ပင်လယ်တိမ်တိုက်လေလံပွဲ ၄
Vol. 48 Ch. 472
ဆန်းကြယ်လေးလံသံချပ်ကာဝတ်စုံအား လေလံတင်ပြီးတွင် နောက်ထပ် အလှည့်ကျလာသည့်ပစ္စည်းမှာ အရိပ်ခြေလှမ်းဖိနပ်များပင် ဖြစ်သည်။
အရိပ်ခြေလှမ်းဖိနပ်များဟူသည် အဆင့်၅ မူလကိရိယာဖြစ်ပြီး သာမာန်အားဖြင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များသာ အသုံးပြုနိုင်၏။ သို့သော် ဤတကြိမ် အရိပ်ခြေလှမ်းဖိနပ်များကတော့ ထူးခြားပြီး အဆင့်နိမ့် ချီစွမ်းအားပညာရှင်များပင် အသုံးပြုန်ိုင်ပေသည်။ ဖိနပ်များတွင် ပျံသန်းခြင်းမူလပုံစံများအား ထည့်သွင်းတည်ဆောက်ထား၏။ ၎င်းပုံစံကွက်များအား န်ိုးဆွပေးလိုက်သည်နှင့် အလေးချိန်လျော့ချပေးသည့် ဖြစ်စဥ် ပေါ်ပေါက်လာပြီး အသုံးပြုသူအား လေပေါ်သို့ ပျံတက်သွားစေမည် ဖြစ်သည်။ ထို့ပြင် အသုံးပြုသူသည် တနေ့လျင်တကြိမ်ကျစီ အရိပ်လိုက်ပါခြင်းနည်းစနစ်ကို အသုံးပြုနိုင်ပြီး မိမိ၏ အရိပ်နောက်သို့ လိုက်ပါသွားနိုင်၏။ အတော်လေး စွမ်းရည်မြင့်မားသော ဖိနပ်ပင် ဖြစ်သည်။
စုချန်းတွင် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်နှင့် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ် ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သို့သော် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်သည် မြန်နှုန်းမြင့်အနေအထားတွင် အသုံးမပြုနိုင်။ လွန်းပျံယာဥ်သည်လည်း ထွက်ပြေးရာတွင်သာ အသုံးဝင်၏။ ထို့ကြောင့် တိုက်ပွဲတွင် ဗျူဟာကျကျ ရွေ့လျားနိုင်မည့် ဖိနပ်တရံ စုချန်းအတွက် လိုအပ်နေသေးသည်ကတော့ အမှန်ပင်။
ပို၍ အရေးကြီးသည်မှာ ထိုဖိနပ်၏ စျေးနှုန်းကလည်း အလွန်တန်နေခြင်းပင်။ စုချန်းသည် ထိုဖိနပ်ကို မူလကျောက်တုံး ငါးသန်းနှင့်ပင် ဝယ်ယူနိုင်လိုက်၏။
ယခုဆိုလျင် စုချန်းတွင် သံချပ်ကာဝတ်စုံ၊ ဖိနပ်နှင့် စိတ်ဝိညာဥ်လက်နက်တို့ကို ရရှိသွားခဲ့လေပြီ။ သို့သော် သူ့အတွက် လက်နက်ကောင်း လိုအပ်နေသေး၏။
ကံဆိုးစွာပင် နောက်ထပ် လေလံတင်လာသော ပစ္စည်းမှာ လက်နက်မဟုတ်ပဲ အခြားပစ္စည်းတခု ဖြစ်နေ၏။
၎င်းမှာ အဖြူရောင်ချည်မျှင်ထွေးနှင့် တူလှသည်။ ချည်မျှ တချောင်းချင်းစီသည် အဖြူရောင်လဲ့လဲ့ တောက်ပနေပြီး ပုံသဏ္ဍာန်ဖော်ပြရန် ခဲယဥ်းလှ၏။ ၎င်းတို့ကို ကြည့်ရသည်မှာ အသက်ရှင်နေသည်နှင့်ပင် တူနေသေးသည်။
