← Chapters

နောက်ထပ်တိုက်ခိုက်မှု

Vol. 48 Ch. 476

နောက်ထပ်တိုက်ခိုက်မှု

Vol. 48 Ch. 476

"မင်းမြင်တဲ့အတိုင်း ကျုပ်ကတော့ ချန်းယွမ့်ဟုန်ရဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ဖို့ အတတ်နိုင်ဆုံး ပြင်ဆင်နေတာပဲ ဒါပေမဲ့ ကျုပ်တို့ဖက်ကလဲ ဆုံးရှုံးမှုတချို့တော့ ရှိခဲ့တယ်"

ကျန်းစီချွေ့က ခန်းမအလယ်တွင် မတ်တပ်ရပ်နေရင်း သက်ပြင်းချကာ ပြောလိုက်သည်။

"အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေဟာ တကယ်ကြောက်စရာကောင်းတာပဲ ကျုပ်တို့အကြား ကွာဟမှုက ကြီးမားလွန်းတယ် ကျုပ်ဟာ ကမ္ဘာဦးသားရဲသွေးဗီဇပိုင်ရှင်ဖြစ်နေတာတောင် သူတို့ရဲ့ တိုက်ခိုက်မှုကို တင်းခံဖို့ မလွယ်လှဘူး"

"ဒါပေမဲ့ ခုချိန်ထိတော့ ခင်ဗျား တင်းခံနေနိုင်တာပဲမဟုတ်လား"

တိမ်တိုက်ကျားသစ်က ရယ်မောရင်း ပြောလိုက်သည်။

"ဒါက ကျုပ်အစွမ်းကြောင့် မဟုတ်ပါဘူး လူတိုင်းရဲ့ စုပေါင်းအားကြောင့်ပါလေ"

ကျန်းစီချွေ့က ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်၏၏

"ပထမတခေါက်တုန်းက ကျုပ်ဆီက ကမ္ဘာဦးသားရဲသွေးဗီဇကို မြင်သွားတော့ ချန်းယွမ့်ဟုန် ကျုပ်ကို အခွင့်အရေးတခု ပေးတယ် ဒါပေမဲ့ ဒုတိယအကြိမ်မှာတော့ ကျုပ်ရဲ့ ဇစ်မြစ်က သူ့ကိုတားဆီးဖို့ မလုံလောက်တော့ဘူး သူက ပြောတယ် ကျုပ်တယောက်တည်းကိုပဲ ရှင်လျက်လွှတ်ပေးပြီး တတိယမြစ်တဖွဲ့လုံးကို သတ်ပစ်လိုက်မယ်တဲ့ ဒါပေမဲ့ ကျုပ်တို့အားလုံး စုပေါင်းပြီး အပြင်းအထန် ခုခံတော့ သူ နောက်ဆုတ်သွားရတယ် ဒီတော့ သူ နောက်တကြိမ် ပြန်လာမှာ သေချာတယ် ရိုးရိုးလာမှာတော့မဟုတ်ဘူး နောက်ထပ် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ကိုပါ သူနဲ့အတူ ခေါ်လာဖို့များတယ်"

"အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှစ်ယောက် တပြိုင်နက်တည်း တိုက်ကြမယ်ပေါ့ ကြောက်စရာကြီးပါလားဗျို့"

တိမ်တိုက်ကျားသစ်က ရယ်သွမ်းသွေးလိုက်သည်။

စုချန်းကား အေးဆေးတည်ငြိမ်နေ၏။ သူက ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် တော်ဝင်မျိုးနွယ်စုတွေဟာ သူတို့ရဲ့အသက်သွေးကြောတွေ ပြတ်တောက်သွားမှာကို ဒီအတိုင်း ထိုင်ကြည့်နေမှာတော့ မဟုတ်ဘူးလေ သူတို့ အစွမ်းကုန် တုံ့ပြန်လာကြမှာပဲ မင်း ဘယ်သူဘယ်ဝါမှန်း သိရင်တောင် သူတို့ နောက်ဆုတ်မှာမဟုတ်ဘူး"

