အကောင်းဆုံးသားရဲအရေခွံ
Vol. 48 Ch. 474
စုချန်း၏ စကားကြောင့် ကုကျင်းတန်၏ အမူအရာမှာ တင်းခနဲ ဖြစ်သွား၏။
ထိုင်ခုံကူရှင်တခုအတွက် မူလကျောက်တုံးသောင်းဂဏန်း သုံးသတဲ့လား...ဒါတော့ အစ်ကိုစု မော်ကြွားလွန်းသွားပြီ...
သို့သော် အနည်းငယ်မျှ စဥ်းစားလိုက်ရုံနှင့် စုချန်း၏ လုပ်ရပ်မှာ မော်ကြွားခြင်းမဟုတ်မှန်း ကုကျင်းတန် သဘောပေါက်လာ၏။
စုချန်းအတွက် မူလကျောက်တုံး သောင်းဂဏန်းဟူသော ပမာဏမှာ ရယ်စရာပင် မဟုတ်ပါလား။
နောက်ထပ် နှစ်ကြိမ်ခန့် စျေးပြိုင်ပေးကြပြီးနောက် အဆိုပါ သားရဲအရေခွံအပိုင်းအစကို မူလကျောက်တုံး ခုနှစ်သောင်းနှင့် စုချန်းပင် ရရှိလိုက်၏။
ဤအရေခွံကား လေလံပွဲတွင် စုချန်း ဝယ်ယူလိုက်သည့် နောက်ဆုံးပစ္စည်းပင် ဖြစ်၏။
အရေခွံ လက်ထဲသို့ ရောက်လာသည်နှင့် စုချန်းက ချက်ချင်းပင် ထူးခြားသော အမြင်အာရုံကို နှိုးဆွကာ စိုက်ကြည့်လိုက်သည်။ ထိုအခါ အရေခွံအား မရေမတွက်နိုင်သည့် ပရမတ်သတ္တဝါငယ်လေးများဖြင့် ဖွဲ့စည်းထားပြီး ဖော်ပြရန်ခဲယဥ်းသည့် မြင်ကွင်းတမျိုး ဖြစ်ပေါ်နေကြောင်း စုချန်း တွေ့လိုက်ရသည်။
သို့သော် စုချန်းက သိချင်စိတ်ကို ထိန်းချုပ်ပြီး အရေခွံကို ပြန်လည် သိမ်းဆည်းလိုက်၏။
ထို့နောက် သူတို့ငါးယောက်သားသည် လေလံပွဲတွင် အနိုင်ရရှိသမျှ ပစ္စည်းများအားလုံးကို ထုပ်ပိုးသိမ်းဆည်းပြီး တည်းခိုရာ နေရာသို့ ပြန်လာခဲ့ကြ၏။
လေလံပွဲတွင် ပစ္စည်းအတော်များများ ရရှိလိုက်၍ လူတိုင်းသည် ကိုယ်ပိုင်ကစားစရာ အရုပ်ကိုယ်စီနှင့် ဖြစ်နေကြပေပြီ။
သို့သော် ကုချိန်းလွှာကား သူမအတွက် စုချန်း လက်ဆောင်ပေးလိုက်သည့် ရတနာများကို အနည်းငယ်မှ တို့ထိခြင်းမရှိ။ ထိုအစား သူမက မရဏရေညှိမျှင်များအား မရဏရေညှိကြိုး ဖြစ်လာစေရန် အပ်တချောင်းနှင့် ယက်လုပ်နေလေသည်။
ထိုအချိန်တွင် စုချန်းကော ဘာလုပ်နေသနည်း။
စုချန်းသည် ကျောက်သလင်းမီးအိမ်၏ အလင်းရောက်အောက်တွင် မတ်တပ်ရပ်ကာ သူ့လက်ထဲရှိ သားရဲအရေခွံကို စိုက်ကြည့်နေ၏။ သူ့ဘေးနားတွင် ပိတ်လော့၏ ဝိညာဥ်က မတ်တပ်ရပ်လျက်ရှိသည်။
