တန်ပြန်တိုက်စစ် ၃
Vol. 49 Ch. 484
ထိုကနေ့ညမှာပင် ကြည်လင်ခြင်းအဖွဲ့သည် လင်းယုန်နီအဖွဲ့၏ ဌာနချုပ်အား ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးလိုက်ကြ၏။ လင်းယုန်နီအဖွဲ့ခေါင်းဆောင် ခွန်ကေ့နန်မှာလည်း နေရာမှာပင် အသက်ပျောက်သွားရှာသည်။ အနီရောင်မြူခိုးလမ်းမှာလည်း ကြည်လင်ခြင်းအဖွဲ့၏ ပိုင်နက်နယ်မြေအတွင်း သွပ်သွင်းခြင်းခံလိုက်ရ၏။
ထိုသတင်းကြောင့် ကြည်လင်မြစ်မြို့တော်တခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်၏။
ကြည်လင်ခြင်းအဖွဲ့ဟူသည် တော်ဝင်မျိုးနွယ်စုများ၏ အမိန့်ကို အမြဲတမ်းနာခံလေ့ရှိပြီး ရံဖန်ရံခါ သဘောထားမတိုက်ဆိုင်သည်များ ရှိသည့်တိုင် ပြသနာကြီးကြီးမားမား တက်လေ့မရှိခဲ့။ အတိအကျ ဆိုရလျင် ကြည်လင်ခြင်းအဖွဲ့သည် လိုင်မျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး လင်းယုန်နီအဖွဲ့ကိုကား ချန်းမျိုးနွယ်စုက ထိန်းချုပ်ထား၏။ ထိုအခါ ကြည်လင်ခြင်းအဖွဲ့၏ ဤတကြိမ် လှုပ်ရှားမှုကြောင့် ရှုပ်ထွေးမှုများ စတင်ပေါ်ပေါက်လာတော့သည်။
ထိုအချိန်မှာပင် သတင်းတခုက စတင်ပျံ့လွင့်လာ၏။
ထိုသတင်းမှာကား ချန်းယွမ့်ဟုန်တယောက် ခရီးတခုတွင် ကြေကွဲဖွယ်ရာ သေဆုံးသွားခဲ့ပြီဟူသော သတင်းပင်။
ထိုအခါ ကြည်လင်မြစ်မြို့တော်တခုလုံးသည် ကြိမ်မီးအုံးသည့်နှယ် ပွက်ပွက်ဆူလာ၏။
ချန်းယွမ့်ဟုန် ဟူသည် သာမာန်လူမဟုတ်။ အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်ဖြစ်ပြီး မြို့တော်တွင် နာမည်ကျော်ကြားသူ ဖြစ်သည်။ ထို့ပြင် သူသည် ချန်းမျိုးနွယ်စု၏တည်ထောင်သူလည်း ဖြစ်နေ၏။
တကယ်တော့ ထိုသတင်းမှာ ကောလဟလမျှသာ ဖြစ်သည်။ ချန်းမျိုးနွယ်စုအနေနှင့် ငြင်းချက်ထုတ်မည်ဆိုပါက ဖြစ်နိုင်လောက်၏။ သို့သော် ကြည်လင်ခြင်းအဖွဲ့၏ စီးနင်းမှုနှင့် ချန်းမျိုးနွယ်စုများဘက်မှ ထူးထူးခြားခြား ရေငုံနှုတ်ပိတ်နေမှုကြောင့် လူတိုင်း၏ စိတ်ထဲတွင် သို့လောသို့လော ဖြစ်လာတော့သည်။
ကြည်လင်ခြင်းအဖွဲ့မှ လင်းယုန်နီအဖွဲ့အား ရုတ်တရက် စီးနင်းတိုက်ခိုက်လိုက်သည်ကို ထောက်ကာ လူတိုင်း၏ စိတ်ထဲတွင် ချန်းယွမ့်ဟုန် အမှန်တကယ် ဒုက္ခရောက်သွားပြီဟု ယူဆိလိုက်ကြ၏။ ထိုစီးနင်းမှုကိုလည်း လိုင်ဝုယီ ညွှန်ကြားသည်ဟု လူတိုင်း ယုံကြည်ထားကြလေသည်။
