏ်ကောင်းသူ ဖြစ်သည်။ ငွေကြေး အမြောက်အများ အကုန်ခံ၍ ဝယ်ယူလိုက်ရသော လက်စွပ်ကို ချက်ချင်းပင် အသုံးချရန် ကြံစည်လိုက်၏။

ထိုအချိန်မှာပင် ထူးဆန်းသော အားလှိုင်းတခုက သူ့ပတ်ဝန်းကျင်သို့ ထိုးဖောက်ဝင်ရောက်လာပြီး သူ့အာရုံစူးစိုက်မှုမှာလည်း ရုတ်ချည်းပင် ကျဆင်းသွားကြောင်း စုချန်း သတိထားမိလာ၏။ ပို၍ဆိုးသည်မှာ သူ့တကိုယ်လုံး မူးဝေမိန်းမောပြီး အိပ်ချင်လာခြင်းပင် ဖြစ်သည်။

၎င်းမှာ ဝိညာဥ်အကျဥ်းချလက်စွပ်၏ စွမ်းအားမှန်း စုချန်း သဘောပေါက်လိုက်သည်။ သူကား လက်စွပ်ကို မဝယ်နိုင်ခဲ့သည့်တိုင် လက်စွပ်၏ အရသာကို ပထမဆုံး မြည်းစမ်းလိုက်ရသူ ဖြစ်သွားချေပြီတကား။

"မဆိုးဘူး"

စုချန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးခပ်သဲ့သဲ့ ပေါ်လာ၏။

လက်စွပ်၏ စွမ်းအင်မှာ တကယ်ပင် မဆိုးလှ။ အကြောင်းမှာ စုချန်းအနေနှင့် သူ၏ စိတ်ဝိညာဥ်စွမ်းအင်များကို ဘယ်လိုမှ စုစည်းမရပဲ ဖြစ်နေသည် မဟုတ်ပါလား။ သူ့ပုံစံမှာ အကြာကြီး အိပ်ပျော်နေရာမှာ ရုတ်တရက် လန့်နိုးလာသူနှင့် တူနေ၏။

ဤပုံစံအတိုင်းသာ ဆက်လက်တိုက်ခိုက်သွားပါက စုချန်းအနေနှင့် အကြီးအကျယ် ခံစားသွားဖွယ်ရာ ရှိနေ၏။

သို့သော် စုချန်းတွင် တဖက်လူနှင့် ဆက်လက်တိုက်ခိုက်ရန် အစီအစဥ် မရှိတော့ချေ။

ထိုအခါ သူက စိတ်ဝိညာဥ်စွမ်းအင်များကို သူ့ပတ်ပတ်လည်တွင် သံမဏိတံတိုင်းသဖွယ် ကာရံထားလိုက်ပြီး သူ့စိတ်အာရုံကို ပိတ်ချလိုက်၏။

သူ့အနေနှင့် တဖက်လူအား ပြန်လည်တိုက်ခိုက်ရန် လုံးဝ အာရုံမထားတော့။ ထိုအစား သူက ရှိသမျှ စိတ်ဝိညာဥ်စွမ်းအင်များကို တဖက်လူ၏ တိုက်ခိုက်မှုအား ခုခံရာတွင်သာ စုစည်းထားလိုက်တော့သည်။ ထိုအခါ ရှီတင်းချောင်အနေနှင့် စုချန်း၏ စိတ်အတွင်းသို့ ဖောက်ဝင်ရန် အချိန်အကြာကြီး ကြိုးစားရတော့မည် ဖြစ်သည်။ သူ့အနေနှင့် အောင်မြင်သွားလျင်ပင် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်များအား ပြန်လည် စုပ်ယူနိုင်တော့မည် မဟုတ်။

ထိုအနေအထားနှင့် ရင်ဆိုင်လိုက်ရသောအခါ ရှီတင်းချောင် ရူးမတတ် ခံစားလိုက်ရ၏။

သူ့အခြေအနေမှာ လောင်းကစားပွဲတွင် တဖက်လူ၏ အနိုင်နှင့်အပိုင်းခံလိုက်ရသူနှင့် တူနေ၏။ လောင်းကစားပွဲတွင် ရှုံးနိမ့်နေသူတယောက်သည် အချိန်၊ငွေ၊ခွန်အား အကုန်ခံကာ တဖက်လူအား ပြန်လည်အနိုင်ယူနိုင်ရန် ကြိုးစားသော်ငြား တဖက်လူက ဆက်မကစားတော့ဟု သိလိုက်ရသောအခါ များစွာ အခံရခက်လေသည်။ ရှီတင်းချောင်၏ အခြေအနေမှာလည်း ထို့အတူတည်း။

