ပြန်လာခြင်း
Vol. 48 Ch. 475
"ဒီတော့ ဒီကောင်လေးတွေက အဆိပ်က်ို စားတာပေါ့"
ပိတ်လော့က ရေရွတ်လိုက်သည်။
"ဒါဆိုရင် အဆိပ်ရှိ သတ္တဝါတမျိုး ဖန်တီးနိုင်ဖို့ သူတို့ ဒီ ပရမတ်သတ္တဝါလေးတွေကို မွေးမြူထားတာပဲ ဖြစ်လိမ့်မယ်သခင်"
"ကျုပ်လဲ ဒီလိုပဲ ထင်တယ်"
စုချန်းက ပြောလိုက်သည်။
"ကျုပ် စမ်းသပ်ကြည့်ရသလောက် ဒီ ပရမတ်သတ္တဝါလေးတွေဟာ အဆိပ်ရှိတဲ့ ဘယ်လိုကောင်မျိုးကိုမဆို စားပစ်တာ တွေ့ရတယ် ဒါ့အပြင် ဒီကောင်လေးတွေဟာ အဲဒီအဆိပ်တွေကို ပြန်လဲ ထုတ်နိုင်တယ်ဗျ ဒီနေရာမှာ ထူးခြားတာက သူတို့ ပြန်ထုတ်တဲ့ အဆိပ်က သူတို့စားပစ်တဲ့ အဆိပ်ထက် အရည်အသွေးက အတော်ကို ညံ့တယ် ကြည့်ရသလောက်ကတော့ ဒီကောင်လေးတွေဟာ အဆိပ်တချို့ကိုတော့ အဟာရအဖြစ် ပြောင်းလဲလိုက်ပုံပဲ"
ပိတ်လော့ ငိုင်တွေလျက် စဥ်းစားနေ၏။ ပြီးမှ သူက ပြောလိုက်သည်။
"ဖြစ်နိုင်ပါတယ်သခင် ကျုပ်ထင်တာကတော့ သူတို့ရဲ့ ဖန်တီးရှင်က ဖန်တီးမှုကို အဆုံးသတ်နိုင်ခဲ့ပုံမရဘူး ဒါကြောင့် ဒီပရမတ်သတ္တဝါလေးတွေကလဲ ပြီးပြည့်စုံတဲ့ ထုတ်ကုန်ဖြစ်ဖို့တော့ လိုအပ်နေသေးပုံပေါ်တယ်"
"ဒါပေမဲ့လဲ ခုလောက်ထိ ဖန်တီးနိုင်တာကကို အတော်အထင်ကြီးစရာကောင်းနေပြီဗျ သူတို့ရှိထားတာဟာ ကျုပ်အဖို့ အဆိပ်ရှိတဲ့ မူလကိရိယာတမျိုး ပိုင်ဆိုင်ထားသလိုပဲ"
စုချန်းက လေတချက်ချွန်ရင်း ပြောလိုက်သည်။ လက်ရှိအချိန်တွင် သားရဲသတ္တဝါအရေပြားသည် စုချန်း၏ လက်ပတ်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
၎င်းတို့ နိုးထလာကတည်းက စုချန်းသည် စိတ်ဝိညာဥ်စွမ်းအင်ကို အသုံးပြုက ၎င်းတို့နှင့် ဆက်သွယ်ပြီး ဖြစ်သည်။ ၎င်းတို့ကလည်း စုချန်းအား သခင်အဖြစ် အသိအမှတ် ပြုထားပြီး ဖြစ်သည်။
ပြန်လည်နိုးထလာပြီးကတည်းက အနှီ ပရမတ်သတ္တဝါငယ်လေးများအဖို့ မှီတင်းနေထိုင်စရာ သားဖောက်ခြင်းသေတ္တာ မလိုအပ်တော့။ ၎င်းတို့ စိတ်ရှိရာကို စိတ်ထင်သလို သွားလာနိုင်စွမ်း ရှိသွားခဲ့ပေပြီ။ သို့သော် ၎င်းတို့အနေနှင့် သေတ္တာ၏ ပြင်ပတွင်ဆိုလျင် အစားအစာအဖြစ် အဆိပ်တော့ လိုအပ်၏။ အဆိပ်ကိုသာ မစားသုံးရလျင် ၎င်းတို့အားလုံး မုချ သေဆုံးသွားပေလိမ့်မည်။
"သူတို့ကို နာမည်ပေးလိုက်အုံးလေ သခင်"
ပိတ်လော့က သတိပေးလိုက်၏။
