တောင်ခွဲဓား
Vol. 48 Ch. 479
၎င်း၏ကိုယ်ထည်အား လက်နက်အဖြစ်ပင် အသုံးပြုနိုင်သည်ဖြစ်၍ မိုးကြိုးရေနဂါးလွန်းပျံယာဥ်၏ ခံနိုင်ရည်မှာကား အံ့သြစရာပင် ကောင်းနေသေး၏။ သူ၏ တိုက်ခိုက်မှု ပို၍ ထိရောက်စေရန် ဤတကြိမ်တွင် စုချန်းက အလင်းတန်းအမြောက်ကိုပင် အသုံးမပြုလိုက်ချေ။
လွန်းပျံယာဥ် ထိုးစိုက်လာသော အရှိန်မှာ ကြောက်စရာကောင်းလှ၏။ ချန်းယွမ့်ဟုန်၏ စိတ်ထဲတွင် လှံနဲ့ အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့နောက်ကျောတွင်လည်း အပေါက်ကြီးတပေါက် ဖြစ်ပေါ်လာ၏။
ချန်းယွမ့်ဟုန် လေထဲတွင် ဒလိန့်ကောက်ကွေးနှင့် လွင့်စင်သွားပြီး အချိန်အတော်ကြာမှ သူ့ကိုယ်သူ ထိန်းသိမ်းနိုင်လိုက်သည်။ သူက စုချန်းကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်း...မင်း...ဘယ်လိုလုပ်ပြီး...ဝေပိုင်ရော ဘယ်မှာလဲ"
"သူ သေပြီ"
စုချန်း ဗြောင်လိမ်လိုက်သည်။ ထို့နောက် သူက ချက်ချင်းပင် အလင်းတန်းအမြောက်၏ အပစ်ခလုတ်ကို နှိပ်ချလိုက်၏။
အလင်းတန်းအမြောက်ဆီမှ စူးရှတောက်ပြောင်သော အလင်းတန်းများ ထွက်ပေါ်လာ၏။ ၎င်းကို ချန်းယွမ့်ဟုန် ထိပ်တိုက်ရင်မဆိုင်ရဲလေရာ ဘေးသို့ ခုန်ရှောင်လိုက်ရ၏။ ထိုအချိန်မှာပင် အလွန်လျင်မြန်လှသော အရှိန်အဟုန်နှင့် လူရိပ်တရိပ် ချန်းယွမ့်ဟုန်ထံသို့ ခုန်ဝင်လာ၏။ ထိုလူရိပ်မှာ စုချန်းပင် ဖြစ်သည်။ အလင်းတန်းအမြောက် ပစ်ခတ်လိုက်ချိန်မှာပင် စုချန်းသည်လည်း လွန်းပျံယာဥ်အတွင်းမှ ခုန်ထွက်ကာ ချန်းယွမ့်ဟုန်အား ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းပင်။ အရိပ်ခြေလှမ်းများဖိနပ်၏ အစွမ်းကြောင့် စုချန်းသည်လည်း လေပေါ်တွင် လမ်းလျှောက်နိုင်သည် မဟုတ်ပါလား။
ချန်းယွမ့်ဟုန်ကလည်း စုချန်းကို လက်ဝါးနှင့် ပြန်လည်ရိုက်ချလိုက်၏။ ပြင်းထန်သော အားလှိုင်းများက စုချန်းထံသို့ တိုးဝင်လာသည်။ ချန်းယွမ့်ဟုန်၏ စိတ်ထဲတွင်တော့ စုချန်းတယောက် တစစီ ဖြစ်သွားလိမ့်မည်ဟု ယူဆထားလေသည်။
သို့သော် စုချန်းသည် လေထဲမှာပင် ရိပ်ခနဲ ပျောက်ကွယ်သွားပြီး ချန်းယွမ့်ဟုန်၏ နောက်ကျောတွင် ပြန်ပေါ်လာ၏။ အရိပ်ခြေလှမ်းဖိနပ်၏ မူလစွမ်းရည်တမျိုး ဖြစ်သော အရိပ်နောက်သို့ လိုက်ပါခြင်း စွမ်းရည်ပေတည်း။