အကျိုးဆက်မှာကား လိုင်းဝုယီတယောက် လူတိုင်း၏ ပြစ်တင်ဆဲဆိုခြင်းကို ခံစားလိုက်ရခြင်းပင်။ သူသည် သူရဲကောင်းမပီသပဲ ရေနစ်သူအား ဝါးကူထိုးသကဲ့သို့ ဖြစ်သွားသည် မဟုတ်ပါလား။
"ခွေးမသား ဝန်ဝေစင်း မင်း ဘာလုပ်လိုက်တာလဲ ဒီလိုလုပ်ဖို့ မင်းကို ဘယ်သူ အကြံပေးသလဲ"
လိုင်မျိုးနွယ်စု၏ ပင်မခန်းမဆောင်အတွင်းတွင် ဖြစ်သည်။ လိုင်ဝုယီက ခုံကို လက်ဝါးနှင့်ရိုက်ကာ ဒေါသတကြီး မေးလိုက်၏။
ဝန်ဝေစင်းက လိုင်ဝုယီ၏ အောက်တွင် မတ်တပ်ရပ်လျက် အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
"အကြီးအကဲလိုင် ခင်ဗျား ကျုပ်ကို ဒီလို ပြောဖို့တော့ မသင့်ဘူး ကျုပ်ဘာအမှားမှ မလုပ်ထားဘူး ဘာကြောင့် ကျုပ်ကို ဒီလို ပြောရတာလဲ"
လိုင်ဝုယီက လက်ညိုးငေါက်ငေါက်ထိုးရင်း မေးလိုက်၏။
"ဒါဆို လင်းယုန်နီအဖွဲ့ကို မင်း ဘာဖြစ်လို့ ရှင်းပစ်တာလဲ"
"ဘာဖြစ်လို့ရှင်းပစ်တာလဲ ဟုတ်လား"
ဝန်ဝေစင်းက အေးစက်သော လေသံနှင့် ရယ်မောလိုက်၏။
"တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းပဲဗျ ကျုပ်တို့ ဒီလို တိုက်ခိုက်နေတာ နယ်မြေချဲ့ထွင်နိုင်ဖို့ပဲ မဟုတ်လားဗျ လင်းယုန်နီအဖွဲ့ဟာ ခုချိန်မှာ သူတို့ကို ကာကွယ်ပေးမဲ့ လူ မရှိတော့တာတောင် ငွေတွင်းကြီးသဖွယ် ဖြစ်နေတဲ့ နယ်မြေကို ထိန်းချုပ်ထားတယ် ကျုပ် ဒီနယ်မြေကို သိမ်းပိုက်လိုက်တာ ဘာမှားသလဲ"
"ဒါပေမဲ့ တော်ဝင်မျိုးနွယ်စုတိုင်းဟာ မဟာမိတ်တွေချည်းပဲကွ မင်း ဒီလိုလုပ်လိုက်တာဟာ သူများနောက်ကျောကို ဓားနဲ့ထိုးတာ သူများ နိမ့်ကျနေချိန်မှာ အခွင့်အရေး ယူလိုက်တာနဲ့ အတူတူပဲ"
ဝန်ဝေစင်းက ချက်ချင်းပင် ပြန်ပြောလိုက်၏။
"ကျုပ်တို့ ကြည်လင်ခြင်းအဖွဲ့သားတွေကို စုချန်း လာသတ်တုန်းကရော တခြားအဖွဲ့တွေ ဘာလုပ်နေခဲ့ကြသလဲ တချက်ကလေးတောင် ကူညီခဲ့ကြလို့လား ဒီကောင်တွေ ကျုပ်တို့ကို နင်းတက်သွားဖို့ပဲ ကြိုးစားခဲ့ကြတာမဟုတ်ဘူးလား"