"အိုး ဟုတ်သားပဲ ဒါဆိုလဲ ကျုပ်က သူတို့ကို ဝါးမြိုခြင်းအဆိပ်မြူတွေလို့ ခေါ်လိုက်မယ်"
စကားဆုံးသည်နှင့် စုချန်း၏ လက်ကောက်ဝတ်ရှိ လက်ပတ်သည် ရုတ်ချည်းဆိုသလိုပင် သေးငယ်သော အဖြူရောင် မြူခိုးလက်ပတ်သဖွယ် ပြောင်းလဲသွားလေသည်။
ပရမတ်သတ္တဝါလေးများသည် အလွန်ပင် သေးငယ်ကြလေရာ ၎င်းတို့ကို သာမန်မျက်စေ့နှင့် ကြည့်ပါက အဖြူရောင်မြူခိုးများသဖွယ်သာ မြင်တွေ့နေရ၏။
ပင်လယ်တိမ်တိုက်နန်းတော်သည် နှစ်ပေါင်းသုံးဆယ်တိုင်တိုင် ဘုမသိဘမသိနှင့် စမ်းသပ်ခဲ့ကြ၏။ ထို့အတွက်ကြောင့် ပရမတ်သတ္တဝါငယ် အတော်များများ သေဆုံးကုန်ကြသည်။ ထိုအခါ စုချန်း လက်ခံရရှိလိုက်သည့် ပရမတ်သတ္တဝါငယ်များ၏ အရေအတွက်မှာ အကန့်အသတ်နှင့်သာ ဖြစ်ပြီး ၎င်းတို့မှ ထုတ်လွှတ်ပေးနိုင်သည့် အဆိပ်ပမာဏမှာလည်း အကန့်အသတ်နှင့်သာ ဖြစ်သည်။ သို့သော် စုချန်းသာ ဂရုစိုက်ပေးပါက ၎င်းတို့အနေနှင့် ပို၍ သန်မာအားကောင်းလာမည်မှာ သေချာနေ၏။
အတော်လေးတန်ဖိုးကြီးမားပြီး လက်နက်တမျိုးသဖွယ် အသုံးချနိုင်သော ပရမတ်သတ္တဝါငယ်လေးများအား မူလကျောက်တုံး ခုနှစ်သောင်းတည်းနှင့် ရရှိလိုက်သဖြင့် စုချန်း အမှန်တကယ်ပင် ဝမ်းသာမိ၏။
ဘာလိုလိုနှင့် ရှည်လျားရစ်ခွေမြို့တော်သို့ စုချန်း ရောက်ရှိနေသည်မှာ တလခန့် ကြာမြင့်သွားပြီ ဖြစ်သည်။ တကယ်တော့ အိမ်ပြန်ရန် အချိန်ရောက်ပေပြီ။ မပြန်၍လည်း မဖြစ်။ မပြန်လျင် ကျန်းစီချွေ့တယောက် စုချန်းကို ကျိန်ဆဲ၍ မဆုံး ဖြစ်နေပေတော့မည်။ အကြောင်းမှာ ကျန်းစီချွေ့၏ သြဇာအာဏာသည် တစထက် တစ ကြီးထွားလာသောကြောင့် ၎င်း၏ တတိယမြစ်တပ်ဖွဲ့ကို ရင်ဆိုင်ရန် တော်ဝင်မျိုးနွယ်စုများဘက်မှ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် နှစ်ယောက်တိတိ စေလွှတ်လိုက်သောကြောင့်ပင်။
သို့သော် ၎င်းတို့အား ကျန်းစီချွေ့က နှစ်ကြိမ်တိုင်တိုင် ပြန်လည်တွန်းလှန်နိုင်ခဲ့၏။ ၎င်း၏ ကမ္ဘာဦးသားရဲသွေးဗီဇနှင့် ရေထဲတွင် တိုက်ခိုက်ရခြင်း၊ သွေးနီဥပြိုကွဲဆေးမင်ရေးထိုးထားသော ပင်လယ်ဓားပြအုပ်ကြီး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ကျန်းစီချွေ့သည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှစ်ဦး၏ တိုက်စစ်ကို နှစ်ကြိမ်တိုင်တိုင် ခုခံနိုင်ခဲ့လေသည်။