ထို့နောက် စုချန်းက သူ့လက်ထဲရှိ တောင်ခွဲဓားနှင့် ချန်းယွမ့်ဟုန်အား လှမ်းထိုးလိုက်၏။
အလွန်အန္တရာယ်ကြီးမားလှသော အခိုက်အတန့်ပေတည်း။ ချန်းယွမ့်ဟုန် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ အော်သံနှင့်အတူ စုချန်း၏ ကိုယ်ခန္ဓာသည် မိုးကြိုးပစ်ခံရသကဲ့သို့ တုံ့ဆိုင်းသွားလေသည်။ သာမာန်အခြေအနေသာဆိုလျင် ချန်းယွမ့်ဟုန်အနေနှင့် နောက်သို့လှည့်ပြီး စုချန်းအား ပြန်လည်တိုက်ခိုက်နိုင်၏။ လက်တွေ့တွင်တော့ သူ ထိုသို့ မလုပ်နိုင်။
အကြောင်းမှာ သူ ရင်ဆိုင်နေရသူသည် စုချန်းတယောက်တည်း မဟုတ်သောကြောင့်ပင်။
စုချန်းက ချန်းယွမ့်ဟုန်အား ဝင်ရောက်တိုက်ခိုက်နေချိန်မှာပင် ကျန်းစီချွေ့၊ တိမ်တိုက်ကျားသစ်၊ သံမဏိနှင့် ကျန်ပင်လယ်ဓားပြများသည် ချန်းယွမ့်ဟုန်အား အင်တိုက်အားတိုက် ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။
ချန်းယွမ့်ဟုန်အနေနှင့် နောက်ထပ် ရွေးချယ်စရာ မရှိတော့။ ထိုအခါ သူက တိုင်ရွန်နိုဆောရပ်စ်သွေးဗီဇကို ပြန်လည် နိုးဆွလိုက်ရပြန်သည်။ ကြီးမားလှသော စွမ်းအင်လှိုင်းများက အရပ်ရှစ်မျက်နှာမှသည် ကောင်းကင်တခွင်လုံးကိုပင် ဖုံးလွှမ်းသွားလေသည်။
ဤစွမ်းအင်လှိုင်းများသည် ချန်းယွမ့်ဟုန်ထံသို့ ဦးတည်လာသော တိုက်ခိုက်မှုမှန်သမျှကို ဖယ်ထုတ်လိုက်နိုင်၏။
သို့သော် ထိုအချိန်တွင် စုချန်းက ပြန်လည်သတိဝင်လာခဲ့ပြီ ဖြစ်သည်။ သတိပြန်ဝင်လာသည်နှင့် စုချန်းက ချက်ချင်းပင် ကမ္ဘာဦးသွေးပုံရိပ်ကို ဖော်ထုတ်လိုက်၏။
ပုံသဏ္ဍန်ဖော်ပြရန် ခဲယဥ်းသည့် မျက်နှာမဲ့ ပုံရိပ်ကြီး ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ ၎င်း၏ လက်ထဲတွင်တော့ စုချန်း၏ တောင်ခွဲဓားကို ကိုင်ထားလေသည်။ အံ့သြစရာကောင်းသည်မှာ ကမ္ဘာဦးသွေးပုံရိပ်၏ ကြီးမားလှသော အရွယ်အစားနှင့် လိုက်လျောညီထွေစွာပင် တောင်ခွဲဓားသည်လည်း ဧရာမ ဓားကြီးတလက်သဖွယ် အရွယ်အစား ကြီးမားလာခြင်းပင်။
တကယ်တော့ ၎င်းမှာ တောင်ခွဲဓား၏ ထူးခြားသော စွမ်းရည်တမျိုးဟု ဆိုနိုင်၏။ ၎င်းသည် ကိုင်ဆောင်သူ ဆန္ဒရှိသလို အရွယ်ကို ချဲ့နိုင်၏။ ချုံ့နိုင်၏။ ထူးခြားသည်မှာ အရွယ်ကြီးမားလာသည်နှင့်အမျှ ဓား၏ စွမ်းရည်ကလည်း ပို၍ မြင့်မားလာခြင်းပင်။ သဘောတရားအရ တောင်ခွဲဓားကို တောင်တတောင်၏ အရွယ်အစားထိ ချဲ့ပစ်နိုင်သည်ဟု ဆိုကြ၏။ ထို့ကြောင့်လည်း ၎င်းကို တောင်ခွဲဓားဟု ခေါ်ဆိုကြခြင်းပင်။
