ထပ်ချပ်လိုက်ပါခြင်း
Vol. 48 Ch. 477
ဝေပိုင်ကား အလွန်ပင် မြန်ဆန်လှသည်။ သို့သော် ၎င်းထက် စုချန်း၏ မိုးကြိုးရေနဂါးလွန်းပျံယာဥ်က ပို၍ပင် မြန်ဆန်နေ၏။
တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်များသည် အခြေခံအားဖြင့် အမြန်နှုန်းကို အသားပေးတည်ဆောက်ထားလေရာ ၎င်းသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ထက် မြန်ဆနသည်မှာ အံ့သြစရာ မဟုတ်ချေ။ ၎င်း၏ ခံစစ်နှင့် တိုက်စစ်စွမ်းရည်များမှာကား ထပ်ပေါင်းစွမ်းရည်များသာဖြစ်၍ ပဓာနမကျချေ။ ယုတ်စွအဆုံး အလင်းတန်းအမြောက်များသည်ပင် ရန်သူ၏ အာရုံကို ပြောင်းလဲစေရန် တည်ဆောက်ထားခြင်းသာ ဖြစ်လေသည်။
ထို့ကြောင့် စုချန်းသာ ဆန္ဒရှိပါက ဝေပိုင်ကို အလွယ်တကူပင် မျက်ချေဖြတ်နိုင်၏။
သို့သော် စုချန်းကတော့ ထိုသို့ မလုပ်ချေ။
သူသည် မိုးကြိုးရေနဂါးယာဥ်နှင့် ဝေပိုင်အကြား အကွာအဝေးကို ဂရုတစိုက်နှင့် ထိန်းချုပ်ထား၏။ ၎င်းမှာ မုန်လာဥနီနှင့် မက်လုံးပေး၍ မြည်းတကောင်အား လိုရာစေခိုင်းနိုင်သော သဘောနှင့် အတူတူသာ။ မြည်းသည် မုန်လာဥနီနောက်သို့ မည်မျှပင် အားစိုက်ကာ လိုက်စေကာမူ ၎င်းအလိုရှိရာသို့ ရောက်နိုင်မည်မဟုတ်။
သို့သော် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်များတွင် မြန်သောယာဥ်ရှိသလို နှေးသောယာဥ်များလည်း ရှိသောကြောင့် ဝေပိုင်ခမျာ ၎င်းကို သတိမမူမ်ိချေ။ ရွှေတောင်ကုန်းယာဥ်ကဲ့သို့ အလွန်နှေးကွေးသော လွန်းပျံယာဥ်များကို မည်သည့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မဆို အလွယ်တကူ ဖမ်းမ်ိနိုင်သည် မဟုတ်ပါလား။
ထိုအခါ ဝေပိုင်သည် စုချန်းနောက်သို့ အားကြိုးမာန်တက်နှင့် လိုက်နေ၏။ သူ့စိတ်ထဲတွင်လည်း စုချန်းကို ဖမ်းမိနိုင်မည်ဟု တထစ်ချ ယုံကြည်ထားလေသည်။
သူသည် နတ်ဘုရားလေပြေးလွှားခြင်းကို အသုံးပြုကာ တနေရာမှ တနေရာသို့ ခုန်ကူးပြီး စုချန်းကို လိုက်မှီရန် ကြိုးစားနေ၏။ သို့သော် တဖက်မှ မိုးကြိုးရေနဂါးယာဥ်တွင်လည်း အထူးနည်းစနစ်တရပ် ရှိနေပုံပေါ်သည်။ သူ လိုက်မှီတော့မည်ကြံတိုင်း ၎င်းယာဥ်သည် တမုဟုတ်ချင်း ရှေ့သို့ ဝေါခနဲ တိုးထွက်သွားတတ်၏။ ထိုအခါ သူသည် မိုးကြိုးရေနဂါးယာဥ်နှင့် ဝေးကွာမြဲ ဝေးကွာနေလေ၏။
သိပ်မကြာမီ တစုံတခု မှားယွင်းနေကြောင်း ဝေပိုင် ခံစားမိလာရ၏။
