ဖမ်းဆီးခြင်း ၂
Vol. 49 Ch. 481
မိုးကြိုးရေနဂါးလွန်းပျံယာဥ် ထွက်ပြေးသွားသည်ကို မြင်သည်နှင့် ဝေပိုင် အံ့သြသွား၏။ သို့သော် သူက ၎င်းနောက်သို့ မလိုက်တော့ပဲ တီးတိုးရေရွတ်လိုက်၏။
"အနည်းဆုံးတော့ မင်း ကြောက်တတ်သေးတာပေါ့လေ"
သူ့အနေနှင့် စုချန်းကို လိုက်မမီနိုင်မှန်း သဘောပေါက်ထားသည် မဟုတ်ပါလား။ ထို့နောက် ဝေပိုင်က ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်၏။
သို့သော် ဝေပိုင် ထွက်ခွာရန် ဟန်ပြင်လိုက်စဥ်မှာပင် မိုးကြိုးရေနဂါးယာဥ်သည် နောက်ပြန်လှည့်လာပြီး အမြောက်နှင့် ပစ်ခတ်လာ၏။
ဝေပိုင် ဘာမှမတတ်နိုင်။ ရှေ့သို့ တဟုန်ထိုး ခုန်လွှားပြီး အမြောက်ပစ်ချက်ကို ရှောင်တိမ်းလိုက်ရ၏။ ဤတကြိမ်တွင် သူ့ကိုယ်တွင်းမှ မူလစွမ်းအင်ကုန်ခန်းမှုမှာ ပို၍ မြန်ဆန်လာကြောင်း ဝေပိုင် သတိထားမိလိုက်သည်။ ၎င်းမှာ သူ၏ ကြာပန်းအုတ်မြစ် ပျက်စီးခြင်းကြောင့်ပင် ဖြစ်ကြောင်း ဝေပိုင် သဘောပေါက်လိုက်၏။ အမြန်ဆုံး မကုသလျင် သူ့ဘဝသည် သိပ်မကြာခင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ဘဝသို့ ယုတ်လျောသွားပေတော့မည်။ အခြေအနေ သိပ်မဆိုးခင် ဝေပိုင်အနေနှင့် ဤအခြေအနေကို အမြန်ဆုံး ကုစားရန် လိုအပ်၏။
သို့သော် စုချန်းကား စဥ်းလဲလှသည်။ ၎င်းသည် ဝေပိုင်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိ။ မိုးကြိုးရေနဂါးယာဥ်၏ အမြန်နှုန်းကို အသုံးချကာ ဗျူဟာမြောက်စွာ တိုက်ခိုက်နေ၏။ ဝေပိုင် ရှေ့တိုးလျင် ၎င်းက နောက်ဆုတ်သည်။ ဝေပိုင်နောက်ဆုတ်ပြန်လျင် ၎င်းက ရှေ့တိုးလာ၏။
မိုးကြိုးရေနဂါးယာဥ်သည် မြန်ဆန်၏။ အလင်းတန်းအမြောက်ကလည်း အတော်ခပ်ဝေးဝေးကပင် ပစ်ခတ်နိုင်သည်။ ဤအနေအထားတွင် ဝေပိုင်အနေနှင့် ဘာမှမတတ်နိုင်။ စုချန်း ပြုသမျှ နုရဖို့သာ ရှိနေ၏။
ထိုအချိန်တွင် တိမ်တိုက်ကျားသစ်သည် လဖက်ရည်သောက်လိုက်၊ နေကြာစေ့ဝါးလိုက်နှင့် ဇာတ်လမ်းတပုဒ်ကို ပြောပြနေ၏။ ကျန်းစီချွေ့နှင့် မာဟွမ်းဖေတို့ကလည်း နေကြာစေ့ဝါးကာ တိမ်တိုက်ကျားသစ်၏ ဇာတ်လမ်းကို နားထောင်နေကြ၏။ သံမဏိကလည်း ဘေးမှ ထောက်ခံလျက်ရှိသည်။