သို့သော် တောင်ခွဲဓား၏ အရွယ်အစား ကြီးမားလာသည်နှင့်အမျှ ပိုမို လေးလံလာသည် ဖြစ်လေရာ ကိုင်ဆောင်သူ၏ အရွယ်အစားနှင့် အင်အားကလည်း ဤနေရာတွင် အရေးပါလာ၏။ ထို့ကြောင့် ရုပ်ပိုင်ဆိုင်ရာ အင်အား အလွန်ကောင်းသူမှသာလျင် တောင်ခွဲဓား၏ စွမ်းရည်ကို အပြည့်အဝ ဖော်ထုတ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် လူအတော်များများမှာ တောင်ခွဲဓား၏ အကောင်းဆုံးစွမ်းရည်အား ဖော်ထုတ်နိုင်စွမ်း မရှိကြပေ။
စုချန်းကိုယ်တိုင်လည်း တောင်ခွဲဓားကို ကမ္ဘာဦးသွေးပုံရိပ်အတွက် ရည်ရွယ်ဝယ်ယူလာခြင်း ဖြစ်သည်။ ကမ္ဘာဦးသွေးပုံရိပ်သည် ပေပေါင်းတစ်ရာအထိ ရှည်လျားသည် မဟုတ်ပါလား။ ထို့ကြောင့် ၎င်းနှင့် လိုက်ဖက်ညီမည့် တောင်ခွဲဓား၏ အလျားမှ ပေသုံးဆယ်ခန့် ရှိရပေလိမ့်မည်။
ကမ္ဘာဦးသွေးပုံရိပ်က တောင်ခွဲဓားကို လေထဲတွင် ဝေ့ယမ်းလိုက်ရာ ကြောက်စရာကောင်းလှသည့် ဖိအားများ ပေါ်ပေါက်လာ၏။ ထိုဖိအားမှာ အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက် တိုက်ခိုက်ရာတွင် ပေါ်ပေါက်လာသည့် ဖိအားထက် မဆိုစလောက်သာ နည်းလေသည်။
၎င်းကိုကြည့်ရင်း ချန်းယွမ့်ဟုန် မျက်လုံးပြူးသွား၏။ သူ့အနေနှင့် ဤဓားချက်ကို လျော့မတွက်ရဲ။ ထိုအခါ သူက လက်ထဲရှိ ဓားကို လျင်မြန်စွာ လှုပ်ရှားပြီး အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်၏ စစ်မှန်သော အင်အားကို ဖော်ထုတ်ကာ ကမ္ဘာဦးသွေးပုံရိပ်ကြီး၏ တောင်ခွဲဓားချက်ကို ခုခံပေးလိုက်၏။ ဓားနှစ်လက် ထိခတ်မိချိန်တွင်တော့ မီးမှုန်မီးဖွားများ မိုးလုံးပြည့်မျှ ထွက်ပေါ်လာလေသည်။
အကယ်၍ ဤနေရာတွင် စုချန်း တယောက်တည်းသာ ဆိုပါက ချန်းယွမ့်ဟုန်အနေနှင့် စိတ်ပူစရာ မလို။ စုချန်း၏ တိုက်ခိုက်မှုကို သူ့အနေနှင့် ထိန်းချုပ်နိုင်ရုံသာမက ပြန်လည်တိုက်စစ်ဆင်နိုင်ဖွယ်ရာပင် ရှိနေ၏။
သို့သော် ပြသနာက သူရင်ဆိုင်နေရသည်မှာ စုချန်း တယောက်တည်းမဟုတ်။ ကျန်းစီချွေ့တို့ လူစုပါ ပါဝင်နေ၏။ ထို့ကြောင့် ချန်းယွမ့်ဟုန်မှာ မည်သို့မျှ ပြန်လည်တိုက်စစ်ဆင်နိုင်စွမ်းမရှိပဲ ဖြစ်နေလေသည်။ ပို၍ ဆိုးသည်က လူအုပ်ကြီးနှင့် ဝိုင်းပတ်ပိတ်ဆို့ခံနေရခြင်းကြောင့် သူ့အနေနှင့် နောက်ဆုတ်ခွင့်ပင် မရှိပဲ ဖြစ်နေခြင်းပင်တည်း။