သူ မည်မျှပင် ကြိုးစားအားထုတ်နေစေကာမူ စုချန်းအား လိုက်မမှီပဲ ဖြစ်နေသည် မဟုတ်ပါလား။ ဤအတောအတွင်း ဝေပိုင်တယောက် မူလစွမ်းအင်များ အတော်ပင် ကုန်ခန်းသွားခဲ့လေပြီ။ စွမ်းအင်ချွေတာရန် နတ်ဘုရားလေပြေးလွှားခြင်းကိုပင် ဝေပိုင် ယခင်ကလောက် မသုံးနိုင်တော့။ ယုတ္တိဗေဒအရဆိုရင် ဤအချိန်အတောအတွင်းဝယ် စုချန်းအနေနှင့် သူ့ကို မျက်ချေဖြတ်သွားသင့်သည် မဟုတ်ပါလား။
"လက်စသတ်တော့ မင်းက ကျုပ်ကို သက်သက်မဲ့ စွမ်းအင်ကုန်ခန်းသွားအောင် လုပ်နေတာကိုး"
ဝေပိုင် သဘောပေါက်သွားပြီ ဖြစ်သည်။
ထိုသို့ သဘောပေါက်သွားသည်နှင့် ဝေပိုင်က သူ့အမြန်နှုန်းကို လျော့ချလိုက်၏။ ထိုအခါ သူ့ရှေ့မှ မိုးကြိုးရေနဂါးယာဥ်၏ အမြန်နှုန်းမှာလည်း နှေးကွေးသွားလေသည်။
လိုက်၍ မမှီနိုင်မှတော့ ဝေပိုင် ဘာကြောင့် အပင်ပန်းခံနေတော့မည်နည်း။
သူ လက်လျော့လိုက်လေပြီ။ ထို့နောက် သူက နောက်ဘက်သို့လှည့်ကာ လာရာလမ်းအတိုင်း ပျံသန်းရန် ပြင်ဆင်လိုက်၏။
သို့သော် မမျှော်လင့်ပဲ မ်ိုးကြိုးရေနဂါးယာဥ်၏ ပဲ့ပိုင်းဆီမှာ အလင်းရောင်တန်းတခု ရုတ်တရက် ထွက်ပေါ်လာ၏။
"သေစမ်း"
အခြေအနေ မကောင်းတော့မှန်း ဝေပိုင် ချက်ချင်း သဘောပေါက်လိုက်သည်။ ထို့နောက် သူက နတ်ဘုရားပြေးလွှားခြင်းကို အသုံးပြုကာ စုချန်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်လေသည်။
စူးရှတောက်ပသော အလင်းရောင်တန်းများနှင့်အတူ ကျယ်လောင်လှသော ပေါက်ကွဲမှုကြီး သူ့အောက်တွင် ပေါ်ပေါက်လာ၏။
ခွေးမသား....
ဝေပိုင် အကြီးအကျယ် ဒေါသထွက်သွားပြီး အံကိုတင်းတင်းကြိတ်လိုက်မိသည်။
သူ လက်လျော့လိုက်ခါမှ တဖက်လူက ပြန်လှည့်လာပြီး သူ့ကို ရန်စတိုက်ခိုက်လာသည် မဟုတ်ပါလား။
ထိုအချိန်တွင် မိုးကြိုးရေနဂါးယာဥ်သည် ယခင်ပုံစံအတိုင်း ဆက်လက်ပျံသန်းသွားပြန်၏။ ဒေါသူပုန်ထနေသော ဝေပိုင်လည်း ယခင်နည်းအတိုင်း ဆက်လက် လိုက်ပါသွားလေသည်။
ဤနည်းအတိုင်း လိုက်တမ်းပြေးတမ်း ကစားနေကြလေရာ သူတို့နှစ်ယောက်သည် အတော်ခပ်ဝေးဝေးသို့ ရောက်ရှိလာ၏။
အချိန်အတော်ကြာသော် ဝေပိုင်သည် အံ့သြထိတ်လန့်လာ၏။ ဤအတောအတွင်း သူသည် ကုန်ဆုံးသွားသော မူလစွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် မူလကျောက်တုံး အတော်များများ သုံးစွဲခဲ့ရ၏။ သို့သော် တဖက်မှ မိုးကြိုးရေနဂါးယာဥ်သည် အဘယ်ကြောင့် ဤမျှ စွမ်းဆောင်နိင်နေသနည်း။
ဟုတ်ကောဟုတ်ရဲ့လားဟ....
