အခြေတည် ဝိညာဉ် အဆင့်
Vol. 10 Ch. 958
"ခဏလောက် နေပါဦး…"
အသံနှင့် အတူ အချိန်စီးဆင်းမှုသည် အေးခဲ သွား၏။ ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ ပတ်လည် တစ်ဆယ် ကီလိုမီတာ အတွင်းရှိ သစ်ပင်၊ လူ၊ မြက်၊ လေ စသည်ဖြင့် အရာရာသည် တစ်ချက်ပင် လှုပ်ရှားခြင်း မရှိတော့ချေ။
များစွာသော လူငယ် ကျင့်ကြံသူများသည် သူတို့ အဘယ်ကြောင့် လှုပ်မရသည်ကို နားမလည်ကြချေ။ အကြီးအကဲများ သာလျှင် မည်သို့ ဖြစ်ပျက်နေကြောင်း နားလည် ကြသည်။
"ကောင်းကင်နဲ့ မြေကြီးကို ချိတ်ပိတ်ခြင်း… ဒါက အခြေတည် ဝိညာဉ် အဆင့်ရဲ့ စွမ်းအား မလား… ကြည့်ရတာ ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ ဘိုးဘေး တစ်ဦး လှုပ်ရှားလာပြီ ထင်တယ်… ဘယ်သူများလဲ… ရွှမ်ဟောင်လား… ကျင်းဟိုင်လား… ဒါမှမဟုတ် ဟုန်ယန်လား"
ဂိုဏ်းချုပ်များ၊ အကြီးအကဲများမှာ စိတ်လှုပ်ရှား လာကြ၏။
"ဟူး…"
စက္ကန့် အနည်းငယ် ကြာပြီးနောက် အချိန်သည် ပြန်လည် စီးဆင်းကာ အမတေ ချီများမှာ ပြန်လည် လှုပ်ရှားလာသည်။ ပတ်ဝန်းကျင် သည်လည်း ပြန်လည် အသက်ဝင် လာ၏။
ပြန်လည် လှုပ်ရှား၍ ရသည်နှင့် မဟာ အကြီးအကဲ လင်းရှန်းက ဒူးထောက် လိုက်သည်။
"တပည့် လင်းရှန်းက နှုတ်ဆက်ပါတယ်… ဘိုးဘေး ဟုန်ယန်"
"နှုတ်ဆက်ပါတယ်… ဘိုးဘေး ဟုန်ယန်…"
ထောင်ပေါင်း များစွာသော ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ တပည့်များကလည်း ဒူးထောက်ကာ သံပြိုင် ကြွေးကြော် လိုက်ကြသည်။
"သူက ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ ဘိုးဘေး ဟုန်ယန်ပေါ့… ဒဏ္ဍာရီတွေ အရဆို သူက ဉာဏ်အလင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်း သုံးထောင်က ရခဲ့တာတဲ့… သူ အခုထိ အသက်ရှင် နေဉီးမယ် လို့ ငါ မထင်မိဘူး"
များစွာသော ရွှေအမြုတေ အဆင့် လူအိုကြီးများက တွေးလိုက် ကြသည်။
"ဟူး…"
လူတိုင်း၏ အကြည့်များ အောက်တွင်ပင် အသက်လတ် လူတစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်မှ ဆင်းသက် လာ၏။
သူသည် ဆံပင်များသည် ဆွတ်ဆွတ် ဖြူအောင် ဖွေးနေ၏။ သို့သော်လည်း သူ၏ ရုပ်ရည်သွင်ပြင်မှာမူ အသက် လေးဆယ်ခန့်ဟုသာ ထင်ရသည်။ သူ၏ မျက်လုံးများမှာမူ ဉာဏ်ပညာ ပြည့်ဝမှုဖြင့် တလက်လက် လင်းလက်နေသည်။
"နှုတ်ဆက်ပါတယ်… ဘိုးဘေး ဟုန်ယန်"
