ဗျူဟာ
Vol. 48 Ch. 478
တကယ်တော့ ဝေပိုင်တယောက် စုချန်းနောက်သို့ လိုက်သွားကတည်းက ကျောက်စိမ်းနှလုံးသားကျွန်းပေါ်ရှိ တိုက်ပွဲက အစပြုနေခဲ့လေပြီ။
ချန်းယွမ့်ဟုန်နှင့် ရင်ဆိုင်မိသည်နှင့် ကျန်းစီချွေ့သည် စကားအထူးအထွေ ပြောမနေတော့။ ချက်ချင်းဆိုသလိုပင် သူ၏ သွေးဗီဇစွမ်းရည်ကို နှိုးဆွလိုက်၏။ ကျွန်းပတ်ပတ်လည်ရှိ ရေထုသည် တဝေါဝေါနှင့် စတင်ဆူညံလာပြီး ရေလှိုင်းများသည် တဖြည်းဖြည်း အရွယ်ကြီးမားလာသလို လေထုအတွင်းသို့ တိုးထွက်လာ၏။ ထို့နောက် အဆိုပါ ရေလှိုင်းများသည် ကြီးမားလှသော လက်ကြီးတချောင်းအဖြစ် ပြောင်းလဲသွားပြီး ချန်းယွမ့်ဟုန်အား ရိုက်ချလိုက်တော့သည်။
စုအိမ်တော်တွင် အစွမ်းပြခဲ့တုန်းက ကျန်းစီချွေ့သည် လျူယွဲ့၏ မျက်လုံးကိုသာ ဖန်တီးနိုင်ခဲ့၏။ ယခုတော့ သူက လက်တချောင်းလုံးကို ဖော်ထုတ်နိုင်ခဲ့လေပြီ။ ၎င်းမှာ နှစ်အနည်းငယ်အတွင်း သူ၏ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်သလို ကျောက်စိမ်းနှလုံးသားကျွန်းပတ်ပတ်လည်ရှိ ရေပြင်အနေအထားနှင့်လည်း ဆိုင်နေ၏။ မည်သို့ဆိုစေ ကျန်းစီချွေ့ကား ကျန်းမျိုးနွယ်စု၏ လျူယွဲ့သွေးဗီဇစွမ်းရည်ကို အကောင်းဆုံး ဖော်ထုတ်နိုင်ခဲ့လေပြီ။
ကြီးမားသော လက်ကြီးကို ချန်းယွမ့်ဟုန် ထိပ်တိုက် ရင်မဆိုင်ရဲ။ သူ့ပါးစပ်မှလည်း လွှတ်ခနဲ ရေရွတ်လိုက်သည်။
"ပျက်စီးခြင်းသားရဲသွေးဗီဇ"
ချက်ချင်းဆိုသလို ချန်းယွမ့်ဟုန်၏ နောက်ကျောတွင် သတ္တု တိုင်ရွန်နိုဆောရပ်စ် ( T-Rex လို့ အတိုကောက်ခေါ်ကြတဲ့ ဒ်ိုင်နိုဆောကို ပြောတာပါ...ပုံ စာရေးသူ) တကောင်၏ ပုံရိပ် ပေါ်လာ၏။ ထို့နောက် ချန်းယွမ့်ဟုန်က လေထဲသို့ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ကြီးမားသော လက်ဖဝါးပုံရိပ်တခု ပေါ်လာပြီး လျူယွဲ့၏ လက်ကို ထိမှန်သွားလေသည်။