သို့သော် ထိုအတွက် ပေးဆပ်လိုက်ရသည့် အရင်းအနှီးမှာလည်း မသေးလှ။ ကျန်းစီချွေ့ကိုယ်တိုင် လေ့ကျင့်ပေးထားသည့် ပညာရှင်တချို့ သေကုန်ကြ၏။ ထိုအတွက်ကြောင့် ကျန်းစီချွေ့က စုချန်းကို အမြန်ပြန်လာရန် လောဆော်နေခြင်းပင်။
ယခင်တိုက်ခိုက်မှုနှစ်ကြိမ် မအောင်မြင်ခဲ့သောကြောင့် တော်ဝင်မျိုးနွယ်စုများဘက်မှ နောက်တကြိမ် ပြန်လာအုံးမည်မှာ သေချာနေ၏။
ထို့ကြောင့် စုချန်းအနေနှင့် ဘာမှမတတ်နိုင်။ အိမ်ပြန်ရုံသာ ရှိတော့သည်။
မသွားမီ စုချန်းက နိုးထခြင်းဆေးရည်လက်ကျန်အား ကုချိန်းလွှာ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ စမ်းသပ်မှု ပြုလုပ်ပြီး ကျန်နေသည့် ဆေးရည်များ ဖြစ်သည်။ ထိုလက်ကျန်ဆေးရည်ပမာဏလောက်နှင့် အသုံးတည့်မတည့်ဟူသည်ကတော့ ကုချိန်းလွှာ၏ အကြီးအကဲ ကံတရားနှင့်သာ ဆိုင်တော့သည်။
စုချန်း အိမ်ပြန်ရမည့်နေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာ၏။ သူတို့နှစ်ယောက်သည် ဘာစကားမှ မပြောနိုင်ပဲ တယောက်မျက်နှာကို တယောက် စိုက်ကြည့်နေကြလေသည်။ ထို့နောက် သူတို့နှစ်ယောက်သည် တယောက်ကိုတယောက် တင်းကျပ်စွာ ပွေ့ဖက်လိုက်ကြ၏။ မတတ်သာ၍သာ လမ်းခွဲရသည်။ သူတို့စိတ်ထဲတွင်တော့ ခွဲခွာလိုစိတ် မရှိတော့။
ကုချိန်းလွှာကို ဖက်ထားရင်း စုချန်းက ပြောလိုက်သည်။
"ကျုပ်ကို စောင့်နေပါ ချိန်းလွှာ နောက်တခါ ကျုပ် မင်းကို ဇနီးအဖြစ် လက်ထပ်ယူဖို့ တိမ်တိုက်ပေါ်ကနေ ဆင်းလာခဲ့မယ်"
တိမ်တိုက်ပေါ်ကနေ ဆင်းလာခဲ့မယ်ဟူသော စကားမှာ မိမိ၏ ချစ်သူမိန်းကလေးကို ဇနီးမယားအဖြစ် လက်ထပ်ယူခါနီးတွင် မူလကမ္ဘာကြီးပေါ်ရှိ ယောကျာ်းလေးအတော်များများ အသုံးပြုလေ့ရှိသည့် စကား ဖြစ်သည်။ ထိုစကားမှာ စကားလုံးသက်သက်မဟုတ်။ ကတိပေးခြင်းလည်း မည်၏။ မိမိ၏ မျှော်လင့်ချက်ကိုလည်း ဖော်ကျူးခြင်း ဖြစ်သည်။
ထို့ပြင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်သာလျင် တိမ်တိုက်ပေါ်မှ ဆင်းလာနိုင်၏။ ထို့ကြောင့် ဤစကားသည် တနေ့တွင် မိမိ ရောက်ရှိနေရမည့် အဆင့်အတန်းကိုလည်း ဖာ်ပြရာရောက်ပေသည်။