"ဒါကတော့ ပင်လယ်ကြမ်းခင်းကျောက်ဆောင်နိုင်ငံတော်က မရဏ ရေညှိမျှင်တွေပဲ ဒီရေညှိမျှင်တွေဟာ ထူးထူးဆန်းဆန်း မူလစွမ်းအင်တွေကို စုပ်ယူစားသုံးပြီး အသက်ရှင်နေကြတယ်လို့ ဆိုတယ် ပြီးတော့ ဒီရေညှိပင်တွေမှာ မရဏရေညှိကြိုး ပြုလုပ်ဖို့ အကောင်းဆုံး ကုန်ကြမ်းပစ္စည်းပဲ ကျုပ်တို့အနေနဲ့ ဒီရေညှိမျှင်တွေရဲ့ စျေးနှုန်းကို မသတ်မှတ်ပေးတော့ပါဘူး ခင်ဗျာ ဘာကြောင့်လဲဆိုတော့ သူ့အတွက် ကြမ်းခင်းစျေးဆိုတာ မရှိလို့ပါ"
"ဟာ မရဏရေညှိမျှင်တွေ ဆိုပါလား"
စုချန်း တအံ့တသြနှင့် ရေရွတ်လိုက်သည်။
"လက်စသတ်တော့ မရဏရေညှိမျှင်ဆိုတာ ဒါပဲကိုး သူတို့မှာ ဒီလိုရတနာမျိုး ရှိလိမ့်မယ်လို့ လုံးဝ ထင်မထားမိဘူး"
မရဏရေညှိမျှင် ဟူသည်မှာ ကျောက်တုံးနိုင်ငံတော်တွင်သာ တွေ့ရှိနိင်သည့် ထူးခြားသော သက်ရှိပုံစံတမျိုး ဖြစ်သည်။ အမျှင်တိုင်းလိုလိုသည် အသက်ရှိနေပြီး ၎င်းတို့ကိုပင် မရဏရေညှိမျှင်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ ၎င်းတို့၏ အဓိကအစားအစာမှာ မူလစွမ်းအင်ပင် ဖြစ်၍ ၎င်းတို့သည် မူလစွမ်းအင် ထူထပ်သိပ်သည်းသော နေရာများတွင်သာ အသက်ရှင်နေထိုင်ကြ၏။ ၎င်းတို့တွင် မူလစွမ်းအင်များကို ဖျက်စီးနိုင်သည့် စွမ်းရည်ရှိနေ၍ ၎င်းတို့ကို အသုံးပြုကာ ဖန်တီးထားသည့် မရဏရေညှိကြိုးသည်လည်း အလွန်အစွမ်းထက်သော ကာကွယ်ရေး မူလကိရိယာတမျိုး ဖြစ်လာတော့သည်။
ထို့ပြင် မရဏရေညှိမျှင်များအား ဖြတ်တောက်၍ မရပေ။ ချည်နှောင်ထားခြင်းဖြင့်သာ ထိမ်းသိမ်းနိုင်၏။ တကြိမ်အသုံးပြုပြီးပါကလည်း ရေညှိမျှင်များက ပိုင်ရှင်ဖြစ်သူအား မှတ်မိသွား၍ အခြား မည်သူမှ အသုံးပြု၍ မရတော့ချေ။ ထို့ကြောင့် ပင်လယ်တိမ်တိုက်နန်းတော်က ကုန်ချောထုတ်လုပ်ခြင်း မပြုပဲ ရေညှိမျှင်သက်သက်ကိုသာ ကုန်ကြမ်းအဖြစ် ရောင်းချနေခြင်း ဖြစ်သည်။
တခြား ကာကွယ်ရေးကိရိယာများနှင့် မတူသည်မှာကား မရဏရေညှိကြိုး၏ ခံနိုင်ရည်မှာ သိပ်မရှိလှ။ သို့သော် ၎င်းသည် မူလစွမ်းရည်များကိုတော့ ၁၀မှ ၃၀ရာခိုင်နှုန်းထိ လျော့နည်းသွားစေနိုင်၏။ စိတ်ဝိညာဥ်တိုက်ပွဲများတွင်တော့ ၎င်းမှာ အသုံးမတည့်လှချေ။
