← Chapters

တန်ပြန်တိုက်စစ် ၂

Vol. 49 Ch. 483

တန်ပြန်တိုက်စစ် ၂

Vol. 49 Ch. 483

တော်ဝင်မျိုးနွယ်စုတွေကို အပြီးသတ် သုတ်သင်ရှင်းလင်းဖို့ အချိန်တန်ပြီ...

တော်ဝင်မျိုးနွယ်စုတွေကို အပြီးသတ် သုတ်သင်ရှင်းလင်းဖို့ အချိန်တန်ပြီ...

အပြီးသတ် သုတ်သင်ရှင်းလင်းဖို့ အချိန်တန်ပြီ...

စုချန်း၏ စကားလုံးများမှာ မိုးခြိမ်းသံပမာ အန်းစီယွမ်၏ နားထဲတွင် မြည်ဟီးသွား၏။

တကယ်တော့ အန်းစီယွမ်ကိုယ်တိုင်လည်း သြဇာကြီးမားသလောက် အစွမ်းထက်သော တော်ဝင်မျိုးနွယ်စုများအား သုတ်သင်ရှင်းလင်းရန် တချိန်လုံး ကြိုးစားနေခဲ့သည် မဟုတ်ပါလား။

သို့သော် စုချန်း၏ ပါးစပ်ဖျားမှ ထိုစကားကို ကြားလိုက်ရသည်နှင့် အန်းစီယွမ်၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တရပ် ဖြစ်ပေါ်လာ၏။

၎င်းမှာ တော်ဝင်မျိုးနွယ်စုများအား သူ မရှင်းလင်းလို၍ မဟုတ်။ စုချန်းသည် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည်ဟု အန်းစီယွမ် ခံစားလိုက်ရသောကြောင့်ပင်။

ကျေးဇူးတင်စရာကောင်းသည်မှာ ထိုခံစားချက်သည် စက္ကန့်ပိုင်းအတွင်းမှာပင် ပြန်လည်ပျောက်ကွယ်သွား၏။ အန်းစီယွမ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ပြန်လည်ထိန်းချုပ်ထားနိုင်လိုက်လေသည်။ ထို့နောက် သူက မေးလိုက်၏။

"မင်းက ကျုပ်ကို ဘယ်လိုလုပ်စေချင်တာလဲ တပ်ဖွဲ့တချို့ ပေးပို့စေချင်တာလား ချန်းယွမ့်ဟုန်သေသွားပေမဲ့ ဒီကောင်တွေရဲ့ အုတ်မြစ်က ခိုင်မာလွန်းတယ် အလွယ်တကူနဲ့တော့ ဒီကောင်တွေကို နိုင်မှာမဟုတ်ဘူး ယုတ်စွအဆုံး ဝမ်ကျန်းယုနဲ့ဝေပိုင် သေသွားပြီဆိုရင်တောင် ဘာအကြောင်းပြချက်မှမရှိပဲ သူတို့ကို ရှင်းပစ်ဖို့ ကျုပ်အနေနဲ့ တပ်ဖွဲ့တွေ စေလွှတ်လို့မရဘူး"

"ဒါဆို သူတို့ဘက်ကကျတော့ ဧကရာဇ်ရဲ့ တရားဝင်ခန့်အပ်ထားတဲ့ အင်အားစုတွေကို ဘာအကြောင်းပြချက်မှမလိုပဲ တိုက်ခိုက်နိုင်သတဲ့လား"

စုချန်းက ပြန်လည်မေးခွန်းထုတ်လိုက်၏။ အန်းစီယွမ်က ပြန်ဖြေလိုက်ပြန်သည်။

"ဒီအကြောင်းကို အထက်အကြီးအကဲတွေဆီ ကျုပ် တင်ပြပြီးပြီ သူတို့ ထိုက်သင့်သလို တရားစီရင်ပေးလိမ့်မယ်"

"ဒါပေမဲ့ ဒီတရားစီရင်မှုက ဝမ်မျိုးနွယ်စုနဲ့ ပတ်သက်လာရင် အလုပ်မဖြစ်နိုင်ပါဘူးလေ ကျုပ်ပြောတာ ဟုတ်တယ်မလား မြို့တော်အရှင်သခင်"

"ဒါတော့ မှန်တယ် တရားစီရင်ရေးက ဘာအလုပ်မှ ဖြစ်မယ်မထင်ဘူး ဒါပေမဲ့ ဒါက ဝမ်မျိုးနွယ်စုအနေနဲ့ ဘာတန်ရာတန်ကြေးမှ ပေးစရာမလိုပဲ အေးအေးဆေးဆေး နှပ်နေလို့ရမယ်လို့ မဆိုလိုဘူး သူတို့အနေနဲ့ ပြသနာမတက်ချင်ဘူးဆိုရင် ကြီးကြီးမားမားတခုတော့ ပေးဆပ်ရမှာပဲ"

"ဒီတော့ မြို့တော်အရှင်သခင်ဆိုလိုတာက...ဒီဘက်ကနေ တပ်ဖွဲ့တွေ စေလွှတ်ပြီး တော်ဝင်မျိုးနွယ်စုတွေကို ရှင်းပစ်ဖို့ကြိုးစားမယ်ဆိုရင် အကြီးအကဲတွေဆီ အကြောင်းပြချက်ကောင်းကောင်းပေးရမယ် ဒီလိုမှမဟုတ်ပဲ ဒီအတိုင်း သွားတိုက်ရင် မြို့တော်အရှင်သခင်အနေနဲ့လဲ အရေးယူခံရနိုင်တယ်လို့ ဆိုလိုတာပေါ့"

စုချန်း၏ စကားကြောင့် အန်းစီယွမ် ရယ်မောလိုက်၏။

"မင်း ဒီလို သဘောပေါက်ထားတော့ ကောင်းတာပေါ့ကွာ တကယ်တော့ အစိုးရအရာရှိတဦး ဖြစ်ရတယ်ဆိုတာ တဖက်မှာလဲ အကာအကွယ်တခု ရသလို တဖက်မှာလဲ ထောင်နှုတ်ခမ်းနင်းနေရသလိုပဲကွ ဟုတ်တယ်မလား ကျုပ်ပြောတာ ဒါနဲ့ ချန်းယွမ့်ဟုန် ဘယ်လိုသေသွားတာလဲ"

"ကျောက်စိမ်းနှလုံးသားကျွန်းပေါ်က တိုက်ပွဲမှာ အသက်ပျောက်သွားတာပဲ မြို့တော်အရှင်သခင်"

"ဒီတော့ ကျန်းစီချွေ့ပေါ့လေ"

စုချန်းကိုယ်တိုင် ကျန်းစီချွေ့အကြောင်းကို အန်းစီယွမ်ထံတွင် တခါမှ မဖွင့်ဟဖူးသော်လည်း စုချန်းနှင့် အတန်းဖော်ဖြစ်ခဲ့သော ကျန်းစီချွေ့အကြောင်းကို ဤမြို့တော်မှ လူတိုင်းနီးပါး သိနှင့်နေခဲ့လေပြီ။ ရေလမ်းကြောင်း ပွင့်နေသေး၍သာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များဘက်မှ ၎င်းအား ပစ်မှတ်မထားသေးသည့် သဘောပင်။

သို့သော် စုချန်း စတင်တိုက်ခိုက်ခံရသည်နှင့် ကျန်းစီချွေ့က ချက်ချင်းဆိုသလို ရေလမ်းကြောင်းအား ပိတ်ဆို့လိုက်၏။ ထိုအကြောင်းကိုလဲ အန်းစီယွမ် ကြားသိပြီး ဖြစ်သည်။ ထိုအခါ သူက ခေါင်းတချက်ဆတ်ရင်း ပြောလိုက်သည်။

"ဟုတ်ပြီ ဒီအတိုင်းသာဆိုရင် ကျုပ်တို့အနေနဲ့ ဒီကောင်တွေကို တိုက်ခိုက်ပြီး အပြစ်အားလုံးကို ပင်လယ်ဓားပြတွေဘက် ပုံချလိုက်လို့ ရကောင်းရနိုင်တယ် ဒါပေမဲ့ တော်ဝင်မျိုးနွယ်စုတွေကို တိုက်ခိုက်ဖို့ဆိုတာ မလွယ်ဘူး ဒါ တကယ့် ကိစ္စကြီးပဲကွ ကျုပ်တို့အနေနဲ့ အချိန်ယူပြီး ဆောင်ရွက်ဖို့ လိုအပ်တယ် အကြောင်းပြစရာ တခုတလေမှ မရှိပဲနဲ့တော့ ကျုပ်က မစွန့်စားရဲဘူး"