တိမ်တိုက်ကျားသစ်က တဟားဟား ရယ်မောလိုက်ပြန်သည်။

"ဒါကတော့ ဒီနေရာဟာ လောင်စန်းနိုင်ငံရဲ့ ပိုင်နက်ထဲ ဖြစ်နေတာကိုးကွ တကယ်လို့သာ ဒီနေရာကို လင်းမျိုးနွယ်စုရဲ့ မင်းသားလေး ရောက်လာကြည့်ပါလား တော်ဝင်မျိုးနွယ်စုတွေ ချောင်းတောင် ကျယ်ကျယ်ဟန့်ရဲမှာ မဟုတ်ဘူး"

တိမ်တိုက်ကျားသစ်၏ စကားက အမှန်ပင်။ ကျောက်စိမ်းနှလုံးသားကျွန်းကား လောင်စန်းနိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်းဝယ် တည်ရှိနေ၏။ ကျန်းစီချွေ့သည် မင်းသားတပါး ဖြစ်သော်ငြား လောင်စန်းနိုင်ငံ၏ မင်းသားတော့မဟုတ်။ ထို့ကြောင့် သူ၏ သြဇာအာဏာမှာလည်း လောင်စန်းနိုင်ငံတွင်ဆိုလျင် ထင်သလောက် သက်ရောက်ခြင်းမရှိပေ။ မည်သို့ဆိုစေ ကျန်းစီချွေ့၏ ပင်ကိုယ်စွမ်းရည်နှင့် အဖွဲ့သားများ၏ စုပေါင်းအင်အားကြောင့် ချန်းယွမ့်ဟုန်တယောက် နှစ်ကြိမ်တိုင်တိုင် တပ်လန်သွားခဲ့ရသည်ကတော့ အမှန်ပင်။

တဖက်လူ နောက်တကြိမ် ထပ်မံ တိုက်ခိုက်မည်၊ မတိုက်ခိုက်မည်ကို ကျန်းစီချွေ့ တပ်အပ်မသိ။ ထို့ကြောင့် သူက စုချန်းအား အမြန်ဆုံး ပြန်လာရန် ထပ်ခါထပ်ခါ ပြောဆိုနေခြင်းပင်။

သို့သော် စုချန်း အချိန်တိုအတွင်း ပြန်ရောက်လာမည်ဟုတော့ ကျန်းစီချွေ့ မျှော်လင့်မထားမိချေ။ ထိုအခါ သူက ပြောလိုက်သည်။

"ဒါနဲ့ မင်းတို့ပြန်လာတာ မြန်လှချည်လား မနေ့ကထိ မင်းတို့ ရှည်လျားရစ်ခွေမြို့တော်မှာပဲ ရှိသေးတာ မဟုတ်ဘူးလား"

စုချန်းနှင့် တိမ်တိုက်ကျားသစ်တို့ တယောက်မျက်နှာကို တယောက်ကြည့်ရင်း ပြုံးလိုက်ကြသည်။

ထိုအချိန်မှာပင် ကျယ်လောင်လှသော အသံတသံ ထွက်ပေါ်လာ၏။

"ကျန်းစီချွေ့ ရေလမ်းကြောင်းကိုသာ မင်းဘက်က စွန့်လွှတ်ပေးမယ်ဆိုရင် မင်းဟာ ဒီနေရာရဲ့ အုပ်ချုပ်သူအဖြစ် ဆက်ပြီး ရှိနေနိုင်မယ် ဒီလိုမှမဟုတ်ပဲ ဆက်ပြီးခေါင်းမာနေမယ်ဆိုရင်တော့ ကျုပ် ဘယ်သူ့မျက်နှာမှ မထောက်တော့ဘူးနော်"