စုချန်းကိုယ်တိုင်လည်း ဤအတိုင်းသာ တွေးတောထားသည် မဟုတ်ပါလား။ သူ အလင်းတုန်ခါခြင်းနယ်ပယ် ဖြစ်လာမည့်အချိန်သည် ကုချိန်းလွှာကို လက်ထပ်ယူမည့် အချိန်ပင် ဖြစ်သည်။
ကုချိန်းလွှာကလည်း ဝမ်းသာကြည်နူးဟန်ဖြင့် ပြောလိုက်၏။
"ကောင်းပြီလေ အဲဒီနေ့ကို ကျွန်မ စောင့်နေမယ်"
စုချန်းကား မိုးကြိုးရေနဂါးလွန်းပျံယဥ်ပေါ်သို့ တက်ခါနီးအချိန်ထိ ကုချိန်းလွှာ၏ လက်ကို မလွှတ်နိင်သေးချေ။ နောက်ဆုံးတွင် ကုကျင်းတန်က မနေနိုင်တော့ဟန်ဖြင့် ဝင်ပြောလိုက်သည်။
"မင်းမှာ ဒီလောက်တောင် မခွဲနိုင်ဘူးဖြစ်နေရင်လဲ အောက်ပြန်ဆင်းပြီး တလတန်သည် နှစ်လတန်သည် နေပါအုံးလား"
ထိုအခါကျမှ စုချန်းက ကုချိန်းလွှာ၏ လက်ကို လွှတ်ပေးလိုက်၏။
စုချန်း ယာဥ်ပေါ်သို့ ရောက်သည်နှင့် မိုးကြိုးရေနဂါးလွန်းပျံယာဥ်သည် တဒီးဒီးနှင့် တုန်ခါလာ၏။ ထို့နောက် အလင်းကဲ့သို့ မြန်ဆန်သော အရှိန်အဟုန်နှင့် ကောင်းကင်ပေါ်သို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
________×××_________×××__________
မိုးကြိုးရေနဂါးလွန်းပျံယာဥ်ကား တကယ်ပင် မြန်ဆန်လှသည်။ တရက်ဟူသော အချိန်လေးအတွင်း စုချန်းတို့လူစုသည် ရှည်လျားရစ်ခွေမြို့တော်မှနေ၍ ကြည်လင်မြစ်မြို့တော်သို့ ရောက်ရှိလာ၏။
မြို့တော်သို့ ပြန်ရောက်သည်နှင့် စုချန်းက စုအိမ်တော်သို့ ပြန်ရမည့်အစား ယာဥ်ကို ကျောက်စိမ်းနှလုံးသားကျွန်းဆီသို့ ဦးတည်လိုက်၏။
ကျောက်စိမ်းနှလုံးသားကျွန်းကား များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခင်က နေရာမျိုးစုံတွင် အရောင်စုံအသွေးစုံ အလံများ စိုက်ထူထားသော်လည်း လက်ရှိတွင် ထိုအလံများ ရှိမနေတော့။ တမျိုးတည်းသော အလံသည်သာ လေတွင် တလူလူ လွင့်နေ၏။ တတိယမြစ်တပ်ဖွဲ့၏ အလံတော်ပေတည်း။ မြင်ရုံနှင့် ဤကျွန်းသည် တတိယမြစ်တပ်ဖွဲ့၏ လက်အောက်သို့ ကျရောက်သွားပြီမှန်း သိသာနေလေသည်။
ဓါးပြများသည်လည်း ယခင်ကကဲ့သို့ စည်းပျက်ကမ်းပျက်ပုံစံမျိုး မဟုတ်တော့။ တူညီဝတ်စုံများ ဝတ်ဆင်လျက် စနစ်တကျနှင့် ရှိနေ၏။ ယုတ်စွအဆုံး ၎င်းတို့၏ လမ်းလျှောက်ပုံများပင် အလွန် စည်းကမ်းတကျ ရှိနေကြောင်း တွေ့ရလေသည်။
ကျွန်း၏ သင်္ဘောကျင်းများကို အစောင့်များက ၂၄နာရီ ၇ရက်ပတ်လုံး စောင့်ကြည့်နေ၏။ ဒုက္ခပေးမည့်သူ တစုံတယောက် ပေါ်လာပါက ၎င်းတို့လက်မှ လွတ်မြောက်နိုင်ရန် မလွယ်လှပေ။