"ကျွန်တော့မှာ အကြောင်းပြချက်ကောင်းကောင်း ရှိနေတယ်ဆိုရင်ကော မြို့တော်အရှင်သခင်"

"ဘယ်လို အကြောင်းပြချက်မျိုးလဲကွ"

"ချီစွမ်းအားပညာရှင်များအကြား ခိုက်ရန်ဖြစ်ပွားမှု ကန့်သတ်ချက်လေ မြို့တော်အရှင်သခင်...ဒီအထဲမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အဆင့်နဲ့ အဲဒီအထက် ဘယ်သူမဆို မြို့တော်တွင်းမှာ တိုက်ခိုက်ခြင်းမပြုရဘူးလို့ ဆိုထားတယ်"

အန်းစီယွမ် မျက်မှောင်ကုတ်သွား၏။

"မင်း ဆိုလိုတာ"

"မြို့တော်အရှင်သခင်အနေနဲ့ မြို့တော်ဧရိယာအတွင်းမှာ ဒီအလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေ မတိုက်ခိုက်မိအောင် ထိန်းချုပ်ပေးထားမယ်ဆိုရင် ကျန်တာတွေကို ကျွန်တော် တာဝန်ယူတယ်"

"မြို့ထဲက အပြင်ကို ထွက်လိုက်တာနဲ့ ဝမ်ကျန်းယု တိုက်ခိုက်လာမှာကို မင်း မကြောက်ဘူးလား"

"ကျွန်တော် မြို့ပြင်ရောက်သွားတာနဲ့ ဖြစ်ပျက်သမျှ အကုန်လုံးကို ပင်လယ်ဓားပြတွေဆီ ကျွန်တော်တို့ ပုံချလိုက်လို့ ရပြီလေ"

အန်းစီယွမ်၏ နှလုံးသားသည် ဆတ်ခနဲ တုန်ယင်သွား၏။ ထို့နောက် သူက ခေါင်းကိုမော့ကာ အားရပါးရ ရယ်မောလိုက်သည်။

"ဟား ဟား ဟား ကောင်းလိုက်တဲ့ စိတ်ကူးကွာ ဒါပေမဲ့ စုချန်း ဒီအတိုင်း မင်းတကယ် လုပ်နိုင်ပါ့မလား"

"ဒါကတော့ ကြိုးစားကြည့်ရမှာပဲ မြို့တော်အရှင်သခင် မအောင်မြင်ရင်လဲ ဖြစ်လာသမျှ အကျိုးဆက်ကို ကျွန်တော် တာဝန်ယူတယ် အောင်မြင်ခဲ့ရင်တော့ မြို့တော်အရှင်သခင်ရဲ့ဘက်က ဘယ်သူမှ ကျွန်တော့ရဲ့နောက်ကျောကို ဓားနဲ့မထိုးဖို့ မျှော်လင့်တယ်"

စုချန်း၏ ဆိုလိုရင်းကို အန်းစီယွမ် ချက်ချင်း နားလည်လိုက်၏။

"မင်းဆိုလိုတာ...ချိန်ကွမ်း"

စုချန်းက သက်ပြင်းချလိုက်သည်။

"ကျွန်တော့ အနေနဲ့ မြို့တော်အရှင်သခင်ရဲ့ အခက်အခဲကို နားလည်ပါတယ် ဒါပေမဲ့ တကယ်လို့များ တနေ့နေ့မှာ တခုခု ဖြစ်လာခဲ့ရင် ကျွန်တော်ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာ မြို့တော်အရှင်သခင်အနေနဲ့ နားလည်ပြီး ကျွန်တော့ကို ဆန့်ကျင်ဘက် မလုပ်ဖို့ မျှော်လင့်ပါတယ်"

အန်းစီယွမ် မျက်မှောင်ကုတ်လိုက်၏။

"တကယ်ပဲ ဒီလိုလုပ်ဖို့ လိုအပ်လို့လား ကျုပ်တို့အနေနဲ့ ဘုံရန်သူနဲ့ ရင်ဆိုင်နေချိန်မှာ တယောက်နဲ့တယောက် လက်တွဲထားဖို့ လိုအပ်တယ်မလား"

"ဒါကြောင့် ကျွန်တော့အနေနဲ့ ဘုံရန်သူကို ရှင်းပြီးတဲ့အထိ စောင့်နေပါ့မယ်"

အန်းစီယွမ် သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်၏။ ဘာမှတော့ မပြော။

