ပင်လယ်တိမ်တိုက်လေလံပွဲ ၅
Vol. 48 Ch. 473
မရဏရေညှိမျှင်များအား ဝယ်ယူပြီးသည်နှင့် စုချန်းသည် နောက်ထပ် ပစ္စည်းငါးမျိုးတိတိ ထပ်မံ ဝယ်ယူခဲ့၏။
ထိုပစ္စည်းငါးမျိုးမှာ ရွှေလက်ကောက်တကွင်း၊ ဓားပျံတစုံ၊ မီးလျံသားရဲမူလသလင်းတခု၊ ရေခဲသားရဲမူလသလင်းတခုနှင့် လက်နက်တမျိုးတို့ပင် ဖြစ်သည်။
ရွှေလက်ကောက်မှာ ကာကွယ်ရေးမူလကိရိယာတမျိုးပင် ဖြစ်သည်။ ၎င်းကို လေထဲ လွှင့်ပစ်လိုက်ပါက လေပေါ်တွင် ပေါလောပေါ်နေပြီး ကြုံတွေ့လာသမျှ တိုက်ခိုက်မှုတိုင်းကို ကာကွယ်ပေးနိုင်၏။ အချိန်တခုကြာသောအခါတွင်တော့ ၎င်းသည် သူ့အလိုအလျောက် မြေပေါ်သို့ ပြန်လည်ပြုတ်ကျလာမည် ဖြစ်သည်။
ဓားပျံတစုံတွင်ကား အလွန်ရှုပ်ထွေးသော မူလပုံစံများ ပါဝင်နေ၏။ ၎င်းအား ပစ်မှတ်ဆီသို့ ပစ်လွှတ်လိုက်ပါက ကြာပန်းငါးပွင့်အဆင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး၏ တိုက်ခိုက်မှုနှင့် ညီမျှသည့် စွမ်းအင်များ ထွက်ပေါ်လာမည် ဖြစ်သည်။ ကံဆိုးသည်မှာကား ၎င်းသည် တကြိမ်သာလျင် အသုံးပြုနိုင်ခြင်းပင်။
မီးလျံနှင့် ရေခဲသားရဲများ၏ မူလသလင်းမှာကား မီးလျံနှင့် ရေခဲအမျိုးအစား မူလစွမ်းရည်များကို အားဖြည့်ပေးနိုင်၏။ ၎င်းတို့သည် စုချန်း၏ ရှေးဟောင်းအာကင်နာနည်းစနစ်များ ပိုမို ထက်မြက်လာစေရန် ကူညီပေးနိုင်ပေလိမ့်မည်။
လက်နက်မှာကား အဆင့်၆ တောင်ခွဲဓားပင်ဖြစ်သည်။ အနှီ တောင်ခွဲဓားသည် အလွန်ကြောက်စရာကောင်းသည့် တိုက်စစ်လက်နက်တမျိုး ဖြစ်ပြီး စုချန်း၏ ပင်ကိုယ်ဗီဇနှင့်တော့ လိုက်ဖက်ညီခြင်း မရှိလှ။ သို့သော် စုချန်းက ဤဓားအား အမိအရပင် ဝယ်ယူလိုက်လေသည်။
ထိုပစ္စည်းငါးမျိုးလုံးသည် တန်ဖိုးကြီး ရှားပါးရတနာများပင် ဖြစ်သည်။
စုချန်းသည် လေလံတင်သမျှ ပစ္စည်းတိုင်းကို စိတ်ကူးတည့်သလို ဝယ်ယူနေလေရာ ကျန်လူများမှာ ဘာမှမတတ်နိုင်ပဲ လက်မှိုင်ချကာ ကြည့်နေကြရရှာ၏။
နောက်ဆုံးတွင်တော့ ကုချိန်းလွှာနှင့် ကျန်လူများ မျှော်လင့်နေသည့် န်ိုးထခြင်းဆေးရည်အား အခမ်းအနားမှုးက စတင် လေလံတင်လာ၏။ ဤတကြိမ်တွင်လည်း အခမ်းအနားမှုးက လေလံကြမ်းခင်းစျေးအား ပြောမထားချေ။