တနည်းအားဖြင့် ပြောရလျင် သင့်အနေနှင့် မည်မျှပင် ကိုယ်ခန္ဓာစွမ်းအင်အဆင့် မြင့်မားနေပါစေ၊ မည်မျှပင် တိုက်စစ်စွမ်းရည် အားကောင်းနေပါစေ တဖက်လူတွင် မရဏရေညှိကြိုး ရှိနေပါက သင်၏ တိုက်ခိုက်မှုမှာ အားပျော့သွားပေလိမ့်မည်။ ထို့ပြင် မရဏရေညှိကြိုး၏ သက်ရောက်မှုကို မည်သည့်မူလပုံစံကွက်၊ မည်သည့် မူလစွမ်းအင်နှင့်မျှ နှောင့်ယှက်၍ မရချေ။ ထို့ပြင် တခြား အကာအကွယ် မူလကိရိယာတမျိုးမျိုးနှင့် တွဲစပ်အသုံးပြုလိုက်ပါက ပိုင်ရှင်၏ ခံစစ်စွမ်းရည်မှာ များစွာ တိုးပွားလာစေနိုင်၏။
အကယ်၍ စုချန်းသာ အက်ဒမန်တင်းကိုယ်ခန္ဓာ၊ ပျံသန်းခြင်းကိုယ်ခန္ဓာများကို နှိုးဆွကာ မရဏရေညှိကြိုး၊ ဆန်းကြယ်သံချပ်ကာများနှင့် တွဲဖက်အသုံးပြုလိုက်ပါက အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်၏ မီးကုန်ယမ်းကုန် တိုက်ခိုက်မှုကို အချက်ရေအတော်များများ ခံနိုင်ဖွယ်ရာ ရှိနေ၏။
မရဏရေညှိမျှင်များအား စတင်လေလံတင်လိုက်သည်နှင့် တပြိုင်နက် လူတိုင်းလိုလိုသည် သွေးများ ဆူပွက်လာကြကုန်၏။ ဤရတနာအား လူတိုင်း စိတ်ဝင်စားကြသည် မဟုတ်ပါလား။
ချက်ချင်းလိုလိုပင် ပြင်းထန်သော ပြိုင်ပွဲကြီး ဖြစ်ပေါ်လာ၏။
"နှစ်သန်း"
"သုံးသန်း"
"ခြောက်သန်း"
"ခုနှစ်သန်း"
"ရှစ်သန်း"
"ဆယ်သန်း"
မရဏရေညှိပင်များ၏ စျေးနှုန်းသည် တခနအတွင်းဝယ် ကြောက်စရာကောင်းလှသော ပမာဏအထိ မြင့်တက်လာပြီ ဖြစ်သည်။
သို့သော် ၎င်းမှာ အစမျှသာ ရှိသေး၏။ သိပ်မကြာမီ မရဏရေညှိပင်များ၏ စျေးနှုန်းသည် သန်း၂၀ထိ ရောက်လာ၏။ လက်ရှိတွင်လည်း စျေးနှုန်းမှာ ဆက်လက်မြင့်တက်လျက်ရှိလေသည်။
တကယ်တော့ မရဏရေညှိပင်များဟူသည် အရွယ်ရောက်အပင်တပင် ဖြစ်လာဖို့ နှစ်တစ်သောင်းလောက်ထိ အချိန်ယူရလေသည်။ ထို့ကြောင့် လက်ရှိ လေလံတင်နေသည့် မရဏရေညှိပင်သည် နှစ်တစ်သောင်းသက်တမ်းရှိ ရတနာတမျိုးနှင့် တူနေ၏။ ထိုအတွက်ကြောင့် လူအများကလည်း အပြိုင်အဆိုင် ဝယ်ယူနေကြခြင်းပင်။
"သန်းငါးဆယ်"
စုချန်းကား မရဏရေညှိပင်လုပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဥ်ပြိုင်လေပြီ။ သူက ပထမဆုံးအကြိမ်မှာပင် သန်းငါးဆယ်ထိ စျေးခေါ်လိုက်၏။
သို့သော် သန်းငါးဆယ်ဟူသော စျေးနှုန်းမှာ ဘာမှဟုတ်ပုံမရ။ နောက်တချက်က ချက်ချင်းဆိုသလိုပင် သန်းရှစ်ဆယ် စျေးပြိုင်ပေးလာ၏။
သေစမ်း...ဒီကမ္ဘာကြီးပေါ်မှာ ချမ်းသာကြွယ်ဝတဲ့လူတွေ အများကြီးပါကလား...