စုချန်းတယောက် ကြည်လင်ခြင်းအဖွဲ့အား နှိမ်နှင်းခဲ့စဥ်က အဖွဲ့သား အတော်များများ အသက်ပျောက်သွားခဲ့၏။ အဖွဲ့ဝင် အင်အားနည်းသွားခြင်းကြောင့် ကြည်လင်ခြင်းအဖွဲ့၏ သြဇာအာဏာမှာလည်း များစွာ ယုတ်လျော့သွားခဲ့လေသည်။ အကျိုးဆက်မှာကား ကျန်အဖွဲ့များ သြဇာအာဏာ ကြီးထွားလာခြင်းပင်။ ထိုအချိန်တုန်းက လင်းယုန်နီအဖွဲ့သည်လည်း ကြည်လင်ခြင်းအဖွဲ့၏ နယ်မြေတချို့နှင့် လုပ်ငန်းတချို့ကို ဝင်ရောက်သိမ်းပိုက်ခဲ့ဖူး၏။
ကမ္ဘာကြီးကား အမှန်တကယ်ပင် လက်တွေ့ဆန်လွန်း၏။ အင်အားနည်းလျင် နယ်မြေအများကြီး မပိုင်ဆိုင်သင့်။
ဝန်ဝေစင်း၏ စကားကြောင့် လိုင်ဝုယီ ဘာပြောရမှန်းမသိ ဖြစ်သွား၏။ အတန်ကြာမှ သူက
"ဒါပေမဲ့ မင်း ဒီလိုလုပ်လိုက်တော့ လိုင်မျိုးနွယ်စုကို မျက်စေ့ထဲ မထားသလို ဖြစ်သွားတာပေါ့ကွာ"
ဟု ပြောလိုက်လေသည်။
"လိုင်မျိုးနွယ်စု ဟုတ်လား"
ဝန်ဝေစင်းက ထေ့လိုက်၏။
"ဒီမယ် ဝန်ဝေစင်း မင်းတယောက်တည်းရဲ့ ဦးဆောင်မှုနဲ့ ကြည်လင်ခြင်းအဖွဲ့ ဒီအခြေအနေထိ ရောက်လာတယ် ထင်နေတာလား လိုင်မျိုးနွယ်စုရဲ့ ထောက်ပံ့မှုကိုသာ မရရင် မင်းတို့အဖွဲ့ ဒီနေ ဒီအခြေအနေထိ ရောက်လာစရာ အကြောင်းမရှိဘူးကွ"
ဝန်ဝေစင်း ရယ်သွမ်းသွေးလိုက်၏။
"လိုင်မျိုးနွယ်စုရဲ့ ထောက်ပံ့မှု ဟုတ်လား ခင်ဗျားဆိုလိုတာ ကျုပ်တို့အဖွဲ့ ရှာဖွေသမျှရဲ့ ၇၀ရာခိုင်နှုန်းကို ခင်ဗျားတို့အိပ်ကပ်ထဲထည့်ပြီး ကျုပ်တို့အဖွဲ့ခေါင်းဆောင် သေသွားတာတောင် မသိချင်ယောင်ဆောင်နေခဲ့တာမျိုးလား ဒါမှမဟုတ် ငြိမ်းချမ်းရေးလုပ်ပါတယ်ဆိုပြီး ကျုပ်တို့ရဲ့ နယ်မြေတွေကို တခြားအဖွဲ့တွေလက်ထဲ ထိုးထည့်ပေးခဲ့တာမျိုးလား ဒါမှမဟုတ် ကျုပ်ရဲ့အဖွဲ့သားတွေကို အဲဒီ လူသတ်သမားတွေလက်ထဲ ထည့်ပေးလိုက်တာမျိုးလား ဒါတွေလားဗျ ခင်ဗျားတို့ရဲ့ ထောက်ပံ့မှုဆိုတာ"
လိုင်ဝုယီ ကြောင်အန်းအန်း ဖြစ်သွားလေသည်။
ဝန်ဝေစင်းနှင့် သဘောတူညီမှု ရရှိပြီးသည့်နောက်ပိုင်း စုချန်းသည် မူလဗျူရိုမှ အမှုထမ်းများအား သတ်ဖြတ်သည့် ကြည်လင်ခြင်းအဖွဲ့မှ တရားခံများအား သူ့ထံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့၏။ ထိုတောင်းဆိုချက်ကို လိုင်မျိုးနွယ်စုဘက်မှလည်း မတတ်သာပဲ လက်ခံခဲ့ရလေသည်။ ဝန်ဝေစင်းသည် ဤကိစ္စနှင့် ပတ်သက်၍ လိုင်မျိုးနွယ်စုအပေါ် အခဲမကျေ ဖြစ်နေပုံရသည်ဟု လိုင်ဝုယီ သဘောပေါက်လိုက်၏။
ဒီကောင်တွေ အဲဒီကတည်းက ငါတို့ကို မကျေမနပ် ဖြစ်သွားပုံပဲ...