ကုချိန်းလွှာ ကြိုတင်တွေးဆထားသကဲ့သို့ ဤဆေးရည်အား လိုချင်သူ အများအပြား ရှိနေသည်မှာ အမှန်ပင်။ လေလံစတင်လိုက်သည်နှင့် အပြိုင်အဆိုင် ဝယ်ယူသူများ ချက်ချင်းပင် ပေါ်ပေါက်လာ၏။ စျေးနှုန်းမှာ ချက်ချင်းဆိုသလိုပင် မူလကျောက်တုံး ၁.၈သန်းသို့ ရောက်ရှိလာသည်။
ဤတကြိမ်တွင်တော့ စုချန်းပင် ထိတ်လန့်တုန်လှုပ်သွား၏။
နိုးထခြင်းဆေးရည်သည် တန်ဖိုးကြီးသည်မှန်သော်လည်း တကယ့်စျေးနှုန်းမှာ သိန်းဂဏန်းမျှသာ ဖြစ်သည်။ ဤမျှလောက်ထိ စျေးမြင့်စရာ အကြောင်းမရှိ။
ယခုတော့ လေလံပွဲ စ၍မှမကြာသေး။ ဆေးတန်ဖိုးက သန်းဂဏန်းထိ ခုန်တက်သွားပြီ ဖြစ်သည်။ ဤအတိုင်းဆိုလျင် ထိုဆေး၏ တန်ဖိုးမှာ ဒဏ္ဍာရီအဆင့် ဆေးတဖုံ၏ တန်ဖိုးနှင့်ပင် သွားညီမျှနေခဲ့လေပြီ။
"ဘယ်လိုဖြစ်ရတာတုန်း ဒီဆေးက ဒီလောက်တောင် စျေးကြီးစရာလား"
စုချန်း တအံ့တသြနှင့် ရေရွတ်လိုက်သည်။
"ဒီဆေးဟာ အများကြီး အသုံးဝင်တယ်ရှင့် ဒီဆေးဟာ ကမ္ဘာဦးသားရဲသွေးဗီဇကို နိုးထလာစေရုံသာ မကဘူး လူတယောက်ရဲ့ ပုန်းအောင်းနေတဲ့ ပါရမီကိုပါ ကြောက်စရာကောင်းလောက်အောင် တိုးပွားလာစေနိုင်တယ် သာမာန်အားဖြင့် ဆေးတဖုံရဲ့ စျေးနှုန်းကို အဓိက ဆုံးဖြတ်တာက ပါဝင်ပစ္စည်းတွေ ထုတ်လုပ်ပုံထုတ်လုပ်နည်းတွေ မဟုတ်ဘူး ဒီဆေး ဘယ်လောက်ထိ အသုံးဝင်သလဲဆိုတာနဲ့ပဲ တိုင်းတာဆုံးဖြတ်တာ ဒီတော့ ဖော်စပ်ဖို့ အင်မတန်ခက်ခဲတယ်ဆိုတဲ့ အခြေအနေကို ထည့်သွင်းတွက်ချက်လိုက်ရင် ဒီဆေးရဲ့ စျေးနှုန်းက သတ်မှတ်တန်ဖိုးကို ကျော်သွားတာ ဘာမှ အံ့သြစရာ မရှိတော့ဘူးပေါ့ လောကကြီးမှာ ယေဘုယျဆန်ဆန် သတ်မှတ်ချက်တွေ အများကြီး ရှိတယ် ဒါပေမဲ့ ဒီယေဘုယျဆန်တဲ့ သတ်မှတ်ချက်တွေမှာပဲ ခြွင်းချက်တွေ တပုံတပင် ရှိနေသေးတာ ရှင် မမေ့နဲ့လေ"
ကုချိန်းလွှာက ရှင်းပြလိုက်၏။
ကုချိန်းလွှာ၏ စကားကို ကြားလိုက်သည်နှင့် စုချန်း ချက်ချင်းပင် နားလည်သဘောပေါက်သွားလေသည်။ ဥပမာ..ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်သည် သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တယောက်ထက် သန်မာ၏။ ၎င်းမှာ ယေဘုယျ သတ်မှတ်ချက် ဖြစ်သည်။ လက်တွေ့ဘဝတွင်ကား သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တယောက် ဖြစ်နေသည့်တိုင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်အား ပြန်လည် အနိုင်ယူသွားသည့် ဖြစ်ရပ်မျိုး များစွာ ရှိနေလေသည်။