တော်ဝင်မျိုးနွယ်စုဝင်တဦးဖြစ်၍ အမြဲတစေ ဂုဏ်မောက်နေခဲ့သော ကုကျင်းတန်၏ ရင်ထဲတွင် ပထမဆုံးအကြိမ် နာကျင်စွာ ခံစားလိုက်ရလေသည်။
တန်ကြေး သန်းရှစ်ဆယ်ထိ ရောက်လာချိန်တွင်တော့ အတော်များများ ပြိုင်ပွဲမှ နှုတ်ထွက်ကုန်၏။ စုချန်းအပြင် အခန်း ၁၄နှင့် ၁၈မှ ဧည့်သည်တို့သာ ကျန်တော့သည်။
နောက်ဆုံးတော့ ငွေကို ရေလို ဖြုန်းနိုင်သော စုချန်းသာလျင် မရဏရေညှိမျှင်များကို မူလကျောက်တုံး သန်း ၁၁၀နှင့် လက်ဝယ်ပိုင်ပိုင် ရရှိသွား၏။
မရဏရေညှိမျှင်များ စုချန်း လက်ပေါ်သို့ ရောက်လာချိန်တွင် ၎င်းအား လူတိုင်း ငေးစိုက်ကြည့်နေကြ၏။
မူလကျောက်တုံး သန်း၁၁၀တန်ကြေးရှိသော မရဏရေညှိမျှင်များ။
၎င်းကို ကြည့်ရင်း လူတိုင်း၏ ရင်ထဲတွင် စိတ်ဓတ်ကျလာကြ၏။ ထိုမှတဆင့် ဒေါသထွက်လာကြ၏။
"သေစမ်း ဒါ အခန်း ၁၆က ကောင်ပဲမလား ဘာလဲ ဒီကောင်က ဒီလေလံပွဲက ရှိသမျှ ပစ္စည်းအားလုံးကို အပိုင်သိမ်းဖို့ ဆုံးဖြတ်ထားတာလား ခုနကပဲ ဒီကောင် ပစ္စည်း၁၀မျိုးကျော်ကျော် ဝယ်ထားပြီးပြီမလား"
"ဒီကောင် ဘယ်ကနေ လေတိုက်ပြီး ရောက်လာတာလဲ ငွေကို ရေလို သုံးနေတာပဲကွ"
လူတိုင်း၏ ပါးစပ်ဖျားမှ တီးတိုးစကားသံများ ထွက်ပေါ်လာ၏။
ယုတ်စွအဆုံး ရှီတင်းချောင်သည်ပင် အံ့သြတုန်လှုပ်သွားလေသည်။
ထိုအချိန်တွင် စုချန်းသည် မရဏရေညှိမျှင်များအား ဂရုတစိုက်နှင့် သိမ်းဆည်းထားလိုက်၏။ ထိုအချိန်မှာပင် သူတို့အခန်းဝဆီမှ တံခါးခေါက်သံ ပေါ်လာသည်။
တခြားအခန်းမှ ဧည့်သည်များက စုချန်းအား သာမာန်လူမဟုတ်ဟု ယူဆသဖြင့် တွေ့ဆုံရန် လာရောက်ဖိတ်ခေါ်နေကြခြင်းပင်။ သို့သော် စုချန်းက ထိုလူများအားလုံးကို ယဥ်ယဥ်ကျေးကျေးပင် ငြင်းပယ်လိုက်လေသည်။ မည်သို့ပင်ဖြစ်စေ သူသည် တော်ဝင်မျိုးနွယ်စုဝင်မဟုတ်။ တော်ဝင်မျိုးနွယ်စုများ၏ ရန်သူသာ ဖြစ်နေသည် မဟုတ်ပါလား။
မရဏရေညှိမျှင်သည် လေလံပွဲအား အထွပ်အထိတ်ဆီသို့ ပို့ဆောင်ပေးလိုက်ပုံရ၏။ နောက်ပိုင်း လေလံတင်လာသော ပစ္စည်းတိုင်းလိုလိုမှာ ပစ္စည်းကောင်းများချည်းသာ ဖြစ်နေသည် မဟုတ်ပါလား။
မရဏရေညှိမျှင်ကား အတော်ပင် တန်ဖိုးကြီးမားနေသည့် ရတနာ ဖြစ်နေသည့်တိုင် စုချန်းကား မည်သည့် ပစ္စည်းကောင်းကိုမှ အလွတ်မပေး။
လေလံပွဲသို့ ရောက်ရှိလာသူတိုင်းလိုလိုသည် ချမ်းသာကြွယ်ဝသူများချည်းသာ ဖြစ်နေသော်လည်း စုချန်းကဲ့သို့ ပစ္စည်းတမျိုးတည်းအတွက် သန်းတစ်ရာကျော် သုံးပစ်သူမှာ အလွန်ရှား၏။
ထိုအခါ အရာအားလုံးသည် စုချန်း၏ လက်ခုပ်ထဲမှ ရေသဖွယ်သာ ဖြစ်ကုန်တော့သည်။