ကျန်းစီချွေ့ကား ကမ္ဘာဦးသားရဲသွေးဗီဇပိုင်ရှင် ဖြစ်သလို မြေမျက်နှာပြင်အနေအထားအရလည်း သူ့ဘက်တွင် အားသာချက် ရှိနေ၏။ သို့သော် သူသည် သွေးဆူပွက်ခြင်းနယ်ပယ်တွင်သာ ရှိနေသေးလေရာ ချန်းယွမ့်ဟုန်ထက် စွမ်းအင်စုဆောင်းခြင်းနယ်ပယ် နှစ်လွှာမျှ ကွာခြားနေလေသည်။ တဖက်တွင်လည်း တိုင်ရွန်နိုဆောရပ်စ်သွေးဗီဇသည် အနီးကပ်တိုက်ပွဲများတွင် များစွာ အသုံးတည့်လှသည်။ ထို့ကြောင့် သူတို့ နှစ်ယောက် ရင်ဆိုင်တွေ့မိရာတွင် ချန်းယွမ့်ဟုန်၏ သွေးဗီဇကပင် ပို၍ အသာစီးရသယောင် ဖြစ်နေ၏။
တိုင်ရွန်နိုဆောရပ်စ်ပုံရိပ်ယောင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်၏။ တချိန်တည်းမှာပင် ချန်းယွမ့်ဟုန်၏ လက်ဝါးကလည်း လျူယွဲ့၏ လက်ကို ထိမှန်သွားလေသည်။
သို့သော် ဤနေရာတခုလုံးသည် ရေသည် အကန့်အသတ်မရှိ လွတ်လပ်စွာ စီးဆင်းလျက်ရှိလေသည်။ ၎င်းမှာ ကျန်းစီချွေ့အတွက် ကြီးမားသော အားသာချက် ဖြစ်လာ၏။ သူ့အနေနှင့် ရေများ မခန်းခြောက်သေးသရွေ့၊ သို့မဟုတ် မူလစွမ်းအင် မကုန်ခန်းသရွေ့ လျူယွဲ့၏ လက်ကို ပြန်လည်ဖန်တီးနိုင်ခွင့် ရှိနေ၏။
တချိန်တည်းမှာပင် ရေထဲမှ မရေမတွက်နိုင်သော ပင်လယ်ဓါးပြများ ထွက်ပေါ်လာပြီး ချန်းယွမ့်ဟုန်အား မြားများ၊ဒူးလေးများ၊အမြောက်များနှင့် ပစ်ခတ်ကြကုန်၏။ ၎င်းတို့၏ မြားများ၊ အမြောက်များမှာကား သာမာန်မဟုတ်။ မူလပုံစံကွက်များဖြင့် အားကောင်းစေရန် ဖန်တီးထားလေရာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည်ပင်လျင် ၎င်းတို့ကို သတိမပြုပဲ မနေရဲချေ။
ထိုမျှသာမကသေး ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တဦး ခေါင်းဆောင်သည့် ချီစွမ်းအားပညာရှင်များသည်လည်း ၎င်းတို့အင်အားများကို စုစည်းကာ ချန်းယွမ့်ဟုန်အား တိုက်ခိုက်နေကြလေသည်။ ဤသည်မှာ လူတိုင်း၏ အင်အားကို စုစည်းပြီး လူအရေအတွက် အားသာချက်ကို အခွင့်အရေးယူကာ တိုက်ခိုက်သည့် ကျန်းမျိုးနွယ်စု၏ ပူးပေါင်းတိုက်ကွက်တမျိုးပင် ဖြစ်သည်။
တဆက်တည်းမှာပင် ထက်မြက်လှသော ဓားသွားမျိုးစုံက ချန်းယွမ့်ဟုန်ထံသို့ ဦးတည်လာပြန်၏။ ကျန်းစီချွေ့ စီစဥ်ထားသော တတ်ိယမြောက်တိုက်ခိုက်မှုပင် ဖြစ်သည်။
