← Chapters

ကြောက်လန့်ကုန်ကြခြင်း

Vol. 10 Ch. 959

ကြောက်လန့်ကုန်ကြခြင်း

Vol. 10 Ch. 959

“ဘယ်လိုဖြစ်နိုင်မှာလဲ... ဘိုးဘေး ဟုန်ယန်က နှစ်တစ်သောင်းကျော် ကျင့်ကြံထားတာလေ... ဘယ်လိုလုပ်ပြီး လူငယ် တစ်ယောက်ဆီမှာ ရှုံးရမှာလဲ... ခုန ငါတို့မြင်လိုက်ရတာက တကယ် ဖြစ်သွားတာလား...”

အကြီးအကဲများမှာ ကြောင်တောင်တောင် ဖြစ်နေကြ၏။

ရွှေအမြုတေ အဆင့်နှင့် အခြေတည် ဝိညာဥ် အဆင့်....

ထိုနှစ်ခုကား ကောင်းင်နှင့် မြေကြီး၊ သေမျိုးနှင့် နတ်ဘုရာများ ကဲ့သို့ ခြားနားသော အဆင့် နှစ်ခု ဖြစ်သည်။ ထျန်းဟောင်ဂြိုဟ်၏ သမိုင်းကြောင်း၌ ရွှေအမြုတေ အဆင့်က အခြေတည် ဝိညာဥ် အဆင့်ကို အနိုင်ယူခဲ့သည် ဆိုသော ဖြစ်ရပ်မျိုး မရှိခဲ့ချေ။

“အဲဒါက တကယ် ဖြစ်သွားတာ...”

မဟာ အကြီးအကဲ လင်းရှန်းက တုန်တုန်ရီရီဖြင့် ခေါင်းညိတ် လိုက်သည်။ သူ၏ မျက်လုံးများက ကြောက်လန့်မှုဖြင့် ပြည့်နှက်နေ၏။

“အဲဒီ သားရဲကြီးက ငါ့အကိုလား...”

ရှောင်မန် ပင်လျှင် ကောင်းကင်သို့ မော့ကြည့်ကာ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

ထိုအရာက ကောင်းကင် အရှင် ဖြစ်သည်။ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးတွင်ပင် ကောင်းကင် အရှင် အရေအတွက်မှာ တစ်ရာ မကျော်ချေ။ ကောင်းကင် အရှင်များသည် စကြဝဠာကိုပင် ကျော်ဖြတ်၍ ခရီး သွားနိုင်ကြကာ ဂြိုဟ်ရံလများ ပေါ်တွင်ပင် နန်းတော်များ တည်ဆောက် နေထိုင်ကြသည်။ သူတို့ကား တုနှိုင်းမဲ့ တန်ခိုးရှင်များ ဖြစ်သလို နတ်ဘုရားများနှင့်ပင် ခြေရာတိုင်းနိုင်ကြသူများ ဖြစ်သည်။

သို့သော်လည်း ချန်းပေ့ရွှမ်းသည် ထိုကဲ့သို့သော လူတစ်ယောက်ကို ဓားတစ်ချက်ဖြင့် ထက်ပိုင်းပိုင်း ပစ်ခဲ့သည်။ ကျွင်းအိုချန်းနှင့် ဂူရှောင်ရီတို့ပင် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေကြ၏။

“အား...”

ရုတ်တရက် ကမ္ဘာပျက် မတတ် ဟစ်ကြွေးသံနှင့် အတူ ဘိုးဘေး ဟုန်ယန်၏ ခန္ဓာကိုယ် နှစ်ပိုင်းမှာ ပြန်ဆက် သွား၏။

“မဖြစ်နိုင်ဘူး... မင်းက ဘယ်လိုလုပ်ပြီး ငါ့ကို ဒဏ်ရာ ရအောင် လုပ်နိုင်တာလဲ...”