မြေအောက် သရဲဂိုဏ်းချုပ်က ဒူးထောက်ကာ ဦးညွှတ်လိုက်သည်။
ကောင်းကင်အရှင်များသည် ထျန်းဟောင်ဂြိုဟ်၌ အစွမ်း အထက်ဆုံး သက်ရှိများ ဖြစ်သည်။ သူတို့သည် အလွန် ရှားပါးကာ အမြဲ လိုလို တရားကျင့်ကြံ နေတတ်ကြသည်။ ယခုကဲ့သို့ ကောင်းကင် အရှင် တစ်ယောက် လူမြင်ကွင်းသို့ ထွက်ပေါ် လာခြင်းက ရှားပါး၏။
"အင်း…"
ဘိုးဘေး ဟုန်ယန်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် သူက ရှန်းရှီကို တစ်ချက် ကြည့်၏။
"ကောင်းတယ်…"
သူက ကျေနပ်ဟန် တစ်ချက် ပြုံးလိုက်သည်။ ထို့နောက်တွင်မှ သူက ချန်းဖန်ဘက်သို့ လှည့်ကာ ကြည့်လိုက်၏။
"မင်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက မိစ္ဆာချီနဲ့ ပြည့်နှက် နေတာပဲ… ငါတောင် အံ့အားသင့် မိတယ်… ကျင့်ကြံခြင်း အဆင့်မြင့်တဲ့ မူလ မိစ္ဆာ ဘိုးဘေးတွေတောင် မင်းကို မိစ္ဆာချီ သန့်စင်မှုမှာ မယှဉ်နိုင်ဘူး… မင်းရဲ့ မိစ္ဆာ ကျင့်စဉ်က ကျင့်ကြံခြင်း လောကက မဖြစ်နိုင်ဘူး… မိစ္ဆာ လောကကနေ လာတာ ငါမှန်ရဲ့လား"
ဘိုးဘေး ဟုန်ယန်က အေးဆေးစွာ ပြောလိုက်သည်။
"အဲဒါက မင်းအလုပ် မဟုတ်ဘူး… ဘာကိစ္စကြောင့် ငါ့ကို တားတာလဲ"
ချန်းဖန်က ပြန်မေး လိုက်သည်။
ဘိုးဘေး ဟုန်ယန်မှာ မျက်မှောင်ကြုတ် သွား၏။ ကောင်းကင် အရှင် တစ်ယောက် အတွက် အခြေတည် ဝိညာဉ် အဆင့် အောက်ရှိ လူတိုင်းမှာ ပိုးမွှားများသာ ဖြစ်သည်။ သူတို့၏ ရှေ့တွင် ကောင်းကင် အရှင် မိသားစု ခေါင်းဆောင်များ၊ ကောင်းကင် ဂိုဏ်ချုပ်များပင် ဒူးထောက် ရသည်။ မည်သူမျှ မရိုမသေ မလုပ်ရဲချေ။
"မင်းမှာ ဘာမှ ပြောစရာ မရှိတော့ရင် ငါ သွားတော့မယ်"
ချန်းဖန်က ရှောင်မန်၏ လက်ကို ဆွဲကာ ထွက်ခွာရန် ပြင်လိုက်သည်။
"နေပါဦး…"
ဘိုးဘေး ဟုန်ယန်၏ ခန္ဓာကိုယ်မှာ မူလ နေရာမှ ပျောက်ကွယ်ကာ ချန်းဖန်တို့၏ အရှေ့တွင် ပြန်ပေါ်လာ၏။
"ကျင့်ကြံသူချန်း… ကျေးဇူးပြုပြီး ရှောင်မန်ကို ထားခဲ့ပါ… သူက ငါတို့ ဂိုဏ်းရဲ့ တပည့်ပါ"
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။
"ရှောင်မန်က ငါ့ညီမပဲ… နောက်ပြီး သူက ဒီမှာ ယာယီပဲ လာနေတာ"
"ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ တပည့် တစ်ခါ ဖြစ်ပြီးရင် သူက အမြဲတမ်း ငါတို့ထဲက တစ်ယောက် ဖြစ်သွားပြီ… မင်း ဘယ်သူလဲ ဘယ်ကလာလဲ ဆိုတာ ငါ ဂရုမစိုက်ဘူး… ဒါပေမဲ့ သူ့ကို ခေါ်သွားခွင့် မပြုနိုင်ဘူး"