သို့သော် ချန်းယွမ့်ဟုန်ကား ထိုအနေအထားအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပင်။ ၎င်း၏ဘယ်ဖက်လက်တွင် ဓားရှည်ကြီးတလက် ရုတ်ချည်း ပေါ်ပေါက်လာ၏။ ၎င်းက ဓားရှည်ကို ဝေ့ယမ်းလိုက်ပြီး ဓားသွားများ၏ တိုက်ခိုက်မှုကို ခုခံပေးလိုက်၏။ တချိန်တည်းမှာပင် ၎င်း၏ ရှေ့တွင် လေပြင်းများ တိုက်ခတ်လာပြီး မြားများ၊ အမြောက်ဆံများ အောက်သို့ ပြန်လည်ပြုတ်ကျကုန်ကြလေသည်။
ချန်းယွမ့်ဟုန်သည် ညာဖက်လက်ကို ဝေ့ယမ်းကာ ကျန်းစီချွေ့အား ဆက်လက်ဖိအားပေးနေသလို ဘယ်ဖက်လက်ရှိ ဓားရှည်ကြီးကို အချက်ကျကျ လှုပ်ရှားကာ ကျန်တိုက်ခိုက်မှုများအား ဖယ်ထုတ်နေ၏။
သို့သော် ကျန်းစီချွေ့ ဦးဆောင်သည့် ဓားပြများဘက်မှလည်း ခေလှသည်တော့မဟုတ်။ ပြင်းထန်လှသော တိုက်ခိုက်မှုများက ချန်းယွမ့်ဟုန်ထံသို့ နောက်တကြိမ် ဦးတည်လာပြန်၏။
တကယ်တော့ ချန်းယွမ့်ဟုန် ကျောက်စိမ်းနှလုံးသားကျွန်းသို့ လာရောက်တိုက်ခိုက်သည်မှာ နှစ်ကြိမ်တိုင်တိုင် ရှိခဲ့လေပြီ။ ထို့ကြောင့် သူတို့ နှစ်ဖက်လုံးသည် မြွေမြွေချင်း ခြေမြင်နေခဲ့ကြပြီ ဖြစ်သည်။
ထို့ကြောင့် ကျန်းစီချွေ့ ဘာဗျူဟာခင်းနေမှန်း ချန်းယွမ့်ဟုန် ကောင်းကောင်းသိနေ၏။
ကျန်းစီချွေ့၏ တာဝန်မှာ ချန်းယွမ့်ဟုန်အား အတတ်နိုင်ဆုံး ကန့်သတ်ထိန်းချုပ်ထားရန် ဖြစ်ပြီး ထိုအချိန်တွင် ကျန်ဓားပြများက ချန်းယွမ့်ဟုန်အား ခေါင်းမဖော်နိုင်အောင် ဝိုင်းဝန်းတိုက်ခိုက်ရန် ဖြစ်သည်။ ဤစုပေါင်းတိုက်ခိုက်မှုမျိုးနှင့် ချန်းယွမ့်ဟုန်ကို ကျန်းစီချွေ့ နှစ်ကြိမ်တိုင်တိုင် တုံ့ပြန်နိုင်ခဲ့သည် မဟုတ်ပါလား။
သို့သော် ပထမနှစ်ကြိမ်တွင် ကျန်းစီချွေ့ဘက်မှ အရည်အချင်းရှိသူ အတော်များများကို ဆုံးရှုံးခဲ့ရ၏။ ထို့ကြောင့် ဓားပြများဘက်မှ တိုက်ခိုက်မှုမှာ မလုံလောက်တော့ပေ။
ထို့ကြောင့် တိုက်ပွဲ အချိန်ကြာလာသည်နှင့်အမျှ ဤအားနည်းချက်မှာ ပို၍ သိသာလာ၏။
၎င်းကိုကြည့်ရင်း ချန်းယွမ့်ဟုန် အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။
"တော်တော်အသုံးမကျတဲ့ကောင်တွေပဲ လူများတော့ ဘယ်နေရာမှာ အသုံးကျလို့လဲ"