မည်သို့ဆိုစေ ကျောက်စိမ်းနှလုံးသားကျွန်းသည် ယခင်ကဲ့သို့ စည်းပျက်ကမ်းပျက် နေရာနှင့် လုံးဝမတူတော့ပဲ ရေတပ်တခု၏ ကွပ်ကဲမှုဌာနချုပ်နှင့်သာ တူနေတော့သည်။
ဤသည်မှာ ကျန်းစီချွေ့၏ စွမ်းရည်ပင် ဖြစ်သည်။ သူသည် ပင်လယ်ဓားပြများအား စစ်သားများအဖြစ် အောင်မြင်စွာ ပြောင်းလဲပစ်နိုင်ခဲ့လေပြီ။
စုချန်းတို့၏ မိုးကြိုးရေနဂါးလွန်းပျံယာဥ်သည် ကျွန်း၏ အလယ်ဗဟိုသို့ ဆင်းသက်လာ၏။ ယာဥ်ပျံကို မြင်သည်နှင့် များပြားလှသော ပင်လယ်ဓားပြများ ဝန်းရံလာကြ၏။ ၎င်းတို့၏ လက်နက်များမှာ နေရောင်အောက်တွင် တလက်လက်ထနေလေသည်။
ယာဥ်ပေါ်မှ ဆင်းသက်လာသူမှာ စုချန်း ဖြစ်နေမှန်း သိလိုက်ရမှ ပင်လယ်ဓားပြများ စိတ်သက်သာရသွားဟန်တူသည်။
ဓားပြများထဲမှ ခေါင်းဆောင်တယောက်ဖြစ်ဟန်တူသူက ရှေ့တလှမ်းတိုးရင်း ပြောလိုက်သည်။
"နှုတ်ခွန်းဆက်သပါတယ် မူလဗျူရိုအကြီးအကဲစု နောက်ဆုံးတော့ အကြီးအကဲစု ဒီကို ရောက်လာပြီပေါ့"
စုချန်းက မိုးကြိုးရေနဂါးလွန်းပျံယာဥ်ကို သိမ်းဆည်းပြီး မေးလိုက်သည်။
"မင်းတို့ခေါင်းဆောင် ဘယ်မှာလဲ"
"ခေါင်းဆောင် ဗဟိုခန်းမမှာပါ ခင်ဗျာ"
ထိုအခါ စုချန်း၊ တိမ်တိုက်ကျားသစ်နှင့် သံမဏိတို့သည် ဗဟိုခန်းမဆီသို့ လျှောက်လာခဲ့ကြ၏။
ဗဟိုခန်းမဆောင်အတွင်းတွင်တော့ ကျန်းစီချွေ့သည် ကျောက်စိမ်းနှလုံးသားကျွန်း၏ ပုံရိပ်ယောင်မြေပုံကို ဟိုထောက်သည်ထောက်နှင့် အစီအစဥ်ချလျက် ရှိသည်။
"ဒီနေရာမှာ လေခွဲပုံစံကွက်ကို ထားမယ် ပြီးရင် ငြိမ်းချမ်းခြင်းမြွေပေါင်ဒါမှုန်းတွေကို ကြဲထားလိုက်မယ် ဒီအောက်မှာမှ ဖြောင့်တန်းခြင်းမြားလေ့ဆယ့်ကိုးချောင်းကို ထားမယ် ဒါဆိုရင် ဒီခွေးမသားကြီး ချန်းယွမ့်ဟုန် လေပေါ် ဘယ်လိုပျံမလဲ ငါ ဒီကောင်ကြီးကို အတောင်ကျိူးအောင်လုပ်ပြီး မြေကြီးပေါ် ရိုက်ချပစ်မယ်"
"ခေါင်းဆောင်ကျန်း ဘာတွေများ ဒီလောက်တောင် ဒေါသထွက်နေတာလဲဗျ ကျုပ်တို့မယ် အပြင်ဘက်ကနေတောင် ကျောစိမ့်တယ်"
စုချန်းက ရယ်မောရင်း ခန်းမတွင်းသို့ လှမ်းဝင်လိုက်၏။
စုချန်း၏ အသံကို ကြားသည်နှင့် ကျန်းစီချွေ့၏ မျက်လုံး အရောင်တောက်သွားသည်။
"စုချန်း နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့လေ"