တကယ်တော့ စုချန်းသည်ပင်လျင် ထိုအထဲမှ တယောက်ပင် မဟုတ်ပါလား။
ယခင်က စုချန်းသည် ဆေးဝါးများ ဖန်တီးခြင်းကို အချိန်ကုန်၏၊ လူပင်ပန်း၏၊ ထင်သလောက်အကျိုးမရှိဟု ယူဆထားခဲ့၏။ ယခုတော့ ထိုအမြင် ပြောင်းလဲသွားခဲ့လေပြီ။ ဤလုပ်ငန်းသည်လည်း ငွေရှာရ အင်မတန်လွယ်ကူသော လုပ်ငန်းပေတကား။
ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် စုချန်းက ချက်ချင်းပင် လက်ထောင်ရင်း အော်လိုက်သည်။
"သုံးသန်း"
ထိုအချိန်တွင် ကုချိန်းလွှာကား ၁.၈သန်းဟူသော တန်ဖိုးကို မလိုက်နိုင်၍ လက်မှိုင်ချနေခဲ့လေပြီ။ အကြီးအကဲက သူမအား ပေးလိုက်သော ငွေကြေးမှာ မလုံလောက်မှန်း သိသာနေ၏။
စုချန်း လေလံဝင်ဆွဲနေကြောင်း တွေ့လိုက်ရသောအခါ ကုချိန်းလွှာ အံ့သြသွား၏။ သူမက မေးလိုက်သည်။
"ရှင် ဘာလုပ်တာလဲ ဒီကိစ္စမှာ ကျွန်မကို ကူညီစရာမလိုဘူးလို့ ပြောထားတယ်လေ"
စုချန်း ရယ်မောလိုက်သည်။
"သိပါတယ် ဒါ ကျုပ်အတွက် ဝယ်တာကွ"
"စမ်းသပ်မလို့ပေါ့ ဟုတ်လား"
အကြောင်းသိနေသူပီပီ ကုချိန်းလွှာက စုချန်း၏ အကြံကို ချက်ချင်း သဘောပေါက်လိုက်၏။
"ဟုတ်တယ် ကျုပ် စမ်းသပ်ပြီး ပိုခဲ့ရင် မင်းရဲ့ အကြီးအကဲအတွက် ကျန်တာကို လက်ဆောင်ပေးလိုက်မယ်"
ကုချိန်းလွှာ ပါးစပ်ကို ပိတ်ရင်း ရယ်မောလိုက်၏။
"ဒါဆိုလဲ အကြီးအကဲကိုယ်စား ကျွန်မက ကျေးဇူးတင်ပါသတဲ့ရှင်"
နိုးထခြင်း ဆေးတဖုံအတွက် မူလကျောက်တုံးသုံးသန်းဟူသော ပမာဏမှာ အတော်ပင် များပြားလှ၏။ ထို့ပြင် စုချန်း၏ ကနဦးချမ်းသာကြွယ်ဝမှုကို လူအတော်များများ မြင်တွေ့ထားလေရာ မည်သူမှ စုချန်းနှင့် မပြိုင်ဆိုင်ရဲတော့။ နောက်ဆုံးတွင် နိုးထခြင်းဆေးရည်သည်လည်း စုချန်း လက်ထဲသို့သာ ရောက်ရှိသွားတော့သည်။
နိုးထခြင်းဆေးရည် လက်ထဲသို့ ရောက်လာသည်နှင့် စုချန်းက အနံ့ခံရင်း ရေရွတ်လိုက်သည်။
"ပိုးစာမြက် သလင်းသွေး အနီရောင်ပင်လယ်ကင်းမွန်အကြေးခွံ အနက်ရောင်မြေခွေးမူလအဆီအနှစ်..."