ဤသည်မှာပင် အန်းစီယွမ်က သူ၏ ဆန္ဒအတိုင်းလုပ်ဆောင်ရန် ခွင့်ပြုလိုက်မှန်း စုချန်း သဘောပေါက်လိုက်သည်။

ထို့နောက် သူသည် အန်းစီယွမ်ကို ဦးညွတ်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။

_________×××_________×××________

ကြည်လင်မြစ်မြို့တော်၏ ဆိပ်ကမ်းတွင် ဖြစ်သည်။

ရေလမ်းကြောင်းအား တတိယမြစ်တပ်ဖွဲ့မှ ပိတ်ဆို့ထားပြီးကတည်းက ဆိပ်ကမ်းရှိ လှေ၊သမ္ဗာန်များ၏ အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာ၏။ ယုတ်စွအဆုံး ကြည်လင်ခြင်းအဖွဲ့သားများသည်ပင်လျင် အလုပ်မရှိအကိုင်မရှိ ယောင်ခြောက်ဆယ် ဖြစ်လာလေသည်။

သို့သော်လည်း ဤယနေ့တွင်တော့ အခြေအနေမှာ တမျိုးတမည် ကွဲပြားနေ၏။

အလွန်ကြီးမားသော လှေကြီးသုံးစင်းသည် ကုန်စည်များ အပြည့်တင်ဆောင်ကာ ဆိပ်ကမ်းသို့ ဝင်ရောက်လာလေသည်။ ၎င်းကိုမြင်သည်နှင့် ဆိပ်ကမ်းကို မှီခိုကာ အသက်မွေးဝမ်းကျောင်းပြုနေသည့် လူများမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။

ထိုလှေကြီးများပေါ်တွင်တော့ စားကုန်သောက်ကုန်အပါအဝင် အမျိုးမျိုး အဖုံဖုံသော ကုန်စည်များနှင့် ပြည့်နှက်နေလေသည်။

ကြည်လင်မြစ်မြို့တော်ဟူသည် ပရဆေးပင်များ ပေါကြွယ်ဝလှသော်လည်း စားကုန်သောက်ကုန် ရှားပါး၏။ မြို့တော်အတွက် လိုအပ်သော အခြေခံစားကုန်သောက်ကုန်များကို ပြင်ပမှသာ ဝယ်ယူတင်သွင်းရလေသည်။ထို့ကြောင့် ရေလမ်းကြောင်း ပိတ်ဆို့ခံရခြင်းသည် မြို့တော်အပေါ် များစွာ အကျိုးသက်ရောက်စေ၏။ ကုန်စည်များမှာလည်း စျေးနှုန်း မြင့်တက်လာကြလေသည်။ ယခု ဝင်ရောက်လာသော လှေကြီးသုံးစင်းတွင်တော့ ကုန်စည်အများအပြား ပါလာသောကြောင့် ဤပြသနာမှာ အတော်အသင့် ပြေလည်သွားပေတော့မည်။

လှေကြီးများ ဆိပ်ကပ်လာသည်နှင့် ဆိပ်ကမ်းအလုပ်သမားများသည် ကုန်စည်များ သယ်ယူရန် လှေပေါ်သို့ တက်လာကြ၏။

"အေးအေးဆေးဆေး လုပ်ကြပါ လူတိုင်း တကြိမ်စီ သယ်ခွင့်ရမယ်"

လှေဦးစီးက ကျယ်လောင်စွာ အော်ဟစ်ပြီး ကုန်စည်များအား လှေအောက်သို့ ချပေးလိုက်၏။

မည်သူမှ သတိမထားမိလိုက်သည်မှာကား ထိုလှေများပေါ်တွင် ကုန်စည်များအပြင် လူအများအပြား ပါလာခြင်းပင်။ ထိုလူများသည် လှေလုပ်သားဝတ်စုံကို ဝတ်ဆင်ထားကြပြီး ခေါင်းပေါ်တွင် အဖြူရောင်ခေါင်းပေါင်းစများကို ဝတ်ဆင်ထားကြ၏။ ထိုလူများသည် ကုန်စည် တထုပ်ကျစီ သယ်ယူကား ဆိပ်ကမ်းအနီးရှိ လျှို့ဝှက်သိုလှောင်ရုံအတွင်းသို့ ဝင်ရောက်သွားကြလေသည်။