ထို့နောက် သူက ဓားရှည်ကြီးကိုမြောက်ပြီး ရှေ့သို့ ထိုးချလိုက်လေရာ မျက်စေ့ကျိန်းစပ်မတတ် အလင်းရောင်များ ထွက်ပေါ်လာ၏။ ထိုဓားချက်ကို ကျန်းစီချွေ့က ခုခံရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် ချန်းယွမ့်ဟုန်၏ဓားသည် အရိပ်သုံးရိပ်အဖြစ် ကွဲထွက်သွားပြီး ထိုအထဲမှ ဓားချက်တချက်ကိုသာ ကျန်းစီချွေ့ ခုခံနိုင်လိုကိသည်။ ကျန်ဓားချက်တချက်မှာ ချီစွမ်းအားပညာရှင်ဓားပြများ၏ စုပေါင်းအားကြောင့် ပျက်ပြယ်သွား၏။ နောက်ဆုံးကျန်သော ဓားချက်ကတော့ သာမာန်ဓားပြများထံသို့ ကျရောက်သွားလေသည်။
ချန်းယွမ့်ဟုန်၏ စိတ်ကူးမှာ ရိုးရှင်းလှသည်။ သူသည် ဓားပြများ၏ အင်အားကို လျော့ချရန် ကြံစည်လိုက်ခြင်း ဖြစ်သည်။ ကျောက်စိမ်းနှလုံးသားကျွန်းပေါ်ရှိ ဓားပြများ၏ တိုက်စွမ်းအားကို သိသိသာသာ လျော့ကျသွားစေရန် ချန်းယွမ့်ဟုန်အနေနှင့် အနည်းဆုံး ခုနှစ်ကြိမ်၊ ရှစ်ကြိမ်ခန့် လာရောက်တိုက်ခိုက်ရန် လိုသော်လည်း ဤတကြိမ်တွင်တော့ နောက်ထပ် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက် စစ်ကူပါလာလေရာ သူ အထူးပင် စိတ်ဓာတ်တက်ကြွနေ၏။
ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်သွားပါက ဓားပြများဘက်မှ လက်လျော့လိုစိတ်များ ပေါ်ပေါက်လာမည်ဟု ချန်းယွမ့်ဟုန် တထစ်ချ ယူဆထား၏။ ထို့ကြောင့် သူသည် ဓားရှည်ကြီးကို ဝေ့ကာ ယမ်းကာနှင့် ဓားပြများအား ဆက်လက်ဖိအားပေးနေ၏။
ထိုအချိန်မှာပင် ဘယ်ကပေါ်လာမှန်းမသ််ိသော လူရိပ်တရိပ်သည် ရိပ်ခနဲ ပေါ်ပေါက်လာပြီး ချန်းယွမ့်ဟုန်၏ ဓားချက်ကို ကြားဝင်ဟန့်တားလိုက်၏။
ချွင်ခနဲ သတ္တုချင်းရိုက်ခတ်သံ ပေါ်ပေါက်လာသည်။
သူ့ဓားချက်အား ဝင်ရောက်ခုခံလိုက်သူကို ကြည့်ပြီး ချန်းယွမ့်ဟုန် အံ့သြသွား၏။
"ဆရာတိမ်တိုက်ပါလား"
တကယ်လည်း ချန်းယွမ့်ဟုန်၏ ဓားချက်အား ဝင်ရောက်ခုခံလိုက်သူမှာ တိမ်တိုက်ကျားသစ် ဖြစ်နေ၏။
ကြည်လင်မြစ်မြို့တော်၏ လျှို့ဝှက်အဖွဲ့ဝင်ဖြစ်သော တိမ်တိုက်ကျားသစ်အား ချန်းယွမ့်ဟုန် ာခင်ကပင် မြင်ဖူးထားသည် မဟုတ်ပါလား။