အသံကို ကြားလိုက်သည်နှင့် လူတိုင်း၏ နှလုံးသားသည် သိမ့်သိမ့်တုန်ကုန်ကြ၏။ ကျွန်းအနှံ့တွင်လည်း အချက်ပေးခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။ ဓားပြများကား အချက်ကျကျ ရွေ့လျားနေကြ၏။ တိုက်ပွဲအတွက် ပြင်ဆင်နေကြခြင်းပင်။

အခန်းပြင်သို့ ထွက်လိုက်သည်နှင့် ကောင်းကင်ပေါ်တွင် လူနှစ်ယောက် မတ်တပ်ရပ်နေကြောင်း သူတို့ မြင်တွေ့လိုက်ရသည်။ ပထမလူမှာကား ချန်းယွမ့်ဟုန်ပင်။ ဒုတိယလူမှာ သူတို့ တခါမှ မမြင်ဖူးသည့် အဖိုးကြီးတဦး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုအဖိုးကြီးသည်လည်း တော်ဝင်မျိုးနွယ်စု တစုစုမှ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး ဖြစ်ဖို့ သေချာနေ၏။

"သူတို့ရောက်လာတာ အတော်ကို မြန်တာပဲကိုး"

စုချန်းက တီးတိုးရေရွတ်လိုက်သည်။

ကျန်းစီချွေ့က ကောင်းကင်ကို မော့ကြည့်ကာ ရယ်မောရင်း ပြောလိုက်သည်။

"အဖိုးကြီးချန်း ခင်ဗျား မရှက်ဘူးလား ဟိုတခေါက် ထွက်ပြေးသွားရတာနဲ့ စစ်ကူခေါ်ပြီး ထပ်လာတယ်ပေါ့"

ချန်းယွမ့်ဟုန်၏ မျက်နှာ နီရဲသွား၏။ သူက တစုံတခု တုံ့ပြန်ရန် ဟန်ပြလိုက်သည်။ ထိုအချိန်မှာပင် စုချန်းကို သူ မြင်သွား၏။

စုချန်းကို သူ တခါမှ မဆုံဖူး။ သို့သော် စုချန်း၏ရုပ်ပုံများကိုတော့ အကြိမ်ပေါင်များစွာ သူ မြင်ဖူးသလို စုချန်း၏ နာမည်ကိုလည်း အကြိမ်ပေါင်းမရေနိုင်အောင် သူ ကြားဖူးနေ၏။ ထိုအခါသူက ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

"စုချန်း လက်စသတ်တော့ မင်းက ဒီမှာ လာပုန်းနေတာပေါ့"

"ပုန်းနေတယ် ဟုတ်လား"

စုချန်းက အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။

"ဘာလဲ ဝမ်ကျန်းယုကြောင့် ကျုပ် ပုန်းနေပြီး တသက်လုံး ခင်ဗျားတို့ကို မျက်နှာလာမပြရဲတော့ဘူးလို့ ထင်နေတာလား"

"တကယ်လဲ အဲဒီအတိုင်း မဟုတ်ဘူးလား"

နောက်ထပ် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်က အားမာန်ပါသော အသံနှင့် ဝင်မေးလိုက်သည်။

၎င်း၏ နာမည်မှာ ဝေပိုင် ဖြစ်ပြီး ဝေမျိုးနွယ် အကြီးအကဲတဦးပင်တည်း။

"ကျုပ်ပြောတာ ဟုတ်မဟုတ် သိချင်ရင် ခင်ဗျားကိုယ်တိုင် စမ်းကြည့်ပေါ့ဗျာ"

စကားဆုံးသည်နှင့် စုချန်းက အချိန်ဖြုန်းမနေတော့ပဲ မိုးကြိုးရေနဂါးလွန်းပျံယာဥ်ကို နိုးထစေကာ လေပေါ်သို့ တိုးထွက်လိုက်၏။

