← Chapters

တန်ပြန်တိုက်စစ် ၄

Vol. 49 Ch. 485

တန်ပြန်တိုက်စစ် ၄

Vol. 49 Ch. 485

ဝေမျိုးနွယ်စု၏ အိမ်တော်တွင် ဖြစ်သည်။

အခန်းထဲမှ ဝေစုန်းလင် လမ်းလျှောက်ထွက်လာသည်နှင့် အသင့်စောင့်နေသော လူအုပ်စုကြီးက တယောက်တပေါက်နှင့် မေးမြန်းလိုက်ကြသည်။

"အစ်ကိုကြီး အခြေအနေ ဘယ်လိုလဲ မျိုးနွယ်စုအကြီးအကဲ သက်သာရဲ့လား"

ဝေစုန်းလင်က မျက်နှာမသာမယာနှင့် ပြန်ဖြေလိုက်သည်။

"သူ့ရဲ့ ကြာပန်းက ပျက်စီးသွားပြီ သူကိုယ်တိုင်လဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အဆင့်ကို ယုတ်လျောသွားပြီ"

"ဟာ"

ထိုစကားကြောင့် လူတိုင်းလိုလို ကြက်သေသေသွား၏။

ဝေစုန်းလင်က ထပ်ပြောလိုက်သည်။

"ဒါပေမဲ့ သူ့ရဲ့ အုတ်မြစ်က ကျန်နေသေးတယ် အဖေပြောတာကတော့ သူ့ဒဏ်ရာတွေသာ ပျောက်ကင်းသွားရင် သူ့အနေနဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ကို ပြန်လည်တက်လှမ်းနိုင်လာလိမ့်မယ်တဲ့"

"ဒါဆိုရင်တော့ တော်သေးတာပေါ့"

ထိုစကားကို ကြားလိုက်မှ လူတိုင်းလိုလို စိတ်သက်သာရသွားကြကုန်၏။

အလင်းတုန်ခါခြင်းနယ်ပယ်ကို ပြန်လည်တက်လှမ်းနိုင်သေးသည်ဆိုပါက အခြေအနေမှာ သိပ်မဆိုးလှသေး။

"ဒါပေမဲ့ ဒီအတွက် အနည်းဆုံး ဆယ်နှစ်လောက်တော့ အချိန်ယူရမယ် ကံမကောင်းရင် ဒီထက်တောင် ကြာသွားနိုင်တယ်"

ဝေစုန်းလင်၏ နောက်ဆုံးစကားကြောင့် လူတိုင်း စိတ်ပျက်သွားကြပြန်၏။

အချိန်ဆယ်နှစ်ကျော်ဆိုပါကလား...

ဆယ်နှစ်ဟူသော အချိန်မှာ သိပ်မကြာလှ။ သို့သော် တိုတောင်းသည်ဟုလည်း မဆိုနိုင်။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ကျောထောက်နောက်ခံသာ မရှိပါက ဤဆယ်နှစ်ဟူသော အချိန်ကာလတွင် ဝေမျိုးနွယ်စုများအဖို့ အခက်အခဲများစွာနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ထိုအခါ တယောက်က သက်ပြင်းချရင်း ပြောလိုက်၏။

"ဆယ်နှစ်ကြာမယ်ဆိုတော့လဲ ဆယ်နှစ်ပဲပေါ့ ဘာတတ်နိုင်ပါ့မလဲ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ချန်းမျိုးနွယ်စုလောက်တော့ အဖြစ်မဆိုးသေးဘူးပေါ့လေ"

ချန်းမျိုးနွယ်စု။

ထိုနာမည်ကို ကြားလိုက်သည်နှင့် လူတိုင်း၏ နှလုံးသားသည် ပြင်းထန်စွာ တုန်ခါကုန်ကြ၏။

ချန်းယွမ့်ဟုန် သေဆုံးသွားပြီးနောက် ချန်းမျိုးနွယ်စု၏ သြဇာအာဏာမှာ များစွာ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ လူတိုင်းလိုလိုသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအား မျက်စေ့ဒေါက်ထောက်ကြည့်နေကြပြီး လက်လွှဲယူရန် ကြံစည်နေကြ၏။