စုချန်းသည် တိမ်တိုက်ကျားသစ်မှန်း လူတိုင်း သိသွားသောအခါ လျှို့ဝှက်ဆန်းကြယ်မှုများအားလုံး ရှင်းလင်းသွားတော့သည်။ ယန်သုံးပါးဆေး၏ ရောင်းအား မည်မျှ ကောင်းကြောင်း လူတိုင်း သိသလို တိမ်တိုင်လင်းနို့ ငွေမည်မျှ သပ်ိတ်ဝင် အိတ်ဝင် ဖြစ်သွားကြောင်း လူတိုင်း မှန်းဆနိုင်သည် မဟုတ်ပါလား။
သို့တိုင်အောင် စုချန်းတယောက် မူလကျောက်တုံး ၁.၈ဘီလျံခန့် ရရှိလိုက်သည်ဟု သိရသောအခါ ကျန်းစီချွေ့ မျက်လုံးပြူးသွား၏။
ထို့နောက် စုချန်းတယောက် ရှည်လျားရစ်ခွေမြို့တော်သို့သွား၍ မည်သို့မည်ပုံ စျေးဝယ်ထွက်ခဲ့ကြောင်း တိမ်တိုက်ကျားသစ်က ဆက်လက်ပြောပြပြန်သည်။ နားထောင်နေသူများအဖို့ကား အံ့သြ၍ပင် မကုန်နိုင်တော့။
သူတို့အားလုံး စကားတပြောပြောနှင့် လဖက်ရည်သောက်နေချိန်တွင် အပြင်ဘက်ရှိ အခြေအနေမှာကား ရှုပ်ရှက်ခတ်နေ၏။
မိုးကြိုးရေနဂါးရေယာဥ်သည် သူ့အား ဆက်တိုက်နှောင့်ယှက်နေသောကြောင့် ဝေပိုင် စိတ်ပျက်လာ၏။ သူ့အနေနှင့် စုချန်းတို့ကိုလည်း ဘာမှပြန်မလုပ်နိုင်ပဲ ဖြစ်နေ၏။ ထိုအခါ ဝေပိုင်သည် ကြည်လင်မြစ်မြို့တော်သို့ ပြန်ရန်သာ အားထုတ်လာတော့၏။
အနည်းဆုံးတော့ ကြည်လင်မြစ်မြို့တော်တွင် သူ့ကို ကူညီရန် တခြားတော်ဝင်မျိုးနွယ်စုများ၊ တခြား အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များ ရှိနေသည် မဟုတ်ပါလား။
ဝေပိုင် ဘာတွေးနေမှန်း စုချန်း တထစ်ချ ပြောနိုင်၏။ ထို့ကြောင့် သူက နောက်လှည့်ပြီး ပြောလိုက်သည်။
"ဒီလူ စစ်ကူတောင်းဖို့ ထွက်ပြေးချင်နေပြီကွ မင်းတို့ထဲက တယောက်ယောက် သွားတားကြပါလား"
"ကျုပ် လုပ်ပြမယ် ကြည့်နေ"
စကားဆုံးသည်နှင့် ကျန်းစီချွေ့က ရှေ့သို့ တဟုန်ထိုး ခုန်ထွက်လိုက်၏။
အလွန်မြင့်သော နေရာတွင် ရောက်ရှိနေသော်လည်း ကျန်းစီချွေ့သည် လေထုအတွင်းရှိ ရေခိုးရေငွေ့များကို မြူခိုးများ အဖြစ် ပြောင်းလဲလိုက်၏။ ချက်ချင်းဆိုသလို ကြည်လင်နေသော ကောင်းကင်တခွင်လုံး မြူများနှင့် ပြည့်နှက်လာ၏။