ရှီတင်းချောင်ကား အကြီးအကျယ် ဒေါသထွက်နေလေပြီ။

ထိုအချိန်တွင် စုချန်းကား သူ့ကို ဂရုမစိုက်တော့။ လေလံပွဲဘက်သို့သာ ပြန်လည်အာရုံစိုက်လျက်ရှိ၏။

တဖက်တွင်လည်း ပင်လယ်တိမ်တိုက်နန်းတော်လေလံပွဲ၏ အဆင့်အတန်းအရ ရှီတင်းချောင်အနေနှင့် အတင်းအကျပ် လုပ်၍ မရပေ။ လက်ရှိတွင် သူသည် စုချန်းအား စိတ်ဝိညာဥ်စွမ်းအားနှင့် တိုက်ခိုက်၍ မရသလို ကိုယ်ထိလက်ရောက် ကျူးလွန်၍လည်းမရ ဖြစ်နေ၏။ ထို့ကြောင့် ရှီတင်းချောင်အနေနှင့် ဒေါသထွက်နေသည်မှာ အပြစ်တော့မဆိုသာချေ။

"၁.၅သန်း"

လှပသော မူလဖိနပ်တရံကို လေလံတင်လိုက်ပြန်၏။ ကုချိန်းလွှာတွင် ဖိနပ်ကောင်းကောင်းမရှိမှန်း သိထားသော စုချန်းက ထိုဖိနပ်ကို သူမအတွက် ဝယ်ယူပေးလိုက်၏။

သိပ်မကြာမီ ကုချိန်းလွှာ၏ ခြေအစုံတွင် အလွန်လှပသော ဖိနပ်တရံ ဝတ်ဆင်ပြီးသား ဖြစ်နေ၏။ ကုချိန်းလွှာကား ပျော်မဆုံး မော်မဆုံးနှင့် ရှိလေသည်။ ၎င်းကိုကြည့်ရင်း ကုကျင်းတန်၏ နှလုံးသားထဲတွင် နာကျင်စွာ ခံစားလိုက်ရသည်။

စုချန်းသည် မရဏရေအကျဥ်းချလက်စွပ်အား လက်လွတ်ဆုံးရှုံးလိုက်ရ၏။ ၎င်းမှာ စိတ်ပျက်စရာကောင်းလှသည်။ သို့သော် စုချန်ကား အနည်းငယ်မှ နောင်တမရချေ။

လောကတခွင်လုံးမှာ ရတနာအများအပြား ရှိနေသည် မဟုတ်ပါလား။ အနှိုင်းမဲ့ရတနာဟူသည်မှာ မရှိ။ မည်သည့် အရာကိုမဆို အစားထိုး အသုံးပြု၍ ရသည်ဟု စုချန်း ယူဆထား၏။ ထို့ပြင် ဝိညာဥ်အကျဥ်းချလက်စွပ်သည် တန်ကြေး ၈သန်းထိ ပေါက်သွားခဲ့ပြီဖြစ်လေရာ စျေးကြီးသွားပြီ မဟုတ်ပါလား။

သိပ်မကြာမီ အခမ်းအနားမှုးက နောက်ထပ် စိတ်ဝိညာဥ်အမျိုးအစား မူလကိရိယာတမျိုးအား လေလံတင်လာပြန်၏။

၎င်းမှာ အိပ်မက်ဆိုးမြွေကြိမ်လုံးပင် ဖြစ်သည်။

ထိုကြိမ်လုံး၏ ထိပ်ဖျားတွင် အိပ်မက်ဆိုးမြွေမူလသလင်းအား တပ်ဆင်ထားခြင်းကြောင့် အိပ်မက်ဆိုးမြွေကြိမ်လုံးကို ခေါ်ဆိုထားခြင်း ဖြစ်သည်။ အိပ်မက်ဆိုးမြွေဟူသည်ကား အဆင့်မြင့်နတ်ဆိုးသတ္တဝါတကောင် ဖြစ်ပြီး ၎င်း၏ မူလသလင်းမှာ တွေ့ရှိရန် အလွန်ခဲယဥ်း၏။ထို့ပြင် ၎င်းတွင် လူတယောက်၏ စ်ိတ်ဝိညာဥ်စွမ်းရည်များကို သန်မာအားကောင်းလာစေသော စွမ်းရည်လည်း ရှိနေလေသည်။