တကယ်တော့ ချန်းယွမ့်ဟုန် မရှိသည့်တိုင် ချန်းမျိုးနွယ်စုတွင် ထိပ်တန်းပညာရှင်တချို့တော့ ကျန်နေသေး၏။ သို့သော် ချန်းယွမ့်ဟုန်ကား ချန်းမျိုးနွယ်စု၏ သြဇာအာဏာ အရင်းအမြစ် ဖြစ်သည်။ ၎င်းမရှိလျင် ချန်းမျိုးနွယ်စုသည် ဘာမှမဟုတ်တော့။

သို့သော် ဤနေရာတွင် ပြောစရာတခုတော့ ရှိနေ၏။ တော်ဝင်မျိုးနွယ်စုများ၏ လွှမ်းမိုးနိုင်စွမ်းဟူသည် ၎င်းတို့ ပိုင်ဆိုင်ထားသည့် စွမ်းအားများနှင့် တိုက်ရိုက်သက်ဆိုင်လျက်ရှိသည်။ ပိုင်နက်နယ်မြေ ပိုင်ဆိုင်မှုအရ တော်ဝင်မျိုးနွယ်စု ဆယ်စုအနက် ဝမ်မျိုးနွယ်စုမှာ ကုန်စည်ဖြန့်ဖြူးရာဆိုင်များ၊ မူလချီစွမ်းအားပညာရှင်များနှင့် ပိုင်နက်နယ်မြေ အများဆုံး ပိုင်ဆိုင်ထား၏။ ချန်းမျိုးနွယ်စုနှင့် ဝေမျိုးနွယ်စုက၎င်း၏ နောက်မှ လိုက်လေသည်။ ချန်းယွမ့်ဟုန် သေဆုံးသွားသည့် နောက်တွင်တော့ ချန်းမျိုးနွယ်စု ပိုင်ဆိုင်ထားသည့် စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့တွင် ရှိသည့်တကယ့်အင်အားနှင့် လိုက်လျောညီထွေ မဖြစ်တော့ပေ။

သို့သော် တော်ဝင်မျိုးနွယ်စုများသည် ယခုအချိန်ထိ ရဲဘော်ရဲဘက်၊ မဟာမိတ်များအဖြစ်တွင်သာ ရှိနေသေး၏။ အချို့မျိုးနွယ်စုများဆိုလျင် အချင်းချင်း ယောက္ခမနှင့် သားမက်သဖွယ် ဆက်ဆံရေးမျိုးပင် ရှိကြလေသည်။

ထို့ကြောင့် ချန်းယွမ့်ဟုန် သေဆုံးမှုသည် လတ်တလောတွင် ချန်းမျိုးနွယ်စုအတွက် အထူးတလည် အကျိုးသက်ရောက်နိုင်စရာတော့ မရှိသေး။ သို့သော် အချိန်တခုကြာလာပါက ပွက်ပွက်ဆူလာသော ရေနွေးသည် ဖားကို ဖြည်းဖြည်းချင်း သေစေသလို ချန်းမျိုးနွယ်စု၏ အခြေအနေသည်လည်း အချိန်နှင့်အမျှ ဆိုးရွားလာဖွယ် ရှိနေ၏။

သို့သော် ကြည်လင်ခြင်းအဖွဲ့သည်ကား လုပ်စရာရှိသည်ကို အချိန်မဆိုင်းပဲ လုပ်ဆောင်ခဲ့ပြီ ဖြစ်သည်။

ချန်းယွမ့်ဟုန် သေဆုံးသွားသည်နှင့် တပြိုင်နက် ကြည်လင်ခြင်းအဖွဲ့သည် လင်းယုန်နီအဖွဲ့ကို ဝင်ရောက်စီးနင်းပြီး ၎င်းတို့ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများကို သိမ်းပိုက်ခဲ့သည် မဟုတ်ပါလား။

ပုံမှန်ဆိုလျင် ကြည်လင်ခြင်းအဖွဲ့အနေနှင့် မဟာမိတ်အဖွဲ့၏ အရေးယူမှုကို သေချာပေါက် ခံရပေလိမ့်မည်။