ပျံသန်းနေရင်းနှင့်ပင် လေထုသည် ပို၍ထူထပ်သိပ်သည်းလာပြီး လေ၏ တွန်းကန်အားမှာလည်း ပို၍ ပြင်းထန်လာသကဲ့သို့ ဝေပိုင် ခံစားလိုက်ရ၏။ အခြေအနေမှာ ပို၍ အန္တရာယ်များလာ၏။ သူ့အနေနှင့် အချိန်မရွေး တိုက်ခိုက်ခံရနိုင်မှန်း ဝေပိုင် သဘောပေါက်ထားသည် မဟုတ်ပါလား။
သို့သော် လမ်းကြောင်းပြောင်း ထွက်ပြေးရန်မှအပ ဝေပိုင် တခြား ဘာမှမတတ်နိုင်။
ကျန်းစီချွေ့က ယာဥ်ပျံအတွင်းသို့ ပြန်လည်ခုန်ဝင်ပြီး ပြောလိုက်၏။
"ကျုပ်ရဲ့ ငွေသလင်းကန့်လန့်ကာ ဘယ့်နှယ်နေသလဲ"
တိမ်တိုက်ကျားသစ်က ပြန်ပြောလိုက်၏။
"အိုး ထင်သလောက်လဲ အသုံးမဝင်ပါဘူးဗျာ ဒါကြောင့် ဒီလူ ထွက်ပြေးသွားနိုင်တာပေါ့"
"ဒီနည်းစနစ် ဘယ်လောက်ကောင်းမှန်း မင်းမှ မသိတာကိုးကွ ဒါပေမဲ့ ကျုပ်ကတော့ သိတယ်"
ကျန်းစီချွေ့က မကျေမနပ်နှင့် ပြောလိုက်၏။
"ကျုပ်တို့ ရေနဲ့နီးတဲ့ နေရာမှသာ ရှိရင် ဒီလူကို ရေတံတိုင်းနဲ့ ကောင်းကောင်းတားဆီးထားနိုင်တာပေါ့ ဒါပေမဲ့ ခုကျတော့ ကျုပ်တို့က လေပေါ်မှာလေ ဒါကြောင့် ကျုပ်အနေနဲ့ မြူခိုးတွေလောက်ပဲ ဖန်တီးနိုင်တယ်"
ထိုအချိန်တွင် သံမဏိက ရိုကျိုးဟန်ဖြင့် ဝင်ပြောလိုက်၏။
"ဒီလို ထင်တဲ့အထဲမှာ ကျုပ်တော့ မပါပါဘူးခင်ဗျာ"
ကျန်းစီချွေ့ ဒေါသထွက်လာဟန်တူ၏။ သူက မဆီမဆိုင် စုချန်းကို လက်ညိုးငေါက်ငေါက်ထိုးရင်း ပြောလိုက်သည်။
"စုချန်း မင်းဟာလေ နည်းနည်းလေးမှ ညီအစ်ကိုစိတ် မရှိဘူး ကျုပ်အတွက်လည်း တစက်ကလေးတောင် ထည့်တွက်ပုံမရဘူး ကျုပ်ကတော့ မင်းအတွက် တတိယမြစ်တပ်ဖွဲ့ကို အင်အားကြီးမားလာအောင် လုပ်ပေးခဲ့တယ် ရေလမ်းကြောင်းကို ဖြတ်တောက်ပေးခဲ့တယ် မင်းဘက်ကနေပြီး အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေကို ပြန်တိုက်ပေးခဲ့တယ် ဒီအတွက် မင်း ကျုပ်ကို ဘာများ တုံ့ပြန်ခဲ့သလဲ"
စုချန်းက မြန်မြန်ဆန်ဆန်ပင် ပြန်ပြောလိုက်၏။
"ဟုတ်ပြီ ဟုတ်ပြီ ကျုပ် သိပြီ ကျုပ်ဟာ ဒီကောင်တွေကို ဘယ်လိုဆုံးမရမလဲပဲ ဦးစားပေးနေရတော့ မင်းကို လုံးဝမေ့နေခဲ့တယ် ဒါ ကျုပ်အမှားပါ ကျုပ် ဝန်ခံပါတယ် ဒီတော့ မင်းကို ဒီကိစ္စတွေ ပြီးသွားရင် ကျုပ် မူလကျောက်တုံး
၁၀မီလျံ ပေးမယ် မင်း ဘယ်လိုသဘောရသလဲ"
ဆယ်မီလျံ ဆိုပါကလား..