မျက်စေ့တမှိတ်အတွင်း သိုလှောင်ရုံအတွင်းဝယ် ထိုလူများနှင့် ပြည့်နှက်သွားလေသည်။

"အားလုံး လူပေါင်း၂၀၀ ရှိတယ် လူတိုင်းလိုလိုဟာ သွေးနီဥပြိုကွဲဆေးမင်ထိုးပြီးသား ဒီဆေးမင်ရဲ့ မူလစွမ်းရည်တွေကို တတ်ကျွမ်းပြီးသား ဒီလောက်ဆိုရင် ခင်ဗျားအနေနဲ့ ဒီလူတွေကို အသုံးချလို့ရပြီထင်တယ်"

စုချန်းက ဝန်ဝေစင်းအား ပြောလိုက်၏။

ဝန်ဝေစင်း အားရပါးရ ရယ်မောလိုက်သည်။

"လုံလောက်တာထက်တောင် ပိုနေပါသေးတယ်ဗျာ မူလဗျူရိုအကြီးအကဲ ခင်ဗျား စိတ်သာချထားလိုက်တော့ ဒီကနေ့ကစပြီး ကြည်လင်မြစ်မြို့တော်ရဲ့ မြေအောက်အဖွဲ့အစည်းမှန်သမျှဟာ ကြည်လင်ခြင်းအဖွဲ့ရဲ့ လက်အောက်ကို ရောက်သွားပြီလို့သာ မှတ်လိုက်ပေတော့"

ညကား တဖြည်းဖြည်း နက်လာ၏။

အနီရောင်မြူခိုးလမ်းမှာကား ပို၍ ပို၍ သက်ဝင်လှုပ်ရှားလာလေသည်။

ဤလမ်းကား ညမအိပ်လမ်းအဖြစ် ကျော်ကြားပြီး မြို့တော်၏ နိဗ္ဗာန်ဘုံဟုလည်း ခေါ်ဆိုနိုင်ပေသည်။

ဤလမ်းပေါ်တွင် ပြည့်တန်ဆာအများအပြား ကျင်လည်ကျက်စားတတ်၏။ ဝန်ဝေစင်း မကြာခန ရောက်တတ်သည့် မူးဝေမွှေးရနံ့နန်းဆောင်သည်လည်း ဤလမ်းပေါ်မှာပင် ရှိလေသည်။

ဤလမ်းသည် လင်းယုန်နီဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။ အတိအကျ ပြောရလျင် ပြည့်တန်ဆာလုပ်ငန်းမှန်သမျှသည် မလုပ်ဆောင်မီ လင်းယုန်နီဂိုဏ်းအား သတင်းပို့ရပေသည်။

သို့သော် ထိုညမှာပင် အရာအားလုံးသည် ပြောင်းလဲသွားခဲ့လေပြီ။

လူအများ စည်ကားသိုက်မြိုက်စွာ သွားလာလှုပ်ရှားနေသော လမ်းပေါ်တွင် သံမဏိဓားရှည်များ ကိုင်ဆောင်ထားပြီး အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစု ပေါ်ပေါက်လာ၏။ ထိုလူစု၏ မျက်နှာများမှာ တင်းမာနေပြီး ၎င်းတို့၏ ကိုယ်ပေါ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်ပေါက်နေလေရာ လမ်းပေါ်ရှိ လူအများမှာ ကြောက်လန့်တကြားနှင့် ထွက်ပြေးပုန်းရှောင်ကြကုန်၏။

အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူများသည် ဖြေးဖြေးမှန်မှန် လမ်းလျှောက်လာကြလေရာ လမ်းတလျှောက်လုံး ကသောင်းကနင်းနှင့် ဖြစ်ကုန်ကြလေသည်။

အနီရောင်မြူခိုးလမ်းအား ထိန်းချုပ်ထားသည့် လင်းယုန်နီဂိုဏ်းအနေနှင့် ဤအနေအထားမျိုးကို လက်ပိုက်ကြည့်နေ၍ မရတော့။ ချက်ချင်းဆိုသလို လမ်းမပေါ်သို့ ဓားများကိုင်ဆောင်ထားသည့် လူတစု ထွက်ပေါ်လာ၏။

"ကြည်လင်ခြင်းအဖွဲ့က မိတ်ဆွေတွေ ဒီလမ်းထဲကို မင်းတို့ ဘာလာလုပ်တာလဲ"