တိမ်တိုက်ကျားသစ်ကို ကြည့်ရင်း ချန်းယွမ့်ဟုန်၏ မျက်နှာမှာ မဲခနဲ ဖြစ်သွား၏။
"ကောင်လေး လျှို့ဝှက်အဖွဲ့ဝင် ဖြစ်နေတာနဲ့ပဲ မင်း လုပ်ချင်တိုင်းလုပ်လို့ရပြီ ထင်နေတာလားကွ"
တချိန်တည်းမှာပင် တိုင်ရွန်နိုဆောရပ်စ်ပုံရိပ်ယောင်၏ အော်ဟစ်သံ ထွက်ပေါ်လာပြီး လေပြင်းများ ပြန်လည်တိုက်ခတ်လာ၏။ ဓား၏ အလင်းရောင်သည်လည်း တလဲ့လဲ့နှင့် ပြန်လည်တောက်ပလာလေသည်။ ဤတခေါက် ချန်းယွမ့်ဟုန်၏ တိုက်ခိုက်မှုများအနက်မှ တချို့သည် တိမ်တိုက်ကျားသစ်ထံသို့ ဦးတည်လာ၏။
တိမ်တိုက်ကျားသစ်ကလည်း ပြန်အော်လိုက်သည်။
"ကျုပ်လုပ်ချင်ရာလုပ်ဖို့ လျှို့ဝှက်အဖွဲ့ဝင် ဖြစ်နေဖို့ မလိုဘူးဗျ"
တိမ်တိုက်ကျားသစ်၏ စကားအား ချန်းယွမ့်ဟုန်က ပါးစပ်နှင့် မတုံ့ပြန်ပဲ ကြောက်စရာကောင်းလှသည့် လက်ဝါးရိုက်ချက်နှင့် တုံ့ပြန်လိုက်လေသည်။
တိမ်တိုက်ကျားသစ်ကလည်း လေထဲသို့ ခုန်တက်ပြီး သူ့လက်ထဲရှိ အလင်းခွဲဓားကို လှုပ်ရှားလိုက်လေသည်။ ဓားချက်နှင့်အတူ အလင်းရောင်များ တလွှာပြီး တလွှာ ပေါ်ပေါက်လာပြီး ချန်းယွမ့်ဟုန်၏ ပထမ လက်ဝါးရိုက်ချက်မှာလည်း ပျက်ပြယ်သွားလေသည်။ ထိုမျှသာမကသေး အလင်းအလွှာများသည် ချန်းယွမ့်ဟုန်ထံသို့ပင် ဆက်လက်တိုးဝင်လာ၏။ ချန်းယွမ့်ဟုန် မျက်လုံးပြူးသွားပြီး ကမန်းကတန်းပင် ဒုတိယလက်ဝါးရိုက်ချက်ကို ဖော်ထုတ်လိုက်ရလေသည်။
ဒုတိယ လက်ဝါးရိုက်ချက်ကို အသုံးပြုလိုက်မှ ချန်းယွမ့်ဟုန်မှာ တိမ်တိုက်ကျားသစ်၏ အလင်းအလွှာများကို တားဆီးလိုက်နိုင်၏။
တိမ်တိုက်ကျားသစ်၏ ဓားတချက်သည် ချန်းယွမ့်ဟုန်၏ လက်ဝါးရိုက်ချက် နှစ်ချက်စာနှင့် သွား၍ညီမျှနေချေသည်တကား။ ထိုအခါကျမှ ချန်းယွမ့်ဟုန် အခြေအနေကို နားလည်သဘောပေါက်သွားလေသည်။
"ခွေးမသားလေး မင်းက တန်ဖိုးကြီး မူလကိရိယာတွေ ဝတ်ဆင်ထားတာနဲ့ပဲ ငါ့ကို ရင်ဆိုင်နိုင်ပြီလို့ ထင်နေတယ်ပေါ့"
တိမ်တိုက်ကျားသစ်ကား ၎င်း၏ စကားကိုဂရုပင်မစိုက်။ ကျယ်လောင်စွာ ဟစ်ကြွေးပြီး ကျန်းစီချွေ့၊ ကျန်ပင်လယ်ဓားပြများနှင့်အတူ ချန်းယွမ့်ဟုန်အား ဝိုင်းဝန်းတိုက်ခိုက်လိုက်လေသည်။