လက်တွေ့တွင်တော့ မည်သည့်အရေးယူမှုမှ ဖြစ်ပေါ်မလာခဲ့။

ပထမဆုံးအနေနှင့် လိုင်ဝုယီသည် သူ့မျိုးနွယ်စု၏ ဂုဏ်သိက္ခာအရကြောင့်သော်လည်းကောင်း၊ သူရရှိမည့် အမြတ်အစွန်းကြောင့်သော်လည်းကောင်း၊ ကြည်လင်ခြင်းအဖွဲ့သားများ စိတ်မကွက်စေရန်အတွက်ကြောင့်သော်လည်းကောင်း၊ သူ့ကိုယ်ပိုင်ရည်မှန်းချက်ကြောင့်သော်လည်းကောင်း ကြည်လင်ခြင်းအဖွဲ့ဘက်မှ ကာကွယ်ပေးခဲ့၏။ ဤသည်မှာ စုချန်း ဆင်ထားသော အကွက်အတွင်း တည့်တည့်မတ်မတ် ဝင်သွားခြင်းပေတည်း။

ဝမ်ကျန်းယုသည်လည်း ရေငုံနှုတ်ပိတ်နေခဲ့၏။ အန်းစီယွမ်က သူ့အား နောက်ထပ် ပြသနာမရှာရန် ပြင်းပြင်းထန်ထန် သတိပေးထားသည် မဟုတ်ပါလား။ ပထမအကြိမ်တွင် အမှားကျူးလွန်ထားခြင်းကြောင့် ဝမ်ကျန်းယုအနေနှင့် ဤတခေါက်တွင်တော့ လက်ဝင်လျိုရန် စိတ်မကူးရဲတော့။

လောင်းမျိုးနွယ်စုနှင့် လျန်မျိုးနွယ်စုတို့မှာကား ကြည်လင်ခြင်းအဖွဲ့ လျှောက်ခဲ့သော လမ်းအတိုင်း လိုက်လျှောက်ကြလေသည်။ ရက်ပိုင်းအတွင်းမှာပင် သူတို့သည် ချန်းမျိုးနွယ်လက်အောက်ရှိ ဂိုဏ်းငယ်လေးများအား ဝင်စီးကာ ၎င်းတို့၏ ပိုင်နက်နယ်မြေများကို သိမ်းပိုက်လိုက်ကြ၏။

တနည်းအားဖြင့် ကြည်လင်ခြင်းအဖွဲ့၏ လုပ်ရပ်သည် လူတိုင်းအား နည်းပေးလမ်းပြ လုပ်လိုက်သည်နှင့်ပင် တူနေသေး၏။

ထိုအခါ လူတိုင်း၏ စိတ်ထဲတွင် ချန်းမျိုးနွယ်စုသည် အသားတစ်နှင့် တူနေတော့သည်။ ခွေးအများကား အသားတစ်ကို တယောက်တကိုက်နှင့် ဝိုင်းဆွဲကြချေပြီတည်း။

ဤအခြေအနေတွင် ချန်းမျိုးနွယ်စု၏ ကံကြမ္မာမှာ ဘယ်သောင်ဘယ်ကမ်းသို့ ဆိုက်တော့မည်မှန်း တဖြည်းဖြည်း မြင်သာလာ၏။

ရက်ပိုင်းအတွင်းမှာပင် ချန်းမျိုးနွယ်လက်အောက်ရှိ ဂိုဏ်းအသီးသီးသည် ဖြိုခွဲဖျက်ဆီးခံရပြီး ကြည်လင်မြစ်မြို့တော်မှ ထာဝရ ပျောက်ကွယ်သွားကြ၏။

ဒုစရိုက်အဖွဲ့များဟူသည်မှာ တကယ်တော့ ဓါးနှင့် တူ၏။ ဓါးဟူသည်ကား အဆီတထပ် အသားတထပ် ဖြစ်နေသော အသားတုံးအား ခုတ်ထစ်လှီးဖြတ်ရန် ဖန်တီးထားခြင်း ဖြစ်သည်။