"ခင်ဗျား ဒါ ဘာလဲ သိသလား"
စုချန်းက မေးလိုက်၏။
ပိတ်လော့က အရေခွံ ထည့်ထားသော သေတ္တာကို အနီးကပ် လေ့လာရင်း ခေတ္တစဥ်းစားဟန်ပြုကာ ဖြေလိုက်သည်။
"ကျုပ်ထင်တာ မမှားဘူးဆိုရင် ဒီသေတ္တာဟာ သားဖောက်တဲ့ သေတ္တာပဲ ဖြစ်ရမယ်သခင်"
"သားဖောက်တဲ့သေတ္တာ ဟုတ်လား"
"အတိအကျ ပြောရရင်တော့ ပရမတ်သတ္တဝါလေးတွေကို မွေးမြူဖို့ တည်ဆောက်ထားတဲ့ သေတ္တာလို့ ဆိုရမှာပေါ့ သခင် သားရဲအရေခွံကတော့ ဒီသတ္တဝါလေးတွေရဲ့ တည်ရှိမှုကို ပုံဖျက်ဖုံးကွယ်ပေးထားတဲ့ သဘောပဲ"
ပိတ်လော့၏ ဗဟုသုတကို စုချန်း မလေးစားပဲ မနေနိုင်တော့။
ကနဦး အမြင်အာရုံအရ စုချန်းတွေ့ရှိထားသည်နှင့် ပိတ်လော့ ပြောပြသည်မှာ တထပ်တည်းကျနေသည် မဟုတ်ပါလား။ ထိုအတွက်ကြောင့်ပင် ဤအရေခွံအား ခွဲထုတ်၍ မရခြင်းပင်။ ထိုသို့ ခွဲထုတ်လိုက်ပါက ပရမတ်သတ္တဝါလေးများ အစာရေစာ ငတ်မွတ်ကာ ချက်ချင်း သေဆုံးကုန်ကြပေလိမ့်မည်။
"ဒီ သတ္တဝါလေးတွေကို မွေးမြူပြီး ဘယ်နေရာမှာ အသုံးချတာလဲဗျ"
"အာကင်နာနိုင်ငံတော်ကြီး ကောင်းစားစဥ်ကာလက ဒီပရမတ်သတ္တဝါလေးတွေကို မွေးမြူတဲ့လုပ်ငန်းဟာ သိပ်ပြီး ခေတ်စားခဲ့တာပေါ့သခင် ထိပ်တန်းအာကင်နာမျိုးစိတ်တွေက ဒီလို သတ္တဝါလေးတွေဟာ သူတို့မလုပ်နိုင်တဲ့ အရာအတော်များများကို လုပ်နိုင်တယ်လို့ ယုံကြည်ခဲ့ကြတယ် တကယ်လဲ သူတို့အထင် မှန်ခဲ့ပါတယ် နာမည်ကျော်တီထွင်မှု အများစုဟာ ဒီလို ပရမတ်သတ္တဝါလေးတွေနဲ့ အမှန်တကယ် ဆက်စပ်နေခဲ့တာကိုး"
"ဒါဆိုရင် ခု ကျုပ်တို့ တွေ့နေရတဲ့ ပရမတ်သတ္တဝါလေးတွေက ဘာတွေတုန်း"
"ဒါတော့ ကျုပ်လဲ မသိဘူးသခင်...သခင့်အနေနဲ့ ကိုယ်တိုင် သုတေသနလုပ်ပြီး ဖော်ထုတ်ရမှာပဲ"
ပိတ်လော့က ပုခုံးတွန့်ရင်း ပြောလိုက်၏။
"ဘယ်လိုသုတေသနမျိုးကို ကျုပ်လုပ်သင့်သလဲဗျ"
ပိတ်လော့က ပြန်ဖြေလိုက်သည်။
"စိတ်ဝိညာဥ်စွမ်းအင်ကိုသုံးပါ သခင် စိတ်ဝိညာဥ်စွမ်းအင်တွေကသာ မမြင်ရတဲ့ လက်တွေသဖွယ် ပရမတ်သတ္တဝါလေးတွေကို တို့ထိနိုင်တယ်"