သူက ရူးသွပ်စွာ အော်ဟစ် လိုက်သည်။

ဘိုးဘေး ဟုန်ယန်၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွားသည့်တိုင် သူ၏ အခြေတည် ဝိညာဥ်မှာ ရွှေအမြုတေ အဆင့်များထက် အဆ တစ်ရာ ပိုမို အစွမ်းထက်သည်။ သူသည် အပိုင်းပိုင်း ပြတ်နေသော ခန္ဓာကိုယ်ကိုပင် မျက်စိ တစ်မှိတ်အတွင်း ပြန်လည် ကုသနိုင်စွမ်း ရှိသည်။

သို့သော်လည်း သူ၏ ရင်ဘတ်ထက်ရှိ ကြီးမားသော ဒဏ်ရာကြီး တစ်ခု ဖြစ်ပေါ်နေသည်ကို လူတိုင်း သတိပြု လိုက်မိကြသည်။ ထိုဒဏ်ရာ တစ်လျှောက်တွင် မိုးကြိုး စွမ်းအားများသည် ကပ်တွယ်ကာ အဆက်မပြတ် ပေါက်ကွဲနေသည်။ ဘိုးဘေး ဟုန်ယန်၏ ပြန်လည် ကုသနိုင်စွမ်းသည် ပြိုင်ဘက်ကင်းသည့်တိုင် မိုးကြိုးတို့၏ အဆက်မပြတ် ပေါက်ကွဲမှုကိုမူ ဟန့်တားနိုင်စွမ်း မရှိခဲ့ချေ။

ထိုအရာကား ကောင်းကင် မိုးကြိုးဓား၏ စွမ်းအား ဖြစ်သည်။ ချန်းဖန်သည် ထိုဓားချက်ကို လိန်ဟူ အထွတ်အထိပ် အမြုတေ၏ စွမ်းအားကို သုံး၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ မည်ကဲ့သို့ အားနည်းမည်နည်း။ လိန်ဟူ ကောင်းကင် သားရဲသည် ထိုဓားချက်ကို သုံး၍တာအို ရရှိခြင်း အဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်သည်။ ဘိုးဘေး ဟုန်ယန် ယခုထိ မသေ‌သေးခြင်းမှာ သူ၏ အခြေတည် ဝိညာဥ် အဆင့် စွမ်းအားမှာ အလွန် အစွမ်းထက်နေခြင်းကြောင့်ပင် ဖြစ်သည်။

“ခွေးကောင်... မင်းက ငါ့ကို နာအောင် လုပ်ရဲတယ်ပေါ့... ငါ မင်းကို သတ်ပြီး မင်းရဲ့ နတ်ဘုရား စိတ်ဝိညာဥ်ကို ဒုက္ခ မျိုးစုံ ခံစားရအောင် ကျိန်စာ တိုက်ပစ်မယ်... နောက်ပြီး မင်းရဲ့ မိသားစု တစ်ခုလုံးရော မင်းရဲ့ မိတ်ဆွေတွေရော အကုန်လုံးကို သားရဲစာ ကျွေးပစ်မယ်”

ဘိုးဘေး ဟုန်ယန်ကား ယခင်က ကဲ့သို့ တည်ငြိမ်ခြင်း မရှိတော့ချေ။ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများသည် သူ၏ ခန္ဓာကိုယ်မှ အလိမ့်လိမ့် ထွက်ပေါ်နေကာ တောင်တန်းများထံ တိုးဝင်နေသည်။ များစွာသော တောင်ထိပ်များမှာ ထိုဖိအားကို မခံနိုင်ရကား လဲပြို ကုန်ကြလေ၏။ အကယ်၍ အကြီးအကဲ သုံးဆယ့် ခြောက်ယောက်သာ ပြန်လည် မွေးဖွားခြင်း စက်ဝန်း မဟာ အစီအရင်ကို ဖွင့်၍ ကာကွယ် မထားပါက ထိုနေရာ၌ ရှိနေသည့် မရေမတွက်နိုင်‌သော တပည့်များမှာ သေဆုံးနေလောက်ပြီ ဖြစ်သည်။

“သေစမ်း...”

ချန်းဖန်က လက်ထဲရှိ ပျောက်ပျက်ခြင်း ကောင်းကင်ဓားကို မြှောက်ကာ နောက်တစ်ကြိမ် ခုတ်လိုက်ပြန်၏။

“ဘုန်း...”

မိုးကြိုးဓားနှင့် အတူ ရှေးဟောင်း နတ်ဘုရား တစ်ပါး မွေးဖွားလာသည့် အလား ကောင်းကင်မှာ အက်ကွဲ သွားသည်။ လူတိုင်းသည် မိုးကြိုးအလင်း တစ်ခုမှ လွဲ၍ မည်သည့် အရာကိုမျှ မြင်တွေ့နိုင်စွမ်း မရှိတော့ချေ။

“လာစမ်း...”