လွန်းပျံယာဥ်၏ နောက်ဘက်တွင် အလင်းအမြောက်များကို တပ်ဆင်ထားလေသည်။ ၎င်းတို့၏ တိုက်စစ်စွမ်းရည်မှာ ၃၀၀ကျော်ထိ ရှိ၏။ စုချန်းသည် ထိုအမြောက်များကို ချက်ချင်းပင် အသက်သွင်းလိုက်၏။ ထိုသို့ အသက်သွင်းလိုက်သည်နှင့် တပြိုင်နက် ယာဥ်နောက်ကျောဆီမှာ စူးရှသော အလင်းရောင်များ ထွက်ပေါ်လာပြီး ထူထပ်သိပ်သည်းသည့် လျပ်စီးလှိုင်းများက ရှေ့သို့ တိုးထွက်လာ၏။

စုချန်း၏ တုံ့ပြန်မှုကြောင့် ဝေပိုင် မျက်လုံးပြူးသွား၏။ သူ့အနေနှင့် ဤ တိုက်ခိုက်မှုကို မျက်ကွယ်ပြုပြီး မနေရဲ။ ဝေပိုင်၏ ကိုယ်ခန္ဓာသည် လေထဲတွင် လှစ်ခနဲ ပျောက်ကွယ်သွား၏။ သူ နဂို ရပ်နေသောနေရာတွင် ပုံရိပ်ယောင်သာ ကျန်ရစ်ခဲ့လေသည်။

စုချန်း၏ အလင်းတန်းအမြောက်သည် ဝေပိုင်၏ ပုံရိပ်ယောင်ကိုသာ ထိမှန်သွားပြီး အုန်းခနဲ ပေါက်ကွဲသွားလေသည်။

မိမိ၏ တိုက်ခိုက်မှု လွဲချော်သွား၍ စုချန်း အနည်းငယ် စိတ်ပျက်သွား၏။

မိုးကြိုးရေနဂါးလွန်းပျံယာဥ်တွင် တည်ဆောက်ထားသည့် အလင်းတန်းအမြောက်သည် အလွန် ပြင်းထန်သော်လည်း ပစ်ခတ်ရန် ပြင်ဆင်ချိန်တွင် တောက်ပလွန်းနေ၏။ သဘောမှာ အလစ်ငိုက်ယူ တိုက်ခိုက်၍ မရတော့ခြင်းပင်။ ဦးနှောက်ရှိသူ မည်သူမှ ထိုတိုက်ခိုက်မှုမျိုးကို ရင်ဆိုင်မည်မဟုတ်။ ရှောင်တိမ်းကြမည်သာ။ ထို့အပြင် ထိုလက်နက်ကို အသုံးပြုရသည့်အတွက် စွမ်းအင်ကုန်ဆုံးမှုကိုပါ ထည့်တွက်လိုက်သောအခါ မိုးကြိုးရေနဂါးလွန်းပျံယာဥ်သည် လက်တွေ့မကျဆုံး လက်နက်ဖြစ်လာတော့သည်။

သို့သော် ပြသနာတော့မရှိ။ စုချန်းကလည်း ရန်သူကို တချက်တည်းနှင့် ရှင်းပစ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားချေ။

စက္ကန့်ပိုင်းအတွင်းမှာပင် စုချန်းသည် မိုးကြိုးရေနဂါးလွန်းပျံယာဥ်ကို စီးနင်း၍ အဝေးဆီသို့ ထွက်ခွာသွား၏။

၎င်းကို မြင်သော် ဝေပိုင်က ရယ်မောရင်း ပြောလိုက်သည်။

"ဒီကောင့်ကို ကျုပ် တာဝန်ထား ခင်ဗျားက ကျန်းစီချွေ့ကိုပဲ တာဝန်ယူလိုက်"