စုချန်းက ချက်ချင်းပင် စိတ်ဝိညာဥ်စွမ်းအင်များကို ဖော်ထုတ်လိုက်၏။ သို့သော် မည်သည့်ထူးခြားချက်မှ ဖြစ်ပေါ်လာခြင်းမရှိ။
ပိတ်လော့က ပြောလိုက်ပြန်သည်။
"ဒီကောင်လေးတွေက ဒီသေတ္တာထဲမှာ အိပ်ပျော်နေတာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီသခင် သခင့်အနေနဲ့ မစမ်းသပ်ခင် သူတို့ကို နှိုးပေးမှရမယ်"
"နှိုးရမယ် ဟုတ်လား ကျုပ်က သူတို့ကို ဘယ်လို နှိုးရမှာလဲ"
"ဒါကတော့ သူတို့ ဘာလိုသလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်သခင် ပရမတ်သတ္တဝါလေးတွေမှာ သူတို့အကြိုက်လေးတွေ ရှိတတ်တယ် ဥပမာ ဟင်းသီးဟင်းရွက် အသားစိမ်းငါးစိမ်း မူလစွမ်းအင် စသဖြင့်ပေါ့ သူတ်ို့ဘာကြိုက်သလဲဆိုတာ ဘယ်သူမှ မသိဘူး ဒီတော့ သခင့်အနေနဲ့ အမျိုးမျိုးအဖုံဖုံ စမ်းသပ်ကြည့်ရမှာပဲ တခုတော့ သတိထားသခင် သူတို့ကို အစာကျွေးတဲ့အချိန်မှာ သခင့်ရဲ့ စိတ်ဝိညာဥ်စွမ်းအားတွေနဲ့ပါ သူတို့ကို တပြိုင်တည်း နှိုးဆွပေးဖို့ လိုအပ်တယ် ဒါမှသာ သူတို့အတွက် အစားအစာ ရောက်နေမှန်း သူတို့ သိလာမှာ"
နောက်ရက်များတွင်ကား စုချန်းသည် အမျိုးမျိုးအဖုံဖုံ စမ်းသပ်ကြည့်၏။ သို့သော် စုချန်း၏ ကြိုးစားအားထုတ်မှုမှန်သမျှသည် သဲထဲရေသွန်သာ ဖြစ်သွားရလေသည်။ ထိုအခါ ပင်လယ်တိမ်တိုက်နန်းဆောင် နှစ်ပေါင်းသုံးဆယ်တိုင်တိုင် စမ်းသပ်ခဲ့သည့်တိုင် ဘာမှအကျိုးမထူးခဲ့သည်ကို စုချန်း ကိုယ်ချင်းစာမိလာ၏။ မည်သည့် ပစ္စည်းမှ အိပ်ပျော်နေသော ပရမတ်သတ္တဝါလေးများ၏ လိုလားချက်နှင့် မကိုက်ညီပဲ ဖြစ်နေသည် မဟုတ်ပါလား။
စုချန်းကား အနည်းငယ်မျှ အလျင်လိုခြင်းမရှိ။ အလျင်လိုအနှေးဖြစ်တတ်သည်ဟူသော နိယာမကို သူ ကောင်းကောင်းသဘောပေါက်ထားလေပြီ။ သို့သော် မည်သည့်ပစ္စည်းမျိုးကိုမဆို သေတ္တာထဲသို့ အလျင်းသင့်သလို ထည့်သွင်းစမ်းသပ်သွားရန်တော့ စုချန်းက ဆုံးဖြတ်ထားလိုက်၏။
ကျန်အချိန်များတွင်တော့ စုချန်းက နိုးထခြင်းဆေးရည် ဖော်စပ်နိုင်ရန် ကြိုးစားနေ၏။ သူ့အနေနှင့် အတော်အသင့်ထိ တိုးတက်မှုရလာသော်လည်း ပြီးပြည့်စုံသော ဆေးရည် ဖြစ်လာစေရန်တော့ အချိန်တခု ယူရပေအုံးမည်။