ဟုတ်ပြီ...ဒီအတိုင်းပဲ ဖြစ်ရမယ်...
မဟုတ်ရင် ဒီကောင်တွေ ဒါမျိုး ဘယ်လုပ်ဝံ့ပါ့မလဲ...
ထိုသို့ စဥ်းစားမိသည်နှင့် လိုင်ဝုယီက ဝန်ဝေစင်းအား ရက်စက်ကြမ်းကြုတ်သော အကြည့်နှင့်ကြည့်ပြီး ပြောလိုက်၏။
"ဘာပဲပြောပြော အဲဒီကိစ္စကြောင့်သာ မင်းဟာ ကြည်လင်ခြင်းအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်လာတာပဲ မဟုတ်လားကွ"
ဝန်ဝေစင်း ခေါင်းညိတ်လိုက်သည်။
"မှန်ပါတယ် ဒါနဲ့ပဲ ကျုပ်က ကျုပ်တို့ အဖွဲ့ခေါင်းဆောင်အတွက် လက်စားမချေရဘူးလို့ မဆိုလိုဘူးဗျ"
သေဆုံးသွားသူတယောက်အတွက် ပြန်လည်လက်စားချေခြင်း။ တနည်းအားဖြင့် ၎င်းသည် မည်သည့်အခြေအနေတွင်မဆို ပေး၍ရသော ဆင်ခြေဖြစ်သည်။ တနည်းအားဖြင့် ၎င်းသည် ကြီးမားသော တိုက်ပွဲတရပ် ဆင်နွှဲရန် အကြောင်းပြချက်ကောင်းတခုလည်း ဖြစ်နေ၏။
အဆင့်အတန်း သတ်မှတ်ချက် လွန်စွာ အရေးကြီးသော ဤခေတ်အခါမျိုး၌ပင် ကြီးမားသော စစ်ပွဲတပွဲဆင်နွှဲရန် သင့်လျော်သော အကြောင်းပြချက်တရပ်သည် အထူးတလည် အရေးပါနေသေး၏။
သို့မဟုတ်ပါက အန်းစီယွမ်အပါအဝင် တော်ဝင်မျိုးနွယ်စုများသည် အလွန်အမင်း သတိထားနေရန် မလိုအပ်။ တကယ်တော့ အန်းစီယွမ်နှင့် တော်ဝင်မျိုးနွယ်စုများသာမဟုတ် မည်သူမဆို အကြောင်းပြချက်သာ မလိုအပ်ပါက ဘယ်အရာကိုမှ သတိထားနေရန် မလိုတော့ချေ။ ထိုအခါ အရာတိုင်းတွင် အင်အားသည်သာ အခရာကျပြီး အင်အားကြီးသူက အင်အားနည်းသူကို စားသုံးသည့် တောရိုင်းဥပဒေသတရပ် ထွန်းကားလာပေလိမ့်မည်။
မည်သို့ဆိုစေ မူလကမ္ဘာကြီးတွင်တော့ စည်းမျဥ်းဥပဒေတချို့ ရှိနေသေး၍ တော်သေးသည်ဟု ဆိုရပေလိမ့်မည်။
ဝန်ဝေစင်း၏ စကားကို ကြားလိုက်သည့်တခနမှာပင် သူ့အနေနှင့် ကြည်လင်ခြင်းအဖွဲ့ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့မှန်း လိုင်ဝုယီ သဘောပေါက်လိုက်၏။
ထိုအခါ သူက ဝန်ဝေစင်းအား အေးစက်သော မျက်လုံးအစုံနှင့် စိုက်ကြည့်လိုက်သည်။
သူ့တွင် ရွေးချယ်စရာ နှစ်မျိုးသာ ကျန်တော့မှန်း သူ သိလိုက်၏။