ဘိုးဘေး ဟုန်ယန်က လေးနက်သော မျက်နှာဖြင့် ပြောလိုက်၏။
"ဟဟ… ဒီတော့ မင်းတို့က ငါ့ညီမကို ငါ့ဆီက လုချင်တယ်ပေါ့… ဟုတ်လား…"
ချန်းဖန်က ခြောက်ကပ်ကပ် ရယ်လိုက်သည်။
"ရှောင်မန်ကို ငါတို့ ပိုင်တယ်… သူ့ကို ပြုစု ပျိုးထောင်ပေးခဲ့တဲ့ အတွက် ပြန်လည် မွေးဖွားခြင်းဂိုဏ်းက မင်းကို ကျေးဇူးတင် နေမှာပါ… မင်း ဆန္ဒရှိရင် ငါ့အနေနဲ့ မင်းကို တပည့် အဖြစ် လက်ခံပြီး ကျင့်စဉ်တွေ သင်ပေးနိုင်တယ်"
ဘိုးဘေး ဟုန်ယန်က ပြောလိုက်သည်။
"မင်းက ငါ့ကို တပည့် အဖြစ် လက်ခံချင်တယ်ပေါ့ ဟုတ်လား…"
ချန်းဖန်၏ အကြည့်များက ပိုမို၍ အေးစက် သွား၏။
"ကြည့်ရတာ မင်းက ငါ့ မိစ္ဆာ ကျင့်စဉ်ကို မျက်စိကျ နေတာကိုး"
သူ့ကဲ့သို့ မြောက်ပိုင်း ကောင်းကင် အရှင်က အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်၏ အကြံအစည်ကို မည်ကဲ့သို့ မသိပဲ နေမည်နည်း။
"ဆရာ တစ်ယောက် အနေနဲ့ ကိုယ့် တပည့်ကို လမ်းမှားရောက်မှာ စိုးရိမ်တာ သဘာဝပဲ… ဒီတော့ မင်းရဲ့ မိစ္ဆာ ကျင့်စဉ်ကို စစ်ဆေး ရမှာပါက ငါ့တာဝန်ပဲ"
ဘိုးဘ ဟုန်ယန်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။
သို့သော်လည်း ကြားလိုက်ရသော လူတိုင်းမှာမူ အသည်းများ အေးစက် သွားကြ၏။ ပထမ၌ သူတို့သည် ချန်းဖန်ကို အလွန် ရက်စက် ကြမ်းကြုတ်သူ တစ်ယောက်ဟု တွေးခဲ့ကြသော်လည်း ယခုတွင်မူ ဘိုးဘေး ဟုန်ယန်က သူတို့၏ မျက်လုံးကို ဖွင့်ပေးခဲ့သည်။
သူ ချန်းဖန်အား တပည့်အဖြစ် လက်ခံရန် ပြောခဲ့ခြင်းမှာ ချန်းဖန်၏ အစွမ်းထက် ကျင့်စဉ်ကို လိုချင်သောကြောင့်သာ ဖြစ်သည်။ အကယ်၍ ချန်းဖန်က သူ့အား မပေးပါက ဂိုဏ်းစည်းကမ်း နာမည်ကို သုံး၍ လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။
"အခြေတည် ဝိညာဉ် အဆင့်တွေ အားလုံးက သူ့လိုပဲလား…"
လူတိုင်းမှာ ထိတ်လန့်တကြား တွေးလိုက် မိကြ၏။
ရှောင်မန်၏ မျက်လုံးများမှာမူ အံ့ဩမှုဖြင့် ပြူးကျယ်နေသည်။ သူမသည် ဘိုးဘေး ဟုန်ယန် ထိုမျှ အရှက်မဲ့ လိမ့်မည်ဟု မထင်ထားခဲ့ချေ။
"ကဲပါ အချိန်ဖြုန်း မနေနဲ့တော့… ငါနဲ့ အတူ လိုက်ခဲ့"
ဘိုးဘေး ဟုန်ယန်က ချန်းဖန်၏ အဖြေကို နားမထောင်တော့ပဲ လက်အား လှမ်းဆွဲ လိုက်၏။