လင်းယုန်နီဂိုဏ်းသားများအား ဦးဆောင်လာသူက မေးခွန်းထုတ်လိုက်သည်။

ထိုအချိန်မှာပင် အနီရောင်ဝတ်ဆင်ထားသူများက အုပ်စုနှစ်စု ခွဲလိုက်၏။ ထို့နောက် လူတယောက် ထွက်ပေါ်လာလေသည်။ ထိုလူမှာ ဝန်ဝေစင်းပေတည်း။

ဝန်ဝေစင်းက ပျင်းရိပျင်းတွဲဟန်ဖြင့် ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ ကျုပ်ဟာကျုပ် လမ်းလျှောက်လာတာ ဘာလဲ မင်းတို့ လင်းယုန်နီဂိုဏ်းက ကျုပ်ကို တားချင်လို့လား"

ဝန်ဝေစင်းကို မြင်သည်နှင့် လင်းယုန်နီဂိုဏ်းသားများအား ဦးဆောင်လာသူ၏ မျက်နှာတွင် သတိထားဟန် ပေါ်လာ၏။

"လက်စသတ်တော့ အဖွဲ့ခေါင်းဆောင်ဝန်ကိုး ခေါင်းဆောင်ဝန်အနေနဲ့ ရိုးရိုး လမ်းလျှောက်တာပဲဆိုရင် ကျုပ်တို့ မတားပါဘူး ဒါပေမဲ့ ဒီလမ်းထဲကို ဒီလောက် လူအများကြီးခေါ်ပြီး ရောက်လာတာတော့ သိပ်မဟုတ်သေးဘူးထင်ပါရဲ့ဗျာ ကြည့်လေ ကျုပ်တို့ ဖောက်သည်တွေ ကြောက်လန့်ကုန်ပြီ"

ဝန်ဝေစင်းက ပတ်ဝန်းကျင်အား တချက်ဝေ့ကြည့်ရင်း ပြုံးစစနှင့် ပြောလိုက်သည်။

"သူတို့ တကယ် ပုန်းနေကြတာကိုး သိပ်ကောင်းတယ် ဒီအတွက် နောက်ကျရင် သူတို့ ကျုပ်ကို ကျေးဇူးတင်လာလိမ့်မယ်"

လင်းယုန်နီအဖွဲ့ခေါင်းဆောင်က ပြန်မေးလိုက်၏။

"ကျေးဇူးတင်လာလိမ့်မယ် ဟုတ်လား ဘာဖြစ်လို့လဲ"

ဝန်ဝေစင်း၏ အမူအရာမှာ ချက်ချင်းဆိုသလိုပင် လေးနက်လာ၏။

"ဘာကြောင့်ကျေးဇူးတင်ရမှာလဲဆိုတော့ သူတို့ရဲ့ အသက်ကို ကယ်လိုက်လို့ပေါ့...ဒီကနေ့ညမှာ ဒီလမ်းကို ကျုပ် သွေးနဲ့ဆေးပစ်မယ် ပုန်းနေတဲ့ကောင်တွေ မင်းတို့ ထွက်မပြေးကြသေးဘူးလား ဘာလဲ မင်းတို့ အသတ်ခံရအောင် စောင့်နေတာလား"

ဝန်ဝေစင်း၏ အသံကို ကြားသည်နှင့် လမ်းပေါ်တွင် ပုန်းအောင်းနေကြသူများမှာ ကြောက်လန့်တကြားနှင့် ထွက်ပြေးကုန်ကြတော့သည်။ လင်းယုန်နီအဖွဲ့သားများ၏ မျက်နှာမှာလည်း ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွား၏။

တယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဝန်ဝေစင်း မင်း ဒါ ဘာသဘောလဲ"

"ဘာသဘောလဲဆိုတော့ ဒီကနေ့ကစပြီး အနီရောင်မြူခိုးလမ်းဟာ ကျုပ်လက်အောက်ထဲ ရောက်သွားပြီ အနီရောင်မြူခိုးလမ်းတင်မကဘူး လင်းယုန်နီအဖွဲ့ပါ ကျုပ်လက်အောက် ရောက်သွားပြီလို့ မှတ်ယူရမယ် ဒါကို မလိုက်နာတဲ့ကောင်မှန်သမျှ သေရမယ်"

ထို့နောက် ဝန်ဝေစင်းက အချက်ပြလိုက်လေရာ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသူများသည် ရှေ့သို့ တဟုန်ထိုး ခုန်ဝင်လိုက်ကြလေသည်။

All Chapters