ဘိုးဘေး ဟုန်ယန်က လက်အား ဝှေ့ယမ်းလိုက်ရာ များစွာသော ရောင်စုံ အလင်းများမှာ သူ၏ ရှေ့တွင် လင်းလက်လာသည်။ ထိုအလင်း တစ်ခုချင်းစီသည် တစ်ဝက် တစ်ပျက် ကောင်းကင် ရတနာ တစ်ခုချင်းစီကို ကိုယ်စားပြု၏။ ထိုအလင်းများက အကာအကွယ် အစီအရင် တစ်ခု သဏ္ဌာန် နေရာယူကာ မိုးကြိုုးအလင်းအား တားဆီးလေ၏။

သို့သော်လည်း လိန်ဟူ သားရဲနှင့် ကောင်းကင် ရတနာ တစ်ခု ပေါင်းစပ် တိုက်ခိုက်မှုကို မည်သည့် အရာက တားဆီးနိုင်မည်နည်း။

“ဘုန်း...”

ဘိုးဘေး ဟုန်ယန်မှာ သူ၏ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာများနှင့် အတူ ထက်ပိုင်းဖြတ် ခံလိုက်ရပြန်၏။ သို့တိုင်အောင် မိုးကြိုး အလင်းက ရပ်တန့်ခြင်း မရှိပဲ သူ၏ နောက်ရှိ တောင်ထိပ် ရှစ်ခုကိုပါ ထက်ပိုင်းဖြတ် သွားသည်။ ကောင်းကင်ရှိ တိမ်များတွင်ပင်လျှင် ကြီးမားသော ဓားရာကြီး တစ်ခု ပေါ်နေခဲ့လေ၏။

“ကြောက်ဖို့ကောင်းတယ်... အရမ်း ကြောက်ဖို့ ကောင်းတယ်...”

လူတိုင်းကား အသက်ပင် မရှူနိုင်တော့ချေ။ ပထမ ခုတ်ချက်၌ ဘိုးဘေး ဟုန်ယန် အရေးနိမ့်ခဲ့ခြင်းမှာ ချန်းဖန်၏ အလစ် တိုက်ခိုက်မှုကြောင့်ဟု သူတို့ ဖြည့်ကာ တွေးခဲ့ကြသည်။ သို့သော် ပြင်ဆင်ချိန် အပြည့်အဝ ရခဲ့သည့် ဒုတိယ ခုတ်ချက်တွင်လည်း ဘိုးဘေး ဟုန်ယန်မှာ သူ၏ ရတနာများနှင့် အတူ ထက်ပိုင်းဖြတ် ခံခဲ့ရပြန်သည်။

ထိုအရာက ကံကောင်းမှုဟု ယူဆ၍ မရတော့ချေ။ အတိအကျပင် ခွန်အား၏ အဓိပ္ပာယ် ဖြစ်၏၊ ထိုချန်းပေ့ရွှမ်းကား အမှန်တကယ်ပင် အခြေတည် ဝိညာဥ် အဆင့်ကို အနိင်ယူနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။

“အဲဒါကမှ တကယ့် ဓားကျင့်စဥ်ပဲ... လောကရဲ့ ဖြစ်တည်မှု အားလုံးကို ပိုင်းဖြတ်နိုင်တဲ့ ဓားကျင့်စဥ်”

ကောင်းကင် ကျောက်စိမ်း နန်းတော်၏ အကြီးအကဲ တစ်ယောက်က ရေရွတ် လိုက်၏။

လင်းဝူဟွာ၏ မျက်လုံးများမှာမူ တလက်လက် တောက်ပနေသည်။ သူမသည် ချန်းဖန်၏ လက်ထဲရှိ ဓားအား စူးစိုက် ကြည့်ကာ အသေးစိတ် လှုပ်ရှားမှု မှန်သမျှကို မှတ်မိရန် ကြိုးစားနေ၏။

‘အား...”

ဘိုးဘေး ဟုန်ယန်မှာ နောက်တစ်ကြိမ် ပြန်လည် ဖွဲ့စည်း လာပြန်၏။ သူ၏ ရင်ဘတ်တွင်မူ ဒုတိယမြောက် ဒဏ်ရာ တစ်ခုက နေရာယူ နေသည်။ သူသည် ချန်းဖန်နှင့် ဤအတိုင်း ဆက်၍ ထိပ်တိုက် တိုက်ခိုက်ရန် မဖြစ်နိုင်တော့ကြောင်း တွေးလိုက်မိသည်။

“ငါ့ရဲ့ ဓမ္မ ရတနာကိုလည်း ပြရမှာပေါ့...”