ထိုအချိန်တွင် စုချန်းကလည်း ဓားကို ဝေ့ယမ်းကို တိုက်စစ်ဆင်လာ၏။ ဤတကြိမ်တွင်တော့ စုချန်း၏ ဓားချက်တိုင်းသည် ယခင်ကထက် ပို၍ ပြင်းထန်လာ၏။ ပို၍ ကြောက်စရာကောင်းလာ၏။ စုချန်းသည် သူ့ဓားချက်ထဲတွင် သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ကိုပါ ပေါင်းစပ်ထည့်သွင်းထားလေရာ အားလှိုင်းများသည် ချန်းယွမ့်ဟုန်၏ ခံစစ်စည်းအတွင်းထိ ထိုးဖောက်ဝင်ရောက်လာ၏။
ချန်းယွမ့်ဟုန်တယောက် အသက်ရှုကျပ်စ ပြုလာခဲ့လေပြီ။
အခြေအနေ မကောင်းတော့မှန်း ချန်းယွမ့်ဟုန် သဘောပေါက်လိုက်သည်။ သူ့အနေနှင့် ဤအတိုင်း ဆက်လက်တိုက်ခိုက်သွားပါက မုချ ရှုံးနိမ့်ပေတော့မည်။ သူ ထွက်ပြေးရန် ဆုံးဖြတ်လိုက်၏။
ချန်းယွမ့်ဟုန်ကသာ ထွက်ပြေးချင်နေသည်။ စုချန်းနှင့် ကျန်းစီချွေ့တို့ကတော့ သူတို့၏ ဧည့်သည်ကို ဧည့်ခံ၍ ဝသေးဟန်မတူ။
ကျန်းစီချွေ့က လက်နှစ်ဖက်ကို ငြင်သာစွာ လှုပ်ရှားလိုက်သည်။ ထိုအချိန်မှာပင် လျူယွဲ့၏ လက်သည် အပိုင်းပေါင်းများစွာ ကွဲထွက်သွားပြီး ပိုက်ကွန်တခုသဖွယ် ချန်းယွမ့်ဟုန်အား ဝန်းရံထားလိုက်၏။ ချန်းယွမ့်ဟုန်၏ ဘဝကား လှောင်ချိုင့်ထဲရောက်နေသော ငှက်တကောင်နှင့်ပင် တူနေခဲ့လေပြီ။
ချန်းယွမ့်ဟုန်၏ မျက်လုံးထဲတွင် အေးစက်တင်းမာသော အရိပ်အယောင်များ ယှက်သန်းလာ၏။
"မင်းတို့က ငါ့ကို ဒီလိုပုံစံနဲ့ ထိန်းချုပ်ထားချင်တယ်ပေါ့လေ"
စကားဆုံးသည်နှင့် တိုင်ရွန်နိုဆောရပ်စ်ပုံရိပ်ယောင်သည် ဝုန်းခနဲ ပေါ်ထွက်လာပြီး ဝက်ဝံတကောင်သဖွယ် ရေပိုက်ကွန်ကြီးအား တဟုန်ထိုး ထိုးဖောက်လိုက်၏။ ချန်းယွမ့်ဟုန်၏ ဤတကွက်ကြောင့် ကျန်းစီချွေ့၏ ကြိုးစားအားထုတ်မှုမှာ အဟောသိကံ ဖြစ်သွားရလေသည်။
ချန်းယွမ့်ဟုန်ကား ဤနေရာမှ ထွက်ပြေးလိုလှပြီ။ သို့သော် သူ့အား နောက်ထပ် အလင်းရောင်တံတိုင်းကြီးတခုက ဆီးကြိုနေပြန်၏။ စုချန်းက မိုးကြိုးရေနဂါးလွန်းပျံယာဥ်အား အဝေးမှ ထိန်းချုပ်ကာ အလင်းတန်းအမြောက်ကို ပစ်လွှတ်လိုက်ခြင်းပင်။
စုချန်း၏ တိုက်ခိုက်မှုမှာ ချိန်သားကိုက်လှသည်။ ရေထု၏ ပိတ်ဆို့ထားခြင်းကြောင့် အမြင်အာရုံ ဝေဝါးနေချိန်တွင် အလင်းတန်းအမြောက်နှင့် တိုက်ခိုက်ခံလိုက်ရခြင်းကြောင့် ချန်းယွမ့်ဟုန်အနေနှင့် ရှောင်တိမ်းချိန်မရလိုက်။ တနည်းအားဖြင့် သူသည် အလင်းတန်းရှိရာသို့ ဦးတိုက်ခုန်ဝင်လိုက်သလို ဖြစ်သွား၏။