ဝေပိုင် သံသယဝင်နေခဲ့လေပြီ။
ဝေပိုင်တွင်လည်း တိမ်တ််ိုက်ထိုးခွဲလွန်းပျံယာဥ်တစီး ရှိနေ၏။ သို့သော် ၎င်းတွင် အရွယ်အစား ချုံ့နိုင်သော စွမ်းရည်မရှိ။ ထို့ကြောင့် ၎င်းကို ဝေပိုင် တပါတည်း ယူမလာနိုင်ခဲ့။ မျိုးနွယ်စုထံတွင်သာ ထားရစ်ခဲ့ရ၏။ သူတို့မျိုးနွယ်စုကား ထိုယာဥ်ကို ရတနာတပါးသဖွယ် သဘောထားကြလေသည်။
ထို့ပြင် သူ့ယာဥ်သည် စုချန်း၏ ယာဥ်နှင့်စာလျင် အတော်ပင် အဆင့်နိမ့်နေသယောင် ဝေပိုင် ခံစားနေရလေသည်။
တကယ်တော့ သူသည် မျိုးနွယ်စု အကြီးအကဲတဦး ဖြစ်သည့်အပြင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးလည်း ဖြစ်သည်။ သို့သော် သူ ပိုင်ဆိုင်သည့် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်က စုချန်း၏ ယာဥ်လောက်ပင် အဆင့်မရှိ ဖြစ်နေ၏။ ထိုအကြောင်းကို စဥ်းစားမ်ိသော် ဝေပိုင်သည် ပို၍ ဒေါသထွက်လာလေသည်။
ပြင်းထန်သော ဒေါသနှင့်အတူ ဝေပိုင် သူ့အိပ်ကပ်ထဲမှ တစုံတရာကို ဆွဲထုတ်လိုက်၏။ လက်တဆုပ်စာခန့်ရှိသော သဲတချို့ပင် ဖြစ်သည်။
ထို့နောက် ဝေပိုင်သည် တစုံတခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် ထိုသဲများကို လေထဲသို့ ပစ်လွှတ်လိုက်၏။ ချက်ချင်းဆိုသလိုပင် သဲမှုန်များသည် နတ်ဆိုးကြီးတကောင်အဖြစ် ပြောင်းလဲသွားလေသည်။ သဲနတ်ဆိုးကြီးသည် မိုးကြိုးရေနဂါးလွန်းပျံယာဥ် ရှိရာဘက်သို့ နားကွဲလုမတတ် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။ အော်သံနှင့်အတူ ကောင်းကင်တခွင်လုံး မဲမဲမှောင်လာပြီး ကြီးမားလှသော သဲမုန်တိုင်းကြီး စတင်တိုက်ခတ်လာ၏။
"ဟား ဟား ဟား သဲမုန်တိုင်းနတ်ဆိုးကြီးရဲ့ အစွမ်းကို မင်း တွေ့ရတော့မယ်"
သဲမုန်တိုင်းနတ်ဆိုးကြီးကို ဖြစ်ပေါ်စေသည့် သဲမှုန်များကား အလွန်တန်ဖိုးကြီးမားပြီး ဝေပိုင် တယုတယ သိမ်းထားသည့် ရတနာတပါး ဖြစ်သည်။ အလွန်အရေးကြီးသော အခြေအနေမှတပါး သာမာန်အခြေအနေများတွင် ဤသဲမှုန်များကို ဝေပိုင် အသုံးချလေ့မရှိ။ တခါသုံးစွဲလိုက်တိုင်း သူ့လက်ထဲရှိ သဲမှုန်များ ပိုမို လျော့နည်းသွားသည် မဟုတ်ပါလား။
သဲမုန်တိုင်း စတင်ပေါ်ပေါက်လာသည်နှင့် လေထုတခုလုံး သဲများဖြင့် ပြည့်နှက်သွားပြီး နေရောင်ပင် ပျောက်ကွယ်သွား၏။ မိုးကြိုးရေနဂါးယာဥ်သည်ပင် ဤသဲမုန်တိုင်း၏ ဒဏ်ကို ခံနိုင်ရန် မလွယ်လှ။ လေသည် ကြောက်စရာကောင်းလှအောင် တိုက်ခတ်နေ၏။ တန်နှင့်ချီသော သဲများက ထောင်ပေါင်းများစွာသော မြားတံများပမာ မိုးကြိုးရေနဂါးယာဥ်၏ ကိုယ်ထည်ကို ရိုက်ပုတ်နေလေသည်။ ယာဥ်ကိုယ်ထည်မှာ သဲမှုန်များ၏ ရိုက်ပုတ်မှုကြောင့် မီးပွင့်မီးဖွားများပင် ထလာ၏။
"သေစမ်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တိုင်းမှာ ကိုယ်ပိုင်ဝှက်ဖဲလေးတွေ ရှိနေတာကိုး"
စုချန်းက ခေါင်းခါယမ်းရင်း ရေရွတ်လိုက်သည်။