နိုးထခြင်းဆေးရည်တွင် ပါဝင်သည့် ကုန်ကြမ်းများကို စုချန်း တခုပြီးတခု ရေရွတ်နေသည်ကို ကြည့်ပြီး ကုချိန်းလွှာတို့လူစု အံ့သြသွား၏။
သို့သော် ပါဝင်ပစ္စည်းများကို သိရုံနှင့် ဆေးတဖုံ မရနိုင်သေး။ အချိုးအစားနှင့် ဖော်စပ်ပုံဖော်စပ်နည်း လိုအပ်နေသေး၏။ စမ်းသပ်မှုတချို့ လုပ်ဆောင်ရပေအုံးမည်။ စုချန်းသည် ပါဝင်ပစ္စည်းများအား စာရွက်ပေါ်တွင် ရေးချပြီး ကုကျင်းတန်လက်ထဲ ထည့်ပေးရင်း ပြောလိုက်သည်။
"ပြန်ရောက်တဲ့အခါ ဒီပစ္စည်းတွေ ကျုပ် လိုချင်တယ်"
"ကောင်းပါပြီ"
ကုကျင်းတန် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ရက်အနည်းငယ်အတွင်း ကုကျင်းတန်ကား အချိုးပြောင်းသွားလေပြီ။ မူလကျောက်တုံး သန်းသုံးရာခန့်အား လက်လွတ်စပယ် သုံးပြနေသော စုချန်းအား သူ အထင်ကြီးသွားပြီ ဖြစ်သည်။
ထိုအချိန်တွင် အခမ်းအနားမှုးက နောက်ထပ် ပစ္စည်းတမျိုးကို ကြော်ငြာလိုက်ပြန်၏။
၎င်းပစ္စည်းမှာ သန့်စင်ခြင်းလဖက်ရွက်များပင် ဖြစ်သည်။
သန့်စင်ခြင်းလဖက်ရွက်များဟူသည် နာမည်ကြီးလဖက်ရွက်တမျိုး ဖြစ်ပြီး အနံ့မွှေးကာ အလွန်နူးညံ့၏။ ၎င်းကို ပုံမှန်သောက်သုံးသွားပါက အသက်ရှည်သည့်အပြင် စိတ်ဝိညာဥ်စွမ်းအင်များပါ တိုးပွားလာစေမည် ဖြစ်သည်။
လက်ဖက်ရွက်များကို မြင်သည်နှင့် စုချန်းက ရှီကိုင်းဟွမ်ကို ချက်ချင်း သတိရလာသည်။ ရှီကိုင်းဟွမ်ကား လဖက်ရည်အလွန်ကြိုက်သူ မဟုတ်ပါလား။ ထိုအခါ သူက အနှီ လဖက်ရွက်များကို ရှီကိုင်းဟွမ်အတွက် ရည်ရွယ်၍ ဝယ်ယူလိုက်လေသည်။
လေလံပွဲကား ပြီးဆုံးခါနီးပြီ ဖြစ်သည်။
အခမ်းအနားမှုက နောက်ဆုံး ပစ္စည်းအား ထုတ်ဖော်ကြေငြာလိုက်၏။ ထိုပစ္စည်းမှာ သေတ္တာငယ်တလုံးနှင့် ထည့်ထားသော သားရဲသတ္တဝါ အရေခွံအပိုင်းအစတခုပင် ဖြစ်သည်။
အခမ်းအနားမှုး၏ စကားသံက ထွက်ပေါ်လာ၏။
"ဒီသားရဲအရေခွံကို လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ေ လာက်က ကျုပ်တို့ ရခဲ့တယ် ဒီအရေခွံဟာ ဘယ်လို သားရဲသတ္တဝါမျိုးရဲ့ အရေခွံမှန်း ကျုပ်တို့ မဆုံးဖြတ်နိုင်ခဲ့ဘူး ဒါပေမဲ့ ဒီအရေခွံရဲ့ သက်တမ်း အလွန်ကြာမြင့်နေပြီဆိုတာတော့ ကျုပ်တို့ အတိအကျ ပြောနိုင်တယ် ဒီအရေခွံဟာ အလွန်မာပြီး မီးကိုရော ရေကိုပါ ခံနိုင်ရည်ရှိတယ် သူ့ကို ပိုင်းဖြတ်လိုက်ရင်လဲ အလိုအလျောက် ပြန်လည် စုစည်းသွားနိုင်တယ် ကြည့်ရသလောက် ဒီအရေခွံဟာ အဖိုးတန်ပုံရပေမဲ့ သီးခြား ပိုင်းဖြတ်လို့မရတဲ့ အားနည်းချက်တော့ရှိတယ် သေတ္တာအပြင်ကို ထုတ်လိုက်တာနဲ့ သူ့အလိုလို ပုပ်သိုးကုန်တော့တာပဲ ကျုပ်တို့ ဒီအရေခွံကို သီးခြား ဖြတ်တောက်ပြီး တခြားနေရာမှာ အသုံးချနိုင်ဖို့ လေ့လာနေခဲ့တာ နှစ်ပေါင်း၃၀တောင် ကြာသွားခဲ့ပြီ အရေခွံဟာဆိုရရင်လဲ မူလက စတုရန်းပေ ၃၀လောက်ထိ ရှိပေမဲ့ ကျုပ်တို့လက်ချက်နဲ့ ခုဆိုရင် ခင်ဗျားတို့ မြင်ရသလောက်ပဲ ကျန်တော့တယ်"
အခမ်းအနားမှုးက စကားဆက်လိုက်ပြန်၏။
"ဒါကြောင့် ဒီပစ္စည်းရဲ့ တန်ဖိုးကို ကျုပ်တို့ စျေးမဖြတ်တတ်ဘူး ဘယ်လိုအသုံးချရမှန်းလဲ မသိဘူး ဒီတော့ မိတ်ဆွေများအနေနဲ့ ကြိုက်ရာစျေးခေါ်ပြီး ဝယ်ယူနိုင်ပါတယ်"
"မူလကျောက်တုံး တရာ"
ပင်လယ်တိမ်တိုက်နန်းဆောင်သည် အနှီ သားရဲသတ္တဝါအရေခွံအား နှစ်ပေါင်း၃၀တိုင်တိုင် သုတေသနလုပ်ခဲ့သည့်တိုင် မည်သည့်အဖြေမှ မထွက်ခဲ့။ ထိုအခါ ဧည့်သည်များ၏ စိတ်ထဲတွင် "သူတို့တောင် အဖြေမရှာနိုင်တာ ငါတို့ဆို ပိုဆိုးမှာပေါ့"ဟု အသီးသီး တွေးမိနေကြလေသည်။ တဖက်တွင်လည်း ထိုအရေပြားသည် မီးနှင့်ရေကို ခံနိုင်ရည်ရှိပြီး သက်တမ်းကလည်း ကြာမြင့်လှပြီဟု ဆိုထားပြန်၏။ ထိုအခါ အဆိုပါ သားရဲသတ္တဝါအရေခွံသည် ရှေးဟောင်းပစ္စည်းတခုအနေနှင့် သိမ်းထားသင့်နေပြန်၏။
ဧည့်သည်အတော်များများကား အထက်ပါအတိုင်း တွေးမိကြဟန်တူသည်။ အပြိုင်အဆိုင် စျေးပေးကြရင်း သားရဲအရေခွံ၏ တန်ဖိုးသည်လည်း မူလကျောက်တုံး တသောင်းခန့်ထိ ရောက်လာပြန်၏။ ရှေးဟောင်းပစ္စည်းတခုအား မူလကျောက်တုံး တသောင်းခန့်နှင့် ဝယ်ယူခြင်းမှာ လေလံပွဲသို့ လာရောက်သော ဧည့်သည်များအတွက် ပုံမှန်မျှသာ ဖြစ်သည်။
သို့သော် သားရဲအရေခွံ၏ တန်ကြေးသည် ယခုထက် ပိုမိုမြင့်မားလာပါက တမျိုးတဖုံ ဖြစ်သွားနိုင်၏။
ထိုစဥ် စုချန်းက ထအော်လိုက်သည်။
"သုံးသောင်း"
ကုကျင်းတန် အံ့သြသွား၏။
"အစ်ကိုစု ခင်ဗျားလဲ ဒီအရေခွံကို လိုချင်သလား"
"အင်း ကျုပ် ထိုင်ခုံမှာ သုံးမလို့လေဗျာ"
စုချန်းက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြန်ဖြေလိုက်သည်။
တကယ်တော့ သူ့တွင် ထူးခြားသော အမြင်အာရုံနှင့် ဗဟုသုတဟင်းလေးအိုးကြီးသဖွယ် ဖြစ်နေသည့် ပိတ်လော့တို့ ရှိနေခြင်းကြောင့် ဤ သားရဲသတ္တဝါ အရေခွံ၏ ဇစ်မြစ်ကို ရှာဖွေတွေ့ရှိနိုင်မည်ဟု စုချန်းက ယုံကြည်ထားလေသည်။