ဘိုးဘေး ဟုန်ယန်က သေးငယ်သော တူတစ်ချောင်းကို ထုတ်ယူ လိုက်သည်။ ထိုတူသည် ခရမ်းရောင် သတ္ထု တစ်မျိုးဖြင့် ပြုလုပ်ထားဟန် ရကာ မရေမတွက်နိုင်သော သင်္ကေတများဖြင့် ပြည့်နှက်နေသည်။ တူငယ်သည် တစ်ခဏ အတွင်းမှာပင် ပေ ခုနစ်ထောင် အရွယ်အစားထိ ကြီးထွားလာကာ တောင်တစ်လုံး အလား ချန်းဖန်ထံ တိုးဝင် သွားလေ၏။

ထိုအရာကား ပျောက်ပျက်ခြင်း ကောင်းကင်ဓား ကဲ့သို့ အစွမ်းထက်သော ကောင်းကင် ရတနာ တစ်ခုပင် ဖြစ်လေသည်။ ၎င်းသည် ဘိုးဘေး ဟုန်ယန်၏ အစွမ်း အထက်ဆုံးသော ဓမ္မ ရတနာလည်း ဖြစ်၏။

သို့သော်လည်း ချန်းဖန်မှာမူ အမူအရာ ကင်းမဲ့နေဆဲ ဖြစ်သည်။ သူက ဓားကိုသာ နောက်တစ်ကြိမ် မြှောက်၍ ခုတ်လိုက်ပြန်၏။

“ကောင်းကင် မိုးကြိုးဓား... ယင်နဲ့ ယန်ကို ပိုင်းဖြတ်ခြင်း...”

ထိုခုတ်ချက်သည် ကောင်းကင်ကို ထိုးခွဲသွား၏။ ၎င်းသည် ပျံသန်းနေသော နဂါး တစ်ကောင် အလား ညင်သာစွာပင် ခရမ်းရောင် တူကြီးအား ဖြတ်ကျော်ကာ ဘိုး‌ဘေး ဟုန်ယန်ကို ထက်ပိုင်း ပိုင်းလိုက်သည်။

“အား...”

တတိယ အကြိမ် ပြန်လည် ဖွဲ့စည်းပြီးနောက် ဘိုးဘေး ဟုန်ယန်၏ ကျင့်ကြံခြင်း အခြေခံမှာ တဖြည်းဖြည်း အောက်သို့ ကျဆင်း လာခဲ့၏။ သူသည်  ကောင်းကင်အရှင်၏ စွမ်းအားကို သုံးကာ တားဆီးရန် ကြိုးစားသော်လည်း ထိုအရာက အသုံး မဝင်ခဲ့ချေ။

ခုတ်ချက် သုံးခုအား ရင်ဆိုင်ပြီးနောက် သူကား အကြီးအကျယ် ဒဏ်ရာ ရနေခဲ့ပြီ ဖြစ်သည်။ သူ၏ အခြေတည် ဝိညာဥ် ပင်လျှင် ပျက်စီးလုနီးပါး အထိ ဖြစ်နေခဲ့၏။ အကယ်၍ သူသာ ဆက်၍ တိုက်ခိုက်ပါက သူ၏ အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံခြင်း အခြေခံမှာ လုံးဝ ပျက်စီး သွားရတော့မည် ဖြစ်သည်။

”ပြေး...”

အခြေတည် ဝိညာဥ် အဆင့်တိုင်းကား အခြေအနေကို ကောင်းစွာ နားလည်ကာ ပါးနပ်သူများ ဖြစ်ကြသည်။ ဘိုးဘေး ဟုန်ယန်သည် သူ ဆက်၍ မတိုက်ခိုက် နိုင်တော့ကြောင်း သဘောပေါက်သည်နှင့် အဇူရာ အလင်း အသွင် ပြောင်းကာ လွတ်မြောက်ရန် ကြိုးစားတော့၏။

“ဝှစ်... ဝှစ်...”