အဆိုပါ ဒုစရိုက်အဖွဲ့များသည် သိပ်အရေးမပါဟု ထင်ရသော်လည်း တကယ့်တကယ်တွင် လူတိုင်းအတွက် များစွာ အသုံးဝင်၏။ လူကြီးလူကောင်းဟန်ဆောင်ထားသူများ ပေါ်တင် မလုပ်ရဲသည့် ညစ်တီးညစ်ပတ် အလုပ်ဟူသမျှကို ထိုဒုစရိုက်အဖွဲ့များကပင် တာဝန်ခံ လုပ်ဆောင်ပေးကြသည် မဟုတ်ပါလား။ ထိုအထဲတွင် နယ်မြေများကို သိမ်းပိုက်ခြင်းလည်း ပါဝင်နေ၏။

သင်သည် လမ်းတလမ်းကို ပိုင်ဆိုင်သော အဖွဲ့တဖွဲ့ကို ထိန်းချုပ်ထားနိုင်ပါက ထိုလမ်းထဲရှိ ဆိုင်များကို ပိုင်ဆိုင်ထားသည်နှင့် အတူတူသာ။ သင့်အနေနှင့် ထိုလမ်းထဲရှိ ဆိုင်တဆိုင် စီးပွားရေးလုပ်နေသည်ကို မမြင်တွေ့လိုတော့ပါက လုပ်လို့ရသည့် နည်းလမ်းပေါင်းများစွာ ရှိနေ၏။

ထို့ကြောင့် ထိုဒုစရိုက်ဂိုဏ်းများသည် ခံတပ်၏ အပြင်ဆုံးအလွှာနှင့် တူနေ၏။ ထိုအလွှာ မရှိတော့ပါက အတွင်းရှိ အသားတစ်အား ခွေးအများ ဝိုင်းဆွဲလိမ့်မည်သာ။

ယခုလည်း ၎င်းတို့လက်အောက်ရှိ ဒုစရိုက်အဖွဲ့များ ပြိုကွဲသွားသည်နှင့် ချန်းမျိုးနွယ်စု ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများသည်လည်း တဖြည်းဖြည်း သူတပါးလက်ထဲသို့ ကျရောက်သွားတော့မည် အခြေအနေ ဆိုက်လာ၏။

ရက်အနည်းငယ်အတွင်းမှာပင် ချန်းမျိုးနွယ်စုလက်အောက်ရှိ စီးပွားရေးလုပ်ငန်းများအား နှောင့်ယှက်ဖျက်ဆီးသူများ အပြိုင်းအရိုင်း ပေါ်ပေါက်လာ၏။ ချန်းမျိုးနွယ်စုဘက်မှလည်း ထိုင်နေသည်တော့မဟုတ်။ အတတ်နိုင်ဆုံး ကာကွယ်ခဲ့သည်သာ။ သို့သော် ရာနှုန်းပြည့် ကာကွယ်နိုင်ခြင်းကား မရှိခဲ့။

ထိုအခါ ချန်းမျိုးနွယ်စုများသည် ၎င်းတို့ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းစုများအား စတင်ရောင်းထုတ်စ ပြုလာ၏။ သို့မှသာ ၎င်းတို့အနေနှင့် လုံခြုံရေးကို ပိုမိုအာရုံစိုက်နိုင်လာမည် မဟုတ်ပါလား။ ဤသည်မှာ ကျဥ်းထဲကျပ်ထဲ အခြေအနေတွင် တော်ဝင်မျိုးနွယ်စုများ အမြဲတစေ လုပ်ကိုင်လေ့ရှိသည့် လုပ်နည်းလုပ်ဟန်တမျိုးလဲ ဖြစ်သည်။

ထိုအထဲမှ မျိုးနွယ်စုတချို့သည် နှစ်အနည်းငယ်အတွင်း ထိပ်ပိုင်းသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့သလို တချို့မှာလည်း ဘယ်တော့မှ ပြန်မလာနိုင်ပဲ ထာဝရ ပျောက်ကွယ်သွားတတ်ကြ၏။

ချန်းမျိုးနွယ်စုအကြောင်းကို စဥ်းစားမိသည်နှင့် ဝေစုန်းလင် အသက်ရှုကြပ်လာ၏။

ထို့နောက် သူက ခေတ္တ စဥ်းစားပြီး အမိန့်ပေးလိုက်၏။

"အဖိုးကြီးလီ ခင်ဗျား ဝက်သစ်ချလမ်းမပေါ်တွင် ဆိုင်တွေအကုန်လုံးကို စုစည်းပြီး ရောင်းပစ်လိုက်တော့"