အိပ်မက်ဆိုးမြွေကြိမ်လုံးအား ကြော်ငြာလိုက်သည်နှင့် ပွဲခင်းတခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ အပြိုင်အဆိုင် စျေးတင်ပေးကြပြီးနောက် မူလကျောက်တုံး ၃.၂သန်းနှင့် ထိုကြိမ်လုံးကို စုချန်းပင် ရရှိလိုက်၏။

ကြိမ်လုံး လက်ထဲသို့ ရောက်လာသည်နှင့် စုချန်းက ချက်ချင်းပင် ကြိမ်လုံးထိပ်ဖျားမှ မူလသလက်းကို ဖယ်ထုတ်လိုက်၏။

ထိုမူလသလင်းမှာ ဝိညာဥ်ကြောက်လန့်ခြင်းပုလဲနှင့် သဘောတရားချင်း တူညီပေသည်။ မည်သည့် အထောက်အပံ့မှ မလိုပဲ သူ့ချည်းသက်သက်လည်း အသုံးပြုနိုင်၏။ စုချန်းကား လက်ထဲတွင် ကြိမ်လုံးတကားကားနှင့် သရုပ်ပြနေရမည့် အဖြစ်မျိုးကို မလိုလား။ ထို့ကြောင့် မူလသလင်းအား လက်စွပ်တကွင်းအဖြစ် ဖန်တီးရန် စဥ်းစားထားလိုက်၏။

ကုကျင်းတန်အဖို့ကား စုချန်းကိုကြည့်ရင်း မျက်ရည်မကျပဲ ငိုရုံသာ တတ်နိုင်ရှာတော့၏။

မင်း ငါ့ကို ကြိုက်သလောက်သာ အရှက်ခွဲပါတော့ကွာ...

စုချန်းမှာ ကုကျင်းတန်ကို ဂရုမစိုက်အား။ လေလံပွဲကိုသာ ဆက်၍ အာရုံစိုက်နေ၏။

သိပ်မကြာမီ စုချန်း စိတ်ဝင်စားသော ပစ္စည်းတမျိုးကို အခမ်းအနားမှုးက ကြော်ငြာလိုက်ပြန်၏။ တန်ကြေးမှာ မူလကျောက်တုံး ၂သန်း ဖြစ်သည်။

၎င်းမှာ ဆန်းကြယ်လေးလံသံချပ်ကာဝတ်စုံပင် ဖြစ်သည်။

ဆန်းကြယ်လေးလံသံချပ်ကာဝတ်စုံဟူသည် ပင်ကိုယ် ဆန်းကြယ် အကာအကွယ်တမျိုး ပါဝင်သော သံချပ်ကာ ဝတ်စုံဖြစ်ပြီး အားကောင်းမောင်းသန် တိုက်ခိုက်မှုများကိုပင် ခံနိုင်ရည်ရှိ၏။ ၎င်းသည် မူလစွမ်းအင် အကာအကွယ်များနှင့် ပုံစံတူ၏။ သို့သော် ၎င်းတို့နှင့် တွဲဖက် အသုံးမပြုနိုင်ချေ။ သို့သော် မူလစွမ်းအင်အကာအကွယ်များ ပျက်စီးသွားချိန်တွင်တော့ အရန်အနေနှင့် အစားထိုးသုံးနိုင်၏။ ထို့ပြင် ၎င်းသည် ဝက်ဝံအကောင်တရာ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည့် ထိပ်တန်း သံချပ်ကာဝတ်စုံတမျိုးဟု ဆိုန်ိုင်ပေသည်။

တခြားသူများမှာ အခမ်းအနားမှုး၏ ဤဝတ်စုံအပေါ် လေလံတင်စျေးကို လက်လံကုန်သဖြင့် စုချန်းက အလွယ်တကူပင် ဝယ်ယူရရှိလိုက်၏။

All Chapters