တစ်ချိန်တည်း၌ သူက အစီအရင် ရှစ်ခုကို ပစ်လွှတ်ကာ ချန်းဖန်၏ လမ်းကြောင်းကို ပိတ်ပစ်ခဲ့၏။ ထိုအစီအရင် တစ်ခုချင်းစီကား အခြေတည် ဝိညာဥ် အဆင့်များမှ ပြုလုပ်ထားခြင်း ဖြစ်ရာ ကောင်းကင် အရှင်၏ စွမ်းအားကို သယ်ဆောင်ထား၏။ ဘိုးဘေး ဟုန်ယန်သည် သူ ထားပစ်ခဲ့သော အစီအရင်များမှာ ချန်းဖန်ကို တားနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိသည်။

“ဝှစ်... ဝှစ်...”

အစီအရင်များအား ပစ်လွှတ်ပြီးသည်နှင့် ဘိုးဘေး ဟုန်ယန်သည် လျှပ်စီး တစ်ခု အား လျှင်မြန်သော အရှိန်ဖြင့် အနောက်ဘက်တောင် ရှိရာသို့ ပြေးတော့သည်။ ထိုတောင်တွင် အိပ်မောကျနေသည့် သူ၏ မိတ်ဆွေ နှစ်ယောက် ရှိသည်။ အကယ်၍ ထိုနှစ်ယောက်ကိုသာ နှိုးပြီးပါက သူတို့ သုံးယောက် ပူးပေါင်း၍ ချန်းဖန်အား အဆုံးသတ် နိုင်ပေလိမ့်မည်။

“ကောင်စုတ်လေး... ငါ လွတ်တာနဲ့ မင်းကို ချက်ချင်း ပြန်ပြီး လက်စားချေပြမယ်...”

ဘိုးဘေး ဟုန်ယန်က စိတ်ထဲမှ ကြိတ်ကာ ကြုံးဝါးလိုက်သည်။

သို့သော်လည်း ကံဆိုးစွာပင် ချန်းဖန်သည် ဓားချက်ကို စတုတ္ထအကြိမ်မြောက် ခုတ်လိုက်၏။

“ကောင်းကင် မိုးကြိုးဓား... လောက ပိုင်းဖြတ်ခြင်း...”

မိုးကြိုး အလင်းသည် ရိုးရှင်းစွာပင် လမ်းကြောင်း တစ်ခုကို ဖန်တီးကာ ဓမ္မ အစီအရင်များထံ တည့်တည့် တိုးဝင် သွားသည်။ ထို့နောက် ထိပ်တိုက် မတွေ့ခင်မှာပင် ထိုအလင်းမှာ ရုတ်တရက် ပျောက်ကွယ် သွား၏။

“ဟူး....”

တစ်ချိန်တည်း၌ ဘိုးဘေး ဟုန်ယန်၏ ခန္ဓာကိုယ်သည် တောင်အတွင်းသို့ ဝင်လုဆဲဆဲမှာပင် ကျောက်ရုပ် တစ်ခု ကဲ့သို့ မလှုပ်မယှက် ရပ်တန့်သွား၏။

“ရက်...”

ဖြည်းညင်းစွာပင် သူ၏ အခြေတည် ဝိညာဥ်၌ အက်ကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအက်‌ကြောင်းသည် အခြေတည် ဝိညာဥ်မှ တစ်ဆင့် နတ်ဘုရား ခန္ဓာနှင့် ဓမ္မ ရတနာတို့ အထိ ဆက်လက် ကျယ်ပြန့် သွား၏။ နောက်ဆုံး၌ သူ၏ ဖြစ်တည်မှု တစ်ခုလုံးသည် တတိတိပင် ထက်ပိုင်းပြတ် သွားတော့သည်။

***

ထျန်းဟောင်ဂြိုဟ်သက် ၁၂၉၅၆၄၊ ၁၂ လပိုင်း ၇ ရက်နေ့...

မြောက်နတ္ထိနယ်၏ ဆေးဧကရာဇ် ချန်းပေ့ရွှမ်းသည် ဆေးနတ်ဘုရား မင်းသားနှင့် ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ ဘိုးဘေး ဟုန်ယန်ကို သတ်ဖြတ်ခဲ့၏။

ထိုသတင်း မုန်တိုင်းတစ်ခု အလား ပျံ့နှံ့သွားရာ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံး အံ့အားသင့် သွားကြတော့၏။

***

All Chapters