ဝေပိုင်ကား ကြယ်တပွင့်အဆင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မျှသာ ဖြစ်သည်။ သို့သော် ရင်ဆိုင်ရန် ခက်ခဲလှ၏။ ဝေပိုင်ထက် အဆင့်မြင့်သူများဆိုလျင် မည်မျှပင် ကြောက်စရာကောင်းလိုက်မည်နည်း။
ဝဲဂယက်ထနေသော သဲများက နေရာတိုင်းလိုလိုတွင် ရှိနေ၏။ ဤမျှ သိပ်သည်းထူထပ်နေသော သဲပင်လယ်ကြီးအား စုချန်း မည်သို့ ဖောက်ထွက်မည်နည်း။ ဝေပိုင် ဝမ်းသာသွားလေသည်။ ဤတကြိမ်တွင် စုချန်းအနေနှင့် လွတ်လမ်းမရှိတော့ဟု သူ တထစ်ချ ယူဆလိုက်၏။
သို့သော် စုချန်းကား အပြုံးပင်မပျက်။
သူက ဝေပိုင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"လူမိုက်ပဲ"
ထို့နောက် သူသည် မိုးကြိုးရေနဂါးယာဥ်ကို ချက်ချင်းပင် နောက်ပြန်လှည့်ကာ ဝေပိုင်ရှိရာသို့ ဦးတည်လိုက်၏။
တကယ်တော့ စုချန်း၏ ဆုံးဖြတ်ချက်မှာ မှန်ကန်လှသည်။ မုန်တိုင်းတွင် အားပျော့သောနေရာ ရှိ၏။ မုန်တိုင်း၏ အားအပျော့ဆုံး နေရာမှာ ဝေပိုင် ရှိနေသော နေရာပင် မဟုတ်ပါလား။
သူ့ထံသို့ ဦးတည်ပျံသန်းလာသော လွန်းပျံယာဥ်ကို ကြည့်ပြီး ဝေပိုင်က ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။
"ခွေးမသားလေး မင်း သေဖို့သာပြင်....."
ဝေပိုင် စကားပင်ဆုံးအောင်မပြောလိုက်ရ။
လွန်းပျံယာဥ်၏ ဦးပိုင်းမှ အလင်းတန်းအမြောက်က အလင်းရောင်များ ဝင်းလက်လာသောကြောင့် ဘေးဖက်သို့ ကမန်းကတန်း ရှောင်ပေးလိုက်ရ၏။
"ခွေးမသား"
ဝေပိုင် ပြစ်ပြစ်နှစ်နှစ်ပင် ဆဲဆိုလိုက်သည်။
အလင်းတန်းသည် ဝေပိုင်၏ ဘေးနားမှ ဖြတ်ကျော်သွား၏။ ထိုအချိန်မှာပင် အံ့သြစရာကောင်းလှသော မြင်ကွင်းကို ဝေပိုင် မြင်တွေ့လိုက်ရသည်။ ၎င်းမှာ မိုးကြိုးရေနဂါးယာဥ်သည် ကြောက်စရာကောင်းလှအောင် မြန်ဆန်လာပြီး အလင်းတန်းနောက်မှ ထပ်ချပ်လိုက်ပါလာခြင်းပင်တည်း။
သူတခါမှ မမြင်ဖူးသည့် အမြန်နှုန်းနှင့် ပျံသန်းသွားသော မိုးကြိုးရေနဂါးယာဥ်ကို ကြည့်ပြီး ဝေပိုင်၏ မျက်လုံးအစုံမှာ ပြူးကျယ်ဝိုင်းစက်သွား၏။
မိုးကြိုးရေနဂါးယာဥ်သည် ထိပ်တန်းစွမ်းရည်ရှိ ယာဥ်တမျိုးဖြစ်ကြောင်း ယုံမှားသံသယ ဖြစ်နေစရာ မလိုတော့။
ဤအတိုင်းဆိုလျင် ဤယာဥ်၏ တန်ဖိုးမှာ မူလကျောက်တုံး အနည်းဆုံး တစ်ရာမီလျံခန့် တန်ကြေးရှိပေလိမ့်မည်။ ဤပမာဏမှာ ဝေပိုင်ကဲ့သို့ မျိုးနွယ်စုအကြီးအကဲတဦးပင် မတတ်နိုင်သော ပမာဏ ဖြစ်သည်။
စုချန်းလို သာမာန်လူတယောက်က ဤမျှ တန်ဖိုးကြီးမားသော ယာဥ်ကို ဘယ်ပုံဘယ်နည်းနှင့် ရလာသနည်း။
စက္ကန့်ပိုင်းအတွင်းမှာပင် မိုးကြိုးရေနဂါးယာဥ်သည် ဝေပိုင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။
ဝေပိုင် ကြောင်အန်းအန်း ဖြစ်နေ၏။
ဘာလဲ....
ဘာတွေ ဖြစ်နေတာလဲ....
ထိုအချိန်မှာပင် ဝေပိုင်၏ ဦးနှောက်ထဲတွင် အတွေးတခု ပေါ်ပေါက်လာ၏။
ဟာ...သေစမ်း....မကောင်းတော့ဘူး...အစ်ကိုကြီးချန်း...