ကျန်းစီချွေ့ ကြောင်တောင်တောင်ပင် ဖြစ်သွား၏။
မူလကျောက်တုံး ဆယ်မီလျံဟူသော ပမာဏကို ဘာမှစိတ်ထဲမထားဟန်ဖြင့် စုချန်းသည် အလွယ်တကူ ပေးပစ်နိုင်ချေသည်တကား။
ဤမျှ ကောင်းမွန်သော ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ပါက ကျန်းစီချွေ့လောက် မိုက်မည့်သူ ရှိတော့မည် မဟုတ်။ သို့တိုင်အောင် သူက ထပ်၍ စျေးဆစ်လိုက်ပြန်၏။
"ဒါပေမဲ့ ကျုပ်တယောက်တည်းကို ပေးတာကျတော့လဲ မဖြစ်သင့်ဘူး ဟန်းယင်ကော မင်းသူငယ်ချင်းပဲ မဟုတ်လား"
သေစမ်း....
သို့သော် စုချန်းက အလျော့ပေးလိုက်၏။
"ကောင်းပြီလေ တယောက် ဆယ်မီလျံစီနဲ့ မီလျံနှစ်ဆယ် ပေးမယ် မင်းတို့ ကြိုက်သလို သုံးကြကွာ"
"ဒီလိုမှပေါ့ကွာ"
ကျန်းစီချွေ့က အားရကျေနပ်သွားဟန်နှင့် ပြောလိုက်သည်။
ထိုစဥ် တိမ်တိုက်ကျားသစ်က ပျင်းရိပျင်းတွဲဟန်နှင့် ဝင်ပြောလိုက်သည်။
"မင်းအနေနဲ့ ယွဲ့လောင်ရှကိုတော့ မမေ့သင့်ဘူးလေ သူလဲ မင်းရဲ့သူငယ်ချင်းပဲမလား"
"ကောင်းပြီကွာ သူလဲ ဆယ်မီလျံ ရစေရမယ်"
စုချန်းက ခေါင်းကို အထပ်ထပ်အခါခါ ညိတ်ရင်း ပြောလိုက်သည်။
"ဒါဆို ဝမ်တောက်ရှန်းကိုကောကွာ"
"သူလဲ ရစေရမယ်ကွာ"
စုချန်းက ကတိပေးလိုက်ရပြန်သည်။
သံမဏိက ဝင်ပြောလိုက်ပြန်၏။
"ကျွန်တော်တို့ ရွှေရေအပျက်အစီးသိုက်ကို သွားတုန်းက အတူပါလာတဲ့ သူငယ်ချင်းတွေကျတော့ကော သခင်"
မိုးကြိုးရေနဂါးယာဥ်၏ အတွင်းထဲတွင်တော့တိမ်တိုက်ကျားသစ်တို့လူစုသည် စုချန်းအား တရစပ်တောင်းဆိုနေကြကုန်၏။ ယာဥ်၏ အပြင်ဘက်တွင်တော့ ဝေပိုင်မှာ အလင်းတန်းအမြောက်တကြိမ် ထိမှန်ခြင်းခံလိုက်ရသောကြောင့် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ကြာပန်းအုတ်မြစ်မှာလဲ ပို၍ အက်ကွဲလာ၏။
တဖက်တွင်လည်း စုချန်းသည် သံမဏ်ိ၏ စကားကြောင့် သူ့သူငယ်ချင်းများအား သတိရလာ၏။ တဦးကို လက်ဆောင်ပေးပြီး ကျန်တဦးကို ပစ်ပယ်ထားခြင်းမှာ မကောင်းပေ။ ထိုအခါ စုချန်းက သူ့သူငယ်ချင်းတဦးချင်းစီအား ထိပ်တန်းမူလကိရိယာတမျိုးကျစီ လက်ဆောင်ပေးရန် ဆုံးဖြတ်လိုက်၏။
အင်း...ညတစ္ဆေလဲ ကျန်သေးတာပဲ...သူ့ကိုလဲ ပေးမှရမယ်...သူ့နဲ့ငါဟာ ခင်မင်ရင်းနှီးလာတာ ကြာပြီ...သူ့ကို နည်းနည်းပါပါးမှ ဂရုမစိုက်ပေးရင် ငါဟာ မတရားဘူး...