ချန်းယွန့်ဟုန်အနေနှင့် "ကျန်းစီချွေ့ကို ကျုပ်တယောက်တည်း အနိုင်ယူနိုင်ရင် ခင်ဗျားကို ဘာဖြစ်လို့ ခေါ်လာအုံးမှာလဲ" ဟု ဝေပိုင်အား မေးချင်လှသည်။ သို့သော် သူ မေးမထွက် ဖြစ်နေ၏။ ကျန်းစီချွေ့တို့လူစုအား ရင်ဆိုင်ထိန်းချုပ်ထားပြီး ဝေပိုင် ပြန်လာမည့်အချိန်ကိုသာ သူ့အနေနှင့် စောင့်ဆိုင်းရပေတော့မည်။

ထိုအချိန်တွင် ဝေပိုင်ကား စုချန်းနောက်သို့ လိုက်ပါသွားခဲ့လေပြီ။

အလင်းတန်းအမြောက်သည် အလွန် အားပြင်းသည်မှာ မှန်၏။ သို့သော် ဝေပိုင်ကား အမြောက်၏ အားနည်းချက်ကို ချက်ချင်းပင် သဘောပေါက်သွားပုံရသည်။ အမြောက်၏ အားနည်းချက်မှာ တတန်းတည်းသာ ပစ်ခတ်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့်အချိန်ကြာလာသည်နှင့်အမျှ အမြောက်ပစ်ခတ်မှုမှာ ဝေပိုင်ကို အန္တာယ်ပေးနိုင်စွမ်းမရှိတော့။

စုချန်းနောက်သို့ ထပ်ချပ်မကွာ လိုက်ပါနေရင်း ဝေပိုင်က ခပ်လှမ်းလှမ်းမှ စတင်တိုက်ခိုက်လိုက်၏။ ကောင်းကင်ပေါ်မှနေ၍ ကြီးမားလှသော လက်ဖဝါးကြီးတခုက စုချန်း၏ မ်ိုးကြိုးရေနဂါးလွန်းပျံယာဥ်ဆီသို့ တိုးဝင်လာခဲ့လေပြီ။

"အလင်းတုန်ခါခြင်းနယ်ပယ်ကို ရောက်သွားပြီဆိုရင် လူတွေကဒီလို လုပ်နိုင်လာတာပေါ့လေ"

သူ့ဆီသို့ နိမ့်ဆင်းလာသော လက်ဝါးကို ခေါင်းမော့ကြည့်ရင်း စုချန်းက တီးတိုးရေရွတ်လိုက်သည်။

လက်ဝါးကြီးသည် စုချန်း၏ ယာဥ်နှင့် တဖြည်းဖြည်း နီးကပ်လာ၏။ ထိုအချိန်မှာပင် အလွန်တောက်ပသော အလင်းတန်းများ နောက်တကြိမ် ထွက်ပေါ်လာပြီး ယာဥ်ပတ်ပတ်လည်တွင်လည်း များပြားလှသော ဆူးချွန်များ ပေါ်ပေါက်လာ၏။ စက္ကန့်ပိုင်းအတွင်း မိုးကြိုးရေနဂါးယာဥ်သည် အလင်းတန်းများဖြင့် ဖန်တီးထားသည့် ဖြူကောင်တကောင်ကဲ့သို့ ပြောင်းလဲသွားခြင်းပင်။

ဝေပိုင်၏ လက်ဝါးသည် ဆူးချွန်များကိုသာ ထိမှန်သွားပြီး ဘောလုံးတလုံးအား ထိုးဖောက်လိုက်သည့်ပမာ ပေါက်ကွဲသွားလေသည်။

မိုးကြိုးရေနဂါးယာဥ်၏ အလင်းအကာအကွယ်သည် အဆိုပါ တိုက်ခိုက်မှုများကို ခုခံရန် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ပုံရိပ်ယောင်တိုက်ခိုက်မှုများသည် ဤနေရာတွင် အသုံးမဝင်နိုင်တော့။ စစ်မှန်သော တိုက်ခိုက်မှုနှင့်သာ အလင်းအကာအကွယ်ကို ဖျက်ဆီးနိုင်ပေလိမ့်မည်။