သူ၏ လှုပ်ရှားမှုက သာမန် ထင်ရသော်လည်း ပတ်ဝန်းကျင်ရှိ လေထုမှာ အေးခဲကာ အရာရာမှာ ထိန်းချုပ်ခံ လိုက်ရ၏။ လင်းဝူဟွာ၊ ကျိုးကျူရှင်းတို့ပင်လျှင် တစ်ချက်ပင် မလှုပ်နိုင်တော့ချေ။
"ပျက်စီးစမ်း…"
ချန်းဖန် အမိန့်ပေးလိုက်သည်နှင့် မိစ္ဆာ ခြောက်ကောင်သည် ရုတ်တရက် ပေါ်လာကာ လေဟာနယ်ကို ဆွဲဖျက် ကြိုးစား လိုက်ကြသည်။
"အသုံးမဝင်ဘူး… အခြေတည် ဝိညာဉ် အဆင့်အောက် ဘယ်သူမှ ငါ့ အစီအရင်ကို မဖျက်ဆီးနိုင်ဘူး"
ဘိုးဘေး ဟုန်ယန်က ပြောတာ သူ၏ အစီအရင်ကို နှစ်ဆ မြှင့်တင် လိုက်သည်။
"ဘုန်း…"
ရုတ်တရက် လေထု၏ အေးခဲမှုသည် ပို၍ မြင့်တက် လာ၏။ ၎င်း၏ အောက်၌ မိစ္ဆာ ခြောက်ကောင်မှာ ဖိအားပေး ခံရကာ စတင် အက်ကွဲလာ၏။
"ငါ့က ရှန်းရှီကို ကောင်းကင် အဆင့် အမြုတေ တစ်ခု ပေးပြီး ပြန်လည် မွေးဖွားခြင်းဂိုဏ်းကို ကူညီခဲ့တယ်… အဲဒါက မင်းအတွက် မလုံလောက်ဘူးလား… မင်း ကမ္မကို မကြောက်ဘူးလား"
ချန်းဖန်က တည်ငြိမ်စွာပင် မေးလိုက်သည်။
"ဟားဟား… ကမ္မ ဆိုတာ ဘာလဲ… ငါက ကောင်းကင်အရှင်… ငါ ကိုယ်တိုင်က လောက ဥပဒေပဲ"
ဘိုးဘေး ဟုန်ယန်က အော်ဟစ် ရယ်မော လိုက်သည်။
ချန်းဖန်မှာ ထပ်မံ မငြင်းခုန်တော့ပဲ လက်သီးကိုသာ ဆန့်ထုတ် လိုက်၏။ မိစ္ဆာ ခြောက်ကောင်သည် သူ့ထံသို့ ပျံသန်းလာကာ လက်သီးနှင့် ပေါင်းစပ်သည်။
"ဘုန်း…"
ချက်ချင်းသည် ကောင်းကင်သည် မိစ္ဆာချီဖြင့် ပြည့်နှက်ကာ လက်သီးမှာ ဘိုးဘေး ဟုန်ယန်ထံ ပြေးဝင်သွား၏။
"သွားစမ်း…"
ဘိုးဘေး ဟုန်ယန်က အင်္ကျီလက်အား ဝှေ့ယမ်း လိုက်သည်။
"ဘုန်း…"
ပေါက်ကွဲမှုနှင့် အတူ ချန်းဖန်မှာ နောက်သို့ လွင့်စဉ် သွား၏။ ကီလိုမီတာ တစ်ရာခန့် အကွာသို့ ရောက်မှ ချန်းဖန်မှာ သူ၏ ဟန်ချက်ကို ပြန်လည် ထိန်းနိုင်တော့သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် သွေးစ တစ်ခုသည် စီးကျလာ၏။
မည်မျှပင် အစွမ်းထက် စေကာမူ သူ၏ မိစ္ဆာ ကျင့်စဉ်မှာ မူလ အဆင့်တွင်သာ ရှိသေးသည်။ မည်ကဲ့သို့ ရွှေအမြုတေ အဆင့်နှင့် ယှဉ်၍ တိုက်ခိုက်နိုင်ပါမည်နည်း။
"အကို…"
ရှောင်မန်၏ မျက်လုံးတွင် မျက်ရည်များ ဝဲလာ၏။ သူမ၏ ခန္ဓာကိုယ်သည် ရွှေရောင် အလင်းများဖြင့် ဝန်းရံကာ ရွှေရောင် နဂါးပုံရိပ်ယောင်ကို ဖြစ်ပေါ်စေသည်။
"ဂါး…"
ထိုနဂါးသည် ဟိန်းဟောက်ကာ ဟိုးဘေး ဟုန်ယန်ထံ ပြေးဝင် တိုက်ခိုက်၏။ သို့သော်လည်း မူလ အဆင့် တစ်ယောက်က မည်ကဲ့သို့ ဘိုးဘေး ဟုန်ယန်၏ ပြိုင်ဘက် ဖြစ်နိုင်မည်နည်း။