ပထမရွေးချယ်စရာမှာကား အမိန့်မနာခံသော အနှီ ငမိုက်သားအား တခါတည်း သုတ်သင်ပစ်ရန်ပင် ဖြစ်သည်။
သို့သော် ထိုသို့ လုပ်လိုက်ခြင်းအားဖြင့် နောက်ဆက်တွဲ အကျိုးတရားများစွာ ဖြစ်ပေါ်လာနိုင်စေ၏။
ပထမတချက်မှာ လိုင်မျိုးနွယ်စုအနေနဲ့ မိမိတို့၏ လက်အောက်ခံ ဒုစရိုက်အဖွဲ့တဖွဲ့ဖြစ်သော ကြည်လင်ခြင်းအဖွဲ့အား မထိန်းချုပ်နိုင်ကြောင်း တခြားလူများထံတွင် ဝန်ခံလိုက်သည်နှင့် သွား၍ တူနေပေလိမ့်မည်။
ဒုတိယတချက်မှာ ပို၍ သွေးပျက်စရာကောင်းနေ၏။ ကြည်လင်ခြင်းအဖွဲ့အနေနှင့် လင်းယုန်နီအဖွဲ့အား ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ၎င်းတို့ ပိုင်နက်နယ်မြေများအား သိမ်းပိုက်လိုက်ခြင်းကြောင့် ဝင်ငွေများစွာ တိုးပွားလာတော့မည် ဖြစ်သည်။ ထိုအတွက် အကျိုးအမြတ် အများဆုံး ခံစားရမည့်သူများမှာလည်း လိုင်မျိုးနွယ်စုများပင် ဖြစ်သည်။ တနည်းအားဖြင့် ဝန်ဝေစင်း၏ လုပ်ရပ်သည် လိုင်မျိုးနွယ်အတွက် အကျိုးဆောင်ပေးသည်နှင့် တူနေ၏။ ဤအနေအထားတွင် လိုင်ဝုယီက ဝန်ဝေစင်းအား သတ်ပစ်လိုက်လျင် ကျန်လိုင်မျိုးနွယ်များအနေနှင့် လက်ခံကောင်းမှ လက်ခံပေလိမ့်မည်။ တတိယအချက်မှာ လိုင်ဝုယီအနေနှင့် ဝန်ဝေစင်းအား သတ်ပစ်နိုင်ကောင်းမှ သတ်ပစ်နိုင်ပေလိမ့်မည်။ အကြောင်းမှာ လိုင်မျိုးနွယ်စုတွင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် မရှိ။ အမြင့်ဆုံးအနေနှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များသာ ရှိနေ၏။ ထိုအထဲမှ အတော်များများသည်လည်း စုချန်းအား လိုက်ဖမ်းရာတွင် သေဆုံးကုန်ကြပြီ ဖြစ်သည်။ အခြားတဖက်တွင်လည်း ဝန်ဝေစင်း၏ ကြည်လင်ခြင်းအဖွဲ့သည် နောက်ပိုင်းတွင် အင်အားကြီးမားလာ၏။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များလည်း တိုးပွားလာပုံရသည်။ ကြည့်ရသည်မှာ ကြည်လင်ခြင်းအဖွဲ့တွင် တဖွဲ့လုံး၏ အင်အားကို တိုးပွားလာစေနိုင်သည့် လျို့ဝှက်နည်းစနစ်တရပ် ရှိနေပုံပေါ်သည်။
ထို့ကြောင့် ပထမရွေးချယ်မှုမှာ လိုင်ဝုယီအတွက် အလားအလာ မကောင်းလှ။