၎င်းကို သဘောပေါက်လိုက်သည်နှင့် ဝေပိုင်သည် သူ၏ သွေးဗီဇအား ချက်ချင်းပင် နှိုးဆွလိုက်၏။

ရုတ်ချည်းဆိုသလိုပင် ဝေပိုင်၏ နောက်ကျောတွင် ကြီးမားပြီး ကြောက်စရာကောင်းသော သားရဲကြီးတကောင်၏ ပုံရိပ်ယောင် ပေါ်ပေါက်လာ၏။ ၎င်းပုံရိပ်ယောင်သည် မျောက်နှင့်တူလှပြီး မျက်နှာမှာကား မြင်းမျက်နှာ ဖြစ်နေ၏။ ထို့ပြင် မျက်လုံးလေးလုံး ပါရှိပြီး ဦးခေါင်းဆီမှ အရွယ်အစား မတူညီသည့် ချိုကြီးနှစ်ချောင်း တိုးထွက်လျက်ရှိသည်။

အပြာရောင်သွေးနတ်ဘုရားဒဏ္ဍာရီသားရဲပေတည်း။

၎င်းသည် ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ကျယ်လောင်စွာ ဟိန်းဟောက်ပြီး မိုးကြိုးရေနဂါးယာဥ်ကို ခုန်အုပ်လိုက်၏။

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး၏ သွေးဗီဇပုံရိပ်ယောင်ကို စုချန်း ပထမအကြိမ် မြင်ဖူးခြင်းပင်။ ကံကောင်းသည်မှာကား စုချန်း၏ ယာဥ်မှာ အလွန်ပင် မြန်ဆန်၏။ ထို့ကြောင့် သားရဲကြီး၏ တိုက်ခိုက်မှုကို အောင်မြင်စွာ ရှောင်တိမ်းနိုင်လိုက်လေသည်။

မိုးကြိုးရေနဂါးလွန်းပျံယာဥ်သည် လျပ်ပြက်သည့်နှယ် ရှေ့သို့ တရှိန်ထိုး ပျံသန်းသွား၏။

"မင်း ဘယ်ကိုများ ပြေးလို့လွတ်မယ် ထင်နေတာလဲကွ"

အော်ဟစ်သံနှင့်အတူ ဝေပိုင်၏ ကိုယ်ခန္ဓာသည် လျပ်ပြက်သည့်နှယ် ကနဦး ဒဏ္ဍာရီသားရဲ ရှိနေသည့် နေရာသို့ ရောက်ရှိလာ၏။

ကြည့်ရသလောက် ဝေပိုင်၏ သွေးဗီဇပုံရိပ်ယောင်သည် သူကိုယ်တိုင် အမှီအခို ကင်းမဲ့စွာ တိုက်ခိုက်နိုင်ရုံမက ဝေပိုင်၏ ကိုယ်ခန္ဓာကိုလည်း ပုံရိပ်ယောင် တည်ရှိရာနေရာသို့ ပို့ဆောင်ပေးနိုင်ပုံရသည်။

သူနှင့် ဝေပိုင်ကြား အကွာအဝေး နီးကပ်လာသည်ကို မြင်သည်နှင့် စုချန်းက ရယ်မောရင်း ရေရွတ်လိုက်သည်။

"ကျုပ်အနေနဲ့ အရှိန်မြှင့်ဖို့ လိုလာပြီပေါ့လေ"

ထို့နောက် သူက စိတ်ဝိညာဥ်စွမ်းအင်များကို ပိုမိုနှိုးဆွလိုက်ရာ မိုးကြိုးရေနဂါးယာဥ်သည် ယခင်ထက် ပို၍ မြန်ဆန်သော နှုန်းထားနှင့် ပျံသန်းသွားတော့သည်။

All Chapters