"ရိုင်းစိုင်းလိုက်တာ…"
ဘိုးဘေး ဟုန်ယန်က ရှောင်မန်အား ဖမ်းဆီးကာ အကြီးအကဲ ယွီလုံထံ ပစ်ပေး လိုက်၏။
"သူ့ကို နှစ်တရာ ဂူပိတ်ပြီး အပြစ် ခံယူ ခိုင်းလိုက်… ရွှေအမြုတေ အဆင့်ကို မရောက်မချင်း အပြင်ကို မထွက်စေနဲ့"
"ကောင်းပါပြီ…"
အကြီးအကဲ ယွီလုံက ဦးညွှတ် လိုက်သည်။
"ဟူး…"
ထိုအချိန်မှာပင် ချန်းဖန်သည် ကောင်းကင်သို့ နောက်တစ်ကြိမ် ပြန်လည် မြင့်တက်လာ၏။ သူ၏ အမူအရာက အလွန်အမင်း တည်ငြိမ် နေ၏။
ရုတ်တရက် သူက လင်းဝူဟွာ ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"တစ်ခါက ဓားရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲလို့ နင် ငါ့ကို မေးခဲ့တယ်… ငါက ဓားရဲ့ ရည်ရွယ်ချက် ဆိုတာ စကြဝဠာရဲ့ ဥပဒေကို ဖျက်ဆီးဖို့လို့ ဖြေခဲ့တယ်… ဒီနေ့ ငါ နင့်ကို လက်တွေ့ သင်ပြပေးမယ်"
ချန်းဖန်က ညာဘက်လက်အား ဆန့်ထုတ်ကာ အော်ဟစ် လိုက်၏။
"ဓား… လာစမ်း…"
"ဘုန်း…"
ကျိုးကျူရှင်း၏ နောက်ကျော၌ လွယ်ထားသော ပျောက်ပျက်ခြင်း ဓားသည် ကောင်းကင်သို့ ပျံတက် လာ၏။ ၎င်းက အဇူရာ အလင်းဖြင့် တောက်ပ၍ ချန်းဖန် လက်အတွင်း ကျဆင်းသည်။
"ဘုန်း…"
ဓားအား ဆုပ်ကိုင်ပြီးသည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်သည် မိုးကြိုးများဖြင့် ဝန်းရံ လာကာ စတင် အသွင်ပြောင်းလေ၏။ မိုးကြိုးတို့၏ အရှင် လိန်ဟူ သားရဲကား ထွက်ပေါ် လာခဲ့ပြီ ဖြစ်လေသည်။
"မကောင်းတော့ဘူး…"
ဘိုးဘေး ဟုန်ယန်၏ မျက်နှာက ဖြူရော် သွားကာ နောက်သို့ ဆုတ်ရန် ကြိုးစား လိုက်၏။ သို့သော်လည်း ထိုအရာက နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။
"ကောင်းကင် မိုးကြိုးဓား…"
လိန်ဟူ သားရဲက ဓားအား လွှဲကာ ခုတ်ထစ် လိုက်၏။
"ဘုန်း…"
ကောင်းကင်သည် ဟက်တက်ကွဲကာ အမျိုး အမည် မသိသော အရောင်များမှာ တောက်ပ လာ၏။ ထိုတိုက်ခိုက်မှုသည် စကြဝဠာ၏ စီးဆင်းမှုကို ကျော်လွန်ကာ ဘိုးဘေး ဟုန်ယန်၏ ခန္ဓာကိုယ်အား နှစ်ပိုင်းဖြတ်သွားသည်။
" … "
လင်းရှန်းနှင့် အခြားလူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။
ဓားတစ်ချက်ဖြင့် ကောင်းကင် အရှင်ကို နှစ်ပိုင်းဖြတ် ပစ်ခြင်း…
သူတို့သည် ကောင်းကင်၌ ရပ်နေသော လိန်ဟူ သားရဲကို ကြည့်ကာ နတ်ဘုရား တစ်ပါးကို မြင်တွေ့ နေရသည့် အလား ခံစား လိုက်ကြရသည်။
***