အိမ်တော်ထိန်းလီ ကြောင်သွား၏။

"အကြီးအကဲ ဒီဆိုင်တွေရဲ့ အမြတ်အစွန်းက မနည်းလှဘူးခင်ဗျ"

"ကျုပ် သိပါတယ်"

ဝေစုန်းလင် စိတ်ပျက်ဟန်ဖြင့် ပြောလိုက်၏။

"အမြတ်မလိုချင်တဲ့လူရယ်လို့ ဘယ်မှာရှိပါ့မလဲဗျာ ဒါပေမဲ့ စုချန်းကြောင့် ကျုပ်အဖေ ဒဏ်ရာရသွားတဲ့သတင်းက သိပ်မကြာခင်မှာပဲ လူတွေဆီ ရောက်သွားဖို့ ရှိတယ် ချန်းယွမ့်ဟုန် သေသွားတာ တလောကလုံး သိသွားတာကြည့်လေ ဒါကြောင့် ခုချိန်မှာ အမြတ်အစွန်းကို မကြည့်နိင်တော့ဘူး လုံခြုံရေးက ပိုအရေးကြီးတယ်"

စုချန်းဟူသော နာမည်ကို ကြားလိုက်သည်နှင့် လူတိုင်းလိုလိုသည် ဒေါသထွက်လာ၏။ စုချန်းကြောင့်သာ သူတို့ ဤအခြေဆိုက်သွားရသည် မဟုတ်ပါလား။

"ဆယ်နှစ် အချိန်ဆယ်နှစ်ပဲ စောင့်ကြပါ ကိုယ့်လူတို့ မျိုးနွယ်စုခေါင်းဆောင် ပြန်ကောင်းလာတာနဲ့ ဒီအတွက် ဝေမျိုးနွယ်စုက ပြန်ပြီး လက်စားချေမှာပါ"

လူတိုင်းက ဝေစုန်းလင်၏ စကားအား သဘောတူလိုက်ကြ၏။

သို့သော် စုချန်းက သူတို့အား အချိန်ဆယ်နှစ်ပင် ပေးပါမည်လော။

ထိုအချိန်မှာပင် အခန်းထဲသို့ အစေခံတဦး ပြေးဝင်လာ၏။

"အကြီးအကဲ အကြီးအကဲ"

"ဘာဖြစ်လာတာလဲကွ"

ဝေစုန်းလင်က မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။

"အကြီးအကဲ စုချန်း ပြန်ရောက်လာပါပြီခင်ဗျာ"

စုချန်း ပြန်ရောက်လာကြောင်း ကြားလိုက်ရသည်နှင့် လူတိုင်း ထိတ်လန့်သွား၏။

ဝမ်ကျန်းယု၏ အမဲလိုက်ပွဲပြီးကတည်းက စုချန်းတယောက် ပျောက်ကွယ်နေခဲ့သည်မှာ ကြာပြီ။ ယခုကျတော့ ကြည်လင်မြစ်မြို့တော်အတွင်းသို့ ပေါ်တင်ပင် ပြန်ရောက်လာသည်ဆိုပါကလား။

"သူ ဘယ်လိုပုံစံနဲ့ ပြန်ရောက်လာတာလဲကွ"

ဝေစုန်းလင်က မေးခွန်းထုတ်လိုက်၏။

အစေခံ ခေါင်းရှုပ်သွားဟန်တူသည်။ သူက နဝေတိမ်တောင်နှင့် ဖြေလိုက်၏။

"ထူးထူးခြားခြားတော့ မရှိပါဘူးခင်ဗျာ ဒီအတိုင်း မူလဗျူရိုကို ပြန်လာပြီး အလုပ်လုပ်နေတာပါပဲ"

"အလုပ်လုပ်နေတယ် ဟုတ်လား"

ဝေစုန်းလင် တစုံတရာကို တွေးတောမိဟန်ဖြင့် ရေရွတ်လိုက်၏။

"ဟာ ဒါဆို မကောင်းတော့ဘူး"

All Chapters