သေရေးရှင်ရေး အခြေအနေပေတည်း။ ထိုအချိန်မှာပင် ချန်းယွမ့်ဟုန်သည် ကျယ်လောင်စွာ အော်ဟစ်ပြီး သူ့နဖူးကို သူ ပြန်ရိုက်လိုက်၏။ တဆက်တည်းမှာပင် သူ့ဦးခေါင်းပေါ်၌ ကြာပန်းတပွင့် ပေါ်ပေါက်လာ၏။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး၏ စွမ်းအင်အရင်းအမြစ်ဟု ခေါ်ဆိုနိုင်သော ကြာပန်းအုတ်မြစ်ပေတည်း။ ၎င်းကို ကောင်းကင်ဘုံနှင့် ဆက်သွယ်ထားသည်ဟု ဆိုကြပေသည်။
ကြာပန်းမှ နွေးထွေးသော အလင်းရောင်များ တောက်ပနေ၏။ ၎င်းမှ ထွက်ပေါ်နေသော မူလစွမ်းအင်များသည် ချန်းယွမ့်ဟုန်၏ နဖူးမှတဆင့် ကိုယ်တွင်းသို့ စီးဝင်ကာ လျင်မြန်စွာ လှည့်ပတ်နေလေသည်။ ကြာပန်းမှ ဖြည့်သွင်းပေးမည့် မူလစွမ်းအင်များကြောင့် ချန်းယွမ့်ဟုန်သည် ရန်သူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိလာပေလိမ့်မည်။
မိုးကြိုးရေနဂါးလွန်းပျံယာဥ်၏ အလင်းတန်းအမြောက်မှ ပစ်ခတ်လိုက်သော အလင်းတန်းသည် ကြာပန်းအား တည့်တည့်မတ်မတ်ပင် ထိမှန်သွားပြီး ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာလေသည်။
ချန်းယွမ့်ဟုန်သည်လည်း စူးရှစွာ အော်ဟစ်ပြီး လေပေါ်သို့ လွင့်စင်သွား၏။ သူ ပြင်းထန်သော ဒဏ်ရာ ရရှိသွားခဲ့ပြီ ဖြစ်သည်။ ပို၍ဆိုးသည်မှာ ကြာပန်းအုတ်မြစ် ပျက်စီးသွားခြင်းပင်။ ၎င်းသည် ချန်းယွမ့်ဟုန်၏ စွမ်းအင်စုဆောင်းခြင်းဆိုင်ရာ အခြေခံအုတ်မြစ်ကြီးတခုလုံးကို များစွာ အကျိုးသက်ရောက်စေ၏။ သူ့ကိုယ်သူ ကာကွယ်နိုင်ရန် ကြာပန်းအုတ်မြစ်ကို အသုံးပြုလိုက်သည့်အတွက် ချန်းယွမ့်ဟုန် ပေးဆပ်လိုက်ရသည့် တန်ဖိုးမှာကား မနည်းလှ။
ချန်းယွမ့်ဟုန် အကြီးအကျယ် ဒေါသထွက်နေခဲ့လေပြီ။ သူက မီးကုန်ယမ်းကုန် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။
ထိုအချိန်မှာပင် စုချန်းက သေစေနိုင်သော စုန်းမကို ဖော်ထုတ်လိုက်၏။ သို့သော် ချန်းယွမ့်ဟုန်ကား ထိုအတွက် ကြိုတင်ပြင်ဆင်လာဟန်တူသည်။ ခေတ္တမျှသာ တွေဝေသွားဟန်ပြပြီး ချက်ချင်းပင် အသိပြန်ဝင်လာ၏။
အချိန်မှာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်လိုက်သည်။