ထိုအချိန်တွင် အပြင်ဘက်ရှိ ဝေပိုင်၏ အခြေအနေမှာ ပို၍ ဆိုးဝါးလာ၏။ အကြောင်းမှာ စုချန်းက သူ ရွေ့လျားမည့် လမ်းကြောင်းအား မှန်းဆကာ အလင်းတန်းအမြောက်နှင့် ကြိုတင်ပစ်ခတ်လာသောကြောင့်ပင်။ ဝေပိုင်အနေနှင့် အမြောက်ပစ်ခတ်မည့်လမ်းကြောင်းကို တွက်ဆနိုင်ခြင်းမရှိလေရာ ပို၍ အန္တရာယ်များလာတော့သည်။
တချီတွင်တော့ အလင်းတန်းအမြောက်သည် ဝေပိုင်၏ အကာအကွယ်ကို တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ ၎င်း၏ ကြာပန်းအုတ်မြစ်မှာလည်း အလုံးစုံ ပျက်စီးသွားတော့သည်။
၎င်းကို မြင်သော် စုချန်းက ပြောလိုက်၏။
"ဒီလူကို ရှင်းပစ်ဖို့အချိန်ကျပြီ"
"လုပ်လိုက်ကြစို့"
လူတိုင်း ယာဥ်ပျံထဲမှ ပြိုင်တူခုန်ထွက်လိုက်ကြ၏။ ယာဥ်၏ ဘေးပတ်ပတ်လည်တွင် လျှောက်လမ်း ရှိနေသောကြောင့် သူတို့အားလုံး မတ်တပ်ရပ်နိုင်ကြလေသည်။ ထို့နောက် သူတို့အားလုံး ဝေပိုင်အား ပြိုင်တူ တိုက်ခိုက်လိုက်ကြ၏။
စုချန်းတို့လူစု သူ့အား ဝိုင်းဝန်းတိုက်ခိုက်လာသည်ကို ဝေပိုင် မြင်လိုက်သည်နှင့် အော်ဟစ်ကျုံးဝါးလိုက်သည်။
"မင်းတို့ကောင်တွေ ငါ့ကို မသတ်နိုင်ပါဘူးကွာ"
စကားဆုံးသည်နှင့် ဝေပိုင်က ဆေးပုလင်းတလုံးကို ဆွဲထုတ်ကာ ဆေးရည်များအား မော့သောက်ချလိုက်၏။ ထိုအချိန်မှာပင် ဝေပိုင်၏ ကြာပန်းသည် အရောင်များ ပြန်လည်တောက်ပလာပြီး လေနတ်ဘုရားမျောက်ဝံ၏ သွေးပုံရိပ်ကလည်း ပြန်လည်ပေါ်ပေါက်လာသည်။ ထို့နောက် အနှီ သွေးပုံရိပ်သည် ချက်ချင်းဆိုသလို ဝေပိုင်၏ ကိုယ်ခန္ဓာနှင့် ပေါင်းစပ်လိုက်၏။
ထိုအချိန်မှာပင် ဝေပိုင်၏ တကိုယ်လုံးသည် အလင်းတန်းတခုအဖြစ် ပြောင်းလဲသွားပြီး အဝေးဆီသိို့ အလွန်လျင်မြန်လှသော အရှိန်အဟုန်နှင့် ထွက်ခွာသွား၏။
ဝေပိုင်ကား မျက်စေ့တမှ်ိတ်အတွင်း မည်သည့်သဲလွန်စမှ မရှိပဲ ပျောက်ကွယ်သွားခဲ့လေပြီတည်း။