ထိုအချိန်မှာပင် သံမဏိသည် တောင်ခွဲတူကြီးကို ဝေ့ယမ်းပြီး တိုက်ပွဲစည်းဝိုင်းအတွင်းသို့ ခုန်ဝင်လာ၏။ သံမဏိသည် ပင်ကိုယ်အား အလွန်ကောင်းပြီး သွေးဆူပွက်ခြင်းနယ်ပယ်သို့ ရောက်နေခဲ့ပြီ ဖြစ်လေရာ သူ့အင်အားမှာ မသေးလှ။ တူကို တချက်ဝေ့ယမ်းလိုက်တိုင်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အားလှိုင်းများ ထွက်ပေါ်လာပြီး ချန်းယွမ့်ဟုန်ကို နောက်သို့ လန်သွားစေ၏။
သံမဏိ ဝင်ရောက်တိုက်ခိုက်လိုက်ချိန်တွင်တော့သူတို့၏ တိုက်ပွဲသည် တဖက်နှင့်တဖက် ချိန်ခွင်လျှာ မျှသွားခဲ့လေပြီ။
ကျန်းစီချွေ့က ခံစစ်ကို တာဝန်ယူ၏။ ဓားပြများက ချန်းယွမ့်ဟုန်အား ခွေးအများ အသားတစ်ကို ဝိုင်းဆွဲသလို တိုက်ခိုက်ကြလေသည်။ တိမ်တိုက်ကျားသစ်နှင့် သံမဏိတို့ကတော့ ဟာကွက်များကို လိုက်ဖြည့်ပေး၏။
ချန်းယွမ့်ဟုန်ကား အတော်ပင် အခက်တွေ့နေခဲ့လေပြီ။
ချန်းယွမ့်ဟုန် ဒေါသထွက်လာခဲ့လေပြီ။ သူက အရူးတယောက်ပမာ လေထဲသို့ လက်ဝါးနှင့် အဆက်မပြတ် ရိုက်ချပြီး အော်ဟစ်လိုက်သည်။
"မူလကိရိယာ နည်းနည်းပါးပါး ရှိတာနဲ့ပဲ ငါ့ကို ရင်ဆိုင်ဖို့ လုံလောက်ပြီလို့ မင်းတို့ ထင်နေတာလားကွ"
"ခင်ဗျားကို အချိန်ဆွဲထားဖို့တော့ လုံလောက်ပါတယ်လေ"
တိမ်တိုက်ကျားသစ်က အေးစက်သော လေသံနှင့် ပြန်ပြောလိုက်သည်။
တိမ်တိုက်ကျားသစ်၏ စကားကြောင့် ချန်းယွမ့်ဟုန် မျက်လုံးပြူးသွား၏။
"ဘာကွ မင်းတို့က ငါ့ကို မူလစွမ်းအင်တွေ ကုန်ခန်းသွားအောင် အချိန်ဆွဲနေကြတာလား"
တိမ်တိုက်ကျားသစ် အော်ဟစ်ရယ်မောလိုက်သည်။
"ခင်ဗျားက ကိုယ့်ကိုယ်ကို အထင်ကြီးနေတာပဲကိုး ကျုပ်မှာ အဲဒီလောက်ထိ စောင့်နေဖို့ အစီအစဥ် မရှိဘူး"
ချန်းယွမ့်ဟုန် ကြောင်အန်းအန်း ဖြစ်သွား၏။
"ဒါဆို မင်းက ဘာကို စောင့်နေတာလဲ"
ထိုအချိန်မှာပင် မိုးကုပ်စက်ဝိုင်းဆီမှ အသံတသံ ပျံ့လွင့်လာ၏။
"သူက ကျုပ်ကို စောင့်နေတာ"
ထိုအချိန်မှာပင် မိုးကြိုးရေနဂါးလွန်းပျံယာဥ်သည် မြားတစင်းပမာ တိမ်တိုက်များကို ထိုးခွင်းပြီး ချန်းယွမ့်ဟုန်၏ ခါးလည်ကို လေးလံလှသော အရှိန်နှင့် ဝင်ဆောင့်လိုက်တော့သည်။