ကျန်အားလပ်ချိန်များတွင်တော့ စုချန်းသည် ကုချိန်းလွှာနှင့်အတူ အချိန်ကုန်စေ၏။ သူတို့နှစ်ယောက် မတွေ့ရသည်မှာ ကြာပြီ။ ထို့ကြောင့် တယောက်ကိုတယောက် မျက်စေ့အောက်က အပျောက်မခံသည်မှာ သိပ်တော့မဆန်းလှ။
သူတို့နှစ်ယောက်သည် ရှီကိုင်းဟွမ်ထံသို့လည်း အလည်သွားလိုက်သေး၏။ အဖိုးအိုသည် စုချန်း၏ လက်ဆောင် လဖက်များကို ဝမ်းမြောက်ဝမ်းသာပင် လက်ခံသော်လည်း စုချန်း ကန်တော့သည့် မူလကျောက်တုံးများကိုတော့ လုံးဝ ငြင်းပယ်လိုက်၏။ သို့သော် နိုးထခြင်းဆေးရည်ဖော်စပ်နည်းကိုတော့ ၎င်း အထူးပင် စိတ်ဝင်စားနေလေသည်။ သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကို ဖန်တီးရာတွင် ဤဆေးရည်က တနည်းတဖုံ အကျိုးပြုနိုင်လိမ့်မည်ဟု ၎င်းက ယူဆနေလေသည်။
ဤယနေ့တွင်တော့ စုချန်းနှင့် ကုချိန်းလွှာတို့သည် မြို့တော်၏ မြောက်ဖျားရှိ အနီရောင်မေပယ်လ်တောအုပ်ဆီသို့ အလည်အပတ် ထွက်ခွာလာခဲ့ကြ၏။
တောအုပ်တခွင်လုံးမှာ ရဲရဲတောက်နေပြီး အလွန်လှလေသည်။ တလမ်းလုံးတွင်လည်း လမ်းလျှောက်သူများနှင့် ပြည့်နှက်နေ၏။ သို့သော် စုချန်းနှင့် ကုချိန်းလွှာကား မည်သည့်ရှုခင်းကိုမှ စိတ်မဝင်စား။ တယောက်မျက်နှာကိုသာ တယောက် အပြန်အလှန် ကြည့်နေကြလေသည်။ သူတို့အတွက် နှစ်ဦးသား အတူတကွ ရှိနေလျင်ပင် အရာအားလုံး ပြည့်စုံသွားပြီ ဖြစ်သည်။ တခြား ဘာမှမလိုတော့။
နှစ်ယောက်သား စကားတပြောပြောနှင့် လျှောက်လာကြလေရာ တောမှာနက်သည်ထက် နက်လာ၏။ သူတို့ ဘယ်နေရာ ရောက်နေမှန်းပင် အတိအကျ မသိနိုင်တော့။
ထိုအချိန်မှာပင် မြွေတကောင် ဝုန်းခနဲ ခုန်ထွက်လာကာ သူတို့အား တိုက်ခိုက်လာ၏။
စုချန်းက မြွေကို ဖြတ်ခနဲ ဖမ်းဆုတ်လိုက်ပြီး တချက်ကြည့်ကာ မှတ်ချက်ချလိုက်သည်။
"အတော် အဆိပ်ပြင်းတဲ့မြွေပဲ"
ထို့နောက် သူက သားဖောက်သေတ္တာကို ဆွဲထုတ်ကာ မြွေကို အထဲသို့ ပစ်ထည့်လိုက်၏။ တဖန် သူက စိတ်ဝိညာဥ်စွမ်းအင်များကို ဖော်ထုတ်ကာ အထဲရှိ ပရမတ်သတ္တဝါလေးများအား နှိုးဆွလိုက်၏။ ၎င်းမှာ လွန်ခဲ့သော ရက်အတော်ကြာတည်းက စုချန်း လုပ်ယူထားသည့် အလေ့အကျင့်ပင်။ မည်သည့် ထူးဆန်းသော ပစ္စည်းမျိုး ရရှိစေကာမူ စုချန်းက သေတ္တာထဲထည့်ကာ စမ်းသပ်လေ့ရှိ၏။