ဒုတိယရွေးချယ်စရာမှာကား ဝန်ဝေစင်း၏ လုပ်ရပ်အား လက်သင့်ခံလိုက်ရန်ပင် ဖြစ်သည်။ ဤသို့ပြုလုပ်လိုက်ခြင်းအားဖြင့် လိုင်ဝုယီအနေနှင့် အနည်းဆုံးတော့ ကြည်လင်ခြင်းအဖွဲ့အား ဆက်လက်ထိန်းချုပ်နေနိုင်သယောင် ဟန်ဆောင်နေ၍ ရသေး၏။ တဖက်တွင်လည်း ကြည်လင်ခြင်းအဖွဲ့မှ ရရှိလာသော အကျိုးအမြတ်များအား လိုင်မျိုးနွယ်စုအနေနှင့် ဆက်၍ ဝေစုခွဲနိုင်ဖွယ်ရာ ရှိနေသေးသည်။
သို့သော် ဤရွေးချယ်မှုကြောင့် ကျန် တော်ဝင်မျိုးနွယ်စုများ၏ ဝိုင်းဝန်းအပြစ်တင်မှုကိုတော့ လိုင်ဝုယီ သေချာပေါက် ခံစားရပေလိမ့်မည်။
အတန်ကြာအောင် စဥ်းစားနေပြီးနောက် လိုင်ဝုယီက ပြောလိုက်သည်။
"မင်းတို့ရဲ့ အရင်ခေါင်းဆောင်ဟောင်းအတွက် မင်းတို့အနေနဲ့ လက်စားချေချင်နေမယ်ဆိုတာ ကျုပ်အနေနဲ့ နားလည်နိုင်ပါတယ်..."
တကယ်တော့ စကားအဖြစ်သာ ပြောနေကြသည်။ မြွေမြွေချင်း ခြေမြင်သူများပင် ဖြစ်ကြလေရာ သူတို့၏ စိတ်ထဲတွင် တယောက်နှင့်တယောက် ကျိန်ဆဲနေကြ၏။
"ဒါပေမဲ့ မင်းတို့ ဒီလိုလုပ်လိုက်တော့ ကျုပ်အနေနဲ့ အများကြီး အခက်တွေ့သွားတယ် ဘာပဲဖြစ်ဖြစ် မင်းတို့က လုပ်လဲလုပ်ပြီးသွားပြီ မင်းတို့အနေနဲ့ လိုင်မျိုးနွယ်စုကိုလဲ သစ္စာခံထားတုန်းပဲဆိုတော့ မင်းတို့ကို ကာကွယ်ဖို့က ကျုပ် တာဝန်ပဲ လီယွဲ့ ကျုပ်အတွက် အလုပ်လုပ်နေတုန်းကတော့ ကျုပ် မကာကွယ်ပေးနိုင်ခဲ့ဘူး ဒါကြောင့် ဒီတခေါက်တော့ ကျုပ်က မင်းကို ကာကွယ်ပေးလိုက်မယ်"
ဝန်ဝေစင်း၏ မျက်နှာပေါ်တွင် ဝမ်းသာကြည်နူးဟန် ပေါ်လာ၏။
"အကြီးအကဲရဲ့ နားလည်ပေးမှုအတွက် အများကြီး ကျေးဇူးတင်ပါတယ် ကြည်လင်ခြင်းအဖွဲ့ကလဲ လိုင်မျိုးနွယ်စုအတွက် ကြိုးစားပမ်းစား အလုပ်လုပ်ပေးပါ့မယ်"
"ကောင်းပြီ ဒါဆို မင်း သွားနိုင်ပြီ နောက်တခါ ပြသနာမရှာတော့နဲ့ ဟုတ်ပြီလား"
ထို့နောက် လိုင်ဝုယီက လက်တဖက်ကို အားအင်ချိနဲ့စွာနှင့် ဝေ့ယမ်းပြလိုက်လေသည်။
သို့သော် ကြည်လင်ခြင်းအဖွဲ့၏ ပြသနာများ ယခုမှ အစပြုသည်ကိုတော့ လိုင်ဝုယီ မသိနိုင်ခဲ့ချေ။