သို့သော် ထိုစက္ကန့်ပိုင်းမျှသော အချိန်လေး တုံ့ဆိုင်းသွားမိသည့်အတွက် တိုက်ပွဲအတွင်းမှ ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးကို ချန်းယွမ့်ဟုန် လက်လွတ်လိုက်ရ၏။
အကြောင်းမှာ ထိုအချိန်တွင် ကျန်းစီချွေ့က ရေတံတိုင်းကို ထပ်မံ ဖန်တီးထားလိုက်သောကြောင့်ပင်။ ရေတံတိုင်းအပြင် အလင်းတန်းအမြောက်၊ သေစေနိုင်သောစုန်းမနှင့် အခြားသော နည်းစနစ်မျိုးစုံအောက်ဝယ် ချန်းယွန့်ဟုန်အနေနှင့် ထွက်ပြေးနိုင်စရာ အကြောင်းမရှိတော့။
ရန်သူများ၏ တိုက်ခိုက်မှုက ပိုမို ပြင်းထန်လာလေရာ ချန်းယွမ့်ဟုန်၏ ကိုယ်တွင်းမှ သွေးများ ယိုစီးကျလာ၏။ သူ့အတွက် သေရေးရှင်ရေး အခြေအနေကို ရောက်နေခဲ့ပြီမှန်း ချန်းယွမ့်ဟုန် သဘောပေါက်လိုက်သည်။
သူ့အတွက် တခုတည်းသော အခွင့်အရေးမှာ ဝေပိုင် အချိန်မီ ပြန်ရောက်လာရန်သာ ဖြစ်လေသည်။
ထိုအခါ ချန်းယွမ့်ဟုန်က သူ့နဖူးကိုသူ ထပ်မံ ရိုက်လိုက်ပြန်ရာ သူ့ဦးခေါင်းပေါ်တွင် ကြာပန်းတပွင့် နောက်တကြိမ် ပေါ်ပေါက်လာပြန်၏။ ကြာပန်းမှ ထွက်ပေါ်လာသော အလင်းရောင်များကလည်း ရန်သူများ၏ တိုက်ခိုက်မှု အများစုကို ခုခံပေးလိုက်ပြန်သည်။
သို့သော် ဤသို့ ခုခံနိုင်ရန် ချန်းယွမ့်ဟုန်သည် သူစုဆောင်းထားသော ကိုယ်တွင်းစွမ်းအင်များကို ထုတ်ယူသုံးစွဲနေရ၏။ ဤတကြိမ် ကြာပန်းအုတ်မြစ်သာ ထပ်မံ ပျက်စီးသွားပါက ချန်းယွမ့်ဟုန်သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင့် အဆင့်သို့ ပြုတ်ကျသွားပေလိမ့်မည်။
ထိုအချိန်မှာပင် အဝေးဆီမှ လူရိပ်တရိပ် ပေါ်ပေါက်လာ၏။
ဝေပိုင်ပေတည်း။
ချန်းယွမ့်ဟုန်အဖို့ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့လေပြီ။
"အစ်ကိုကြီးပိုင် ကျုပ်ကို ကယ်ပါအုံး"
"သူ ခင်ဗျားကို မကယ်နိုင်ဘူး ဒါပေမဲ့ ခင်ဗျားဟအေးအေးချမ်းချမ်းနဲ့ သေရမှာပါ"
စုချန်းက အေးစက်သော လေသံနှင့် ပြောလိုက်သည်။ သူ့လက်ထဲရှိ ဓားပေါ်တွင်လည်း အနက်ရောင်အခိုးအငွေ့များ ယှက်သန်းလာ၏။
"မဟုတ်ဘူး"
ချန်းယွန့်ဟုန် ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။
ထိုအချိန်မှာပင် တောင်ခွဲဓါးသည် ချန်းယွမ့်ဟုန်၏ ကြာပန်းပေါ်သို့ တည့်တည့်မတ်မတ်ပင် ကျရောက်လာ၏။
အုန်းခနဲ မြည်သံနှင့်အတူ ချန်းယွမ့်ဟုန်၏ ကြာပန်းမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေသည်။