စမ်းသာစမ်းသပ်လိုက်ရသည်။ စုချန်းအနေနှင့် များများစားစား မျှော်လင့်ထားသည်တော့မဟုတ်။ သို့သော် သေတ္တာအတွင်းသို့ မြွေရောက်သွားသည်နှင့် တပြိုင်နက် မူလက သေဆုံးနေပြီဟု ထင်ရသော ပရမတ်သတ္တဝါလေးများသည် စတင်လှုပ်ရှားလာပြီး ပရွတ်ဆိတ်လေးများသဖွယ် မြွေဆီသို့ ချည်းကပ်လာကြကြောင်း ထူးခြားသော အမြင်အာရုံနှင့် စုချန်း မြင်တွေ့နေရလေသည်။
သာမာန်မျက်လုံးနှင့် ကြည့်လျင်တော့ သားရဲအရေခွံသည် မြွေကို တဖြည်းဖြည်း ရစ်ပတ်လာကြောင်း မြင်တွေ့ရပေလိမ့်မည်။
"ဟင် ဘာတွေဖြစ်နေတာလဲရှင့်"
၎င်းကို ကြည့်ရင်း ကုချိန်းလွှာ အထိတ်တလန့်နှင့် မေးလိုက်သည်။
"သူတို့ စားရမဲ့ အစာ တွေ့သွားပြီနဲ့တူတယ်"
စုချန်းက ပြန်ဖြေလိုက်သည်။
တကယ်တော့ စုချန်းကိုယ်တိုင်လည်း မြင်ကွင်းကိုကြည့်ရင်း စိတ်လှုပ်ရှားနေသည်မှာ အမှန်ပင်။
အချိန်အတန်ကြသော် မြွေသည် မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပဲ ငြိမ်သက်သွား၏။ သားရဲအရေခွံသည်လည်း မူလအတိုင်း ပြန်လည် ငြိမ်သက်သွားလေသည်။
မြွေ၏ တကိုယ်လုံးတွင် မည်သည့် ဒဏ်ရာဒဏ်ချက်မှ မရှိ။ ပီဘိ အိပ်ပျော်နေသည့်သဖွယ်ပင်။ သို့သော် မြွေကား အသက်ပျောက်နေခဲ့လေပြီ။
ဘာလဲဟ...
မြွေအသေကောင်ကို စုချန်း အံ့သြတကြီးနှင့် ကောက်ကိုင်လိုက်သည်။
အမှန်တကယ်ပင် မြွေတကိုယ်လုံး၌ မည်သည့် ဒဏ်ရာဒဏ်ချက်မှ မရှိ။
မြွေတကိုယ်လုံးမှ ဘယ်အရာကို ပရမတ်သတ္တဝါငယ်များ ဆာလောင်မွတ်သိပ်နေလေသနည်း။
ထိုအဖြေကို ရှာတွေ့ရန် စုချန်း လုပ်ဆောင်ရမည့်အရာက ရိုးရိုးလေးသာ။ သူ့အနေနှင့် မြွေတကိုယ်လုံးမှ ပျောက်ဆုံးနေသော အရာကို ရှာတွေ့ရန်သာ လိုအပ်၏။
သိပ်မကြာမီ ထိုအဖြေကို စုချန်း ရှာဖွေတွေ့ရှိသွားလေသည်။
မြွေဆိပ်။
ထိုမြွေ၏ ပြင်းထန်လှသော အဆိပ်များကား အစပင် ရှာမရအောင် ပျောက်ကွယ်သွားခဲ့လေပြီ။